Blog Detail Pic

ရည်းစားမရှိလို့ နှုတ်ခမ်းတွေ ခြောက်နေပြီလား

by | 11 Jan 2022

နှုတ်ခမ်းခြောက် နှုတ်ခမ်းကွဲတဲ့ ပြသနာကို လူတိုင်းကြုံဖူးကြမှာပါ။ များသောအားဖြင့် ဆောင်းရာသီလို အေးတဲ့ ရာသီတွေမှာ အဖြစ်များပေမယ့် သေသေချာချာ ဂရုမစိုက်ရင်တော့ အချိန်ရာသီ မရွေးဖြစ်နိုင်ပါတယ်။ နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ပြီး အက်လာတဲ့ အခါ နာလည်းနာ၊ သွေးလည်းထွက်နိုင်တဲ့အပြင် စိတ်အနှောင့်အယှက် ဖြစ်စရာလည်း ကောင်းပါတယ်။

နှုတ်ခမ်းခြောက်ရတဲ့ အကြောင်းရင်းတွေထဲက အဖြစ်အများဆုံးအကြောင်းရင်းတစ်ခုကတော့ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ သပ်လို့၊ လျက်နေတာကြောင့်ပါပဲ။ နှုတ်ခမ်းဟာ ခန္ဓာကိုယ်ရဲ့ ကျန်တဲ့အရေပြားတွေလိုမျိုး သဘာဝအဆီလည်း မထွက်ပါဘူး။ စိုထိုင်းမှုတစ်ခုတည်းဖြင့်သာ နှုတ်ခမ်းခြောက်သွေ့ခြင်း မဖြစ်အောင် ကာကွယ်ပေးနိုင်တာပါ။

တကယ်တော့ နမ်းတာလည်း အတူတူပါပဲ။ သူစိမ်းတစ်ယောက်ရဲ့ နှုတ်ခမ်းနဲ့ နမ်းရှုံ့နေရတဲ့အခါ ကိုယ့်ပါးစပ်ထဲက တံတွေးရော၊ ကိုယ့်ချစ်သူရဲ့ တံတွေးတွေပါ နှုတ်ခမ်းပေါ်မှာ တင်ကျန်ခဲ့ပြီး နှုတ်ခမ်းကို ပိုပြီးတော့တောင် ခြောက်သွေ့ကွဲအက်စေနိုင်ပါတယ်။

ဒီနေ့ဆောင်းပါးလေးမှာတော့ အဲဒီလို နှုတ်ခမ်းခြောက်၊ အက်ကွဲတဲ့ အခြေအနေမျိုး မဖြစ်အောင် ကြိုတင်ကာကွယ်နိုင်ဖို့ နည်းလမ်းလေးတွေကို မျှဝေပေးသွားမှာပါ။

၁။ ရေဓာတ်ပြည့်ဝအောင် နေပါ။

ရေဓာတ်ခမ်းခြောက်တဲ့အခါ နှုတ်ခမ်းလည်းခြောက်ပြီး ကြာတဲ့အခါမှာ ကွဲအက်လာနိုင်ပါတယ်။ ဒါ့ကြောင့် စိုပြည်ပြီး နူးညံ့ချောမွတ်တဲ့ နှုတ်ခမ်းလေးတွေကို ထိန်းသိမ်းဖို့အတွက် ရေများများသောက်ပေးဖို့ လိုအပ်ပါတယ်။

၂။ lip balm အသုံးပြုပါ။

နှုတ်ခမ်းမှာ ခန္ဓာကိုယ်ရဲ့ အခြားအစိတ်အပိုင်းတွေလိုမျိုး အဆီကို သဘာဝအတိုင်း ထုတ်ပေးနိုင်တဲ့ gland လေးတွေ မရှိတဲ့အတွက် အင်မတန် ခြောက်သွေ့လွယ်ပါတယ်။ ဒါ့ကြောင့် Lip balm လို့ခေါ်တဲ့ နှုတ်ခမ်းနီ အဆီကို ပုံမှန်လေး အသုံးပြုပေးသင့်ပါတယ်။ နှုတ်ခမ်းနီဆိုလို့ အချို့ယောကျ်ားလေးတွေက အသုံးပြုစရာမလိုဘူးလို့ ထင်ကောင်းထင်နိုင်ပါတယ်။ ဒါပေမယ့် ယောကျ်ားလေးတွေလည်း နှုတ်ခမ်းခြောက်တဲ့ ပြသနာဖြစ်နိုင်တာကြောင့် အရောင်မပါတဲ့ နှုတ်ခမ်းနီအဆီလေးတွေကို အသုံးပြုပေးနိုင်ပါတယ်။ နှုတ်ခမ်းမှာ အဆီဆိုးထားရင် နေရခက်တယ်ဆိုတဲ့ သူတွေဆိုရင်လည်း ညမအိပ်ခင်လေးမှာ ဆိုးထားပြီး အိပ်နိုင်ပါတယ်။ နေရောင်ကို မကြာခဏ ထိတွေ့တာကြောင့်လည်း နှုတ်ခမ်းသားလေးတွေ ခြောက်သွေ့ ပျက်စီးတတ်တာကြောင့် အပြင်ထွက်တဲ့ အခါ အသုံးပြုမယ့် lip balm ကိုရွေးချယ်ရင်လည်း sun protection factor(SPF) 15 အနည်းဆုံးပါဝင်တဲ့ အမျိုးအစားတွေကို အသုံးပြုပေးသင့်ပါတယ်။

