Blog Detail Pic

ဗိုက်ကိတ်နေသူတွေ အချိန်တိုတိုအတွင်း အဆီကျစေဖို့

by | 18 Jan 2022

ကိတ်တယ်ဆိုတဲ့ ဗန်းစကားက ဒီခေတ်မှာ သိပ်ခေတ်စားတယ်။ အထူးသဖြင့် မိန်းကလေးတွေဆိုရင် ကိတ်တယ်လို့ အပြောခံရရင် သိပ်သဘောကျတတ်တာမဟုတ်လား။

ဒါပေမယ့်လည်း ကိုယ့်တစ်ကိုယ်လုံးမှာ ကိတ်နေတာက ရင်အုပ်/ရင်သားလည်းမဟုတ်၊ ကြွက်သားလည်းမဟုတ်၊ တင်လည်းမဟုတ်ဘဲ၊ ဗိုက်ဖြစ်နေခဲ့ရင်ရော။

ဒါဆိုရင်တော့ ပြဿနာရှိလာပါပြီ။ အစားတွေ ပိုပိုစားမိနေပြီး ကိုယ်လက်လှုပ်ရှားမှုနည်းလာတဲ့အခါ ကိုယ့်ရဲ့ ဗိုက်ဟာ ရှေ့ကို စူထွက်လာမှာဖြစ်ပါတယ်။ နောက်ပြီး ဗိုက်ပူလာချင်းနဲ့အတူ ရောဂါဘယတွေလည်း ကပ်ပါလာတာတတ်ပါသေးတယ်။

ဝတဲ့သူတွေပဲ ဗိုက်ပူလိမ့်မယ်လို့ ထင်နေရင်တော့ မှားပါလိမ့်မယ်။ ပိန်တဲ့သူတွေမှာလည်း အစာအာဟာရ မမျှတတာကြောင့်ရော၊ ကိုယ်လက်လေ့ကျင့်ခန်း မပြုလုပ်တာ၊ အရက်သေစာ အလွန်အကျွံသောက်စားတာကြောင့်ပါ ဗိုက်ပူနိုင်ပါတယ်။

ဗိုက်ပူနေတာဟာ အမြင်အားဖြင့်လည်း ကြည့်ရဆိုးစေသလို နောက်ဆက်တွဲ ကျန်းမာရေးပြဿနာတွေလည်း ဖြစ်နိုင်ခြေ အလွန်များပါတယ်။ ခန္ဓာကိုယ်အတွက် ဆိုးကျိုးဖြစ်စေတဲ့ သွေးတွင်း ကိုလက်စထရောတွေ၊ သကြားဓာတ်တွေဟာ အမြဲမြင့်တက်နေတဲ့အတွက် နှလုံးရောဂါ၊ သွေးတိုး၊ ဆီးချို၊ အသည်းအဆီဖုံးတာအပြင် စိတ်ကျရောဂါ၊ ကင်ဆာရောဂါ၊ ရုတ်တရက်တက်ခြင်း၊ သတိလစ်တာအထိပါ ဖြစ်နိုင်ပါတယ်။

ဒါကြောင့် ဗိုက်ပူတဲ့ သူတွေအတွက် အချိန်တိုအတွင်း အဆီကျစေနိုင်တဲ့ နည်းလမ်းတွေကို ဝေမျှပေးချင်ပါတယ်။

၁။ အချိုလျှော့စားပါ

သကြားအလွန်အကျွံ ထည့်ထားတဲ့ မုန့်တွေ၊ ဖျော်ရည်တွေ၊ အအေးတွေ၊ စားစရာတွေဟာ အဝလွန်ခြင်းကို ဖြစ်စေတဲ့ အဓိကတရားခံတွေထဲက တစ်ခုပါပဲ။ အချိုဓာတ်ဟာ အဝလွန်စေတယ်၊ ဗိုက်အဆီတက်စေတယ်။ နောက်ဆက်တွဲအနေနဲ့ အသည်းနဲ့ နှလုံးမှာ ရောဂါဖြစ်လာတယ်။ အချိုဓာတ်ဟာ ကယ်လိုရီစားချင်စိတ်ကို နှိုးဆွပေးလို့ ကျန်းမာရေးနဲ့ မသင့်လျော်တဲ့ အစားအစာတွေ ပိုပိုစားရင်းနဲ့ လူတွေဟာ ဗိုက်ပူလာကြပါတယ်။ ဒါကြောင့် ဗိုက်အဆီချချင်ရင် အချိုလျှော့စားဖို့ လိုပါတယ်။

