Blog Detail Pic

သေဆုံးပြီးနောက် ခန္ဓာကိုယ်လှူဒါန်းခြင်း

by | 13 Dec 2021

သင်သေသွားပြီးတဲ့အခါမှာ သင့်အတွက် အသုံးမဝင်တော့မယ့် ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေက အခြားအသက်ပေါင်းများစွာနဲ့ ဘဝတွေကို အကျိုးပြုနိုင်တယ်ဆိုတာ သိပါသလား?

အဲ့ဒါကြောင့် သင့်ရဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း တွေကို လိုအပ်တဲ့ သူတွေဆီကို လှူဒါန်းခြင်းက အရမ်းကို အကျိုးရှိပြီး မွန်မြတ်တဲ့ လုပ်ဆောင်ချက်တစ်ခုဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုလှူဒါန်းမှူမျိုးနဲ့ ပတ်သတ်ပြီး တစ်ချို့ သိချင်တာလေးတွေ ရှိနေတဲ့အခါ၊ ဘယ်လိုတွေဆောင်ရွက်တယ် ဆိုတာမျိုးကို အကျွမ်းတဝင်မရှိတဲ့အခါ လှူဖို့ နှောင့်နှေးနေကြတာလေးတွေ ရှိကြပါတယ်။ ဒါ့ကြောင့်လည်း ကျွန်မ ဒီဆောင်းပါးလေးကိုရေးဖို့ စဉ်းစားမိတာပါ။

ဒါ့အပြင် ဒီသေဆုံးပြီးခန္ဓာကိုယ်လှူဒါန်းခြင်းက ဘယ်လိုတွေအကျိုးပြုနိုင်တယ်ဆိုတာလေးကို ပိုပြီး လေးလေးနက်နက် သတိထားမိအောင်လည်း ရည်ရွယ်ပါတယ်။

(၁) ပထမဦးဆုံးအနေနဲ့ ဘယ်အစိတ်အပိုင်းတွေကို လှူလို့ရလဲပေါ့။

ခန္ဓာကိုယ်တစ်ခုလုံး (သို့) ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းမဆို ဥပမာ- ကိုယ်တွင်းကလီစာ ( နှလုံး၊ ကျောက်ကပ်၊ အသည်း ) စတာတွေအပြင် မြန်မာနိုင်ငံမှာ မျက်ကြည်လွှာကိုလည်း လှူလို့ရပါတယ်။

(၂) သင့်ရဲ့ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ပေးလှူပြီး ဘယ်လိုတွေအကျိုးပြုနိုင်မလဲ။

၁။ သေဆုံးသွားတဲ့အခါ ဒီခန္ဓာကိုယ် အစိတ်အပိုင်း တွေက သင့်အတွက် တန်ဖိုးမရှိတော့ပေမယ့် လိုအပ်နေတဲ့ သူတွေရဲ့ အသက်များစွာကို ကယ်တင်နိုင်ပါတယ်။

၂။ အခြားသူတစ်ယောက်ရဲ့ လုပ်ငန်းမလုပ်ဆောင်နိုင်တော့တဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေကိုလည်း ပြန်လည်ရှင်သန်လာစေနိုင်တဲ့အတွက် သူတို့ရဲ့ဘဝတွေကို ပိုမိုကောင်းမွန်လာစေနိုင်အောင် လုပ်ဆောင်ပေးနိုင်ပါတယ်။

၃။ ဒါ့အပြင် ခန္ဓာကိုယ်တစ်ခုလုံးကို ဆေးတက္ကသိုလ်တွေရဲ့ ခန္ဓာဗေဒဌာနမှာ လှူဒါန်းမယ်ဆိုရင်တော့ နောင်တစ်ချိန်မှာ ပြည်သူ့ကျန်းမာရေးကို စောင့်ရှောက်ပေးနိုင်မယ့် ဆရာဝန်လောင်းလေးတွေရဲ့ ပညာရေးကို သေသေချာချာလေ့လာခွင့်ရအောင် အထောက်အပံ့ပေးနိုင်တဲ့အတွက် တကယ်ကို အကျိုးရှိပါတယ်။

၄။ မျက်ကြည်လွှာ လှူမယ်ဆိုရင်လည်း အခြားသူရဲ့ အင်မတန်မှ အရေးကြီးလှတဲ့ အမြင်အာရုံကို ပေးစွမ်းနိုင်မှာဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာလည်း အမြင်အာရုံချို့တဲ့ နေသူတွေ အများကြီးက မျက်ကြည်လွှာအစားထိုးကုသမှုတွေကို လိုအပ်လျက်ရှိပါတယ်။


