Blog Detail Pic

သင်သတိမထားမိသေးတဲ့ ခံတွင်းအနံ့ဆိုးစေတဲ့ အကြောင်းအရင်း (၇)ချက်

by | 22 Oct 2021

ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။
ဘာကြောင့် ခံတွင်းအနံ့ဆိုး ထွက်လာတာလဲ။ ဘယ်လိုဖြေရှင်းမလဲ။

တချို့သော အစားအစာတွေ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေနဲ့ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။
စတိုးဆိုင်တွေမှာ ခံတွင်းအနံ့ဆိုးခြင်းအတွက် အထူးထုတ်လုပ်ထားတဲ့ ပူရှိန်းပီကေတွေ၊အာဖြန်းဆေးတွေ ခံတွင်းသန့်ဆေးရည်တွေ ရှိပေမဲ့ ခံတွင်းအနံ့ဆိုးခြင်းကို ယာယီသာ ထိန်းပေးထားနိုင်တာကြောင့် ရေရှည်ခံတွင်း ကျန်းမာရေးအတွက်ဆို အဆင်မပြေနိုင်ပါဘူး။

ဒီဆောင်းပါးလေးထဲမှာ ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။

၁။ အစားအစာ

အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်မှုန့် တချို့၊ ချောကလက်၊ကော်ဖီအစရှိတဲ့ အစားအစာတွေဟာ ခံတွင်းအနံ့ဆိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။

လူတော်တော်များများက မနက်တိုင်း ကော်ဖီသောက်ရတာ သဘောကျလေ့ရှိပါတယ်။ သင် ကော်ဖီသောက်ပြီးတဲ့အချိန်မှာ ခံတွင်းနံ့ဆိုးနေတာကို သတိထားမိကောင်း ထားမိပါလိမ့်မယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က တံတွေးထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ တံတွေးထုတ်လုပ်တာနည်းလေလေ ခံတွင်းနံ့နံစေတဲ့ ဘက်တီးရီးယားပေါက်ပွားမှု များလေလေဖြစ်တာမလို့ ကိုယ်က ခံတွင်းနံ့ အရမ်းဆိုးနေရင် ကော်ဖီဖြတ်ဖို့ကြိုးစားကြည့်ပါ။ ပြီးတော့ အစာစားပြီးတိုင်း သေချာ ပလုတ်ကျင်းပြီး ခံတွင်းသန့်စင်သင့်ပါတယ်။ သွားပွတ်ကြိုးကို အသုံးပြုကြီး သွားကြားလေးတွေထဲအထိ အသေးစိတ် အချိန်ပေးပြီး သန့်စင်နိုင်ရင် ပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူတို့လို အနံ့အရမ်းပြင်းတဲ့ အစားအစာမျိုးကို စားမိရင် ဝမ်းမသွားမချင်း သွားတိုက်ပြီးရင်တောင် အနံ့က ပျောက်ဉီးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အရေးကြီး တွေ့ဆုံစကားပြောစရာရှိရင် ကြက်သွန်ဖြူကို ရှောင်ဖို့လိုမယ်နော်။

၂။ ဆေးလိပ်

ဆေးလိပ်သောက်ခြင်းဟာ သွားတွေကို ဝါစေပြီး နှုတ်ခမ်းလည်း မဲစေပါတယ်။ ဒါ့အပြင် ခံတွင်းအနံ့ဆိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေဟာ ခံတွင်းအနံ့ဆိုးသာမက တခြားသော ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ စတဲ့ အသက်သေစေနိုင်တဲ့ ရောဂါကြီးကြီးမားမားတွေရဲ့ လမ်းစဖြစ်တာကြောင့် ကိုယ်ခန္ဓါနဲ့ ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။

၃။ ခံတွင်းခြောက်ခြင်း

တစ်ခါတလေ အလုပ်များတဲ့အချိန် ရေသောက်နည်းသွားတဲ့အခါမျိုးမှာ၊ စကားအများကြီးပြောမိလို့ ပါးစပ်က ခြောက်နေတဲ့အခါ ခံတွင်းအနံ့ထွက်လာနိုင်ပါတယ်။ အိပ်စက်ပြီး နိုးလာချိန်မှာလည်း ခံတွင်းခြောက်တတ်တဲ့အတွက် မနက်ခင်းနိုးလာတဲ့အခါ ပါးစပ်က အနံ့ထွက်လာတာ ဖြစ်ပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်တာပါ တစ်ပါတည်း ဖြစ်တတ်တာကြောင့် ဗိုက်ထဲမှာ အပူအပုပ်များနေရင်လည်း ခံတွင်းနံ့က အင်မတန် ဆိုးဝါးနေမှာပါ။ ဒါကြောင့် ဝမ်းမချုပ်အောင် ရေများများသောက်၊ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်များများစားပါ။ ညအိပ်ခါနီးမှာ သွားသေချာတိုက်ပြီးမှ အိပ်ပါ။

