Blog Detail Pic

ကူးစက်မှုတွေ စတင်လာပြီဖြစ်တဲ့ Omicron ကို ဘယ်လိုရင်ဆိုင်ကြမလဲ

by | 07 Feb 2022

Omicron Variant ဆိုတာ ဘာလဲ?

Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။


Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီး Spike protein အမျိုး ၃၀ ကျော် ပါဝင်နေတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။


Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။


Omicron ဘယ်လို ကူးစက်သလဲ?


Omicron ဆိုတာက မျိုးဗီဇ ပြောင်းလဲထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးဖြစ်တာကြောင့် ကူးစက်ပုံကတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေ ကူးစက်သလိုပဲ

• ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံထွေး အစအနတွေ

• ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေ

• အများသုံး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ

• အများသုံး အသုံးအဆောင်တွေ

• ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။

• ကူးစက်နှုန်းကတော့ အရင် Delta မျိုးစိတ်ထက် ကူးစက်နှုန်း တော်တော်လေး မြန်ပါတယ်။


Omicron ရဲ့ လက္ခဏာတွေက ဘာတွေများလဲ?


Omicron နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး မသိရသေးပေမယ့် လေ့လာတွေ့ရှိရသလောက်တော့ Omicron မျိုးစိတ်က အရင်က တွေ့ရှိခဲ့ ကိုဗစ် မျိုးစိတ်တွေနဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ လက္ခဏာတွေက သိပ်ပြီး ပြင်းထန်တာမျိုးတော့ မရှိပါဘူး။


Omicron က ကိုဗစ် မျိုးစိတ် အသစ်တစ်ရပ်ဖြစ်ပြီး လတ်တလောမှာလည်း ဖြစ်ပွားမှုတွေရှိနေပါတယ်။ လက်ရှိကာလအထိ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက စိစစ်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ Omicron ကူးစက်ခံရသူတွေမှာ အရင် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ မတူဘဲ အခုလို လက္ခဏာလေးတွေ ခံစားရပါတယ်။
သတိထားရမယ့် Omicron ရဲ့ လက္ခဏာရပ်တွေက

• ချောင်းဆိုးမယ်
• လည်ချောင်းနာမယ်
• ဖျားမယ်
• ခြေကုန်လက်ပမ်း ကျမယ်
• နှာခေါင်းပိတ်မယ်
• နှာစေးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။


နိုဝင်ဘာလ နှောင်းပိုင်းတုန်းက တောင်အာဖရိက နိုင်ငံတွေက Omicron မျိုးစိတ် ကူးစက်ခံရသူတွေမှာ လက္ခဏာတွေက ပြင်းထန်တာမျိုး မရှိဘဲ သာမန် နှာစေးဖျားနာမှုလိုမျိုး ခပ်ပျော့ပျော့ လက္ခဏာတွေကိုပဲ ခံစားရတာကို တွေ့ရှိခဲ့ရပါတယ်။


ကျွမ်းကျင်သူတွေ စိတ်ပူနေတဲ့ အချက်တစ်ရပ်က ဒီမျိုးစိတ်က လူငယ်တွေ တစ်နည်းအားဖြင့်ပြောရရင် ကျန်းမာသန်စွမ်းတဲ့သူတွေမှာလည်း အလွယ်တကူ ကူးစက်ဖြစ်ပွားနေတာပါ။


စဖြစ်စမှာ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ နောက်တစ်ချက်က ဒီ မျိုးစိတ် ကူးစက်ခံရသူတွေထဲက ၇၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး (၂) ကြိမ်လုံး ပြည့်မီအောင် ထိုးထားပြီးသူတွေ ဖြစ်နေတာပါပဲ။


ဒီမျိုးစိတ်က လက္ခဏာ သိပ်မပြင်းထန်ဘူးဆိုပေမယ့် ဒီလို မပြင်းထန်တာက ရောဂါအခံရှိသူတွေရော ဘိုးဘိုးဘွားဘွားတွေမှာရော အတူတူပဲလားဆိုတာကို ကောက်ချက်ချဖို့ စောနေသေးတာပါ။


