Blog Detail Pic

အစာမျိုချလိုက်တိုင်း တစ်ဆို့ဆို့နဲ့ နင်နေပြီလား

by | 23 Dec 2021

အခုတလော ဘာစားစား လည်ပင်းမှာ တစ်ဆို့တစ်ဆို့နဲ့ ကောင်းကောင်းမျိုမရဖြစ်နေပြီလား။ အစာမျိုရင် အရင်ကလို ရှောရှောရှူရှူ မဟုတ်ဘဲ အားနဲ့ မျိုချနေရပြီလား။ ရေသောက်တာတောင် လည်ပင်းမှာ ကပ်တပ်တပ်ကြီး ဖြစ်နေပြီလား။ ဒါဆိုရင် ဒီဆောင်းပါးကို ဆက်ဖတ်လိုက်ပါ။

အစားမြန်မြန်စားရင်ပဲ ဖြစ်ဖြစ်၊ သေချာ မဝါးဘဲ မျိုချရင် ဖြစ်ဖြစ် အစာနင်တတ်တာ သဘာဝပါ။ ဒါပေမယ့် သဘာဝ မဟုတ်တဲ့ တချို့သော ကျန်းမာရေး ပြဿနာလေးတွေမှာလည်း အစာနင်တတ်ပါသေးတယ်။ စစချင်းဆို နင်တယ်လို့တောင် မထင်ဘူး။ စားလိုက်ရင် အစာက အောက်မကျဘဲ ရင်ခေါင်းမှာ ခပ်တောင့်တောင့်၊ ခပ်အောင့်အောင့်လေး ခံစားရပါတယ်။


တချို့ဆို နင်ရုံမက သီးပါ သီးတော့တာ။ နင်တာကလည်း အစာစားလည်း နင်၊ ရေသောက်လည်း နင် ဖြစ်လာပြီဆိုရင်တော့ ဂရုစိုက်ရမယ့် အနေအထား ရောက်လာပါပြီ။ ဘာလို့ နင်တာဖြစ်မလဲ။ သူများတွေ ပြောသလို ကင်ဆာတွေ ဘာတွေများ ဖြစ်နေမလား။


နင်ရခြင်း အကြောင်းတရားတွေက ဒီဆောင်းပါးမှာ ဆက်ဖတ်ကြည့်ရင် အများကြီး တွေ့မှာပါ။ အခါခပ်သိမ်း ကင်ဆာကြောင့်ချည်းပဲ မဟုတ်တဲ့အတွက် ဆေးစစ်ရမှာ မကြောက်ပါနဲ့။ တချို့ဟာလေးတွေက အပရိကလေးတွေပါ။ ဘာတွေဖြစ်နိုင်မလဲ ကြည့်ကြရအောင်။

ဘာကြောင့် နင်တာ ဖြစ်မလဲ။

1. Achalasia (အစာရေမျိုပြွန် ရောဂါ တစ်မျိုး)

ဒီရောဂါမှာ အစာရေမျိုပြွန်အောက်ခြေမှာ ရှိတဲ့ ရှုံ့အိတ်လိုမျိုး ကြွက်သားတွေက ကောင်းကောင်း အကျုံ့အဆန့် မလုပ်နိုင်ပါဘူး။ ဒါကြောင့် အစာမျိုတိုင်း မျိုတိုင်းမှာ အစာက အောက်ကို မကျတော့ပါဘူး။ တစ်ခါ အစာရေမျိုပြွန်ရဲ့ ဘေးနံရံကြွက်သားတွေကလည်း အားပျော့နေပါသေးတယ်။ ဒီတော့ အစာက အောက်ကို ကောင်းကောင်း မဆင်းတော့ပါဘူး။ ဒါတွေပေါင်းလိုက်တော့ လူက အပေါ်ကနေ ကောင်းကောင်းမျိုနေပေမယ့် အောက်ကို မရောက်ဘူး ဖြစ်နေတယ်။ ခက်တာက ဒီရောဂါက ဒီတိုင်းထားရင် ပိုဆိုးရုံပဲ ရှိမှာပါ။ ကုစရာရှိတာ ကုလိုက်မှပဲ ကိစ္စက ပြီးမှာပါ။

