Blog Detail Pic

ကျန်းမာပေျာ်ရွှင်စွာ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ နည်းလမ်းများ

by | 20 Oct 2021

အခုဆို အောက်တိုဘာလလည်း ကုန်ဆုံးကာနီးလာပြီမလို့ ဆောင်းရာသီထဲကို တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာပါပြီ။ ရာသီဉတုကလည်း အပူချိန်သိသိသာသာ လျော့နည်းလာပြီး မနက်အစောပိုင်းတွေမှာ မြူတွေဆိုင်းပြီး ညဘက်တွေမှာလည်း အအေးပိုလာတာကို သတိထားမိကြမှာပါ။ ဆောင်းရဲ့အငွေ့အသက်က လူကို ကြည်လင်ပေါ့ပါးလန်းဆန်းစေပြီး ခရစ်စမတ်၊ ဟောလိုးဝင်း၊ နှစ်သစ်ကူး စတဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း အလွန်များတာမလို့ ဆောင်းရာသီကို အလှတရားတွေနဲ့ပြည့်စုံတဲ့ ရာသီလို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ဆောင်းရာသီမှာ ကိုယ်ကဖျားနာနေတာကြောင့် ဘယ်မှမသွားမလာနိုင်၊ မလုပ်ကိုင်နိုင်ဖြစ်နေမယ်ဆိုရင်တော့ အတော်လေးကို နှမြောဖို့ကောင်းပါလိမ့်မယ်။ အဲဒါကြောင့်မလို့ လွတ်လပ်ပေါ့ပါးပြီး ကျန်းမာတဲ့လူနေမှုပုံစံနဲ့ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ပါဝင်မယ့် အချက်လေးတွေကို သေချာလိုက်နာပေးစေချင်ပါတယ်နော်။

(၁) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။

ဆောင်းရာသီကို မဖျားမနာဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က အဓိကအရေးကြီးပါတယ်။ ရာသီဉတုအေးအေးလေးနဲ့ အိပ်ပျော်နေလို့ မနက်စာမမီလိုက်တာမျိုး မဖြစ်စေဘဲ တစ်နေ့ ၃ နပ်ကို အချိန်မှန်မှန် အာဟာရပြည့်ဝအောင် စားသုံးပေးရပါမယ်။ ဆောင်းရာသီမှာရေသိပ်မဆာတတ်တာကြောင့်လူတော်တော်များများရေမသောက်ဘဲနေတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ရေဓာတ်ခမ်းခြောက်ပြီး နှုတ်ခမ်းကွဲတာ၊ အသားအရေခြောက်တာ၊ ခံတွင်းခြောက်တာ၊ အလွယ်တကူ မောပန်းတာ၊ ဝမ်းချုပ်တာ စတဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရေဘူးကို ဘေးနားယူထားပြီးတော့ သတိရတိုင်း သောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝစွာ နေထိုင်လိုက်ပါ။ နောက်ပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ ဗီတာမင်စီကြွယ်ဝတဲ့အသီးတွေ ( ဉပမာ - လိမေ္မာ်သီး )များများစားတာကလည်း ကိုယ်ခံအားမြှင့်တင်ဖို့အတွက် သေချာပေါက် အထောက်အကူပြုပါတယ်။

(၂) လေ့ကျင့်ခန်းလုပ်ပါ။

လေ့ကျင့်ခန်းဆိုပေမဲ့ ပြင်းပြင်းထန်ထန် မာရသွန်ပြေးတာမျိုး တစ်နေ့ ၅ မိုင်လမ်းလျှောက်တာမျိုး လုပ်စရာမလိုပါဘူး။ ရာသီဉတုအေးတာကြောင့် သွေးလေလှုပ်ရှားမှုမရှိဘဲ ထိုင်းမှိုင်းနေတာမျိုးမဖြစ်အောင် မနက်စောစော သွေးပူကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ အေးရိုးဗစ်၊ ဇွန်ဘာအကလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် တစ်နေ့တာကို လန်းလန်းဆန်းဆန်းစတင်ပြီး တစ်နေကုန် ခွန်အားအပြည့်နဲ့ ရှေ့ဆက်လိုက်ပါ။ ဒါ့အပြင် မနက်စောစောမှာရတဲ့ နေရောင်ခြည်က ဗီတာမင်ဒီ ကြွယ်ဝတာကြောင့် အရိုးအဆစ်အတွက် အထူးကောင်းမွန်ပြီး အသက်ကြီးလာတဲ့အခါ အရိုးအဆစ်မသန်မာဖြစ်ခြင်းကို အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါတယ်။

