Blog Detail Pic

စိုးရိမ်ပူပန်မှု (Anxiety) လွန်ကဲနေပြီလား

by | 12 Jan 2022

လူတိုင်း ကြောက်တတ်၊ စိုးရိမ်တတ်ပါတယ်။ ဒါက ပြဿနာ မဟုတ်ပါဘူး။ ဒါပေမယ့် လိုတာထက် ပိုလာပြီဆိုရင်တော့ စိတ်ရောဂါလို့ သတ်မှတ်နိုင်ပါတယ်။ လိုတာထက်ပိုတယ်ဆိုတာက အခြေအနေတစ်ခုကို အလွန်အကျွံ တုံ့ပြန်တာ၊ ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေဖြစ်တဲ့အထိ တုံ့ပြန်တာပဲ ဖြစ်ပါတယ်။

အင်တာဗျုးဖြေရမယ်ဆိုရင် လူတိုင်း စိတ်လှုပ်ရှားကြပါတယ်။ မဖြေခင်ဆို ရင်တုန်သလို၊ ချွေးစေးတွေ ထွက်ချင်သလို ဖြစ်လာပါတယ်။ ဒါပေမယ့် ဖြေပြီးသွားရင်တော့ ပုံမှန်ပဲ ဖြစ်သွားပါတယ်။ ဖြေပြီးသွားရင် စိုးရိမ်စရာ မရှိတော့ဘူးလို့ ခန္ဓာကိုယ်က နားလည်လိုက်တဲ့အတွက် ခုနကလို ရင်တုန်တာတွေ ဆက်မဖြစ်တော့ပါဘူး။

ဒါပေမယ့် အစိုးရိမ်လွန်တဲ့ သူတွေကျတော့ ဒီလိုမဟုတ်ပါဘူး။ အစိုးရိမ်လွန်ပြီး လုပ်လက်စအလုပ်ကို မလုပ်နိုင်တော့တာ၊ တစ်ခုခုဆို အလွန်အကျွံတုံ့ပြန်တာ၊ ဒီလို တုံ့ပြန်တာတွေကို သိနေလျက်နဲ့ မထိန်းချုပ်နိုင်တာ စတာတွေ ဖြစ်တတ်ပါတယ်။
ဒီလိုအစိုးရိမ်လွန်တာမျိုးက ကိုယ့်ရဲ့အချိန်တွေ၊ ခွန်အားတွေကိုအလဟသပြုန်းတီးစေသလို ဘဝအတွက်အရေးပါတဲ့အလုပ်တွေမလုပ်နိုင်အောင်လည်း ဟန့်တားသလိုဖြစ်စေနိုင်တဲ့အတွက် အချိန်မှီပြင်ဆင်သင့်ပါတယ်။

ဒီလိုဖြစ်လာပြီဆိုရင်တော့ ကိုယ့်ရဲ့နေ့စဉ်လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာပြီဖြစ်တဲ့အတွက် ဆရာဝန်နဲ့တွေ့ဆုံပြီး သင့်တော်တဲ့ ဆွေးနွေးမှု ကုသမှုတွေပြုလုပ်သင့်ပါတယ်။

အစိုးရိမ်လွန်နေကြောင်းသိရှိနိုင်မည့် လက္ခဏာ ၁၀ချက်

• ၁။ ဖြစ်ခဲ့ပြီးသား အကြောင်းအရာတစ်ခုခုကို ထပ်ခါထပ်ခါတွေးမိနေခြင်း။

• ၂။ အိပ်ဖို့ကြိုးစားပေမယ့် ဦးနှောက်ကအလိုအလျောက်အတွေးမသတ်နိုင်ခြင်း။

• ၃။ ‘ အကယ်၍များ’ ဆိုတဲ့အတွေးတွေကို တစ်ချိန်လုံး ကိုယ့်ကိုကိုယ်ပြန်မေးနေမိခြင်း။

• ၄။ ကိုယ်နဲ့ဆက်ဆံရတဲ့သူတွေ သာမာန်အတိုင်း ပြောလိုက်တဲ့စကားတွေ၊ အပြုအမှုတွေရဲ့နောက်ကွယ်မှာ အဓိပ္ပါယ်တွေရှိနေဦးမလားဆိုပြီး အမြဲလိုလို လိုက်လံတွေးတောနေမိခြင်း။

