Blog Detail Pic

သွားထိန်းကိရိယာ ( Braces ) တပ်ဖို့ စဥ်းစားနေပါသလား

by | 10 Dec 2021

Braces လို့ပြောလိုက်တာနဲ့စာကြမ်းပိုး လေးလုံးလေးတွေရယ် အပေါင်းအသင်းမဆံ့တဲ့ အူကြောင်ကြောင်ကောင်လေး ဒါမှမဟုတ် ကောင်မလေးတစ်ယောက်ကို မျက်လုံးထဲပြေးမြင်ကြပါလိမ့်မယ်။ ဒါဟာ ဟိုးအရင်တုန်းကတော့ ဟုတ်ကောင်းဟုတ်ပါလိမ့်မယ်။ ဒီဖက်ခေတ်မှာတော့ အရွယ်ရောက်ပြီးသူတွေဟာလည်း ဒီ Braces တွေကို တပ်လာကြပြီ ဖြစ်ပါတယ်။ ဒါဟာ အလျင်အမြန်ကြီးထွားလာတဲ့ ခေတ်ရေစီးကြောင်း ဖြစ်ပါတယ်။ အရွယ်ရောက်ပြီးသူတွေလည်း Braces တပ်တဲ့အကြောင်းနဲ့ဒီလိုမျိုးတပ်သင့်မတပ်သင့်သိရှိစေနိုင်ဖို့အတွက် ဒီဆောင်းပါးလေးကို ဖတ်ကြည့်လိုက်ပါဦး။

အရွယ်ရောက်ပြီးသူတွေ ဘာလို့များ Braces တပ်ကြတာလဲ

လူတွေ တဖြည်းဖြည်းနဲ့အသက်ကြီးလာတာနဲ့အမျှ သွားတွေဟာလည်း အသက်ကြီးလာပါတယ်။ ဒီလိုအသက်ကြီးလာတာနဲ့အမျှ ထိခိုက်ဒါဏ်ရာရမှုတွေ၊ ရေခဲတုံးကိုက်တာလိုမျိုး မကောင်းတဲ့အလေ့အထတွေ၊ လျှာနဲ့ထိုးထိုးနေတတ်တာတွေ ဒါမှမဟုတ် သူ့အလိုလို ဖြစ်လာတာတွေ စတဲ့အကြောင်းရင်းတွေကြောင့် သွားတွေဟာ ကျိုးတာ၊ ပဲ့တာ၊ ရွဲ့တာ၊ ထပ်တာတွေ ဖြစ်ပေါ်လာတတ်ပါတယ်။ သွားထပ်တာမျိုးဖြစ်တဲ့အခါမှာ ပုံမှန်အတိုင်း နေသားတကျ ဖြစ်နေစေဖို့အတွက် Braces တွေကို အသုံးပြုဖို့လိုအပ်လာပါတယ်။

လူအများအပြားဟာ ငယ်စဉ်ကတည်းက သွားတွေတစ်ချောင်းပေါ် တစ်ချောင်း ထပ်ပြီးပေါက်နေတာမျိုး ဖြစ်လေ့ရှိကြပေမယ့် အဲ့ဒီအချိန်တုန်းက မိဘက မတတ်နိုင်တဲ့အတွက် Braces တွေကို မတပ်ခဲ့ရပါဘူး။ အရွယ်ရောက်လာလို့ အလုပ်လုပ်ပြီ၊ ပိုက်ဆံရှာနိုင်ပြီဆိုတဲ့အချိန်မှာ ထပ်နေတဲ့သွားလေးတွေကို ပြုပြင်ချင်စိတ်ပေါ်လာလေ့ရှိကြပါတယ်။ ပိုကောင်းတဲ့ ပိုလှတဲ့အပြုံးလေး ဒါမှမဟုတ် အလုပ်အကိုင်အသစ်အတွက်ပေါ့။ ကိုယ့်သွားရဲ့ အခြေအနေပေါ်မူတည်ပြီး လပိုင်းလောက်ပဲ တပ်ဖို့ လိုတဲ့သူတွေ ရှိသလို နှစ်နဲ့ချီအောင် တပ်ရတဲ့ သူတွေလည်း ရှိပါတယ်။ အစပိုင်းမှာတော့ ပါးစပ်ထဲ နေရထိုင်ရခက်သလို ခံစားရနိုင်ပေမယ့် နောက်ပိုင်း အသားကျသွားရင် အဆင်ပြေသွားမှာပါ။

ဆိုတော့ သွားထိန်းကိရိယာတပ်ရင် ဘာတွေ ကောင်းသွားမလဲ ဘာတွေရှောင်ရမလဲဆိုတာ သိချင်နေကြလိမ့်မယ်ထင်ပါတယ်။

