Blog Detail Pic

ကားမူးတတ်တာကို သက်သာစေဖို့

by | 06 Jan 2022

ခရီးဝေးတွေ မပြောနဲ့ ကားမြင်ရင်ကို မူးနေကြတဲ့သူတွေ ဒါမှမဟုတ် မြို့ပြင်ကို နည်းနည်းလောက်ပဲသွားလိုက်ရင်ကို မူးလို့ ဘယ်မှမသွားရဲဘဲဖြစ်နေတဲ့သူတွေများရှိလား။ ဒါဆိုရင်တော့ ဒီဆောင်းပါးလေးက သင်စိတ်ရှုပ်နေရတဲ့ အခက်အခဲကို အကောင်းဆုံးဖြေရှင်းပေးနိုင်မှာပါ။

Motion sickness ဆိုတာဟာ တစ်နည်းအားဖြင့် ရွေ့လျားမှုကြောင့် ဖြစ်တဲ့ နေထိုင်မကောင်းဖြစ်ခြင်း တစ်မျိုးပါပဲ။ ဥပမာ- ကားမူးတာ၊ လှိုင်းမူးတာ၊ လေယာဉ်စီးရင်မူးတာ စသဖြင့်ပေါ့။ အချို့သူတွေမှာ အဲ့ဒီလို Motion sickness ဖြစ်လေ့ရှိပြီး ဖြစ်လာတဲ့အခါမှာ မူးတာအပြင် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာခြင်း၊ မောလာခြင်း၊ ချွေးစေးပြန်လာခြင်း၊ အသားအရောင်ဖြူဖျော့လာခြင်း စတဲ့ လက္ခဏာတွေပါ ဖြစ်လေ့ရှိပါတယ်။ ဓမ္မတာလာနေတဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်တွေ၊ ကလေးငယ်တွေ နဲ့ အချို့သော ဆေးတွေ(ဥပမာ- စိတ်ကျခြင်းကို ကုသတဲ့ဆေးတွေ၊ ပိုးသတ်ဆေးအချို့၊ နဲ့ ပန်းနာရင်ကျပ်ဆေးတွေ) သောက်နေတဲ့ သူတွေမှာ ပိုပြီး အဖြစ်များပါတယ်။

ဒီဆောင်းပါးလေးမှာတော့ အဓိကအားဖြင့် motion sickness တွေဖြစ်လာတဲ့အခါမှာ ဘယ်လို သက်သာအောင် လုပ်ကြမယ်၊ နောက်ထပ် မဖြစ်အောင် ဘယ်လို ကြိုတင်ကာကွယ်ကြမလဲ ဆိုတဲ့ အချက်လေးတွေကို ပြောပြပေးချင်ပါတယ်။

၁။ ကောင်းမွန်စွာ အနားယူထားပါ

အိပ်ရေးပျက်ခြင်း၊ မောပန်း နွမ်းနယ်နေခြင်းက ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ပိုဖြစ်စေတဲ့ အချက်တွေကို အားပေးနေပါတယ်။ ဒါ့ကြောင့် ခရီးမသွားခင် အနားယူထားပါ။

၂။ အခြားတစ်ခုခုကို ပြောင်းပြီး အာရုံစိုက်ဖို့ ကြိုးစားပါ။

ဥပမာ- အသက်ကို ရှုသွင်း၊ရှုထုတ်တဲ့နေရာမှာပဲ အာရုံစိုက်ထားတာမျိုး၊ ၁ကနေ ၁၀၀ ထိဖြစ်ဖြစ် စိတ်ထဲမှာ ရေတွက်နေတာမျိုး၊ သီချင်းနားထောင် တာမျိုးတွေနဲ့ အာရုံပြောင်းကြည့်နိုင်ပါတယ်။ တစ်ခါတစ်လေမှာ မျက်လုံးမှိတ်ထားတာကလည်း အကူညီဖြစ်စေပါတယ်။

