Blog Detail Pic

နည်းနည်းလေး လှုပ်ရှားလိုက်ရုံနဲ့ မောနေပြီလား

by | 16 Dec 2021

ခုတလော မော မောနေတယ်။ နည်းနည်းလေးလှုပ်လိုက်တာနဲ့ မော နေတော့တာပါပဲလို့ ငြီးတွားတဲ့ အသံကို ကြားဖူးပါသလား။ လူတစ်လောက်ကို တစ်မိနစ်ကို ၁၂ခါကနေ အခါ ၂၀အထိ အသက်ရှူကြပါတယ်။ အသက်ရှူရတာ မဝတဲ့အခါ၊ အသက်ရှူရတာ မြန်လာတာတဲ့အခါ မောတယ်လို့ ခေါင်းစဉ်တပ်ကြပါတယ်။ မောရတဲ့ အကြောင်းရင်းတွေ အများကြီး ရှိပါတယ်။ သာမန် အပရိက အမောကနေ သေလောက်တဲ့ အမောအထိ ရှိပါတယ်။

မော ရသည့် အကြောင်းရင်းများ

မောတာကို အမျိုးမျိုး ခွဲထားကြပါတယ်။ အန္တရာယ်ရှိတဲ့ အမော၊ အန္တရာယ် မရှိတဲ့အမော၊ ရုတ်တရက်မောတာ၊ နာတာရှည်မောတာ၊ နှလုံးကြောင့်မောတာ၊ အဆုတ်ကြောင့်မောတာ၊ တခြား အကြောင်းရင်းကြောင့် မောတာ၊ လှုပ်မှ မောတာ၊ ထိုင်နေရင်းမောတာ စသဖြင့် အများကြီးပါပဲ။

သာမန် အမော

ပြေးရင်မောတယ်၊ လေ့ကျင့်ခန်း လုပ်ပြီးရင် မောတယ်၊ လှေကားတက်ရင် မောတယ်၊ နေပူထဲက ပြန်လာရင် မောတယ်။ ဒါတွေဟာ ပုံမှန်ပါပဲ။ ဒါတွေလုပ်ရင် လူတိုင်းနီးပါး မောတာ ပဲဟာ မထူးဆန်းပါဘူး။ နားလိုက်ရင်လည်း ပုံမှန်ပြန်ဖြစ်သွားတာပဲလေ။

အန္တရာယ်ရှိတဲ့ အမော

အလွယ်ပြောရင် ရောဂါအခံ တစ်ခုခုကြောင့် မောတာပေါ့။ ဒါတွေကို ပြန်ခွဲခြားရမယ်ဆိုရင်

ရုတ်တရက်မောရင်

• နှလုံးပြဿနာ
-ရုတ်တရက် နှလုံးသွေးကြောပိတ်တာ
-နှလုံးပျက်စီးတာ
-နှလုံးမှာ ရေဝိုင်းတာ
-နှလုံးခုန်နှုန်း မမှန်တာ
–သွေးပေါင်ကျတာ

• အဆုတ်ပြဿနာ
–ပန်းနာရင်ကြပ် ထဖောက်တာ
-အဆုတ်သွေးကြောမှာ သွေးခဲပိတ်တာ
-အဆုတ်ကျုံ့တာ
–နမိုးနီးယား အဆုတ်ရောင်ရောဂါ

• အခြား အကြောင်းရင်းများ
-စိတ်လှုပ်ရှားခြင်း
-နံရိုးကျိုးတာ
-ရုတ်တရက် သီးသွားတာ
–ဓာတ်မတည့်ဘဲ ရှော့ရတာ စတာတွေ ဖြစ်နိုင်ပါတယ်။

နာတာရှည်မောနေရင် (နာတာရှည် မောတယ်ဆိုတာ ၁လနဲ့ အထက် မောတာကို ပြောတာပါ။)
• နှလုံးပြဿနာ
-နှလုံးပျက်စီးတာ
–နှလုံးရောင်တာ
-နှလုံးကြွက်သားတွေ မကောင်းတော့တာ
• အဆုတ်ပြဿနာ
-အဆုတ်ထဲ ရေဝင်တာ
-ပန်းနာရင်ကြပ်ရောဂါကို ထိန်းမထားနိုင်တာ
-နာတာရှည် လေပြွန်ကျဉ်းပြီး ရောင်ရမ်းတာ
-အဆုတ်သွေးကြောထဲ သွေးဖိအားများနေတာ
–အဆုတ်ကင်ဆာ
-တီဘီရောဂါ

• အခြား အကြောင်းရင်းများ

–သွေးအားနည်းတာ
-အဝလွန်တာ စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။

မောတာ အပြင် တခြား ဘာလက္ခဏာတွေ ​ဖြစ်နိုင်သေးလဲ။

တစ်ယောက်ယောက်က အကြောင်းရင်းမရှိဘဲ မောတယ်လို့ ပြောရင် ပစ်မထားပါနဲ့။ ဆရာဝန်နဲ့ ပြသပြီး ရောဂါရှာဖွေပါ။ မောတာအပြင် သူ့နဂို ရောဂါအခံရဲ့ လက္ခဏာတွေပါ ရှိနေနိုင်ပါတယ်။ ဥပမာ နမိုးနီးယားဆိုရင် မောတာအပြင် ဖျားတာမျိုးပေါ့။ တခြားအရေးကြီးတဲ့ လက္ခဏာတွေ ဖြစ်တဲ့
• ခြေထောက်တွေ ဖောင်ရောင်လာတာ
• လှဲလိုက်ရင် ပိုမောလာတာ
• ချမ်းတုန်ဖျားတာ
• အသက်ရှူရင် တရွှီရွှီမြည်တာ
• အသက်ကို အားစိုက်ပြီး ရှူနေရတာ စတဲ့ လက္ခဏာတွေပါ ရှိနေရင် လုံးဝလျစ်လျူရှုလို့ မရပါဘူး။