ပိုက်ဆံတွေအကုန်ခံရကျိုးနပ်အောင် Braces တပ်ခြင်းက ခံတွင်းကျန်းမာရေးအတွက်လည်း အကျိုးကျေးဇူးများစွာ ဖြစ်စေနိုင်ပါတယ်ရှင့်။

သွားထိန်းကိရိယာ (Braces) တပ်ပေးမယ်ဆိုရင်

၁။ သွားဖုံးရောဂါတွေကို ကာကွယ်ပေးနိုင်တယ်။

ကိုယ့်သွားနဲ့ သွားဖုံးကို သေချာဂရုစိုက်ပြီး မသန့်ရှင်းပေးနိုင်ရင် သွားဖုံးရောဂါတွေ ဖြစ်လာဖို့ဆိုတာ အနှေးနဲ့ အမြန်ပါပဲ။ သွားထိန်းကိရိယာ တပ်လိုက်တဲ့အခါ သွားတွေကို ညီညာဖြောင့်တန်းသွားစေလို့ သွားတိုက်တဲ့အခါ၊ သွားပွတ်ကြိုး အသုံးပြုရတာ ပိုပြီး လွယ်ကူသွားပါတယ်။ ဒီတော့ ခံတွင်းနဲ့ သက်ဆိုင်တဲ့ ရောဂါတွေကိုလည်း မဖြစ်လာအောင် ကာကွယ်ပေးနိုင်တာပေါ့။

၂။ သွားမပျက်စီးစေဖို့ ကာကွယ်ပေးပါတယ်။

သွားမညီတဲ့အခါ စားလိုက်တဲ့ အစားအစာတွေက သွားကြားထဲ ပိုပြီး ညှပ်တတ်ပါတယ်။ စားကြွင်းစားကျန်တွေကို မဖယ်ရှားတဲ့အခါ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာမယ်။ တဖြည်းဖြည်း သွားပိုးစားလာပြီး နောက်ပိုင်းမှာ လုံး၀ ဆွေးမြေ့ပျက်စီးသွားတဲ့အထိ ဖြစ်စေနိုင်ပါတယ်။ ဒီလို ပြဿနာတွေ မဖြစ်စေဖို့ သွားထိန်းကိရိယာက ထိရောက်စွာ ကာကွယ်ပေးနိုင်ပါတယ်။

၃။ အစာကြေလွယ်စေတယ်။

သွားဟာ ညီညာဖြောင့်တန်းမနေရင် စားလိုက်တဲ့ အစားအစာကို သေချာကြေညက်အောင် ဝါးစားရခက်စေပါတယ်။ အစာကို သေချာမဝါးနိုင်ဘဲ မြိုချလိုက်တဲ့အခါ အစာအိမ်ကလည်း အစာချေဖျက်ဖို့ အလုပ်ပိုလုပ်ရတော့တာပေါ့။ သွားထိန်းကိရိယာတပ်ပြီး သွားကို ညီနေအောင် ညှိပေးလိုက်တဲ့အခါ အစာလည်း ဝါးရလွယ်ကူသွားမယ်။ အစာအိမ်လည်း ကောင်းကောင်း အစာချေဖျက်ပေးနိုင်တော့ အစာကြေလွယ်စေနိုင်ပါတယ်။

၄။ သွားကျိုးပဲ့တာမျိုး မဖြစ်စေဖို့လည်း ကာကွယ်ပေးပါတယ်။

အားကစားလုပ်နေရင်း၊ ဆော့ကစားနေရင်း ချော်လိမ့်ကျပြီး မာလွန်းတဲ့အရာတစ်ခုခုနဲ့ သွားကို မတော်တဆထိခိုက်တဲ့ ပြဿနာတွေဟာ အဖြစ်များပါတယ်။ သွားထိန်းကိရိယာဟာ သွားကို ညီညာဖြောင့်တန်းပေးရုံသက်သက်မဟုတ်ဘဲ ပြင်ပအရာဝတ္ထုတွေကြောင့် သွားကို ပြင်းပြင်းထန်ထန် ထိခိုက်မိတဲ့အခါ မကျိုးပဲ့သွားစေဖို့ ကာကွယ်ပေးနိုင်ပါတယ်။

၅။ မိမိကိုယ်ကိုယ် ယုံကြည်မှုတိုးလာစေတယ်။

ဘယ်သူမဆို ရယ်ပြုံးလိုက်တဲ့အခါတိုင်း ပုလဲသွယ်သွားလေးတွေ ညီညာဖြောင့်တန်းနေတာမျိုးပဲ လိုချင်ကြမှာပါ။ သွားထိန်းကိရိယာကို အချိန်အတိုင်းအတာတစ်ခုထိ တပ်ပေးပြီး သွားညီအောင် ညှိပေးလိုက်ရင် မြင်သူငေးရလောက်တဲ့ အပြုံးမျိုး ပိုင်ဆိုင်နိုင်ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိလာမှာ အသေအချာပါပဲ။

သွားထိန်းကိရိယာ (Braces) မယ်ဆို ဘာတွေရှောင်ရမလဲ?