၃။ ဆေးဝါးတွေကို အတူယူဆောင်သွားပါ

ဆရာဝန် လက်မှတ်မပါဘဲ ရောင်းချပေးတဲ့ ဆေးဝါး (bonine, Antivert, Dramamine) တွေက ခရီးတိုတွေနဲ့ သိပ်မပြင်းထန်တဲ့ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းတွေ အတွက် ထိရောက်ပါတယ်။ သင့် ဆရာဝန်ကလည်း ခရီးရှည်အတွက်၊ သို့မဟုတ် ပင်လယ်လှိုင်းမူးခြင်း၊ သင်က ကားမူးခြင်းကို ပြင်းပြင်းထန်ထန် ခဏခဏ ဖြစ်တတ်တယ် ဆိုရင်တော့ လိုအပ်တဲ့ ဆေးဝါးတချို့ကို ညွှန်ကြားပါလိမ့်မယ်။ ဥပမာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းကို ကာကွယ်ပေးနိုင်တဲ့ Transderm-Scop လိုမျိုး Scopolamine ပါဝင်တဲ့ နားအနောက် အောက်နားမှာ ကပ်နိုင်တဲ့ပစ္စည်း တစ်မျိုးကို ညွှန်ကြားကောင်း ညွှန်ကြားပါလိမ့်မယ်။ သိထားရမှာ တစ်ခုက အဲဒီ scopolamine ဟာ အိပ်ငိုက်စေခြင်း ကဲ့သိုသော တခြား ဆိုးကျိုးတွေ ရှိတာကြောင့် အသုံးပြုဖို့အတွက် ခရီးမသွားခင်မှာ သမားတော်၊ ဆရာဝန်နဲ့ သေသေချာချာ တိုင်ပင် ဆွေးနွေးသင့်ပါတယ်။

၄။ အစားအသောက်နဲ့ ပတ်သက်ပြီး သတိထားပါ

ခရီးသွားနေစဉ် အတွင်းမှာ စားစရာ၊ သောက်စရာ၊ အရက်တွေ သောက်သုံးမှုနဲ့ ပတ်သက်ပြီး သတိထားရပါမယ်။ အရက် အလွန်အကျွံသောက်ခြင်း၊ မတည့်တဲ့ အစားအသောက်များ စားခြင်း၊ အလွန်အကျွံ စားသုံးခြင်း တို့ကို ရှောင်ကြဉ်ပါ။ တချို့သော သူများအတွက် ပြည့်တင်းစေသော၊ စပ်သော၊ အဆီများသော အစားအစာ တွေကလည်း ကားမူးခြင်းကို ပိုဆိုးစေပါတယ်။ မူးတာကို သက်သာစေနိုင်တဲ့ ပူရှိန်း၊ ချင်း စတာလေးတွေကိုလည်း ဆောင်သွားပါ။တိကျသေချာတဲ့ လေ့လာချက်တော့ မတွေ့ရှိသေးပေမယ် တချို့က mint ပါတဲ့ ပူရှိန်းလေးတွေ၊ အချိုသကြားလုံးလေးတွေ နဲ့ ချင်းတွေကို အနည်းငယ်စားမယ်ဆိုရင်လည်း မူးဝေတာတွေ သက်သာစေနိုင်တယ်လို့ပြောကြပါတယ်။

၃။ လေကောင်းလေသန့်ရအောင် နေပါ။

အလုံပိတ်ကားတွေထဲမှာ motion sickness ကြောင့် မူးလာပြီဆိုရင် လေကောင်းလေသန့်ရအောင် ပြတင်းပေါက်ဖွင့်တာမျိုး၊ လေရအောင် လုပ်တာမျိုး လုပ်သင့်ပါတယ်။ ပင်လယ်လှိုင်းမူးခြင်း ဖြစ်လာပါက လေကောင်းလေသန့် ရနိုင်မယ့် အပြင်ကို ထွက်ပြီး အရှေ့တည့်တည့်ကို ကြည့်ခြင်းကလည်း သက်သာအောင် အကူအညီ ပေးနိုင်ပါတယ်။

