Blog Detail Pic

ညဥ့်နက်မှ ဗိုက်ထဆာနေ​တတ်ရင်

by | 20 Jan 2022

ဒီပြဿနာကို လူတိုင်းကြုံဖူးကြမှာပါ။ တစ်နေကုန်တော့ ဇွဲကောင်းကောင်းနဲ့ ငါတော့ ဒီနေ့ healthy dietတွေ စားခဲ့တယ်လို့ ကြုံးဝါးမလို့ ရှိသေးတယ်။ ည၉နာရီလောက်ကျတော့ ဗိုက်ကထဆာရော။ အဲ့ဒီအချိန် ဖုန်းများ မသုံးလိုက်လေနဲ့။ အရွဲ့တိုက်နေသလား မှတ်ရအောင် newfeeds တစ်ခုလုံး အစားအသောက်ပုံတွေကြီး တက်လာပါတော့တယ်။ ညအိပ်ခါနီးရင် မစားရဘူးဆိုတာ မကောင်းမှန်းတော့ သိပါတယ်။ ဒါပေမယ့် ဗိုက်ဆာတာကို သည်းမခံနိုင်တဲ့အဆုံးမှာ လက်လှမ်းမီရာ ခေါက်ဆွဲပြုတ်တို့၊ အာလူးကြော်တို့ကို အလွယ်တကူ စားမိတတ်ပါတယ်။ စားနေတုန်းကတော့ စိတ်ထဲကျေနပ်နေပေမယ့် စားပြီးတော့မှ နောင်တတွေ ရလာပါတယ်။ ဒီလို မဖြစ်ရအောင် ညဘက် ဆာလောင်မှုတွေကို ဘယ်လို ဖြေရှင်းမလဲ။ မဖြစ်မနေ စားမယ်ဆိုရင်ရော ဘယ်လိုအစားအစာတွေကို စားကြမလဲ။

ဆာရတဲ့ အကြောင်းရင်းကို ရှာပါ။

တချို့ကျတော့ အိပ်ခါနီးမှ ဗိုက်ဆာတာက အကျင့်တစ်ခုလို ဖြစ်နေတာပါ။ ဒါမျိုးဆိုရင်တော့ ရေရှည်မှာ မကောင်းတဲ့အတွက် ဆာရတဲ့ အကြောင်းရင်းကို ရှာရပါမယ်။ တစ်နေကုန် စားတာ သောက်တာကို တင်းတင်း ကျပ်ကျပ် ထိန်းချုပ်ထားရင်လည်း ညကျမှ ထဆာတတ်ပါတယ်။ တချို့ကျတော့လည်း ဘာမှ မဟုတ်ဘူး။ ဗိုက်လည်း ဒီလောက်မဆာဘဲနဲ့ ပျင်းလို့ တစ်ခုခု စားချင်တာမျိုးပါ။ ထူးထူးခြားခြား တချို့လူတွေမှာ binge eating disorder ၊ night eating syndrome စတဲ့ အစားအသောက် မူမမှန်တဲ့ ပြဿနာတွေကြောင့် ညကျ ထထစားနေကြတာပါ။ နှစ်မျိုးလုံးကတော့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေ ဖြေဖျောက်တဲ့အနေနဲ့ စားကြတာပါ။

ဘာတွေက ဆာဖို့ တွန်းအားပေးနေတာလဲ?

ခုနကပြောသလိုပဲ ဆာတာက နည်းနည်း၊ စားချင်စိတ်က များများပါ။ ထင်သလောက်လဲ မဆာဘဲနဲ့ စိတ်ညစ်လို့ စားတယ်။ ပျင်းလို့စားတယ်။ ဘာလုပ်ရမှန်းမသိ လုပ်စရာ မရှိလို့စားတယ်။ အမျိုးမျိုးပါပဲ။ ဒါကြောင့် “food and mood diary” လေး လုပ်ထားပါ။ ဘယ်လို ခံစားချက်တွေက သင့်ကို ဆာလောင်စေလဲဆိုတာ စာရင်းလေး လုပ်ထားပါ။

စားချိန်၊ အိပ်ချိန် မှန်ပါစေ။

ညကျ မိုးချုပ်မှအိပ်၊ မနက်မထ၊ နိုးတော့ မနက်စာ မမီ၊ မမီတော့ နေ့လယ်ကျ အများကြီးစား၊ ညစာ စားခါနီးမဆာ၊ အိပ်ခါနီးမှ ထဆာ၊ ဆာတော့ ထစား၊ စားတော့ ဗိုက်တင်းပြီး မအိပ် စသဖြင့် သံသရာ လည်နေတတ်ပါတယ်။ ဒါကြောင့် အိပ်ချိန်၊ စားချိန် မှန်ပါစေ။ နေ့ဘက်မှာ အစားအစာကို စနစ်တကျစားပါ။ ဒါက ညဘက်မှာ အများကြီး မစားမိအောင် ကူညီပေးနိုင်မှာပါ။


အစားအသောက် planချပါ။

စားချိန် အိပ်ချိန်မှန်ဖို့ လိုသလို ဘယ်အချိန်မှာ ဘာစားမလဲဆိုတာ ကြိုပြီး အစီအစဉ်ချထားပါ။ မနက်စာ၊ နေ့လယ်စာ၊ သရေစာ၊ ညစာ စသဖြင့် ဘယ်အချိန်မှာ ဘာစားမယ်ဆိုတာ ကြိုပြီး စီစဉ်ထားမယ်ဆိုရင် မလုံမလောက် စားမိမှာ၊ အလွန်အကျွံစားမိမှာအတွက် စိုးရိမ်စရာ မလိုတော့ပါဘူး။