• ၅။ ပြောဆိုဆက်ဆံခဲ့တဲ့ စကားလုံးတွေအပေါ်ပြန်ပြန်တွေးပြီး မပြောခဲ့ရတာတွေ၊ ပြောလိုက်မိတာတွေအတွက် အကြိမ်ကြိမ်တွေးပူနေမိခြင်း။

• ၆။ ပြုခဲ့ပြီးတဲ့အမှားတွေကို အမြဲတစေတွေးတောမိပြီး ပူပန်နေခြင်း။

• ၇။ တစ်စုံတစ်ယောက်က ကိုယ်မကြိုက်တဲ့အရာတွေကို မတော်တဆပြုလိုက်မိတဲ့အခါ ထုတ်မပြောဘဲ စိတ်ထဲမှာအကြိမ်ကြိမ်ပြန်တွေးတောပြီး မကျေမနပ်ဖြစ်နေခြင်း။

• ၈။ တစ်ခါတစ်လေ ပြီးခဲ့တဲ့အရာတွေ ဒါမှမဟုတ် မဖြစ်လာသေးတဲ့အရာတေ်အကြောင်းနက်နက်နဲနဲ စဉ်းစားနေတဲ့အတွက် ကိုယ့်ဘေးနားဝန်းကျင်မှာ ဖြစ်ပျက်သွားတဲ့အရာတွေကို လုံးသတိမထားမိခြင်း။

• ၉။ ကိုယ်ဘာမှလုပ်လို့မရတော့တဲ့ အရာတွေအပေါ်တွေးပူရင်း အချိန်တွေကုန်သွားခြင်း။

• ၁၀။ အချိန်ပြည့်ပူပန်နေရခြင်းမှ ရုန်းမထွက်နိုင်ခြင်းတို့ပဲဖြစ်ပါတယ်။

စိုးရိမ်ပူပန်မှုတွေက သင့်ကျန်းမာရေးတင် မကပါဘူး။ သင့်ရဲ့ အတွေးအခေါ်၊ စိတ်ခံစားချက်တွေကိုပါ ပြောင်းလဲစေပါတယ်။ ဒါ့ပြင် ကိုယ်တွင်းဟော်မုန်းပြောင်းလဲမှုကို ဖြစ်စေတာကြောင့် နဂိုရှိပြီးသား ရောဂါအခံတွေပါ ပိုဆိုးလာနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုတွေကြောင့် ခန္ဓာကိုယ်မှာ
• ကြွက်သားတွေ တောင့်တင်းနာကျင်တာ (ဥပမာ ဇက်ကြောတက်တာ)
• ခေါင်းကိုက်တာ
• ရင်ဘတ်အောင့်တာ
• နုံးတာ
• လိင်စိတ်ဆန္ဒနည်းသွားတာ
• ဗိုက်ထဲမှာ နေလို့မကောင်းတာ
• အိပ်တဲ့ ပုံစံပြောင်းသွားတာ (အိပ်မပျော်တာ၊ အအိပ်လွန်တာ)တွေ ခံစားရနိုင်ပါတယ်။

စိုးရိမ်ပူပန်မှုကြောင့် စိတ်ခံစားချက်တွေ ဘယ်လိုပြောင်းလဲသွားသလဲ?

• စိတ်မငြိမ်တာ
• ဂဏှာမငြိမ်ဖြစ်တာ
• ဘာလုပ်စိတ်မပါတာ
• အာရုံမစိုက်နိုင်တာ
• စိတ်ထဲမှာ အတွေးတွေ များနေတာ
• စိတ်တိုစိတ်ဆတ်တာ
• ဝမ်းနည်းသလို၊ စိတ်ဓာတ်ကျသလို ခံစားရတာ

စိုးရိမ်ပူပန်မှုတွေကြောင့် သင့်အပြုအမူတွေမှာ ဘာတွေ ပြောင်းလဲသွားသလဲ။

• နဂိုကထက် အစားတွေ ပိုစားလာမယ်။ ဆာလို့ စားတာထက် စိတ်ညစ်လို့ စားတဲ့ ပုံစံမျိုးပါ။ ဒါမှမဟုတ် လုံးဝမဆာတာလည်း ဖြစ်နိုင်ပါတယ်။
• မလိုအပ်ဘဲ ဒေါသတွေ ထွက်နေမယ်။ တော်တော်တန်တန် ကိစ္စလေးတွေ သည်းမခံနိုင်ဘဲ အနီးအနားက လူတွေကို ဒေါသတွေ ပုံချနေမယ်။
• အရက်တွေ၊ ဆေးလိပ်တွေ လွန်လွန်ကျွံကျွံတွေ သုံးစွဲမယ်။
• လူတွေနဲ့ အဆက်အဆံမလုပ်ဘူး။ အဆက်အဆံလုပ်မိရင်လည်း ပြဿနာတွေပဲ ဖြစ်နေမယ်။
• တစ်ချောင်ချောင်မှာပဲ တကုတ်ကုတ် နေနေမယ်။

