Blog Detail Pic

ပတ်ဝန်းကျင်မှ ဆူညံသံတွေကြောင့် ကျန်းမာရေးအပေါ်သက်ရောက်မှုများ

by | 22 Dec 2021

အသံဆိုတာ အမျိုးမျိုးရှိပါတယ်။ ဂီတသံ၊ စကားပြောသံ၊ ဆူညံသံ၊ စက်သံ စတာတွေအပြင် ဂီတသံထဲမှာတောင် သာယာငြိမ့်ညောင်းတဲ့အသံ၊ မြူးကြွတဲ့အသံ၊ ဆူညံပြင်းတဲ့အသံ ဆိုပြီးကွဲပါသေးတယ်။ ခုနေ ဘယ်အသံကို အကြောက်ဆုံးလဲမေးရင် လူ ဆယ်ယောက်မှာ ကိုးယောက်လောက်ဖြေမှာက ပတ်ဝန်းကျင်မှာ ဖွင့်နေကြတဲ့ ဘလူးတု စပီကာသံလို့ ပြောကြမလားပဲ။ ဘလူးတု စပီကာ သို့မဟုတ် လော်စပီကာလို့ ခေါ်ကြတဲ့ အသံချဲ့စက်တွေက ဟိုမှာ ဒီမှာ တပြင်တခွင် ရှိနေတာကိုး။ ပိုဆိုးတာက ကိုယ့်အိမ် အနီးအနား ပတ်ဝန်းကျင်က လူတချို့က မြန်မာသီချင်းတွေရယ် ဘယ်လိုနားထောင်ရမှန်း မသိတဲ့ ဒီဂျေသီချင်းတွေကို အသံဂိတ်ဆုံးတင်ပြီး အားမနာလျှာမကျိုး ကျဲနေကြတာပါပဲ။

ဒါ့အပြင် တီဗွီကို အသံအကျယ်ကြီးကြည့်တာ၊ ယာဉ်တွေသွားလာတာ၊ ဆောက်လုပ်ရေး လုပ်ငန်းခွင်က အသံအရမ်းကျယ်တာ၊ ညနက်သန်းခေါင်အိမ်မွေးတိရစ္ဆာန်တွေအော်မြည်တဲ့ အသံတွေစတဲ့ ဆူညံသံတွေကမြို့ပြရဲ့ အလေ့အထတစ်ရပ်လိုတောက်ဖြစ်နေပါပြီ။ ပတ်ဝန်းကျင်က ဆူညံသံတွေက ဘဝရှင်သန်မှု စည်းချက်ကို စည်းဝါးမကိုက်တာမျိုးဖြစ်ပေါ်စေနိုင်သလို ကျန်းမာရေးအပေါ်မှာ သက်ရောက်မှုတွေရှိလာနိုင်စေပါတယ်။

(၁) နှလုံးစည်းချက် မူမမှန်ဖြစ်စေတယ်

ဂျာမဏီသုတေသနတစ်ခုကတော့ ဆူညံသံကြားရတာများလာရင် နှလုံးခုန်စည်းချက်မူမမှန်ဖြစ်စေနိုင်တယ်လို့ တွေ့ရှိခဲ့ပါတယ်။ အဲဒီကနေ သွေးကြောပိတ်ခြင်း၊ လေဖြတ်ခြင်းနဲ့ နှလုံးလုပ်ဆောင်ချက် ရပ်ဆိုင်းခြင်းတို့အထိ ဖြစ်စေနိုင်ပါတယ်။ ဆူညံသံကြောင့်ဖြစ်တဲ့ ဒေါသ၊ စိတ်ဆတ်ခြင်း၊ သွေးဖိအားမြင့်တက်ခြင်းတို့ကြောင့်လည်း နှလုံးစည်းချက်မမှန် ဖြစ်စေနိုင်ပါတယ်။

(၂) ဦးနှောက်တွင်း ရောင်ရမ်းမှုကို ဖြစ်စေတယ်

ဆူညံသံကြောင့် နားလေးသွားလိမ့်မယ်လို့ ပြောကြပေမယ့် တကယ်တမ်းသက်ရောက်မှုက ဒီထက်ပိုပါတယ်လို့ ပညာရှင်တွေက လေ့လာတွေ့ရှိခဲ့ပါတယ်။ ဆူညံသံက နားအတွင်းပိုင်း မွေးနုဆဲလ်လေးတွေကနေ သတင်းပို့သမျှကို ဦးနှောက်ဆီ ပေးပို့ပေးတဲ့ အစွန်အဖျားအာရုံကြောလေး တွေကို ထိခိုက်ပျက်စီးစေပါတယ်တဲ့။ အဲဒီကနေ ဦးနှောက်အတွင်းမှာ ရောင်ရမ်းမှုတွေဖြစ်လာစေနိုင်ပါတယ်။

