Blog Detail Pic

ကြို့ထိုးခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေ​ပြီဆိုရင် ဒါတွေလုပ်ပါ

by | 25 Jan 2022

ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။

ဒါတွေက ကြို့ထိုးစေနိုင်ပါတယ်။

• အစားအများကြီးစားတဲ့အခါ၊

• ပီကေဝါးတာ သကြားလုံးစုပ်တာ၊

• အရက်ဘီယာသောက်တဲ့အခါ

• အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့

• စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။

အရှေ့မှာဖော်ပြခဲ့သလို စိတ်ခံစားချက်တွေနဲ့ အစားအသောက်စတာတွေကြောင့်လည်း ကြို့ထိုးတာကို ဖြစ်စေနိုင်တဲ့အပြင် အချို့သော ရောဂါတွေကြောင့်လည်း ကြို့ထိုးတာတွေ ဖြစ်နိုင်ပါတယ်။

• ဥပမာ- လေဖြတ်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း၊ အတက်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြော ရောဂါများ

• အူကျွံခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာရေမျိုကင်ဆာ စတဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ

• အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ကင်ဆာ၊ TB ပိုးဝင်ခြင်း

• ကျောက်ကပ်၊ အသည်းရောဂါတွေ နဲ့ အချို့သော ဆေးဝါးတွေကြောင့်လည်း ကျို့ထိုးနိုင်ပါတယ်။

• စိတ်ခံစားမှုတွေ၊ အစားသောက်တွေကြောင့် ကြို့ထိုးသလို ခဏတာ မဟုတ်ဘဲ အကြာကြီးဖြစ်လာပြီဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။

နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာေတွကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆေးတွေနဲ့ အရက်ကိုနှစ်ရှည်လများသောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ်။

ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။

ဘယ်လိုပျောက်အောင်လုပ်မလဲ?

ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။

ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။

• ရေသောက်ပါ။

• အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။

• ရေခဲရေနဲ့ပလုပ်ကျင်းပါ။

• အသက်ရှူအောင့်ပါ။

• သံပရာသီးကိုက်ပါ။

မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့

• အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ။ လေထစေတဲ့ အစားအသောက်တွေရှောင်ပါ။

• အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။


ကြို့ထိုးတာကြောင့် သေနိုင်လား?

အချို့လူကြီးတွေက ကြို့အကြာကြီးထိုးရင် သေတတ်တယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ အမှန်တကယ်ကတော့ ကြို့ထိုးတာကြောင့် သေတယ်ဆိုတာထက် ကြို့အကြာကြီးထိုးတဲ့ သူတွေမှာ အရှေ့မှာ ဖော်ပြထားသလို ရောဂါအခံတွေနဲ့ ရောဂါလက္ခဏာတွေ ရှိနိုင်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။

ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ?

ပုံမှန်အားဖြင့်တော့ ခဏတာ ကြို့ထိုးတာကြောင့် ဆရာဝန်ပြစရာ လိုလေ့မရှိပါဘူး။ ဒါပေမယ့် ကြို့ထိုးတာက နှစ်ရက်ထပ်ပိုကြာလာပြီး အသက်ရှုရတာ ခက်ခဲလာရင်၊ ကြို့ထိုးတဲ့ ပြသနာကြောင့် အိပ်ရေးပျက်လာရင်၊ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာရင်၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ မောလာတာ၊၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။