လက်ရှိကာလအထိ သိရသလောက်တော့ omicron ကူးစက်ခံရသူတွေမှာ အနံ့ပျောက်တာ၊ အရသာပျောက်တာမျိုး မတွေ့ရသေးပါဘူး။ လက္ခဏာတွေက သိပ်မပြင်းထန်ဘူး ဆိုပေမယ့်လည်း သူက covid ရဲ့ မျိုးစိတ် တစ်ခု ဖြစ်တာကြောင့် အသက်ရှူရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ နဲ့ အခြားသော ကိုဗစ် လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။


ကာကွယ်ဆေး မထိုးရသေးဘဲ Omicron ကူးစက်ခံရတဲ့သူတွေမှာ အသက်ရှူရခက်တာလိုမျိုး လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဒီမျိုးစိတ်က လက္ခဏာ ပြင်းပြင်းထန်ထန် မပြဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။


ဒီလိုမှ မဟုတ်ဘူးဆိုရင် ထိန်းရခက်တဲ့ အခြေအနေ တစ်ရပ်ကို မရောက်သွားဘူးလို့ တထစ်ချ ဆိုလို့ မရသေးပါဘူး။
Omicron ကို ကာကွယ်ဖို့ ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးပြီသူတွေမှာလည်း Booster ထပ်ထိုးတာမျိုး လုပ်ဖို့ လိုပါမယ်။


Omicronက ကူးစက်ခံရပြီး ဘယ်လောက်ကြာရင် လက္ခဏာ ပြတတ်လဲ?

အရင် ကိုဗစ် မျိုးစိတ်တွေတုန်းကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုး ရှိသလို ကူးစက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။

Omicron ကတော့ ကူးစက်မြန်တာကြောင့် အခြား ကိုဗစ် မျိုးစိတ်တွေထက် အချိန်တိုတိုအတွင်းမှာ လက္ခဏာ ပြနိုင်သလို လူတစ်ဦး ကနေ တစ်ဦးကို ကူးစက်နှုန်းကလည်း အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုမြန်နေနိုင်ပါတယ်။

မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ကြမလဲ?

လက်ရှိမှာ ဖြစ်နေတဲ့ အားနည်းချက်က ကိုဗစ်စည်းကမ်းတွေ ပေါ့လျော့လာတာရယ်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာရယ်က အဓိကပါ။ ဒါ့ပြင် ကုသနိုင်တဲ့နေရာတွေကလည်း နည်းနေတော့ ဖြစ်လာရင် တတိယလှိုင်းလိုမျိုး ထပ်ဖြစ်သွားနိုင်ပါတယ်။


အစွန်းနှစ်ဖက် ကင်းဖို့တော့လိုပါတယ် သိပ်လည်း မကြောက်ပါနဲ့။ ပေါ့လည်း မပေါ့ပါနဲ့။လက်ရှိမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်တာတွေကတော့

• ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင် ထိုးပါ။ အိုမီခရွန်က ဆေးတိုးပါ့မလားဆိုတာကို စဉ်းစားမနေပါနဲ့။ ကိုဗစ်မှာ တခြားဗီဇပြောင်းပိုးတွေ ရှိသေးတာကြောင့် ထိုးထားပါ။

• မဖြစ်သေးတဲ့သူရော၊ ကိုဗစ်ဖြစ်ပြီး နာလန်ထ ကောင်းကောင်းသက်သာတဲ့သူရော ထိုးထားပါ။

• ၂ကြိမ်ပြည့်ပြီးသား ၃ကြိမ်မြောက် ထိုးမယ်ဆို အသက်၆၀အထက်၊ ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပါ။ ပြီးမှ သာမန်လူတွေ ထိုးပါ။

• ပွဲတွေ လျှော့ပါ။ လူစုလူဝေးတွေ လျှော့ပါ။

• နှာခေါင်းစည်းတပ်ပါ။

• လက်ဆေးပါ။

ခုနေပြင်ဆင်ရင် မီပါသေးတယ်။ မတော်တဆ တကယ်ဆိုးတဲ့ ပိုးဖြစ်နေရင် ဒုက္ခများနိုင်လို့ ခုကစပြီး ပြင်ဆင်ဖို့လိုပါတယ်။