Blog Detail Pic

Blue Block မျက်မှန်တပ်ဖို့ စဥ်းစားနေတာလား

by | 21 Jan 2022

အရင်တုန်းကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ မျက်စိ ဆေးခန်းသွားရ မျက်မှန်တပ်ရတာမျိုးတွေ မရှိပေမယ့် ခုနောက်ပိုင်း ဖုန်းခေတ် ကွန်ပျူတာခေတ်ရောက်မှ မျက်စိဆေးခန်းတွေလူပြည့်၊ ငယ်ငယ်လေးနဲ့ မျက်မှန်သမားတွေဖြစ် မျက်လုံးဝေဒနာတွေတစ်ပုံကြီးခံစားနေရတဲ့ သူတွေ အများကြီးပါ။ ဒီထဲကမှ အများဆုံးကတော့ Digital eye strain လို့ခေါ်တဲ့ ကွန်ပျုတာ ဖုန်းတွေက ထွက်လာတဲ့ရောင်ခြည်ကြောင့် မျက်လုံးညောင်း မျက်လုံးကိုက်တဲ့ဝေဒနာကို ခံစားနေရတဲ့သူတွေက ပိုများပါတယ်။ ဒါကြောင့် ကွန်ပျူတာတွေ ဖုန်းတွေ ကြည့်တဲ့အချိန်မှာ မျက်စိ မထိခိုက်စေဖို့ Blue block မျက်မှန် တွေ တပ်လာကြပါတယ်။ ဒါတွေက တကယ်ပဲ အကျိုးရှိရဲ့လား။

Blue light က အမြင်အာရုံကို ပျက်စီးစေနိုင်သလား?

ကွန်ပျူတာတို့၊ ဖုန်းတို့က ထွက်တဲ့ အလင်းရောင်တွေက မျက်လုံးကို ထိခိုက်စေနိုင်တယ်ဆိုတဲ့ သက်သေပြချက် ခိုင်ခိုင်လုံလုံမရှိသေးပါဘူး။ လေ့လာချက်တွေမှာဆိုရင် ကွန်ပျူတာက ထွက်တဲ့ UVA/ UVB တွေက ပြောပလောက်အောင် ရှိနေတာမဟုတ်ဘူးလို့ ဆိုပါတယ်။

မျက်လုံးမခြောက်အောင်လို့ ပုံမှန်ဆို တစ်မိနစ်ကို ၁၅ ကြိမ်ကနေအကြိမ်၂၀လောက် မျက်တောင်ခတ်တတ်ကြပါတယ်။ ဒါပေမယ့် ရုပ်ရှင်ကြည့် ဖုန်းပွတ် ကွန်ပျူတာသုံးတဲ့အချိန်တွေမှာဆို မျက်တောင်ခတ်နှုန်းက တစ်ဝက်လောက် လျော့ကျသွားတယ်လို့ လေ့လာချက်တွေ အရသိရပါတယ်။ နောက်ပြီး ဖန်သားပြင်ရဲ့ အလင်းအမှောင်၊ ရောင်ခြည်တွေနဲ့ စာလုံးတွေကလည်း မျက်လုံးညောင်း မျက်လုံးအောင့်တာကို ဖြစ်စေတဲ့ တရားခံတွေပါ။

နောက်တစ်ခုက မျက်ရိုးကိုက်တာပါ။ ဒါကလည်း Blue lightတွေက တိုက်ရိုက်ဖြစ်စေတယ်ဆိုတာထက် ဖုန်းတွေ၊ ကွန်ပျူတာတွေကို သုံးတဲ့ ပုံစံတွေကြောင့်ပါ။ ဥပမာ ကွန်ပျူတာကို အကြာကြီး သုံးတဲ့အခါ မျက်တောင်ခတ်ဖို့ နည်းသွားပါတယ်။ အလင်းမှိန်တဲ့အခါ စူးစိုက်ပြီး ကြည့်ရပါတယ်။ အနားမယူဘဲ ဆက်တိုက်ကြည့်ပါတယ်။ ဒါတွေက မျက်ရိုးကိုက်စေတဲ့ အကြောင်းရင်းတွေပါပဲ။ ပြောရမယ်ဆိုရင် Blue lightတွေကြောင့်ဆိုတာထက် သုံးပုံသုံးနည်း မမှန်လို့ ဖြစ်ရတာပါ။