၄။ ခံတွင်းသန့်ရှင်းမှု မရှိခြင်း

တစ်ကိုယ်ရည် သန့်ရှင်းမှုလိုပါပဲ။ ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ် ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ခံတွင်း သန့်ရှင်းမှု မရှိတဲ့အခါ အနံ့ဆိုးထွက်လာနိုင်တယ်။ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ သွားပိုးပေါက်တွေ ရှိနေခဲ့ရင်လည်း ကိုယ်စားလိုက်တဲ့ အစားအစာတွေကို သွားပိုးပေါက်ထဲကနေ မထွက်ဘဲ အချိန်ကြာလာတဲ့အခါမှာ ပုပ်သိုးပြီး အနံ့ဆိုးတွေ ထွက်တတ်တာကြောင့် အချိန်မီ ဖာသင့်တာဖာ၊ နှုတ်သင့်တာနှုတ်သင့်ပါတယ်နော်။
အကောင်းဆုံး နည်းလမ်းကတော့ တစ်နေ့ကို ၂ကြိမ် သွားပွတ်တံကို အသုံးပြုပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားမှန်မှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ သွားကြားထဲမှာ အစားအစာ အကြွင်းအကျန်တွေ မရှိအောင် သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးပါ။ ဒီနည်းလမ်းတွေဟာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အပြင် ပါးစပ်ထဲ ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။

၅။ သောက်နေတဲ့ ဆေးတွေ

တချို့သော ဆေးတွေဟာ ခံတွင်းကို ခြောက်စေပြီး အနံ့ဆိုးထွက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒီအခါမှာ သွားဆရာဝန်ကို သေချာပြသပြီး ဆေးပြောင်းသင့်၊ မပြောင်းသင့်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်လိုက်တာမျိုးတော့ မလုပ်ရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ရေများများသောက်ခြင်းနဲ့ အချိုမပါတဲ့ ပီကေဝါးပေးခြင်းက အကောင်းဆုံးပါပဲ။

၆။ ခံတွင်းအနာဖြစ်ခြင်း

တခါတလေ ပါးစပ်မှာ အနာပေါက်တာ ရှိနိုင်သလို၊ သွားနှုတ်ပြီးချိန် ခံတွင်းကို ထိခိုက်မိပြီး ဖြစ်တဲ့အနာတွေ၊ သွားနှုတ်ထားတဲ့ သွားဖုံးနေရာကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။
ခံတွင်းအနံ့ဆိုးကို အမြစ်ပြတ်ပျောက်စေဖို့ ကိုယ့်ရဲ့ ခံတွင်းကို နေ့စဉ် သေချာသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေမယ့် အအေးတွေ၊ အစားအစာတွေကို လျှော့စားပေးပါ။ သွားဆရာဝန်ဆီ အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်။

၇။ သင့်ရဲ့လျှာ

သွားတိုက်တဲ့အခါမှာ လျှာကို သွားတိုက်တံ (သို့) လျှာပွတ်တံနဲ့ နေ့စဉ် မသန့်စင်ဘဲထားရင်လည်း ဘက်တီးရီးယားပိုးတွေကျန်နေတာကြောင့် အနံ့အသက်ကောင်းမှာ မဟုတ်ပါဘူး။ လျှာပွတ်တံအသုံးပြုခြင်းက ဘက်တီးရီးယားမှို၊ အစာအကြွင်းအကျန်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားနိုင်တာကြောင့် သုံးသင့်တဲ့အထဲမှာ ပါပါတယ်။
သင်ကိုယ်တိုင်လည်း ခံတွင်းနံ့နံနေတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ အဆင်မပြေမှန်း ကြုံဖူးမယ်လို့ ယူဆပါတယ်။ လူတောမတိုးတဲ့အပြင် ကျန်းမာရေးအတွက်ပါ အရေးကြီးတာမလို့ သွားနဲ့ခံတွင်းကျန်းမာရေးကို မပေါ့ဆဘဲ အချိန်ပေးသင့်ပါတယ်နော်။