၄။ မူးတာတွေ သက်သာအောင် နေရာပြောင်းသင့်ရင်ပြောင်းပါ။

ဥပမာ- ကားစီးနေတယ်ဆိုရင်လည်း ပိုပြီးလှုပ်ရမ်းနိုင်တဲ့ အနောက်ပိုင်းနားမှာ ထိုင်နေမယ်ဆိုရင် အရှေ့ကို ပြောင်းထိုင်တာမျိုး၊ သင်္ဘော၊လှေ စတာတွေ စီးနေမယ်ဆိုရင်လည်း လှိုင်းတွေကို မြင်နေရတဲ့ အစွန်အဖျားထက် ပိုပြီးငြိမ်တဲ့ အလယ်ပိုင်းမျိုးကို ပြောင်းသင့်ပါတယ်။ အချို့သူတွေက လဲလျောင်းလိုက်ရင် ပိုပြီးသက်သာတဲ့အတွက် နေရာအဆင်ပြေရင် လဲလျောင်းကြည့်တာမျိုးလည်း လုပ်ကြည့်နိုင်ပါတယ်။

၅။ စာဖတ်တာ၊ ဖုန်းသုံးတာကို လုံးဝမလုပ်သင့်ပါဘူး။

မျက်လုံးဖွင့်ထားမယ်ဆိုရင်တောင် မျက်လုံးနဲ့ တစ်တန်းထဲ ဟိုးအဝေးတစ်နေရာကို ကြည့်နေသင့်ပါတယ်။

၆။ အစားစားထားပါ

အကောင်းဆုံး အစားတွေက အဆာပြေ အစားအစာ ဖြစ်တဲ့ မုန့်ကြွပ်၊ ဘီစကွတ်မုန့် အငံ၊ ရိုးရိုးပေါင်မုန့်နဲ့ ဘီစကွတ် အချောင်းလေးတွေပဲ ဖြစ်ပါတယ်။ အစာအိမ်ထဲမှာ ဘာမှ မရှိတာထက် အစာတချို့ ရှိတာက ပိုကောင်းပါတယ်။ ဒါပေမယ့် အများကြီး မစားဖို့တော့ သတိထားရပါမယ်။ ဂျင်းအနည်းငယ်ကိုလည်း လိုကောင်းလိုပါလိမ့်မယ်။ ဂျင်းဟာ ပင်လယ်လှိုင်းမူးခြင်း၊ ကားမူးခြင်းအတွက် သက်သာစေတဲ့ သဘာဝ ထုတ်ကုန် တစ်မျိုးပါ။ ဘီစကွတ်နဲ့ ရေ၊ သို့မဟုတ် ဆိုဒါနဲ့ တွဲပြီး စားသောက်ခြင်းကလည်း ကားမူးခြင်းကို သက်သာစေဖို့ အကူအညီ ပေးနိုင်တယ်လို့ လူတော်တော်များများက ရှာဖွေတွေ့ရှိခဲ့ပါတယ်

၇။ သီချင်းနားထောင်ပါ။

ခရီးသွားရင်း နားကြပ်လေးတပ်ပြီး သီချင်းနားထောင်ရတာက ခံစားချက်ကောင်းသလိုကားမူးတာကိုလည်း ကာကွယ်ပေးပါတယ်။ ဒါကြောင့် ကားမူးတတ်တယ်ဆိုရင် ခရီးသွားတဲ့အခါ ဖုန်းလေးနဲ့ နားကြပ်လေးပါအောင်ယူလို့ သီချင်းနားထောင်ပါ။

ကဲ.....ကားမူးလို့ စိတ်ညစ်မနေပါနဲ့တော့။ အခုပြောခဲ့တဲ့နည်းလမ်းလေးတွေသုံးပြီး ကားမူးတာကို ကာကွယ်လို့ ပျော်ရွှင်စရာခရီးစဉ်လေးတွေကို ဖန်တီးလိုက်ပါနော်။