Blue block မျက်မှန် တွေက တခြားမျက်မှန်တွေနဲ့ မတူတာက

• အရာဝတ္ထုတွေရဲ့ အရောင်တွေကို ကွဲပြားစေတာ
• ညဘက်မှာ ထင်ထင်ရှားရှား မြင်ရတာ
• ပုံရိပ်တွေ ထင်ထင်ရှားရှား မြင်ရတာ
• အလင်းစူးသက်သာစေတာ စတာတွေပဲ ဖြစ်ပါတယ်။

Blue block မျက်မှန်တွေကို ဘာအတွက် တပ်ကြတာလဲ?

မျက်လုံးပျက်စီးတာတွေ ကာကွယ်စေတယ်ဆိုတဲ့ ရည်ရွယ်ချက်နဲ့ ကလေးတွေကအစ Blue block မျက်မှန်တွေကို ပေးတပ်ကြတာမျိုး ရှိပါတယ်။ ဒါပေမယ့် Blue block မျက်မှန်တွေက သိပ်ပြီး အကျိုးထူးလှတယ်ရယ်လည်း မဟုတ်ပါဘူး။ တပ်မယ်ဆိုရင်တော့ အောက်ပါ ကောင်းကျိုးတွေ ရစေနိုင်ပါတယ်။

• ညဘက်အိပ်ပျော်စေတယ်။

Blue block မျက်မှန်တွေက blue lightတွေကို ကာကွယ်ပေးတဲ့အတွက် ကိုယ်ထဲက မယ်လတိုနင်တွေ ကမောက်ကမဖြစ်တာကို သက်သာစေပါတယ်။ ဒါကြောင့် ညဘက်ကို အိပ်ပျော်စေပါတယ်။

• မျက်ရိုးကိုက်တာကို အထိုက်အလျောက်သက်သာစေပါတယ်။

Blue block မျက်မှန် တွေက မျက်ရိုးမကိုက်အောင် ကာကွယ်ပေးနိုင်တာ၊ သက်သာစေနိုင်တာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် သွယ်ဝိုက်သော နည်းလမ်းတွေနဲ့တော့ သက်သာစေနိုင်ပါတယ်။ ဥပမာ ညဘက်အိပ်ပျော်လို့ မျက်လုံး အနားရပြီး မျက်ရိုးကိုက်တာ သက်သာတာ၊ အလင်းစူးသက်သာလို့ အားစိုက်မကြည့်ရတာကြောင့် မျက်ရိုးမကိုက်တာ စသဖြင့် သွယ်ဝိုက်ပြီး သက်သာစေနိုင်ပါတယ်။

ဒါပေမဲ့ blue block မျက်မှန်တွေက မရှိမဖြစ်လိုအပ်တာတော့ မဟုတ်ပါဘူး။ Blue block မျက်မှန်တွေ သုံးပေမယ့် အိပ်ခါနီး ဖုန်းသုံးနေမယ်ဆိုရင် ညဘက် အိပ်ပျော်မှာ မဟုတ်ပါဘူး။ ဒီလိုပဲ Blue block မျက်မှန်ကြီး တပ်ထားပေမယ့် မျက်လုံးကို အနားမပေးဘဲ ဆက်တိုက် သုံးနေမယ်ဆိုရင်လည်း မျက်ရိုးက ကိုက်နေဉီးမှာပါပဲ။