2. ကြွက်သားတွေ တင်းနေတာ

ဒါကျတော့ အစာရေမျိုပြွန်ကြွက်သားတွေက တင်းပြီး ညှစ်ထားတာပါ။ တကယ်ဆို အပေါ်က အစာတစ်ခု မျိုချလိုက်ရင် အစာရေမျိုပြွန်ကြွက်သားတွေက အလိုက်သင့်လေး ကျုံ့လိုက် ဆန့်လိုက် ဖြစ်နေရမှာပါ။ ဒါကို ကြွက်သားတွေက ဆက်တိုက်တင်းနေရင် အစာတွေက ကန့်လန့်ကြီး ဖြစ်နေမှာပါ။ များသောအားဖြင့်တော့ အစာရေမျိုပြွန် အောက်ပိုင်းက ကြွက်သားတွေ တင်းနေတာ ပိုများပါတယ်။

3. အစာရေမျိုပြွန်ကျဉ်းနေတာ

အစာရေမျိုပြွန်ကျဉ်းနေရင် အစာအလုပ်ကြီးကြီး မျိုချရင် နင်နေမှာပါ။ ဒီတော့ အလုပ်သေးသေး ကျေညက်အောင်ဝါးပြီးမှ မျိုချပါ။ ကျဉ်းရတဲ့ အကြောင်းတွေကတော့ စားချဉ့်ရည်ဆန်တက်တဲ့ရောဂါကြောင့် ဖြစ်ဖြစ်၊ အကျိတ်တစ်ခုခု ခံနေလို့ ဖြစ်ဖြစ်၊ အရင်က လောင်စေတဲ့ အရည်တွေ (ဥပမာ – အက်စစ်) တွေ မျိုချထားမိလို့ ဖြစ်ဖြစ် ဖြစ်နိုင်ပါတယ်။

4. အစာရေမျိုပြွန်ကျိတ်

ဒါက လူတိုင်းစိုးရိမ်တဲ့ ကိစ္စပေါ့။ ဒါပေမယ့် ကင်ဆာကျိတ်လည်း ဖြစ်နိုင်သလို ရိုးရိုးအကျိတ်လည်း ဖြစ်နိုင်ပါတယ်။ အသားစ စစ်ကြည့်မှ သိရမှာမို့လို့ အကျိတ်ဆိုတာနဲ့ စိတ်ပျက်မသွားပါနဲ့။ အကျိတ်ရဲ့ သဘောတရားက ဘာကျိတ်ပဲဖြစ်ဖြစ် ကြာလေကြီးလေ မို့လို့ ပိုပိုပြီး နင်လာမှာပါ။ ဒါကြောင့် ကိုယ်က အစာက ထမင်းစားရင် နင်တယ်။ ဒီက တစ်ဆင့်တက်ပြီး ဆန်ပြုတ်စားရင် နင်တယ်။ တစ်ခါ ရေသောက်ရင်ပါ နင်လာပြီ။ တံတွေးပါ မမျိုချနိုင်တော့ဘူး စသဖြင့် ပိုပိုဆိုးလာပြီဆိုရင် မပေါ့ပါနဲ့လို့ အကြံပေးချင်ပါတယ်။

5. တစ်ခုခုတစ်နေတာ

အစာဖြစ်ဖြစ်၊ ဆေးတောင့်တွေ ဖြစ်ဖြစ် အရင်က မျိုချတာ အောက်ကို ကောင်းကောင်း မကျလို့ နင်နေတာမျိုးပါ။ ဥပမာ အသက်ကြီးတဲ့သူတွေဆို အိပ်နေတုန်း အံကပ်ကျွတ်ပြီး မျိုချမိလို့ နင်နေတာမျိုး၊ ကလေးတွေဆို သကြားလုံးတို့၊ အသားလုံးဆို့ နင်နေတာမျိုး ဖြစ်နိုင်ပါတယ်။

6. စားချဉ့်ရည်ဆန်တက်တဲ့ရောဂါ (GERD)

ဒါခုနကပြောတဲ့ ရောဂါပါ။ အစာရေမျိုပြွန်အောက်ဆုံးနားက အဆို့ရှင်လေးက မလုံတော့ အစာခြေအက်စစ်တွေက အပေါ်ကို ပြန်ပြန်တက်ပြီး တစ်ရှူးတွေကို စားသွားတာပေါ့။ ဒီတော့ အမာရွတ်ဖြစ်ပြီး အစာရေမျိုပြွန်ကျဉ်းပြီး မျိုချရင် အောက်မကျတာပါ။