ဒါ့ပြင် ရောဂါအခံရှိတဲ့သူတွေမှာဆို တိကျတဲ့ အကြောင်းရင်းမရှိဘဲ ရောဂါထိန်းချုပ်ရခက်နေမယ်။ ဥပမာ သွေးတွေ တက်တာမျိုး၊ ဆီးချိုတွေ များနေတာမျိုး။

စိုးရိမ်ပူပန်မှု တွေ ပြေပျောက်စေဖို့
တချို့က ကိုယ့်ကိုယ်ကို စိုးရိမ်စိတ်တွေ များနေတယ်။ စိတ်ဖိစီးနေတယ်ဆိုတာကို မသိကြဘူး။ အပေါ်က လက္ခဏာတွေ ခံစားနေရရင်တောင် ဒါဟာ ရုပ်ပိုင်းဆိုင်ရာရောဂါတစ်ခုခုကြောင့်လို့ပဲ မြင်ကြပါတယ်။ ဒါကြောင့် ဆေးတွေ ဝယ်သောက်၊ ဆေးခန်းတွေပြလည်း ခဏပဲခံတာပါ။ သူတို့ရဲ့ ရောဂါက စိတ်ထဲမှာ ဖြစ်နေတာပါ။

ဒါကြောင့် ဒီလိုလက္ခဏာတွေ ခံစားနေရပြီဆိုရင် ကိုယ့်စိတ်ကိုယ် ဆန်းစစ်ပါ။ စိုးရိမ်နေတယ်၊ စိတ်ဖိစီးနေတယ်လို့ ခံစားရရင် ဒီနည်းလမ်းတွေ လုပ်ကြည့်ပါ။

• သာမန် လူနေမှု ဘဝထဲကို ပြန်နေပါ။ ဆိုလိုတာက အလုပ်လည်း လုပ်ပါ။ မိသားစုတွေ၊ အပေါင်းအသင်းတွေကိုလည်း အချိန်ပေးပါ။

• ရယ်စရာလေးတွေ၊ ပျော်စရာကောင်းတာလေးတွေ ပြန်လုပ်ပါ။

• ကိုယ်ဝါသနာပါတာလေးတွေ နည်းနည်းစီ ပြန်စပါ။

• ဆေးလိပ်၊ အရက် လျှော့ပါ။ သူတို့နေရာမှာ လေ့ကျင့်ခန်းလုပ်တာတွေ၊ ယောဂလုပ်တာတွေ အစားထိုးပါ။

• စာအုပ်ဖတ်ပါ။ အတွေးတွေကို တစ်နေရာမှာ စုစည်းထားသလို ဖြစ်တဲ့အတွက် နေသာပါလိမ့်မယ်။

• တရားထိုင်ပါ။ အသက်ရှူလေ့ကျင့်ခန်း လုပ်ပါ။ စိတ်ကိုလည်း တည်ငြိမ်စေသလို စိုးရိမ်ပူပန်မှုကြောင့် ခံစားရတဲ့ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာတွေကိုလည်း သက်သာစေပါတယ်။

• လိုအပ်ရင် ဆရာဝန်နဲ့ တိုင်ပင်ပါ။ ဒီနည်းလမ်းတွေနဲ့ အဆင်မပြေဘူးဆိုရင် ဆရာဝန်နဲ့ တိုင်ပင်ပြီး ဆေးဝါးအကူအညီရယူပါ။

ကဲ ဒါဆို လိုအပ်သလောက်ပဲ စိုးရိမ်ပူပန်ပြီး ကိုယ်ရဲ့ ဖြစ်တည်မှုတွေအပေါ် အကောင်းမြင်စိတ်နဲ့ စိတ်တည်ငြိမ်အောင်ကြိုးစားသင့်သလို ပြဿနာတွေအပေါ် ရှုမြင်တဲ့အမြင်ကိုလည်းပြောင်းလဲလိုက်ကြရအောင်။