(၃) စိတ်ကို မှောင်မိုက်စေတယ်

ဆူညံသံတွေကြားနေရရင် အလိုလိုစိတ်တိုလာတာ လက်တွေ့ပဲမဟုတ်လား။ စိတ်မကြည်တော့ဘူး၊ အသေးအဖွဲတွေမှာ စိတ်တိုလွယ်လာတယ်၊ အာရုံစိုက်မရဘူး၊ စိုးရိမ်စိတ်တွေဖြစ်လာတယ်၊ ဒါတွေဟာ ဆူညံသံကြောင့်ဖြစ်လာတာပါ။

(၄) ကိုယ်ခံအားစနစ် အားနည်းလာစေတယ်

အသံကြားရုံနဲ့ ကိုယ်ခံအားနည်းသွားတာမျိုး မဟုတ်ဘူးနော်။ ဒါပေမယ့် သွယ်ဝိုက်သောနည်းနဲ့ပေါ့။ ပတ်ဝန်းကျင်ဆူညံပူထူနေတာဆိုရင် လူရဲ့ကျန်းမာရေးကိုလည်း ဘက်စုံယိုယွင်းလာစေနိုင်ပါတယ်။ စိတ်ဖိစီးလာရတဲ့အခါ ထွက်တဲ့ကော်တီဆုန်းဟော်မုန်းကြောင့်လည်း သွေးဖိအားနဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေပြီး တစ်ဖက်မှာလည်း ရောဂါပိုးတွေကာကွယ်နိုင်စွမ်းကို ကျဆင်းစေပါတယ်။

(၅) အာရုံလွတ်ထွက်သွားစေတယ်

ဆူညံသံတွေကြားမှာ နားကြပ်တပ်ထား၊ ဂွမ်းဆို့ထားရင်တောင်မှ ကိုယ်လုပ်စရာရှိတာလေးတွေကို ကောင်းကောင်းအာရုံစိုက်နိုင်မယ် ထင်ပါသလား။ စိတ်ရော အာရုံရော ဖလွတ်ခနဲ ခုန်ထွက်သွားပါလိမ့်မယ်။ သုတေသနတစ်ခုအရ ဆူညံတဲ့အလုပ်ခွင်ပတ်ဝန်းကျင်မှာ အလုပ်လုပ်သူတွေဟာ မှတ်ဉာဏ်ပါကျဆင်းတာကို တွေ့ရှိခဲ့ပါတယ်။ ဒါ့ကြောင့်မလို့ အလုပ်ခွင်မှာ ကိုယ် နားထောင်ရတာ အတော်လေး အဆင်မပြေစေတဲ့ သီချင်းဖွင့်ထားတာမျိုးနဲ့ ကြုံရင် အားနာမနေဘဲ သီချင်းပြောင်းပေးဖို့ သို့မဟုတ် ပိတ်ပေးဖို့သာ တောင်းဆိုလိုက်ပါ။

(၆) ကလေးရဖို့ ခက်စေတယ်

ဆူညံသံတွေက ကလေးရနိုင်စွမ်းအပေါ် သက်ရောက်မှုရှိနိုင်ပေမယ့် အကြောင်းရင်းကိုတော့ အတိအကျ မသိရသေးပါဘူး။ ပညာရှင်တွေရဲ့လေ့လာမှုအရ ဆူညံသံအနည်းငယ်လောက်နဲ့ ထိတွေ့နေရတဲ့ အမျိုးသားတွေမှာ (ဥပမာ လေအေးပေးစက်အသံ) ၈ နှစ်အတွင်း ကလေးမရနိုင်တာကို တွေ့ရပါတယ်။ ညအိပ်ချိန်ဆူညံသံနဲ့ထိတွေ့ကြားနေရတာကလည်း ကိုယ်ဝန်ပျက်ကျတာ၊ လမစေ့ဘဲ ကလေးမွေးတာတွေ၊ မွေးရာပါချို့ယွင်းချက်ပါလာတာနဲ့ ဆက်နွှယ်နေတယ်လို့ တွေ့ရှိထားပါတယ်။

ကဲ ဆူညံသံဆို ဝေးဝေးပြေးဖို့ စဉ်းစားကြတော့နော်။ ကိုယ်က မြူးမြူးကြွကြွ ကဲတတ်တဲ့သူ၊ သီချင်းကျယ်ကျယ်ဖွင့်ထားတတ်သူဆိုရင်လည်း ကိုယ့်ကျန်းမာရေးအတွက်ရော ကိုယ့်မိသားစုနဲ့ တခြား ပတ်ဝန်းကျင်ကသူတွေရဲ့ကျန်းမာရေးအတွက် ညှာတာပြီးချင့်ချိန်လိုက်ပါနော်။