Blog Detail Pic

ကျန်းမာရေးကောင်းဖို့ ရေကူးကြစို့

by | 09 Feb 2022

လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူး တတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။ ဒီဆောင်းပါးလေးထဲမှာ ရေကူးခြင်းကနေရတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။
• ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။ ။
အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ လုပ်ပြီးသားဖြစ်သလို ရေထဲမှာ မိနစ် ၃၀ လောက်ရေကူးရင် gym မှာ ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက်လည်း ရေကူးခြင်း အားကစားက လုပ်သင့်တဲ့ အားကစားတစ်ခုပါ။
• သင့်နှလုံးအတွက် ရေကူး ခြင်းက အထောက်အကူပြုတဲ့ အရာတစ်ခုပါ။
လှုပ်လှုပ်ရှားရှားလုပ်ရလေ နှလုံးကပိုညှစ်ရလေ ဖြစ်တဲ့အတွက် ရေကူး ခြင်း အားကစားက နှလုံးကြွက်သားတွေရဲ့ ညှစ်အားကို ကောင်းစေပါတယ်။ လေ့လာချက်တွေအရ ရေကူးတတ်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းတောင် လျော့ကျတယ်လို့ ဆိုပါတယ်။

• အဆုတ်ကိုလည်း အားကောင်းစေပါတယ်။
ရေထဲက အပေါ်ပြန်တက်ပြီး အသက်ရှူရတဲ့အချိန်ဆို အဆုတ်က အောက်ဆီဂျင်ရအောင် အစွမ်းကုန် အလုပ်လုပ်တဲ့အတွက်ကြောင့် အဆုတ်ကြွက်သားတွေ အားကောင်းလာပါတယ်။ ဒါ့အပြင် လေတစ်ခါ ရှူထုတ်တိုင်း ကာဘွန်ဒိုင်အောက်ဆိုဒ် တွေ အများကြီးပါသွားပြီး ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်အတွက် နေရာလွတ်တွေ အများကြီးရှိသွားလို့ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ပိုပြီး ချေဖျက်အားကောင်းလာပါတယ်။
• သက်လုံကောင်းစေတယ်။
မြေပြင်ပေါ်မှာ အားကစားလုပ်မှ သက်လုံ ကောင်းစေတာ မဟုတ်ပါဘူး။ ရေကူးတယ်ဆိုတာကလည်း သက်လုံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ အပြင်မှာ ပြေးရင်တောင် ချွေးတွေထွက်ပြီး လူက နုန်းတတ်ပါသေးတယ်။ ရေထဲမှာဆို ချွေးမထွက်တဲ့အပြင် လူကလည်း ရေနဲ့ထိနေရတော့ နုန်းတယ်ဆိုတာ ဘာမှန်းတောင် မသိလောက်အောင် ရေကူး နည်း အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာတစ်ခုပါ။
• စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အပန်းဖြေနည်း တစ်ခုပါ။
ရေထဲမှာဆို ပျော်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမို့ ရေကူး ခြင်း အားကစားဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျတာတွေ ကို လျော့ပါးစေပါတယ်။ လေ့လာချက်တွေ သေချာ မထွက်သေးပေမယ့်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန် ရေသွားကူးလိုက်ရင် ဖိစီးနေတဲ့ စိတ်တွေ ပြေလျော့ပြီး စိတ်လန်းဆန်းသွားတတ်ကြတာ လူတိုင်းပဲလေ။

• ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။
တစ်ကိုယ်လုံးကို အားသုံးပြီး လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက် ရေကူး ခြင်း အားကစားက ချွေးလည်းမထွက်၊ မောပန်းတာလည်း သိပ်မရှိစေဘဲ ကယ်လိုရီတွေကို အများကြီးလောင်ကျွမ်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ တစ်နာရီလောက် ရေထဲမှာ ကူးခတ်လိုက်ရင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားတဲ့အတွက် ဒါဟာ တစ်နာရီလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီရဲ့ နှစ်ဆပါ။
• စားဝင် အိပ်ပျော်စေတဲ့ အားကစားနည်းတစ်ခုပါ။
ရေကူးပြီး ရေထဲက တက်လာရင် သုံးလိုက်တဲ့ energy တွေ ပြန်ပြည့်ဖို့ အတွက် ကိုယ်ခန္ဓာက အစားတွေ ပိုတောင့်တနေတတ်တာကြောင့် ပိုပြီး စားဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အားသုံးထားတဲ့အတွက် ညဆို ပိုပြီး အိပ်ကောင်းတတ်ပါတယ်။

• ကလေးတွေ ဖွံ့ဖြိုးဖို့ အတွက်လည်း အထောက်အကူပြုတဲ့ ကစားနည်းတစ်ခုပါ။

ဖုန်းတွေ၊ အင်တာနက်တွေ ပေါ်လာတဲ့အတွက် ကလေးတွေ တစ်နေကုန် အိမ်တွင်းပဲအောင်းနေလို့ သူတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးမှု နှောင့်နှေးနေတတ်ပါတယ်။ ဒီလို ဂိမ်းတွေပဲ ဆော့နေတဲ့ ကိုယ့်ကလေးကို ထွားစေချင်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ရှိစေချင်တယ်ဆိုရင်တော့ အားကစားနည်းတစ်ခုခု သင်ပေးလိုက်ပါ။ သက်လုံကိုလည်း ကောင်းစေတယ်၊ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတွေ အများကြီးရှိတယ်၊ ရေလမ်းခရီးသွားရင်လည်း ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ ရေကူးနည်း သင်ပေးရင် အကောင်းဆုံးပေ့ါ။ ။

ကဲ ဒီလောက်ဆို ရေကူးခြင်း အားကစားဟာ လူတိုင်းအတွက် သင့်တော် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကစားနည်းတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ တခြား လေ့ကျင့်ခန်းတွေလို စက်ကိရိယာတွေ ဈေးကြီးပေး မဝယ်ရတဲ့အတွက် လူတိုင်းလည်း တတ်နိုင်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အားကစားတစ်မျိုးပါ။