Blog Detail Pic

ကိုဗစ်ကြောင့် ဦးနှောက်စွမ်းဆောင်ရည်ကျဆင်းခြင်းကို ပြန်လည်မြှင့်တင်ရအောင်

by | 28 Jan 2022

ကိုဗစ်ရောဂါခံစားရပြီး ပြန်လည်ကောင်းမွန်လာတဲ့သူတွေမှာ ရောဂါအကျိုးဆက်အနေနဲ့ မေ့တတ်လာတာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေ ခံစားကြရတာမျိုး ရှိပါတယ်။

မေ့တတ်တာမှ ဘယ်လောက်တောင်လဲဆိုရင် ပစ္စည်းတစ်ခုခုထားပြီး မိနစ်တောင် မခြားဘူး မေ့တလာတယ်။ ကိန်းဂဏန်းတွေဆိုရင် ပိုဆိုးတယ်။ စိတ်လည်းမရှည်တော့ဘူး။ တစ်ခုခုဆို စိတ်မြန်လက်မြန် ပြောချလုပ်ချလိုက်တယ်။ စိတ်ဓာတ်ကလည်း တက်လိုက်ကျလိုက်နဲ့ အထီးကျန်သလို ခံစားရတယ် အစရှိသဖြင့် ဉီးနှောက်ကို ထိန်းချုပ်နိုင်စွမ်းနည်းလာတာတွေကို ကိုဗစ်ဖြစ်ပြီး လူတော်တော်များများ ခံစားနေရတတ်ပါတယ်။


ပြင်းထန်တဲ့ အခြေအနေတွေမှာ အာရုံရှုပ်ထွေးတာ၊ လေဖြတ်တာ၊ တက်တာတွေ ခံစားရနိုင်ပါတယ်။


ဒီလို ပြဿနာတွေ ခံစားရတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ပြန်လည် မြင့်တက်လာစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွ ရှိပါတယ်။ ဒါတွေက ဘာတွေက ဘာတွေများ ဖြစ်မလဲ…….


♦️အရုပ်ဆက်ပါ♦️

ဒီနည်းဟာ ကလေးကလားနိုင်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ဦးနှောက်အတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။

တကွဲတပြားစီဖြစ်နေတဲ့ အပိုင်းအစလေးတွေကို သူလိုချင်တဲ့ရုပ်ပုံကိုရအောင် စီနေချိန်မှာ သင့်ဦးနှောက်ဟာ အမြင်အာရုံကိုရော သိမြင်မှတ်သားမှုကိုပါ အသုံးချနေရပါတယ်။

ဦးနှောက်ကို အလုပ်ပေးရုံသာမကဘဲ သင့်စိတ်ကိုပါ လန်းဆန်းစေနိုင်မယ့် နည်းလမ်းတခုလို့ ဖြစ်ပါတယ်။

♦️ဖဲချပ်ဂိမ်းများဆော့ပါ♦️

ကွန်ပျူတာဝင်းဒိုးတိုင်းမှာပါဝင်တဲ့ ဂိမ်းလေးတွေကို သင်သိမှာပါ။ ဖဲချပ်ဂိမ်း၊ အရုပ်ဆက်ဂိမ်း၊ UNO စသဖြင့် မျိုးစုံရှိပါတယ်။ ဒီကစားနည်းလေးတွေဟာ သိပ်ပြီးကြီးကျယ်တယ်မထင်ရပေမယ့် သင့်ဦးနှောက်ကို နှိုးဆွနိုင်တာတော့ အမှန်ပါပဲ။

♦️ဝေါဟာရများမှတ်သားပါ♦️

ဝေါဟာရကြွယ်ဝခြင်းဟာ ကိုယ်ရည်ကိုယ်သွေးအားသာတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ ဝေါဟာရအသစ်များကို လေ့လာခြင်းဟာ သင့်ဦးနှောက်ကို နှိုးဆွပေးရာရောက်ပါတယ်။

သုတေသနတွေအရ ဝေါဟာရအသစ်ကို မှတ်သားတည်ဆောင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများကို အလုပ်ပေးရပါတယ်။ သင် မကြားဖူးတဲ့ စကားလုံး အသစ်အဆန်းဆိုရင် ရေးမှတ်ပါ။ ဘယ်နေရာမှာ သုံးသလဲ လေ့လာပါ။ ကိုယ်တိုင် အသုံးချနိုင်အောင် ကြိုးစားပါ။ ဒါဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းပါပဲ။