၂ ။ အမျှင်ဓာတ်များတဲ့ အစားအစာတွေ စားပေးပါ

အမျှင်ဓာတ်ဟာ နေ့စဉ်ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အာဟာရဓာတ်ဖြစ်ပါတယ်။ အစာကြေစေတယ်။ ဝမ်းမှန်စေတယ်။ အစာမကြာခဏ စားချင်စိတ်ကို ထိန်းချုပ်ပေးနိုင်တယ်။ ဝမ်းဗိုက်မှာ စုနေတဲ့ အဆီပိုတွေကိုလည်း ကျစေတာကြောင့် အဝလွန်သူတွေ၊ ကိုယ်အလေးချိန်ထိန်းချင်သူတွေနဲ့ ဗိုက်အဆီကျလိုသူတွေ တစ်နေ့ကို အမျှင်ဓာတ် မဖြစ်မနေ စားပေးသင့်ပါတယ်။ဟင်းသီးဟင်းရွက်၊ အသီးအနှံတွေမှာ ကိုယ်ခန္ဓာအတွက် လိုအပ်တဲ့ အာဟာရတွေအပြင် အမျှင်ဓာတ်လည်း ပေါကြွယ်ဝပါတယ်။

(၃) အရက်ကို အလွန်အကျွံမသောက်ပါနဲ့။

အရက်ဟာ အသည်းခြောက်ခြင်း၊ အသည်းရောင်ခြင်းတွေကိုဖြစ်စေတဲ့အပြင် ၀မ်းဗိုက်အဆီကိုတိုးပွားစေတဲ့ အဓိကတရားခံထဲကတစ်ဦးမို့ အရက်ကို အလွန်အကျွံမသောက်သင့်ပါဘူး။

(၄)အသားဓာတ်ကြွယ်၀တဲ့ အစာများများစားပါ။

အသားဓာတ်လုံလောက်စွာရရှိခြင်းဟာ ကိုယ်အလေးချိန်ထိန်းသိမ်းတဲ့နေရာမှာ အင်မတန်အရေးပါပါတယ်။ အသားအမျိုးမျိုး၊ ဥအမျိုးမျိုး၊ နို့နဲ့နို့ထွက်ပစ္စည်းတွေအပါအ၀င် ပဲအမျိုးမျိုးကနေလဲ အသားဓာတ်ကိုရရှိနိုင်ပါတယ်။

(၅) စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျှော့ချပါ။

သုသေတနတွေအရ စိတ်ဖိစီးမှုကြောင့် ထွက်တဲ့ကော်တီဇောဟာ အစာစားချင်စိတ်ကိုမြင့်တက်စေပြီး ၀မ်းဗိုက်မှာအဆီစုတာကိုလည်း အားပေးပါတယ်။ ယောဂကျင့်ခြင်း၊ တရားထိုင်ခြင်းတွေက စိတ်ဖိစီးမှုကိုလျော့ကျစေပါတယ်။

(၆)ကာဗိုဟိုက်ဒရိတ်ဓာတ်ကို လျှော့ချပါ။

ထမင်း၊ဆန်နဲ့လုပ်တဲ့မုန့်၊ ကောက်ညှင်း၊ အာလူး၊ ဂျုံ၊ ပြောင်း စတာတွေမှာ ပါတဲ့ ကာဗိုဟိုက်ဒရိတ်ကိုလျှော့ချခြင်းဟာ ၀မ်းဗိုက်အဆီကို သိသိသာသာကျဆင်းစေပါတယ်။

(၇) လေ့ကျင့်ခန်းလုပ်ပါ

အပေါင်းအသင်းတွေနဲ့ စုပြီး ဘောလုံးကန်မလား၊ မနက်ခင်းမှာ အပြေးလေ့ကျင့်မလား၊ gym မှာပဲ စနစ်တကျ ကိုယ်ကာယလေ့ကျင့်ခန်းလုပ်မလား၊ ကိုယ်တွင်းအဆီကျစေဖို့ အာဟာရမျှတတဲ့ အစားအသောက်နဲ့ ထိန်းဖို့ လိုအပ်သလို လေ့ကျင့်ခန်းလုပ်ဖို့ကိုလည်း မေ့ထားလို့ မဖြစ်ပါဘူး။

ဗိုက်ပူလို့ ကြိုက်သူမပေါပါဘူးနော်။ ရောဂါတွေဖြစ်နိုင်ခြေပဲ ပိုများတာပါ။ ဒါကြောင့် စိတ်အလိုမလိုက်ဘဲ ကျန်းမာအောင်နေထိုင်စားသောက်ပြီး ကိုယ်လက်လှုပ်ရှားမှုကို ပုံမှန်လုပ်ဆောင်ပြီး ဗိုက်အကိတ်လေးကို နှုတ်ဆက်လိုက်ပါနော်။