(၃) ဘယ်လိုလူတွေ လှူလို့ရလဲ။

တစ်ချို့ကတော့ ကိုယ်ခန္ဓာအစိတ်အပိုင်းတွေကို ကိုယ့်မှာ ရောဂါရှိလို့ မလှူရဘူးဆိုပြီး အထင်မှားနေတာမျိုး ရှိကြပါတယ်။ အမှန်တကယ်တော့ ကိုယ်သေဆုံးချိန်မှာ ဘယ် အစိတ်အပိုင်းက လှူလို့ရတယ်ဆိုတာမျိုးကို ဆရာဝန်နဲ့ ကျွမ်းကျင်တဲ့တာဝန်ရှိသူတွေက ဆုံးဖြတ်ပေးမှာပါ။ HIV,TB, အသည်းရောင်အသားဝါ B ပိုး၊ C ပိုးရှိတဲ့ သူတွေနဲ့ အခြားကူးစက်နိုင်တဲ့ရောဂါ မရှိဘူးဆိုရင်တော့ မျက်ကြည်လွှာပါ လှူဒါန်းနိုင်ပါတယ်။ အသက် ၁၈ နှစ်ပြည့်ပြီးသူတိုင်း ကိုယ်တိုင် စာရင်းသွင်းပြီး လှူဒါန်းထားနိုင်ပါတယ်။

(၄) ဘယ်မှာ လှူဒါန်းနိုင်သလဲ။

မျက်ကြည်လွှာကိုတော့ ရန်ကုန် နှင့် မန္တလေးရှိ မျက်စိဆေးရုံကြီး ၊ခန္ဓာကိုယ်ကိုတော့ သက်ဆိုင်ရာ အစိုးရဆေးရုံ၊ ဆေးတက္ကသိုလ် ၁၊ ဆေးတက္ကသိုလ်၂ တို့မှာ လှူဒါန်းနိုင်ပါတယ်။

(၅) ဒါဆို ခန္ဓာကိုယ်လှူဒါန်းထားသူ ကွယ်လွန်တဲ့အခါ ဘယ်လိုဆက်ပြီး ကူညီဆောင်ရွက်ကြမလဲ။

မိမိခန္ဓာကိုယ်ကို လှူဒါန်းထားတဲ့သူတစ်ယောက် သေဆုံးသွားတဲ့အခါ ထိုသူသေဆုံးတဲ့ ဆေးရုံ (သို့) ဆေးခန်း တာဝန်ရှိသူမှ (သို့) မိသားစုဝင်တစ်ယောက်မှ အနီးဆုံးခန္ဓာကိုယ်လက်ခံနေရာကို ချက်ချင်း အကြောင်းကြားပေးရမှာ ဖြစ်ပါတယ်။ ခန္ဓာဗေဒဌာနကို လှူဒါန်ထားသူများကလည်း ကိုယ်လှူဒါန်းထားတဲ့ နေရာများကို အမြန်ဆုံးဆက်သွယ်ပေးရမှာပါ။ မျက်ကြည်လွှာလှူထားတယ်ဆိုရင်တော့ မျက်ကြည်လွှာလှူထားတဲ့ လက်ခံဌာနကို သေဆုံးပြီး ၄နာရီ အတွင်း ဆက်သွယ်ပေးဖို့ ကူညီပေးကြရမှာပါ။

လက်ခံဌာနက တာဝန်ရှိသူတွေက ခန္ဓာကိုယ်အစိတ်အပိုင်းကို လက်ခံယူပြီး လိုအပ်တာတွေကို ဆက်လက်လုပ်ဆောင်မှာ ဖြစ်ပါတယ်။

ခန္ဓာကိုယ်အစိတ်အပိုင်းတချို့သာ လှူဒါန်းထားပါက လှူဒါန်းသော အစိတ်အပိုင်းကိုသာ ထုတ်ယူ၊ ပုံမပျက်အောင် ထိန်းသိမ်းပေးပြီး မိသားစုဝင်များမှ အလိုရှိပါက ပြန်လည်သယ်ဆောင်ပြီး ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။

မလွဲမသေ ပုပ်သိုးပျက်စီးသွားမယ့် ခန္ဓာကိုယ်ကြီးကို လိုအပ်တဲ့ နေရာတွေမှာ လှူဒါန်းပြီး အသက်ပေါင်းများစွာ၊ ဘဝပေါင်းများစွာကို ကယ်တင်ပေးနိုင်တာမလို့ မွန်မြတ်တဲ့အလုပ် ဖြစ်တာကြောင့် လှူဒါန်းရန် စဉ်းစားကြည့်ကြဖို့ တိုက်တွန်းလိုက်ပါတယ်။