Blog Detail Pic

မီးဖွင့်အိပ်တာကောင်းလား မီးပိတ်အိပ်တာကောင်းလား

by | 17 Jan 2022

“ အိပ်ရာဝင်မယ် မီးမှိတ်ကြ” ဆိုတဲ့ အသံကို ကလေးဘဝကတည်းက ကြားဖူးကြပါမယ်။ အိပ်ရာဝင်ချိန်မှာ မီးပိတ်ကြတာ ထုံးစံတစ်ခုဖြစ်ပါတယ်။ ဒီမှာ စဉ်းစားစရာရှိတာက အိပ်နေစဉ်မှာ မီးဖွင့်ထားခြင်း ပိတ်ထားခြင်း ဟာ ကျန်းမာရေးအပေါ် သက်ရောက်မှုရှိနိုင်သလားဆိုတာပဲ ဖြစ်ပါတယ်။

အိပ်တဲ့အခါ ဖြစ်သင့်တာကတော့ မီးပိတ်ပြီး သက်သောင့်သက်သာ အိပ်သင့်တာပေါ့နော်။ မီးအလင်းရောင်ဆိုရာမှာ မျက်နှာကျက်မီးနှင့် မီးအိမ်များသာမက မိမိဆီသို့အလင်းရောင်ရောက်နိုင်သော လမ်းဘေးမီး၊ တီဗွီအလင်းရောင်၊ လျှပ်စစ်ပစ္စည်းများ ဖုန်းများ ကွန်ပျူတာများမှ အလင်းရောင် တို့လည်း ပါဝင်ပါတယ်။

ဒါပေမယ့် လူတိုင်းကတော့ မီးပိတ်ပြီး အိပ်ဖို့ အဆင်မပြေပါဘူး။ တချို့က အမှောင်ထဲမှာ နေရတာ ကြောက်တဲ့အတွက် မီးဖွင့် ပြီးမှ အိပ်တတ်ကြတာမျိုးလည်း ရှိပါတယ်။ မီးဖွင့်ပြီး အိပ်တာက ယေဘူယျအားဖြင့်တော့ ကျန်းမာရေးနဲ့ မညီညွတ်ဘူးဆိုပေမယ့် ဒီလိုပဲ အိပ်တတ်ရင် ဘယ်လိုလုပ်ကြမလဲ။

ကိုယ်ထဲမှာ ဇီဝနာရီဆိုတာရှိပါတယ်။ ဒီဇီဝနာရီက အလင်းရောင်ကို ကောင်းကောင်းတုံ့ပြန်နိုင်ပါတယ်။ ဆိုလိုတာက လင်းနေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က နေ့ဘက်လို့ မှတ်ယူပြီး လူကို လန်းနေအောင် လုပ်ထားပါတယ်။ မှောင်နေမှ ညရောက်နေပြီလို့ သတ်မှတ်ပြီး အိပ်ချင်စိတ်ပေါ်လာပါတယ်။ ဒါက ခန္ဓာသိ သဘာဝဖြစ်စဉ်ပါ။ ဒါကြောင့် လင်းနေရင် နေ့ဘက်လို့ ယူဆပြီး အိပ်ချိန်မှာ လန်းနေနိုင်ပါတယ်။

လူတွေ အိပ်စက်တဲ့အခါ အပြင်က ကြည့်သလို မျက်လုံးမှိတ်ပြီး ခေါခနဲ အိပ်ပျော်သွားတာမဟုတ်ပါဘူး။ ဦးနှောက်ထဲမှာ sleep cyclesတွေ အများကြီး ဖြစ်သွားပါတယ်။ မီးဖွင့်ထားတာက ဒီcyclesတွေကို ပျက်ယွင်းစေပါတယ်။ ဒါကြောင့် အိပ်နေတုန်း ခဏခဏ နိုးတာ၊ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။

ပြီးတော့ မီးဖွင့်အိပ်ခြင်းဟာ စိတ်ကျရောဂါဖြစ်နိုင်ချေများခြင်းနှင့် ဆက်စပ်မှုရှိပါတယ်။ အထူးသဖြင့် ဖုန်း၊ တီဗွီ၊ ကွန်ပျူတာများမှထွက်သော အပြာရောင် အလင်းရောင် (Blue light)သည် ပိုမိုဆိုးရွားစွာ ထိခိုက်စေပါတယ်။ စိတ်ကျရောဂါဖြစ်တဲ့အခါမှာ အိပ်မပျော်ခြင်း၊ အိပ်မရခြင်းစသဖြင့် အပြန်အလှန် ဖြစ်လာစေနိုင်ပါတယ်။ အိပ်ရေးမဝတဲ့အခါမှာ စိတ်ခံစားလွယ်ခြင်း၊ ကဏာမငြိမ်ခြင်းများဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အိပ်ရေးနည်းတဲ့ကလေးတွေမှာ ပိုပြီး တက်ကြွနေသလို တွေ့ရတတ်ပါတယ်။