နောက်တစ်မျိုးက ဒီအဆို့ရှင်လေးရဲ့ သဘာဝက အပေါ်က အစာဆင်းလာရင် လမ်းဖွင့်ပေးပေမယ့် အောက်က တစ်ခုခု ပြန်တက်လာရင် ပိတ်ထားပါတယ်။ မဟုတ်ရင် ခဏခဏ အန်နေရမှာပေါ့။ အခု အက်စစ်တွေ တက်လာတော့ သူက ကြွက်သားတွေ တင်းပြီး ပိတ်ထားတာကြောင့် အပေါ်က အစာဆင်းလာလည်း အောက်ကို မရောက်တော့ပါဘူး။

7. အစာရေမျိုပြွန်ရောင်တာ

မတည့်တာ တစ်ခုခု စားမိလို့ အလာဂျီထရင် မျက်နှာမှာ အင်ပျဉ်တွေ ထပြီး ဖောင်းလာသလိုပဲ အစာရေမျိုပြွန်ကလည်း ရောင်ပြီး ဖောင်းလာတတ်ပါတယ်။ ဒီတော့ အစာတွေ မျိုချရင် အောက်ကို မရောက်တော့ဘူးပေါ့။

8. သိုင်းရွိုက်ကျိတ်

လည်ပင်းကြီး ရောဂါကို ပြောတာပါ။ လည်ပင်းမှာ ရှိတဲ့ သိုင်းရွိုက်ဂလင်းက အစာရေမျိုပြွန်ကို ဖိထားရင် နင်နေမှာပေါ့။

9. အာရုံကြောရောဂါတွေ

မျိုချတယ်ဆိုတာ တကယ်တော့ ဦးနှောက်ရဲ့ အာရုံကြောတွေက ထိန်းချုပ်ထားတာပါ။ လေဖြတ်ထားတဲ့သူတို့၊ ပါကင်ဆန်ရောဂါရှိတဲ့သူတို့ဆို အာရုံကြော အားနည်းနေတဲ့အတွက် ကောင်းကောင်း မမျိုချနိုင်ပါဘူး။ ဒါကြောင့် လေဖြတ်တဲ့သူတွေကို နှာခေါင်းပိုက်ကနေ အစာထည့်ပေးရတာပါ။

10. ကင်ဆာကုသနည်းတွေ

တချို့သော ကင်ဆာကုသနည်းတွေ အထူးသဖြင့် လည်ပင်းနဲ့ ဦးခေါင်းမှာ ရှိတဲ့ ကင်ဆာကျိတ်တွေကို ရောင်ခြည်ပြတဲ့အခါ အစာရေမျိုပြွန်ပါ အနည်းနဲ့ အများ ထိခိုက်တဲ့အတွက် အစာမျိုရခက်လာပါတယ်။

ဒါတွေက တစ်ယောက်ယောက် အစာနင်နေပြီဆို ဖြစ်နိုင်တဲ့ ရောဂါတွေပေါ့။ တခြား မစိုးရိမ်ရတဲ့ အကြောင်းတွေလည်း ရှိပါတယ်။ ဒါတွေကတော့ ကျန်းမာရေးပြဿနာ အကြောင်းခံကြောင့် နင်ခဲ့ရင် ဖြစ်နိုင်တာတွေပေါ့။ နင်တာက တစ်ခါတစ်လေ မဟုတ်ဘဲ စွဲဖြစ်လာပြီဆို သတိထားပြီး ရောဂါရှာဖွေကုသသင့်ပါတယ်။ ဒီတိုင်းထားရင် တစ်ချိန်ချိန်မှာ အစာသီးရာက အသက်ရှူ ရပ်သွားတာ၊ အဆုတ်ထဲကို အစာတွေဝင်ပြီး အဆုတ်ရောင်တာ၊ မမျိုချနိုင်လို့ မစားတော့ဘဲ အာဟာရချို့တဲ့လာတာ စတဲ့ ပြဿနာတွေ ကြုံလာနိုင်ပါတယ်။