Blog Detail Pic

သင်ဘာလို့ ဆီးခဏခဏသွားချင်နေရတာလဲ?

by | 21 Oct 2021

ညဘက် ရာသီဉတုအေးအေးလေးနဲ့ အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွားနေရတာ အတော် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပြဿနာ ပါ။ အိပ်ရတဲ့အချိန်မှ တစ်နေ့ ၇ နာရီလောက်လေးကို တစ်ညလုံး ခဏခဏဆီးထသွားနေရရင် အိပ်ရေးပျက်ပြီး နောက်နေ့မနက်မှာလည်း လန်းလန်းဆန်းဆန်းနိုးထနိုင်မှာ မဟုတ်တော့ပါဘူး။
သာမာန်လူတစ်ယောက်က ၂၄ နာရီအတွင်း ၇ ကြိမ်မှ ၈ကြိမ်အထိ ဆီးသွားလေ့ရှိပါတယ်။ အကယ်၍ ကိုယ်က ဆီးသွားတာ တအားများနေတယ်၊ ခဏခဏ ဆီးသွားတယ် ဆိုရင်ကို ဆီးချိုများ ဖြစ်နေပြီလား စိတ္တဇဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။
ကိုယ်က ရေခဏခဏသောက်နေတတ်တာလား ၊ ရောဂါ အခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။

ကိုယ် သောက်ထားတဲ့ တစ်ခုခု ကြောင့်လား?

ရေသောက်များတာ ၊ အထူးသဖြင့် အိပ်ခါနီးအချိန် ရေများများ သောက်မိတာ က ဖြစ်နိုင်ခြေ ပိုများပါတယ်။ ရေတစ်နေ့ကို ၂ လီတာလောက် သောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ နေ့ဘက်မှာပဲ များများသောက်ပြီး ညဘက် အိပ်ခါနီး ၃ နာရီအလိုလောက်ဆို ရေလျေှာ့သောက်ပေးပါ။ ညဘက်ကို ကဖင်းဓာတ်များများပါတဲ့ ကော်ဖီတို့ လက်ဖက်ရည်တို့ သို့မဟုတ် အယ်လ်ဟိုဟောပါဝင်တဲ့အဖျော်ယမကာတွေကိုလည်း တတ်နိုင်သလောက် မသောက်ဘဲနေပေးပါ။

ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လား?

ဆီးလမ်းကြောင်းပိုးဝင်တာကလည်း ခဏခဏ ဆီးသွားနေရခြင်းရဲ့ တရားခံထဲက တစ်ယောက်ဖြစ်ပါတယ်။ နေ့ရော၊ ညဘက်ပါ ဆီး ခဏခဏ သွားရနေတတ်ပါတယ်။ ဘက်တီးရီးယားက သင့်ရဲ့ ကျောက်ကပ်၊ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ကို တိုက်ခိုက်နေတာကြောင့် သင့်ဆီးအိတ်က ဆီးကို ကြာကြာမထိန်းထားနိုင်တော့ပါဘူး။ ဒီအကြောင်းရင်း ကြောင့်သာ ဆိုရင် ဆီးသွားတဲ့ အခါ နာကျင်တာ ရှိနိုင်တယ် ။ ကိုယ်ပူဖျားတာ၊ နှာစီးတာ၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုတွေ လည်း ရှိနိုင်ပါတယ်။

ဆီးချိုကြောင့်လား?

အမျိုးအစား(၁) နဲ့ (၂) ဆီးချိုက သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာကြောင့် ကျောက်ကပ်က ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး သကြားဓာတ်ကို စစ်ထုတ်ဖို့ ကြိုးစားနေရပါတယ်။ ဒါပေမဲ့ မစစ်ထုတ်နိုင်တော့တဲ့အခါမှာတော့ သကြားဓာတ်ကို ဆီးနဲ့အတူ စွန့်ထုတ်လိုက်ပစ်လိုက်တာကြောင့် သင် ဆီးများများမကြာခဏသွားနေရတာပါ။ ဆီးမကြာခဏသွားနေရခြင်းက ဆီးချိုကနဉီးလက္ခဏာတွေမှာ အသိသာဆုံးနဲ့ အမြန်ဆုံးပဲဖြစ်တာကြောင့် သင်က ပုံမှန်ထက်ပိုပြီး ဉပမာ တစ်နေ့ကို ၁၀ ကြိမ်လောက်ဆီးသွားနေရတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ဆီသွားပြီး ဆွေးနွေးကုသဖို့ အကြံပေးချင်ပါတယ်။

သောက်နေရတဲ့ ဆေးတွေ ကြောင့်လား

ကိုယ့်ကျန်းမာရေး ကြောင့် ဆရာဝန် ညွှန်ကြားချက် အရ သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဒီလိုအခြေအနေြဖစ်နိုင်ပါတယ်။ ဉပမာ သင်က သွေးတိုး၊ ကေျာက်ကပ်ရောဂါရှိနေမယ်ဆိုရင် အဲဒီရောဂါအတွက် သောက်ရတဲ့ဆေးတွေကြောင့် ကျောက်ကပ်က သင့်ဆီးထဲကို ဆားဓာတ်တွေ၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေကို စွန့်ထုတ်လိုက်မှာမလို့ သင့်ကို မကြာခဏ ဆီးသွားချင်စိတ် ဖြစ်စေမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဆုံးရှုံးသွားတာမလို့ ဆေးတွေသောက်ပြီးရင် နှုန်းပြီး ထိုင်းမှိုင်းနေတတ်ပါသေးတယ်။

အသက်အရွယ် ကြောင့်လား?

