Blog Detail Pic

နှလုံးရောဂါရဲ့ ရှေ့ပြေးလက္ခဏာများ

by | 26 Jan 2022

ရင်တွေ တုန်လိုက်တာ နှလုံးရောဂါ ဖြစ်နေပြီထင်တယ်။ အခုတလော ရင်တွေ အရမ်းတုန်တာပဲ ဆိုသူလေးတွေရှိလား.....? ဒါဆိုရင် ရင်တုန်နေတာ နှလုံးရောဂါ ရှိနေလို့လား? တကယ်ကတော့ နှလုံးရောဂါဖြစ်တိုင်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ပဲ အောင့်တာ မဟုတ်ပါဘူး။ နှလုံးလေး ထိခိုက်နေတယ်လို့ ဆက်စပ် ယူဆလို့ မထင်ရလောက်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။

ဘယ်လို လက္ခဏာတွေလဲဆိုတာက သတိထားလို့ရအောင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်စို့နော်။

နှလုံးရောဂါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးမှုတွေ အတော်များလာပါတယ်။

အကြောင်းကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ မရှိသလောက် နည်းလာတာ၊ အလုပ်တွေ အရမ်းလုပ်ပြီး အအိပ်နည်းတာ၊ အိပ်ရေးပျက်တာများတာ၊ လေ့ကျင့်ခန်းတွေ မလုပ်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှု များလာတာကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်တာတွေ ရှိလာရတာပါ။

ရင်ဘတ်အောင့်မှ မဟုတ်ဘဲ အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်လည်း နှလုံးလေး ကျန်းမာရေး ထိခိုက်တာ ဖြစ်နိုင်ပါတယ်။

၁။ ခြေကုန်လက်ပမ်းကျတာ

ခြေကုန်လက်ပမ်းကျတာက ကောင်းကောင်း မအိပ်ရတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါရဲ့ အစောပိုင်း လက္ခဏာ တစ်ရက်လည်း ဖြစ်နိုင်ပါတယ်။

အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ သွေးပမာဏ နည်းလာတာကြောင့် နှလုံးစည်းချက်မမှန်တာ၊ နှလုံးက ပုံမှန်ထက် ပိုပြီး အလုပ်လုပ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။

ဒီလိုဖြစ်တဲ့အခါ နေ့ရောညပါ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။

၂။ မိုက်ခနဲ မူးတာ

မကြာခဏဆိုသလို မိုက်ခနဲ မူးမယ်ဆိုရင် နှလုံးသွေးကြောကျန်းမာရေး ထိခိုက်နေတာပါ။

ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာ၊ နာကျင်မှု နဲ့ ရေဓာတ်နည်းတာတွေကြောင့်လည်း မိုက်ခနဲ မူးတာ၊ သတိလစ်တာတွေ ဖြစ်လာနိုင်ပါတယ်။

သွေးပေါင်ကျတာ၊ သွေးတွင်းအောက်ဆီဂျင်နည်းတာတွေကြောင့်လည်း မူးလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုက်ခနဲမူးတယ်။ သတိလစ်တယ်ဆိုရင် ဆေးခန်းပြကြည့်ဖို့ အကြံပြုပါရစေ။

၃။ ရုတ်တရက် ကိုယ်အလေးချိန် တက်လာတာ

ရုတ်တရက် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန် တအားတက်လာတာက အစားတွေ အများကြီးစားတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုပုံနေတာကလည်း နှလုံးရောဂါရဲ့ လက္ခဏာ တစ်ရပ်ပါ။

ဒီလိုဖြစ်တဲ့အခါ အစားအသောက် ဂရုစိုက်ဖို့ လိုသလို လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့လည်း လိုပါမယ်။

၄။ မအီမသာဖြစ်မယ်။ အစားပျက်မယ်။

မအီမသာဖြစ်မယ်။ အစာမကြေဖြစ်မယ်။ အစားစားချင်စိတ် ပျောက်မယ်ဆိုရင် နှလုံးထိခိုက်နေတာ ဖြစ်နိုင်ပါတယ်။

ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာ၊ အစားပျက်တာတွေက အစာအိမ်ရောဂါကြောင့် ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။

၅။ နှလုံးစည်းချက် မမှန်တာ

နှလုံးခုန်သံက ပုံမှန် မဟုတ်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ခံစားရမယ်ဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။ နှလုံးခုန်နှုန်း မမှန်တာက သေချာ ကုသမှု မခံယူဘူးဆိုရင် လေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။

၆။ ချောင်းဆိုးတာ

အဆုတ်ထဲမှာ အရည်တွေ ဖြစ်တာကြောင့် ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတွေ ခံစားရနိုင်ပါတယ်။

ချောင်းဆိုးတာကို သက်သာအောင် နည်းလမ်းမျိုးစုံ လုပ်ဆောင်နေပေမယ့် မသက်သာဘူးဆိုရင် နှလုံးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။

၇။ အဆစ်တွေရောင်တာ

နှလုံးက သွေးတွေကို ထိထိရောက်ရောက် မညှစ်ထုတ်နိုင်တဲ့အခါ သွေးတွေက ခန္ဓာကိုယ် အောက်ပိုင်းဆီကနေ နှလုံးဆီကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီလို ခက်ခဲတဲ့အခါ ခြေထောက်၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်တွေမှာ အရည်တွေ စုပြီး ရောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။


ကဲ …… အခုလို လက္ခဏာတွေ ရှိနေရင် နှလုံးလေးကို ဂရုစိုက်ဖို့ လိုနေပါပြီ။ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို အမြန်ဆုံး ခံယူပါ။