Blog Detail Pic

ပိန်တဲ့သူတွေ ကိုယ်အလေးချိန် ​မြန်မြန်တက်စေမယ့် နည်းလမ်းများ

by | 09 Jan 2022

လူ့ပတ်ဝန်းကျင်ဆိုတာလည်း အခက်သားနော်။ ဝတဲ့သူတွေဆို ပိန်လိုက်ရင် လှသွားမှာလို့ ပြောကြတယ်။ ပိန်တဲ့သူတွေဆိုရင်လည်း ဝလာရင် ကြည့်ကောင်းလာမှာ။ အိမ်က ထမင်းမကွေျးဘူးလား။ ဆေးသုံးနေတာလားဆိုပြီး ပြောကြပြန်ရော။ ဒီလိုစကားသံတွေ မကြာခဏ ကြားရတဲ့အခါ လူတွေဟာ ပိန်ခြင်း၊ ဝခြင်း ဆိုတဲ့ ရုပ်လက္ခဏာကို စိတ်ထဲမှာ အမြဲထားလာကြတယ်။ စိတ်ညစ်စရာ၊ ပူပန်စရာ၊ ရှက်ရွံ့စရာ ကိစ္စတစ်ခုလို ဖြစ်လာကြတယ်။

ဝတယ် ပိန်တယ်ဆိုတာကို အတိအကျတိုင်းနိုင်တဲ့ ကိရိယာရယ်လို့ မရှိပါဘူး။ ခုခေတ်မှာတော့ BMI လို့ခေါ်တဲ့ အရပ်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်တဲ့ ပုံသေနည်းတစ်ခုရှိပေမယ့် ဒါကလည်း အတိအကျမှန်တာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် အကြမ်းဖျင်း ပိန်သလား၊ အဝလွန်နေသလားဆိုတာကိုတော့ ပြောနိုင်ပါတယ်။

BMI တွက်ကြည့်လိုက်လို့ ၁၈.၅အောက်ဆိုရင် ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် နည်းနေတယ်လို့ ပြောနိုင်ပါတယ်။ ( ဉပမာ အရပ် ၅ ပေရှိတဲ့ လူတစ်ယောက်က အနည်းဆုံး ပေါင် ၁၀၀ ရှိသင့်ပါတယ်။ ပေါင်တစ်ရာအောက် ရောက်နေမယ်ဆိုရင် ကျန်းမာတဲ့ကိုယ်အလေးချိန်မရှိဘူးလို့ ပြောလို့ရပါတယ်) လူပုံစံကလည်း ပါးပါးလျပ်လျပ်နဲ့ အရိုးပေါ်အရေတင်လေး ဖြစ်နေတယ်ဆိုရင်တော့ ပိုသေချာတာပေါ့။

ကြီးထွားဖွံ့ဖြိုးနေတဲ့ အရွယ်တွေဖြစ်တဲ့ ကလေးတွေနဲ့ ဆယ်ကျော်သက် လူပျို၊ အပျိုတွေဆိုရင်လည်း နေ့စဉ် အာဟာရဓါတ် စုံလင်စွာ မရရှိတဲ့အခါ ကိုယ်အလေးချိန်ကို မထိန်းညှိနိုင်တော့ပဲ အဝလွန်လာတယ်။ အာဟာရချို့တဲ့ပြီး ပိန်လာကြတယ်။ နေ့စဉ် စားသောက်နေထိုင်မှု ပုံစံကို ပြောင်းလဲပြီး အာဟာရဖြစ်စေတဲ့ အစားအစာတွေကို မိဘတွေဘက်က ချက်ပြုတ်ပေးမယ်ဆိုရင်တော့ အဆင်ပြေသွားမှာပါ။

ဒီနေ့မှာတော့ ပိန်နေလို့ စိတ်ညစ်နေတဲ့သူတွေအတွက် အချိန်တိုအတွင်း ကိုယ်အလေးချိန်တက်ပြီး ပြည့်ပြည့်ဖြိုးဖြိုး ဖြစ်လာစေမယ့် နည်းလမ်းကောင်းတွေကို ပြောပြပေးချင်ပါတယ်။

၁။ အစာမစားခင် ရေမသောက်ပါနဲ့။ အစာအိမ်ထဲမှာ ရေတွေနဲ့ ပြည့်နေပြီး အစာကောင်းကောင်း မစားနိုင်တဲ့အခါ ကိုယ်ခန္ဓာအတွက် နေ့စဉ်လိုအပ်တဲ့ အာဟာရဓာတ်တွေ နည်းသွားနိုင်ပါတယ်။

၂။ မကြာခဏ အစာစားပါ။ တစ်နေ့ကို ၃ကြိမ်ထက်ပိုပြီး အစာစားပါ။ တီဗီကြည့်နေတဲ့အချိန်၊ စာလုပ်နေတဲ့အချိန် ဗိုက်ဆာပြီဆိုရင် ထမင်းနည်းနည်းဖြစ်စေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ မုန့်ပဲသရေစာတွေ ဖြစ်စေ ယူစားပေးပါ။