အသက်ကြီးလာလေ ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာလေ ပါပဲ ။ အသက်ကြီးလာတဲ့အခါ မနက်ထိ ဆီးကို ထိန်းထားနိုင်အောင် ထိန်းကူပေးတဲ့ ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတာ လျော့လာပါတယ်။ နောက်ပြီး ဝမ်းဗိုက်အောက်ပိုင်းကြွက်သားတွေကလည်း အသက်ကြီးလာတာနဲ့အမျှ အားနည်းလာပါပြီ။ ဒါ့ကြောင့် အသက်ကြီးတဲ့ သူတွေဟာ ညဘက် အိမ်သာ ထသွားရတာ အကြိမ်ရေ ပိုများလေ့ ရှိပါတယ်။ ယောကျာ်းလေး ၊ မိန်းကလေး ကွာခြားချက် ကလည်း အရေးပါပါသေးတယ်

– ယောကျာ်းလေး တွေက အသက်ကြီးလာရင် ဆီးကြိတ်ဂလင်းတွေကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဆီးရောဂါအဖြစ်များကြပါတယ်။

- မိန်းကလေးတွေ ကျတော့ သွေးဆုံးပြီးတဲ့အခါ အက်စထိုဂျင်လို့ခေါ်တဲ့ မဟော်မုန်း ထုတ်လုပ်မှု နည်းလာပါတယ်။ ဒီအချက်က ဆီးလမ်းကြောင်း နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေပြီး မကြာခဏ ဆီးသွားစေပါတယ်။ ကလေး‌ မွေးဖွားဖူးတဲ့သူ ဖြစ်ရင် အဲဒီအပိုင်းက ကြွက်သားတွေ ပိုပြီး အားနည်းနေနိုင်ပါတယ်။

- အကယ်၍ သားအိမ်မှာ အကြိတ်ရှိနေခဲ့ရင်လည်း သူ့ကို နေရာပေးနေရတဲ့အတွက် ဆီးများများမထိန်းနိုင်ဘဲ ခဏခဏဆီးသွားရတတ်ပါတယ်။ သားအိမ်မှာ အလုံးအဖုစမ်းမိတာမျိုးရှိရင် အချိန်မဆွဲဘဲ ဓာတ်မှန်ရိုက်ကြည့်သင့်ပါတယ်။

အိပ်မပျော်လို့လား

တစ်ခါတလေ ဆီးသွားချင်လို့ အိပ်ရာက နိုးလာတာ ရှိသလို အိပ်မပျော်လို့ အိမ်သာပဲ သွားနေရတာ လည်း ရှိတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေျာ်နေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က ADH လို့ခေါ်တဲ့ ဆီးသွားချင်စိတ်ကိုထိန်းပေးထားပြီး မနက်အိပ်ရာနိုးမှ သွားချင်အောင် ပြုလုပ်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ ဒါပေမယ့် တစ်နေ့တာ ရဲ့ စိတ်ပူပန်မှု ၊ စိတ်ဖိစီးမှုတွေ ကြောင့်လည်း ညဘက် အိပ်မပျော် ၊ အိပ်မပျော်တော့ ဆီး ထသွား၊ ဆီး ထသွား ရတော့ ပြန်အိပ်မရ ၊ ဒါနဲ့ပဲ သံသရာလည် နေတော့တာမျိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ အိပ်မက်တွေ လျှောက်မက်ရင်း တရေးနိုးတော့ အိမ်သာ ထသွားရမယ်၊ အဲဒီကနေ မျက်စိကြောင် သွားနိုင်ပါတယ်။

နှလုံးမကောင်းလို့လား?

နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့ ရောဂါရှိသူ တွေဟာ နေ့ဘက်တော့ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်မှာ အရည်တွေ စုပြီး နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ ညအိပ်တော့ လှဲလိုက်တဲ့အခါမှ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့အတွက် အဲဒီအရည်တွေက သွေးလည်ပတ်မှုထဲ ပြန်ရောက်လာပြီး ဆီးလည်း ပိုသွားရစေပါတယ်။

တခြား အကြောင်းရင်းတွေ

အပေါ်က ဖြစ်နိုင်ခြေတွေအပြင် ညဘက် ဆီး ခဏခဏ သွားရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါသေးတယ်။

- အဝလွန်ခြင်း
- သွေးဆုံးခြင်း
- ဆီး ကျောက်တည်ခြင်း
- ဝမ်းချုပ်ခြင်း
- ကျောက်ကပ် ပျက်စီးခြင်းတို့ ပါဝင်ပါတယ်။

နေ့စဉ် ရက်ဆက် ညတိုင်းကို ဒီပြဿနာကြောင့် ဒုက္ခရောက်နေရတယ်၊ နောက်ဆက်တွဲ တခြားလက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်နော်။