စိတ်ဖိစီးမှုလျှော့ချပါ။

ညဘက်မှာ ထစားတာက တကယ်ဆာလို့ဆိုတာထက် စိတ်ဖိစီးမှုအတွက် စိတ်ထွက်ပေါက် တစ်ခုရှာတာပါပဲ။ တစ်နေကုန်လည်း တစွတ်စွတ်စားနေပြီး ညထိလည်း မရပ်သေးပါဘူး။ ဘယ်လောက်စားစား ဗိုက်ပြည့်သွားတယ်လည်း မရှိပါဘူး။ တကယ်ဆာတာမှ မဟုတ်ဘဲ စိတ်ပြေရာ ပြေကြောင်း စားနေလို့ပါ။ ဒီလိုဆိုရင်တော့စိတ်ဖိစီးမှုကို အစားနဲ့ မဟုတ်ဘဲ တခြားနည်းလမ်းနဲ့ ဖြေရှင်းဖို့ စဉ်းစားပါ။ ဥပမာ တရားထိုင်တာ၊ သီချင်းနားထောင်တာ စသဖြင့်ပေါ့။

ပရိုတင်းပါအောင် စားပါ။

အားလုံးသိတဲ့အတိုင်း ပရိုတင်းက အဆာခံပါတယ်။ ဒါကြောင့် စားတဲ့အနပ်တိုင်းမှာ ပရိုတင်းပါအောင် စားပေးပါ။ ကြက်ဥ၊ ပဲ၊ အသား စတာတွေကို စားပေးပါ။

အိမ်မှာ အသင့်စား အစားအစာတွေ အများကြီး မထားပါနဲ့။

အိမ်မှာ ညဆာရင် စားဖို့ဆိုပြီး ခေါက်ဆွဲထုပ်တွေ ပါကင်လိုက် ဝယ်ထားတာမျိုး၊ အာလူးကြော်ထုပ်တွေ ဝယ်ထားတာမျိုး မလုပ်ပါနဲ့။ ဒါတွေမြင်နေရရင် မဆာတဲ့ဗိုက်တောင် ဆာပြီး စားချင်လာမှာပါ။

အာရုံပြောင်းပါ။

ဗိုက်မဆာမှန်းလည်း သိတယ်။ ဒါပေမယ့် ဘာလုပ်ရမှန်းမသိလို့ စားတဲ့အလုပ်ပဲ ရှိတယ်ဆိုရင် ဒီလို အဖြစ်မခံပါနဲ့။ တစ်ခုခုလုပ်ပြီး အာရုံပြောင်းပါ။ စာအုပ်ဖတ်မလား။ လေ့ကျင့်ခန်းထလုပ်မလား။ သီချင်းအော်ဆိုမလား။ ကြိုက်တာ လုပ်ချလိုက်ပါ။

မရတော့ဘူး။ သည်းမခံနိုင်တော့ဘူး။ စားတော့မယ်။

ကဲ စိတ်မထိန်းနိုင်လို့ပဲ ဖြစ်ဖြစ်၊ တကယ်ဗိုက်ဆာလို့ပဲ ဖြစ်ဖြစ် စားမှ ဖြစ်တော့မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင်လည်း ကျန်းမာရေးနဲ့ ညီညွတ်တာကို ဦးစားပေးစားပါ။

စားမယ်ဆိုတာ သေချာရင် စောစောစီးစီး စားပါ။ စားရင် ကောင်းမလား၊ ဘာစားရမလဲ စဉ်းစားရင်းနဲ့ အိပ်ချိန်နဲ့ ပိုပိုကပ်လာပါလိမ့်မယ်။

မစားရင် ရေတစ်ခွက် အဝသောက်ပါ။ တစ်ခါတစ်လေ ရေဆာတာကို ဗိုက်ဆာတာလို့ အထင်မှားတတ်ပါတယ်။ ရေသောက်လိုက်လို့ ဗိုက်အဆာပြေသွားတယ်ဆိုလည်း အမြတ်ပေါ့။ ဒါမှမဟုတ်လည်း ရေသောက်ထားတော့ အများကြီး မစားမိတော့ဘူးပေါ့။

အသင့်စားအစားအစာတွေကို အိမ်မှာ အများကြီး ဝယ်မထားပါနဲ့။ ဥပမာ ခေါက်ဆွဲခြောက်၊ အာလူးကြော်။ မြင်နေရရင် မဆာရင်တောင် စားမိပါလိမ့်မယ်။

အိမ်မှာ ညဆာရင် အလွယ်တကူ စားနိုင်တဲ့ ကျန်းမာရေးနဲ့ ညီညွတ်တာတွေက
-သစ်သီးတွေ
-အုတ်ဂျုံတွေ
-ဒိန်ချဉ်တွေ
–အစေ့အဆန်တွေ
-အိမ်လုပ် အသားညှပ် ပေါင်မုန့်တွေ
-အချိုလျော့ထားတဲ့ ပေါက်ပေါက်ဆုပ်တွေ စတာတွေ စားနိုင်ပါတယ်။ ဒါတွေကို အိမ်မှာဝယ်ထားပါ။ တစ်ခါစားစာလေးတွေ ထုပ်ထားပါ။ဒါလေးတွေ စားနေရင် ဗိုက်သိပ်ဆာမှာ မဟုတ်ပါဘူး။ တခြား မသင့်တော်တာတွေလည်း အလွယ်တကူ မစားမိတော့ဘူးပေါ့။