၃။ နွားနို့သောက်ပါ။ နွားနို့မှာ ကြီးထွားဖွံ့ဖြိုးစေတဲ့ အသားဓာတ်၊ ကယ်လိုရီဓာတ်နဲ့ ကယ်လ်စီယမ်ဓာတ်တွေ အများအပြားပါဝင်လို့ မနက်နိုးရင် တစ်ခွက်၊ ညအိပ်ကာနီးရင် တစ်ခွက် နေ့စဉ် သောက်ပေးပါ။ ကြက်ဉလည်း တစ်နေ့တစ်လုံး စားပေးပါ။

၄။ များများစားပါ။ ကိုယ်က ပိန်နေတဲ့သူဆိုရင် သူများထက်ပိုပြီး အစာစားပေးဖို့ လိုအပ်ပါတယ်။ ဗိုက်ဆာပြီလို့ ခံစားရပြီဆိုတာနဲ့ ထမင်းစားပါ။ စားတဲ့အခါမှာလည်း ပန်းကန်ပြားကြီးကြီးနဲ့ ပမာဏ များများ စားပေးဖို့ လိုအပ်ပါတယ်။ အာလူးကလည်း ထမင်းလိုပဲ ကစီဓာတ်များများပါဝင်တာကြောင့် တစ်နေ့ကို အာလူးတစ်လုံး အနည်းဆုံးစားပေးရင် လပိုင်းအတွင်း သိသိသာသာ ဝိတ်တက်လာနိုင်ပါတယ်။

၅။ ကော်ဖီသောက်တဲ့အခါ ခရင်မ်ထည့်သောက်ပါ။ ခရင်မ်မှာ ကယ်လိုရီဓာတ်တွေ ပိုမိုပါဝင်တာကြောင့် ပိန်သူတွေအတွက် ပိုပြီး လိုအပ်ပါတယ်။

၆။ အိပ်ချိန်ပြည့်ဝအောင် အိပ်ပါ။ လူသားတိုင်းရဲ့ ကျန်းမာရေးအတွက် တစ်နေ့ အိပ်ချိန်ဟာ အနည်းဆုံး ၇နာရီ ကနေ ၈နာရီအထိ ရှိဖို့ လိုအပ်ပါတယ်။ ပိတ်ရက်တွေမှာ ပိုအိပ်ပါ။ ကောင်းစွာ အိပ်စက်အနားယူခြင်းဟာ ကြွက်သားတွေကို ကြီးထွားသန်စွမ်းစေဖို့ အထောက်အကူဖြစ်စေပါတယ်။

၇။ အသားနဲ့ ဟင်းသီးဟင်းရွက် မျှတအောင် စားပါ။ ကိုယ်အလေးချိန်တက်ဖို့ကို အဓိကဦးတည်နေတာ ဖြစ်တဲ့အတွက် အသားဓာတ်နဲ့ ကယ်လိုရီ ပါဝင်မှုများတဲ့ အသားတွေကို များများစားပါ။ ဟင်းသီးဟင်းရွက်တွေကိုလည်း စားပေးပါ။ များများစားပေးလေ ပိုကောင်းလေပါပဲ။

၈။ ဆေးလိပ်မသောက်ပါနဲ့။ ဆေးလိပ်သောက်ခြင်းဟာ ကျန်းမာရေးကို ဆိုးရွားစွာ ထိခိုက်စေနိုင်တဲ့အပြင် ကိုယ်အလေးချိန်ကိုလည်း ကျစေပြီး လူကို ပိန်စေတယ်။ အရိုးနဲ့ ကြွက်သားကိုလည်း အားနည်းစေနိုင်ပါတယ်။

၉။ လေ့ကျင့်ခန်းလုပ်ပါ။ ကိုယ်အလေးချိန်တက်ဖို့အတွက် အစားအစာကို ပိုပြီး စားသုံးပေးဖို့ လိုအပ်သလို ကိုယ်လက်လေ့ကျင့်ခန်းကိုလည်း ပိုလုပ်ပေးသင့်ပါတယ်။ လိုအပ်ရင် ဖြည့်စွက်အားဆေးသောက်ပါ။ အလေးများများမပါ။ Gym သွားနိုင်ရင် အကောင်းဆုံးပါ။ Trainer နဲ့ သေချာတိုင်ပင်ပြီး Weight gain workout ဆော့ပေးရင် အချိုးစားညီညီ ကြည့်ကောင်းပြီး ပြည့်လာပါလိမ့်မယ်။

ဆိုတော့ ပိန်လွန်းတာက တစ်ခုခု ထိခိုက်ဒဏ်ရာ၊ အနာတရ ဖြစ်ရင်လည်း သူများထက် ပိုခံရနိုင်ပါတယ်။ ကိုယ်ခံအားမကောင်း၊ အရိုးတွေ ပွနေနိုင်တဲ့အပြင် ပြန်ပြီး နာလန်ထူဖို့ အာဟာရချို့တဲ့နေတာကြောင့် ဖြစ်ပါတယ်။

ဒါကြောင့် ပိန်ခြင်း၊ ဝခြင်း အစွန်းနှစ်ဖက်လုံးက မကောင်းပါဘူး။ ပိန်နေရင်ပဲဖြစ်ဖြစ်၊ ဝနေရင်ပဲဖြစ်ဖြစ် ကိုယ်နဲ့ သင့်တော်တဲ့ ကိုယ်အလေးချိန်ရအောင် ပြန်ညှိသင့်ပါတယ်။