Blog Detail Pic

မနက်ပိုင်း Workout ကို အစာမရှိဘဲ လုပ်သင့်လား

by | 20 Dec 2021

မနက်စောစော အိပ်ရာက နိုးတာနဲ့ ပြေးတာ၊ လမ်းလျှောက်တာ၊ စက်ဘီးစီးတာ စတဲ့ လေ့ကျင့်ခန်း တွေ လုပ်လေ့ရှိတဲ့သူတွေများ ရှိကြလား? အဲဒီလို မနက်စောစောလေ့ကျင့်ခန်းလုပ်ကြတဲ့ သူတွေထဲမှာ တချို့က အစာမစားဘဲ လေ့ကျင့်ခန်းလုပ်မယ်ဆိုရင် အဆီတွေပိုကျတယ်ဆိုပြီး အစာမရှိဘဲ empty stomach နဲ့ လေ့ကျင့်ခန်းတွေလုပ်ကြပါတယ်။ တကယ်လို့များ အဲဒီလို လုပ်တဲ့သူတွေ ရှိမယ်ဆိုရင် ဒီဆောင်းပါးလေးကို ဖတ်ကြည့်ဖို့ အကြံပေးချင်ပါတယ်။

အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်မယ်ဆိုရင်
စားထားတဲ့ အစားအစာတွေ energy intake တွေ မရှိတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ လိုအပ်တဲ့ energy တွေအတွက် ခန္ဓာကိုယ်မှာရှိနေတဲ့ အဆီတွေကို များများဖြိုခွင်းပြီး အသုံးပြုရတာကြောင့် အဆီများများကျတဲ့အပြင် အစာစားထားတဲ့အခါ ဖြစ်နိုင်တဲ့ အန်ချင်စိတ်ဖြစ်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်ရစ်ခြင်း စတဲ့ ပြဿနာတွေ လျော့နည်းနိုင်တာကြောင့် မနက်စောစောမှာ အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာက ကောင်းတယ်ဆိုပြီး ဆိုကြပါတယ်။

ဒါဆို အစာမရှိဘဲ လေ့ကျင့်ခန်း လုပ်သင့်လား?

ဒါပေမယ့် အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်တာဟာ လူတိုင်းနဲ့ မသင့်တော်ပါဘူး။ အစာမရှိတဲ့အခါ သွေးတွင်းအချိုဓာတ်နည်းပြီး ခေါင်းမူးခြင်း၊ အားနည်းလာခြင်း၊ မောခြင်း၊ ခြေလက်တုန်လာခြင်းနဲ့ မူးမေ့သွားတဲ့အထိ ဖြစ်နိုင်ပါတယ်။ ဒါ့ကြောင့် အစာမရှိဘဲ လေ့ကျင့်ခန်းလုပ်ရတာကို ကြိုက်တယ်ဆိုရင်တော့ အချိန်အကြာကြီး လုပ်တာတွေ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။ energy ပိုလိုအပ်တဲ့ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတွေလုပ်မယ် ဆိုရင်တော့ အစားစားထားပြီးမှာ လုပ်သင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်ခင်မှာ အစားအစာထားခြင်းဟာ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အားအင်တွေကို ပေးစွမ်းနိုင်တဲ့အတွက် အကျိုးရှိရှိနဲ့ ကျန်းကျန်းမာမာ လေ့ကျင့်ခန်းလုပ်နိုင်ဖို့အတွက် ကူညီပေးပါတယ်။

လေ့ကျင့်ခန်း မလုပ်ခင် ဘယ်လိုအစားအစာတွေ စားသုံးသင့်လဲ?

လေ့ကျင့်ခန်းမလုပ်ခင်မှာ စားသုံးမယ့်အစားအစာတွေကိုလည်း သေချာရွေးချယ်ဖို့လိုအပ်ပါတယ်။ ပေါ့ပေါ့ပါးပါးနဲ့ energy ရစေမယ့်အစားအစာတွေ (ဥပမာ-ငှက်ပျောသီး၊ ပန်းသီး၊ ဒိန်ချဉ်၊ ဆန်(သို့) ဂျုံနဲ့ ပြုလုပ်ထားတဲ့ ပေါ့ပေါ့ပါးပါးအစားအစာတွေ၊ ဥအမျိုးမျိုး၊ သဘာဝသစ်သီးများ၊ အစေ့အဆံများ) ကို လေ့ကျင့်ခန်းမလုပ်ခင် ၁နာရီကနေ ၃နာရီအတွင်းမှာ ရွေးချယ်စားသုံးသင့်ပါတယ်။ လေ့ကျင့်ခန်းမလုပ်မီ၊ လုပ်နေစဉ်နဲ့ လုပ်ပြီးတဲ့အခါတိုင်းမှာ ရေဓာတ်ပြည့်ဝနေဖို့ ရေများများသောက်ပေးဖို့နဲ့ ချွေးထွက်များတဲ့အခါ ဓာတ်ဆားရည်ကို ပြန်သောက်ပေးကြဖို့လည်း မမေ့ကြပါနဲ့နော်။

ဘာတွေရှောင်သင့်လဲ?