♦️ကခုန်ပါ♦️

သီချင်းသံများနဲ့ ကခုန်လှုပ်ရှားချိန်မှာ သင့်ဦးနှောက်ဟာ သင့်ရဲ့အမြန်နှုန်း၊ လှုပ်ရှားပုံ၊ ယခင်က ကခုန်ဖူးတဲ့ မှတ်ဉာဏ် စတာတွေအားလုံးအတွက် အလုပ်လုပ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ဦးနှောက်ပိုင်းဆိုင်ရာအတွက်ပါ တိုးတက်ကောင်းမွန်စေပါတယ်။

♦️ဆိုပါတီးပါ♦️

ဂီတကို ကျွမ်းဝင်အောင် လေ့လာခြင်းဟာလည်း သင့်ဦးနှောက်ကို ထက်မြက်စေမယ့် နည်းလမ်းတခုဖြစ်ပါတယ်။ သီချင်းကို စိတ်ပါလက်ပါ ဆိုညဉ်းခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။

တူရိယာများကို တီးမှုတ်တတ်အောင်ပါ လေ့ကျင့်ခြင်းဟာလည်း သိမြင်မှတ်သားမှု၊ ခြေလက်များလှုပ်ရှားမှု၊ မှတ်ဉာဏ် စတာတွေအားလုံးကို အလုပ်ပေးရတာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။

♦️စွမ်းရည်အသစ်တမျိုးရအောင်လုပ်ပါ♦️

ရှိရင်စွဲစွမ်းရည်များအပြင် တခါမှ မတတ်မြောက်ဖူးတဲ့ အရာတခုခုကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားခြင်းဟာ သင့်ဦးနှောက်ကို ထက်မြက်စေပါတယ်။ ဒီနည်းလမ်းဟာ လူကြီးပိုင်းတွေအတွက်လည်း အကျိုးရှိစေပါတယ်။

ကားပြင်တာမျိုး၊ ဆော့ဖ်ဝဲအသစ်ကို သုံးကြည့်တာမျိုး၊ ဆိုင်ကယ်စီးတာမျိုး စတဲ့ကိစ္စတွေကို လေ့ကျင့်သင်ကြားခြင်းဟာ သင့်ကိုယ်သင် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ရာလည်း ရောက်ပါတယ်။

♦️ဘာသာစကားအသစ်လေ့လာပါ♦️

ဘာသာစကားအသစ်တမျိုးမျိုးကို လေ့လာဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ ဘာသာစကားအသစ်ကို သင်ယူခြင်းဟာ သိမြင်မှတ်သားမှုစွမ်းရည်ကို တိုးတက်စေတဲ့အပြင် ဖန်တီးမှုစွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ အသက်အရွယ်ကြီးလို့ဖြစ်လာတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်နိုင်ခြေ လျော့စေပါတယ်။

♦️လမ်းကြောင်းအသစ်သုံးပါ♦️

သင့်ရဲ့တနေ့တာလှုပ်ရှားသွားလာမှုကို ပုံစံအသစ်နဲ့ ဆောင်ရွက်ကြည့်ပါ။ ဥပမာ ရုံးသွားနေကြလမ်းကြောင်းကို ပြောင်းကြည့်ပါ။ ကားစီးနေရာကနေ ရထားပြောင်းစီးကြည့်ပါ။ လမ်းကြောင်းအသစ်မှာ တွေ့ကြုံရတာကို မြင်တွေ့ရတာကို မှတ်သားပါ။ ဒီနည်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သင့်ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ရာရောက်သလို တွေးခေါ်သိမြင်ပုံမှာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။

♦️တရားထိုင်ပါ♦️

တရားထိုင်ခြင်းဟာ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မှတ်ဉာဏ်ကိုလည်း ရင့်သန်စေပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်။ အေးချမ်းဆိတ်ငြိမ်တဲ့ တနေရာရာမှာ နေ့စဉ် ဆယ့်ငါးမိနစ်ခန့် တရားထိုင်သင့်ပါတယ်။

♦️သင့်ပတ်ဝန်းကျင်ကို အာရုံစိုက်ပါ♦️

သင်ဘယ်နေရာကိုရောက်ရောက် ဘယ်သူနဲ့ စကားပြောပြော သင့်ဝန်းကျင်ကို ဂရုစိုက်ပါ။ တံခါးဘယ်နှပေါက်ရှိသလဲ၊ ခန်းဆီး ဘာအရောင်လဲ စသဖြင့် မှတ်သားပါ။ သင်နဲ့ စကားပြောနေသူဟာ အကျီၤဘာအရောင်ဝတ်ထားသလဲ၊ မျက်မှန်ပါသလား စသဖြင့် မှတ်သားပါ။ ဒီနည်းလမ်းဟာ ရေရှည်မှာ သင့်ဦးနှောက်ကို နှိုးဆွပေးပြီး ဉီးနှောက်စွမ်းရည် ပြန်လည်ကောင်းမွန်လာမယ့် နည်းလမ်းဖြစ်ပါတယ်။