(၃) အိပ်ချိန်လုံလုံလောက်လောက်ရှိပါစေ။

သုတေသီတွေရဲ့ လေ့လာချက်အရ တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်တဲ့သူတွေက ၇ နာရီအောက်အိပ်တဲ့သူတွေထက် ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၈ နာရီပြည့်ပြီးရောဆိုပြီး တစ်ညလုံးမအိပ်ဘဲ မနက်မိုးလင်းမှ အိပ်တာ ဒါမှမဟုတ် နေ့လည်ဘက်မှာ နည်းနည်းစီခွဲအိပ်တာတွေက ကျန်းမာရေးအတွက် မကောင်းပါဘူးနော်။ ရောဂါတွေကို ကာကွယ်ပေးတဲ့ ဟော်မုန်းက အိပ်ပျော်သွားပြီး တစ်နာရီအကြာ ည ၁၁ နာရီနဲ့ မနက် ၃ နာရီအတွင်းပဲ ခန္ဓာကိုယ် ထုတ်လေ့ရှိတာမလို့ ညဘက်စောစောအိပ်မှသာ ကိုယ်ခံအားကောင်းမှာ ဖြစ်ပါတယ်။ ညဘက်တွေမှာ ဖုန်းသုံးတာတွေ၊ ဇာတ်ကားကြည့်တာတွေ လျှော့ပြီး ည ၁၁ လောက်ဆို အချိန်မှန် အိပ်ရေးဝဝ အိပ်စက်သင့်ပါတယ်။

(၄) တစ်ကိုယ်ရေး သန့်ရှင်းရေးကို ဂရုစိုက်ပါ။

ဆောင်းရာသီမှာ အပျင်းကြီးပြီး တစ်ပတ်မှ တစ်ခါလောက်ပဲ ရေချိုးမယ်ဆိုရင်တော့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက ကိုယ်မှာ ကပ်ငြိပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ၂ ရက်တစ်ခါလောက်တော့ အနည်းဆုံး ချိုးသင့်ပါတယ်။ ဘက်တီးရီးယားအများစုက လက်ကနေတစ်ဆင့်ကူးစက်တတ်တာမလို့ မလိုအပ်ဘဲ ပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို ဝင်သွားနိုင်တာကြောင့် လက်ကိုခဏခဏဆေးဖို့ မမေ့ပါနဲ့နော်။ အပြင်သွားမယ်ဆိုရင်လည်း ရေမလိုလက်သန့်ဆေးရည်ကိုဆောင်သွားပြီး သတိရတိုင်း လက်ကိုဆေးပေးသင့်ပါတယ်။ နှာချေခေျာင်းဆိုးတဲ့အခါမှာလည်း ပါးစပ်ကိုကာပြီး သို့မဟုတ် လက်ကိုင်ပုဝါအသုံးပြုပြီး မိမိကိုယ်ရော သူတစ်ပါးအတွက်ပါ ရောဂါမကူးစက်အောင် ကာကွယ်နိုင်ပါတယ်။

(၅) နေအိမ်ကို သန့်ရှင်းအောင်ထားပါ။

တုပ်ကွေးပိုးတွေက အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် နေအိမ်အိပ်ခန်းအတွင်းဖုန်တွေကို ရှင်းလင်းတာ၊ မိမိအသုံးပြုနေတဲ့ စားပွဲ၊ လက်ပ်တော့၊ ထိုင်ခုံစသည်တို့ကို သန့်ရှင်းတာ၊ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတို့ကို မကြာခဏလျှော်ဖွပ်ပြီး နေပူလှန်းပေးပါ။ တုပ်ကွေးပိုးက အိမ်မှာ တစ်ယောက်ဖြစ်ရင် အိမ်ရှိလူတိုင်းကို ကူးစက်လွယ်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

ကဲ ဒီနည်းလမ်းလေးတွေကို စနစ်တကျလိုက်နာပြီးတော့ အေးမြတဲ့ဆောင်းရာသီကို မိသားစုနဲ့တူတူ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းလိုက်ကြပါစို့နော်။