လေ့ကျင့်ခန်းတွေ မလုပ်ခင်မှာ မစားသင့်တဲ့အစားအစာတွေကတော့ အစာအိမ်ကို မကောင်းစေမယ့်၊ ဗိုက်ရစ်စေနိုင်တဲ့ နို့တွေ၊ caffeine ဓာတ်ပါတဲ့ အစားအစာတွေနဲ့ ချဉ်တဲ့ အစားအစာတွေကို ရှောင်သင့်ပါတယ်။

သွေးတွင်းအချိုဓာတ်နည်းတဲ့ ရောဂါလက္ခဏာတွေအပြင် အစာမစားဘဲ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဖြစ်နိုင်တဲ့ အခြားဆိုးကျိုးလေးတွေလည်း ရှိပါတယ်။

၁။ လေ့ကျင့်ခန်းလုပ်နိုင်တဲ့ စွမ်းရည်ကို ကျဆင်းစေခြင်း။

လိုအပ်တဲ့ အားအင်တွေရရှိနိုင်ဖို့ အစာမစားထားတဲ့အတွက် လေ့ကျင့်ခန်းလုပ်တဲ့အခါ ပုံမှန်လောက် လုပ်ဆောင်နိုင်မှာမဟုတ်တဲ့အပြင် အကျိုးရလဒ်လည်း မကောင်းနိုင်ပါဘူး။

၂။ ထိခိုက်ဒဏ်ရာရနိုင်ခြေပိုများခြင်း။

ခန္ဓာကိုယ်က လှုပ်ရှားသွားလာဖို့အတွက် အားအင်တွေလိုအပ်သလို ဦးနှောက်ကလည်း လုပ်ငန်းတွေ ကောင်းကောင်းလုပ်နိုင်ဖို့ အတွက် glucose ကိုလိုအပ်ပါတယ်။ အစာမစားထားတဲ့အခါ ဦးနှောက်ကလည်း glucose လို့ခေါ်တဲ့ သကြားဓာတ်တွေ မရနိုင်တဲ့အတွက် ကောင်းကောင်းမစဉ်းစားနိုင်ဘဲ အာရုံထွေပြားနေနိုင်ပါတယ်။ အဲဒီလို အာရုံစူးစိုက်မှုတွေ လျော့ကျခြင်းကြောင့် နောက်ဆက်တွဲအနေနဲ့ ဘေးပတ်ဝန်းကျင်ကို သတိမပြုမိနိုင်ဘဲ မတော်တဆ ထိခိုက်မှုတွေကို ပိုပြီးဖြစ်စေနိုင်ပါတယ်။

၃။ ကြွက်သားဆုံးရှုံးနိုင်ခြင်း။

အစာမစားဘဲ နိုးနိုးချင်းမှာ လေ့ကျင့်ခန်းတွေလုပ်တာဟာ cortisol လို့ခေါ်တဲ့ ဟော်မုန်းလေးတွေကို များစေပါတယ်။ အဲဒီ ဟော်မုန်းလေးတွေများလာတဲ့အခါ ကြွက်သားတွေမှာရှိတဲ့ အသားဓာတ်(ပရိုတင်းဓာတ်)တွေကို ဖျက်ဆီးနိုင်တဲ့အတွက် ကြွက်သားဆုံးရှုံးမှုကို ဖြစ်စေပါတယ်။

၄။ ရေရှည်အတွက် ထိရောက်မှုမရှိခြင်း။

စစပိုင်းမှာတော့ အစားအစာတွေက အားအင်မရတဲ့အတွက် အဆီတွေကို ဖြိုခွဲပြီး အဆီတွေအများကြီးလောင်ကျွမ်းသွားနိုင်ပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်က အဆီတွေလောင်ကျွမ်းတာ များထားတဲ့အတွက် ပြန်ပြီးထိန်းညှိတဲ့ လုပ်ငန်းအရ နောက်ပိုင်းမှာ glucoseနဲ့ ကစီဓာတ်တွေကိုပဲ ပိုဖြိုခွဲပြီး အဆီတွေလောင်ကျွမ်းတာကို နည်းအောင် ပြန်ထိန်းညှိပေးတဲ့အတွက် ကြာလာတဲ့အခါ ထိရောက်မှုမရှိတာကို တွေ့ရပါတယ်။ ဒါ့ကြောင့် လေ့ကျင့်ခန်းလုပ်တဲ့အချိန်မှာ အစာရှိရှိ၊ မရှိရှိ အချိန်ကြာလာတဲ့အခါမှာ အဆီတွေကို လောင်ကျွမ်းနိုင်တဲ့ ပမာဏက အတူတူလောက်ပဲ ဖြစ်နေတာကို တွေ့ရပါတယ်။

ဒါ့ကြောင့် ရေရှည်အတွက်လည်း အဆင်ပြေပြီး ကျန်းမာရေးအတွက်လည်း ကောင်းမွန်အောင် သင့်တော်တဲ့ အစားအစာလေးတွေ စားပြီးမှ လေ့ကျင့်ခန်းတွေလုပ်ကြဖို့ အကြံပြုချင်ပါတယ်။