နောက်ပြီး တစ်ခုခု မတည့်တာ စားမိတာ၊ ဆေးမတည့်တာ ဖြစ်လို့ ရုတ်တရက် မောလာရင် ဒါအရေးပေါ် အခြေအနေပါ။ ဆေးရုံဆေးခန်းကို အမြန်သာ သွားပါ။

မော တာရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ

မောတာကို သေချာ မကုသဘဲ သူ့ရဲ့ ရောဂါအကြောင်းရင်းကို မရှာဘဲ ထားလိုက်မယ်ဆိုရင် ဒီရောဂါကြောင့် အသက်အန္တရာယ် ဖြစ်လာနိုင်ပါတယ်။ ဒါ့ပြင် မောလာရင် အသက်ရှူ မဝတော့တဲ့အတွက် သွေးထဲမှာ အောက်ဆီဂျင်နည်းလာပါတယ်။ ဒါကြောင့် သတိလစ်တာမျိုး ဖြစ်တတ်ပါတယ်။ နာတာရှည် မောတဲ့သူတွေမှာ ဦးနှောက်ကို အောက်ဆီဂျင် ကောင်းကောင်း မရောက်တဲ့အတွက် မှတ်ဉာဏ်ချို့ယွင်းတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။

မောတာကို ဘယ်လို ကုသကြမလဲ

မောခြင်းကို ကုသမှုဟာ အခြေခံ အကြောင်းရင်းပေါ်မူတည်ပေမယ့် အိမ်မှာ မောခြင်း သက်သာစေဖို့ ပြုလုပ်နိုင်တဲ့ နည်းလမ်းတွေ ရှိပါတယ်။

၁။ လှုပ်လှုပ်ရှားရှားနေပါ – သင့်အနေနဲ့ ပင်ပန်းနေတယ် အိပ်ချင်နေတယ်လို့ ခံစားနေရရင်တောင် လေ့ကျင်ခန်းလုပ်ပါ။ ဒီနည်းက သင့်ရဲ့ ကိုယ်ခန္ဓါစွမ်းရည်ကို ပြန်လည်မြင့်တက်စေပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်းလုပ်ခြင်းဖြင့် ကိုယ်ခန္ဓါကြံခိုင်သန်စွမ်းစေပြီး နှလုံး၊ အဆုတ်၊ ကြွက်သားတို့ရဲ့ စွမ်းရည်တိုးစေပါတယ်လို့ လေ့လာသူတွေက ဆိုထားပါတယ်။

၂။ စောစောအိပ်ယာဝင်ပါ – အိမ်ရေးပျက်တာက မလိုလားအပ်တဲ့ မတော်တဆမှုတွေကို ဖြစ်စေသလို၊ စိတ်အာရုံစူးစိုက်မှုကိုလည်း လျှော့နည်းစေပြီး ပင်ပန်းနွယ်နယ်မှု ဖြစ်စေပါတယ်။ ဒီတော့ အိပ်ယာစောစောဝင်ပါ။ အိပ်ရေးဝဝ အိပ်ပါ။

၃။ ကိုယ်အလေးချိန်ထိန်းသိမ်းပါ – အဝလွန်တာက လူငယ်ရောလူကြီးမှာပါ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန် လွန်ကဲနေတာက ခန္ဓါကိုယ်အတွက် မကောင်းနိုင်တဲ့အပြင် မိမိကိုယ်ကို ယုံကြည်မှုကျစေပါတယ်။ အိပ်စက်ရာမှာ အနှောင့်အယှက်ဖြစ်နိုင်တာကြောင့် စွမ်းအင်အပြည့်အဝ ရနိုင်မှာမဟုတ်ပါဘူး။ အိပ်ရေးမဝဘဲနေရင် နောက်နေ့တစ်နေလုံး ခေါင်းမူးနေပြီး စိတ်ကြည်ကြည်လင်လင်ရှိမှာ မဟုတ်ပါဘူး။

၄။ ကျန်းမာရေးနဲ့ညီညွတ်တာစားပါ – လိုအပ်တဲ့အစာအဟာရ ရှိနေမှသာ သင့်ရဲ့တစ်နေ့တာမှာ စွမ်းအင်ပြည့်နေမှာ ဖြစ်ပါတယ်။ ဝိတ်မတက်စေဘဲ အားအင်ဖြစ်စေတဲ့ အစာတွေအဖြစ် သစ်သီး၊ ဟင်းသီးဟင်းရွက်၊ အဆီထုတ်ထားတဲ့နို့၊ အသားတွေကို စားဖို့ ညွှန်းချင်ပါတယ်။

၅။ ဆရာဝန်နဲ့တိုင်ပင်ပါ – ကာလရှည်ကြာစွာ ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြသသင့်ပြီး လိုအပ်တဲ့ ဆေးဝါးစောင့်ရှောက်မှုတွေ ရယူပါ။

မောပန်းနွယ်နယ်မှုတွေက ကျန်းမာရေးနဲ့ အလုပ်အတွက် အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒီလိုတွေမဖြစ်ဘဲ အကောင်းဆုံးအခြေအနေကို ရဖို့ဆိုရင်တော့ သင့်အနေနဲ့ ဇွဲကောင်းစိတ်ရှည်ဖို့ လိုပါတယ်နော်။