ဒီတော့ Blue block မျက်မှန်တပ်ခြင်း မတပ်ခြင်းထက် ကိုယ့်ရဲ့ screen timeကို ထိန်းချုပ်ထားတာ၊ မျက်လုံးကို အနားပေးတာက ပိုပြီး အရေးကြီးပါတယ်

Blue block မျက်မှန်မတပ်လည်း မျက်လုံးညောင်းတာ မျက်ရိုးကိုက်တာ သက်သာဖို့ဆိုရင်

• မျက်လုံးနဲ့ တီဗွီဖန်သားပြင်နဲ့ ၂၅ လက်မလောက် အကွာ( လက်တစ်ဆန့် အကွာအဝေး) လောက်မှာထားပါ။ TV ဖန်သားပြင်ကို မျက်လုံးနဲ့တစ်တန်းတည်းမဟုတ်ဘဲ အောက်ဘက်ကို ၁၅ ဒီဂရီလောက်စောင်းထားပါ။

• ၂၀-၂၀-၂၀ rule အတိုင်းလုပ်ပါ။ တစ်ခုခုကို မိနစ် ၂၀ ကြည့်ပြီးတိုင်း ပေ ၂၀ အကွာအဝေးက အရာတစ်ခုခုကို ၂၀ စက္ကန့်လောက် ကြည့်ပါ။

• ၂ နာရီကြာ ကြည့်ပြီးတိုင်း ၁၅ မိနစ်လောက် မျက်လုံးကိုအနားပေးပါ။

• မျက်လုံးခြောက်ပြီး စပ်တယ်လို့ ခံစားလာရတိုင်း မျက်ရည်တုထည့်ပါ။

• အဲယားကွန်း ရှေ့တည့်တည့်မှာ မနေပါနဲ့။ အဲယားကွန်းက လေတွေက မျက်လုံကိုခြောက်စေတတ်လို့ပါ။

• အခန်းအတွင်းက အလင်းအမှောင်နဲ့ ဖန်သားပြင်က အလင်းအမှောင်ကို ချိန်ဆပါ။ ဖန်သားပြင်က အလင်းက ပိုလင်းနေတာမျိုး မဖြစ်ပါစေနဲ့။

• ဖန်သားပြင်က အလင်းအမှောင်တွေကို သေချာချိန်သုံးပါ။ ပတ်ဝန်းကျင်က အလင်းထက် လျော့နေလို့လည်း မကောင်းသလို အရမ်းကြီးလင်းနေပြန်ရင်လည်း အဆင်မပြေပါဘူး။

• စာလုံး မမြင်ရရင် အကြီးချဲ့ထားပါ။

• ဖန်သားပြင်ရဲ့ အရောင်ကို လျှော့ထားပါ။ အဖြူတို့ အပြာတို့အစား အဝါဘက်ရောက်တဲ့ အရောင်တွေ ပိုသုံးပေးပါ။

တကယ်လို့ ကိုယ်က မျက်လုံးထိခိုက်တာ နည်းနည်းလေးပဲ သက်သာ သက်သာ တပ်ချင်တယ်ဆိုရင်တော့ အွန်လိုင်းပေါ်ကနေ အလွယ်တကူ မှာလိုက်တာထက်စာရင် မျက်မှန်ဆိုင်မှာ ကိုယ်တိုင်သွားပြီး အလင်းဖောက်မဖောက် သေချာစစ်ဆေးပြီးမှ ဝယ်ယူသင့်ပါတယ်။ ဒါ့အပြင် မျက်မှန်ကိုင်းကိုလည်း ရေရှည်တပ်ရင် လေးပြီး မျက်နှာမှာ အရာထင်တတ်တဲ့ သံကိုင်းတွေအစား အလူမီနီယမ် သို့မဟုတ် ကော်ကိုင်းမျက်မှန်လေးတွေကို ဝယ်ယူတပ်ဆင်ဖို့ အကြံပြုချင်ပါတယ်။