သုတေသနတွေအရ မီးဖွင့်အိပ်ခြင်း၊ တီဗွီကြည့်ရင်းအိပ်ခြင်း အလေ့ရှိသော အမျိုးသမီးများတွင် အဝလွန်ရောဂါဖြစ်ပွားနိုင်ချေများကြောင်းတွေ့ရပါတယ်။ ညပိုင်းမှာ နှစ်နှစ်ခြိုက်ခြိုက်အိပ်မပျော်သူတွေဟာ နောက်ရက်မှာ အစားကို ပိုစားတာလည်း တွေ့ရပါတယ်။ ဒါနဲ့ ကိုယ်အလေးချိန်တက်လာကြတာဖြစ်ပါတယ်။

ဒီတော့ ခြုံပြောရရင် မီးပိတ်ပြီး အိပ်တာက ပိုကောင်းပါတယ်။

မီးဖွင့် ပြီးမှ အိပ်တတ်တယ်ဆိုရင် ဘယ်လိုလုပ်မလဲ။

အမှောင်ကြောက်တဲ့ကလေးတွေမှာတော့ မီးဖွင့်ပြီး အိပ်စေမှသာ ရပါတယ်။ ဒါပေမယ့် အသက်ကြီးလာတာနဲ့အမျှ တဖြည်းဖြည်းချင်း လေ့ကျင့်ပြီး မီးမှိတ်၍အိပ်စေသင့်ပါတယ်။ မီးမဖွင့်ဘဲ ဘယ်လိုမှ မအိပ်တတ်တဲ့ကလေး၊ ညဘက် အပေါ့အပါးသွားရင် ချော်လဲမှာစိုးတဲ့ လူကြီးတွေအတွက် လတ်တလောမှာ မီးပိတ်ပြီး မအိပ်နိုင်သေးဘူးဆိုရင်တောင် မီးဖွင့်ပြီး အိပ်လို့ အိပ်မပျော်တာ၊ ကျန်းမာရေး ထိခိုက်မှုတွေ မဖြစ်အောင် ဒီလို ပြောင်းလဲနိုင်ပါတယ်။

• အိပ်ရာအဝေးက မီးကိုပဲ ဖွင့်ထားပါ။

ဆိုလိုတာက အိပ်ရာပေါ်၊ ကိုယ့်မျက်နှာပေါ် အလင်းကို တိုက်ရိုက် မကျစေဘဲ ခပ်ဝေးဝေးမှာပဲ မီးဖွင့်ထားပါ။ မီးအလင်းရောင် မြင်ရလို့ စိတ်လုံခြုံမှုရရင် ရပါပြီ။

• မီးကို မှိန်ချပါ။

မလွဲသာလို့ အခန်းထဲမှာပဲ ထွန်းရရင်တောင် မီးကို မှိန်ချထားလိုက်ပါ။ ညအိပ်မီးလုံးတွေလည်း သုံးနိုင်ပါတယ်။ လင်းတယ်ဆိုရုံလေး အနီရောင် အစိမ်းရောင် မီးသီးသေးသေးလေးတွေကို အသုံးပြနိုင်ပါတယ်။ ဒါတွေက သုံးနေကျ မီးလုံး၊ မီးချောင်းတွေထက် ပိုမှိန်ပါတယ်။

• စားပွဲတင် မီးအိမ်၊ ဓာတ်မီး ဆောင်ထားပါ။

လူကြီးတွေက ညတရေးနိုး အိမ်သာထသွားတဲ့အခါ ချော်လဲမှာ စိုးရင် လက်လှမ်းမီတဲ့နေရာမှာ မီးအိမ်၊ ဓာတ်မီးလေး ချထားပေးလိုက်ပါ။ ဒါလေး ထွန်းပြီးမှ ထရင် အန္တရာယ်ကင်းပါတယ်။

• မျက်လုံးအကာ သုံးပါ။

ဒါကတော့ တစ်ယောက်က မီးဖွင့်ပြီး တစ်ယောက်က မီးမှောင်မှ အိပ်တတ်တဲ့ သူတွေအတွက်ပါ။ ကိုယ်က မီးပိတ်ထားမှ အိပ်တတ်တယ်။ ဖွင့်ထားတာက အနှောင့်အယှက်ဖြစ်တယ်လို့ ယူဆရင် မျက်လုံးအကာလေးတပ်ပြီး အိပ်ပါ။

မီးဖွင့်ထားတာက လုံးဝအိပ်မပျော်တာတော့ မဟုတ်ပါဘူး။ ခန္ဓာကိုယ်က ပင်ပန်းလာတဲ့အခါ အလိုလို အိပ်ပျော်သွားပါတယ်။ ဒါပေမယ့် မီးပိတ်အိပ်တာလောက်တော့ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်တာကြောင့် တတ်နိုင်ရင် ပိတ်အိပ်တာကတော့ အကောင်းဆုံးပါပဲ။