သင့်အနေနဲ့ တပ်ဖို့ စဉ်းစားထားတယ်ဆိုရင်တော့ လိုက်နာဆောင်ရွက်စရာတွေ အများကြီးရှိနေပါတယ်။ သင့်မှာ လောလောဆယ်သွားဖုံး ဒါမှမဟုတ် သွားနဲ့ပတ်သက်တဲ့ရောဂါတစ်ခု ဖြစ်နေတယ်ဆိုရင် Braces မတပ်ခင် အဆိုပါရောဂါကို အရင်ကုရမှာ ဖြစ်ပါတယ်။ သင့်သွား ဒါမှမဟုတ် သွားဖုံးတွေအနေနှဲ့ Braces ကို ကာလကြာမြင့်စွာတပ်ထားတာကို ခံနိုင်ရည်ရှိပါစေ။ အစားအသောက်ကိုလည်း ဆင်ခြင်ဖို့လိုအပ်မှာဖြစ်ပြီး စေးကပ်တဲ့၊ မာတဲ့အစာတွေမှန်သမျှ ဘာမှမစားရပါဘူး။ စတီးကြိုးကို ပြတ်သွားစေနိုင်တဲ့အတွက် ရေခဲတုံးဝါးစားတာမျိုးတောင် မလုပ်ရပါဘူး။

Braces တပ်ထားရင် သွားတိုက်တဲ့အခါ ဒါမှမဟုတ် သွားကိုကြိုးနဲ့ရှင်းတာမျိုးတွေလုပ်တဲ့အခါ ပိုပြီးလက်ဝင်တဲ့အတွက် ဒါတွေလုပ်ဖို့အချိန်ကိုပိုပေးထားရမှာ ဖြစ်ပါတယ်။ သွားပေါ်မှာ ဘာမှကပ်တင်ပြီး ကျန်မနေစေရပါဘူး။ ဘာလို့လဲဆိုတော့ ဒီလိုမျိုးကျန်နေခဲ့ရင် သွားကိုရော စတီးကြိုးကိုပါ ထိခိုက်စေလို့ပဲ ဖြစ်ပါတယ်။

သွားဆရာဝန်နဲ့မှန်မှန်ပြဖို့ကြိုတင်ပြီးအစီအစဉ်ဆွဲပါ။ တစ်လတခါပုံမှန်ပြဖို့ (လိုအပ်ရင် တစ်ပတ်တခါ ပြဖို့) အချိန်မရရအောင်ယူပါ။ သင့်အနေနဲ့ဘယ်လောက်ပဲအလုပ်များနေပါစေ၊ သွားမှာစတီးကြိုးတပ်ထားစဉ်ကာလတစ်လျှောက်လုံး သွားဆရာဝန်ခေါ်တဲ့ရက်ချိန်းတိုင်းကို မပျက်မကွက်ဘဲမှ န်မှန်သွားရောက်ရပါမယ်။ သင့်အခြေအနေနဲ့လိုအပ်ချက်တွေအပေါ်မူတည်ပြီး သွားဆရာဝန်အနေနဲ့အကောင်းဆုံးနည်းလမ်းကို ရွေးချယ်ပေးပါလိမ့်မယ်။

သွားထိန်းကိရိယာ တပ်သည်ဖြစ်စေ၊ မတပ်သည်ဖြစ်စေ သွားကို မနက်တစ်ကြိမ်၊ ညတစ်ကြိမ် နည်းစနစ်မှန်ကန်စွာ တိုက်ပေးရမယ်။ သွားပွတ်ကြိုးကို အသုံးပြုပြီး သွားကြားထဲမှာ ရှိနေတဲ့ စားကြွင်းစားကျန်တွေကို ဖယ်ရှားပေးရမယ်။ လျှာကိုလည်း ပလတ်စတစ်လျှာခြစ်တံနဲ့ တစ်နေ့ တစ်ကြိမ် ခြစ်ထုတ်ပေးမယ်။ သွားဆရာဝန်ဆီ တစ်နှစ်ကို အနည်းဆုံး ၂ကြိမ် ပြသပေးမယ်ဆိုရင် သွားနဲ့ ခံတွင်းပြဿနာတွေ ကင်းဝေးပြီး ဖြူစင်လှပတဲ့ အပြုံးလေးတွေ ပိုင်ဆိုင်ရမှာ အသေအချာပါပဲ။