၃။ နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ မလျက်ပါနဲ့။

တချို့က နှုတ်ခမ်းခြောက်ရင် အစိုဓာတ်ရအောင် ဆိုပြီး လျှာနဲ့လျက်ကြပါတယ်။ တကယ်တမ်းတော့ အဲလို အတွေးက မှားယွင်းနေတဲ့အပြင် နှုတ်ခမ်းခြောက်တာကို ပိုလို့တောင် ဆိုးသွားစေနိုင်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ တံတွေးတွေက လျှာပေါ်ရောက်သွားပြီးတဲ့အခါ ရေငွေ့ပြန်ပြီး အစိုဓာတ်ကို ပိုပြီးကုန်ခမ်းသွားစေနိုင်လို့ပါ။ ဒါ့ကြောင့် နှုတ်ခမ်းကို လျှာနဲ့ မကြာခဏ မလျက်မိအောင် သတိထားကြပါနော်။

၄။ အရသာရှိတဲ့ နှုတ်ခမ်းနီတွေ သိပ်အသုံးမပြုပါနဲ့

ခေတ်မီ လာတာနဲ့အမျှ နောက်ပိုင်းမှာ စတော်ဘယ်ရီအရသာ၊ စပျစ်သီးအရသာ စသည်ဖြင့် လျှာနဲ့ လျက်လိုက်ရင် အရသာရှိတဲ့ နှုတ်ခမ်းနီလေးတွေ ပေါ်လာကြပါတယ်။ အရသာရှိတာ ကောင်းပေမယ့် အရသာရှိနေတဲ့အတွက် အဲဒီ နှုတ်ခမ်းနီလေးတွေ လိမ်းထားမယ်ဆိုရင် နှုတ်ခမ်းကို လျှာနဲ့လျက်မိဖို့ အခွင့်အရေးပိုများတာကြောင့် မကြာခဏ နှုတ်ခမ်းခြောက်တတ်တယ်ဆိုရင် အဲလို နှုတ်ခမ်းနီတွေ သိပ်မသုံးသင့်ပါဘူး။

၅။ နှုတ်ခမ်းကို သေချာ ကာကွယ်ပါ။

အရမ်းအေးလို့ အပြင်သွားရင် ခန္ဓာကိုယ်ကို ကာကွယ်ဖို့အတွက် အဝတ်အစား၊ အနွေးထည်တွေ ဝတ်သလိုပဲ အရမ်းအေးတဲ့ ရာသီဥတုမှာ အပြင်ကို ထွက်မယ်ဆိုရင် မာဖလာလေးနဲ့ ဖြစ်ဖြစ်၊ ခြုံပဝါလေးဖြစ်ဖြစ် အသုံးပြုပြီး နှုတ်ခမ်းကို အပြင်ရာသီဥတုနဲ့ တိုက်ရိုက်မထိအောင် ကာကွယ်ပေးသင့်ပါတယ်။

ရည်းစားမရှိလို့ဆိုပြီး အားငယ်နေကြတဲ့ ဆင်ဂယ်လေးတွေလည်း သိပ်ပြီး အားမငယ်ပါနဲ့။ အထူးသဖြင့် နှုတ်ခမ်းခြောက်တယ်ဆိုတာ ရည်းစားမရှိလို့ ခြောက်တာမဟုတ်ဘဲ ကိုယ့်ဘာသာ လျှာနဲ့ ခဏခဏသပ်နေလို့၊ ရေများများမသောက်လို့၊ ဆောင်းရာသီကြောင့်မို့လို့သာ ဖြစ်ရတာပါ။