Blog Detail Pic

လက်ပြင်ကုန်းတာကို ​​ဘယ်လိုပြောင်းလဲကြမလဲ

by | 10 Feb 2022

ခုခေတ်လူငယ်လေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး တည့်တည့်မတ်မတ်ဖြစ်အောင် ပြုပြင်ကြည့်​သင့်ပါတယ်နော်။

စာဖတ်သူတွေထဲမှာလည်း စာဖတ်သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူရဲ့ ကလေးတွေမှာ လက်ပြင်ကုန်းနေတဲ့သူတွေ ရှိခဲ့ရင် ဒီဆောင်းပါးလေးက တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။


လက်ပြင်ကုန်း တယ်ဆိုတာ


လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ အလိုင်းမင်း (alignment) မတည့်တာပါပဲ။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်က ကျောရိုးကို ဗဟိုပြုပြီး တည့်တည့်မတ်မတ် ရှိနေရမှာပါ။ လက်ပြင်ကုန်းတာကျတော့ ခန္ဓာကိုယ်က ရှေ့ကို ယိုင်နေပြီး လမ်းသွားရင် ရှေ့ကို ငိုက်စိုက်ငိုက်စိုက် ဖြစ်နေတာပါ။ လူက ရှေ့ကို ကုန်းနေတာပေါ့။


လက်ပြင်ကုန်း ရတဲ့ အကြောင်းအရင်းများ
လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ ကိုယ်နေတဲ့ ကိုယ်နေဟန်ထား မမှန်လို့ပါပဲ။ ခါးနာတဲ့သူတွေ အလေးအပင်မလို့၊ ခွေခေါက်ပြီး နေလို့ ခါးနာရသလိုပဲ လက်ပြင်ကုန်းတယ်ဆိုတာလည်း ဒီသဘောပါပဲ။


ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းပြီး ငုံ့ရတဲ့ အလုပ်တွေကို အကြာကြီး လုပ်ရတဲ့အခါ ခန္ဓာကိုယ်က ရှေ့ကို ကိုင်းလာပြီး တဖြည်းဖြည်း လက်ပြင်ကုန်းလာတာပါ။ ဒီပုံစံနဲ့ အကြာကြီး နေတဲ့အခါ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးမှာရှိတဲ့ ကြွက်သားတွေ တဖြည်းဖြည်း ပုံစံပျက်လာပါတယ်။

ဒီကြွက်သားတွေဆိုတာက ခန္ဓာကိုယ် ကိုယ်နေဟန်ထားမှန်အောင် ထိန်းပေးနေတဲ့ အဓိကကြွက်သားတွေပါပဲ။


နေ့စဉ်လုပ်တဲ့ အလုပ်တွေထဲမှာလည်း လက်ပြင်ကုန်းတာကို ဖြစ်စေတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင်


• ဖုန်းတွေ၊ တက်ဘလက်တွေ အကြာကြီး သုံးတာ
• ကွန်ပျူတာတွေ အကြာကြီး သုံးတာ
• အထိုင်များတာ
• ကားအကြာကြီး မောင်းရတာ
• ရှေ့ကို ခဏခဏ ခါးကိုင်းရတာ
• ပစ္စည်းအလေးအပင်တွေ မ ရတာ (ကလေးတွေမှာဆိုရင် ကျောပိုးအိတ်အလေးကြီး လွယ်ရတာ) စတာတွေပဲ ဖြစ်ပါတယ်။

လက်ပြင်ကုန်းတာရဲ့ နောက်ဆက်တွဲ ပြဿနာတွေက


လက်ပြင်ကုန်း တာကို မကုဘဲ ထားမယ်ဆိုရင် ကြွက်သားတွေက ဒီလို ရှေ့ကိုကုန်းနေတာက သူတို့ရဲ့ ပုံမှန်ပုံစံပဲလို့ ထင်ပြီး အသားကျသွားပါလိမ့်မယ်။ နောက်ပြီး ပုခုံးဆစ်ပေါ် ဒဏ်ပိတဲ့အတွက် ဇက်ကြောနဲ့ နောက်ကျောက ကြွက်သားတွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ အရိုးနဲ့ ကြွက်သားတွေ ထိခိုက်တာ၊ ကြည့်ရဆိုးတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။


ဘယ်လိုပျောက်အောင် ကုသနိုင်သလဲ။


ကံကောင်းတာက လက်ပြင်ကုန်းတာကို လေ့ကျင့်ခန်းတွေလုပ်၊ ကိုယ်နေဟန်ထားတွေ ပြင်ပြီး ကုသလို့ရပါတယ်။ ခုခေတ်မှာ ကိုယ်မှာ ဝတ်လို့ရတဲ့ braceတွေ ပေါ်နေပြီ ဆိုပေမယ့် သူက ဝတ်တုန်း ခဏပဲ ထိန်းပေးနိုင်တာပါ။ အဓိကကတော့ သတိထားပြီး ကိုယ်နေဟန်ထားကို ပြင်ပေးဖို့ပါပဲ။ ခါးလေးကုန်းနေပြီဆိုရင် ချက်ချင်းပဲ မတ်မတ်လေး ပြင်ထိုင်လိုက်ပါ။


လက်ပြင်ကုန်းတာ ပျောက်ဖို့အတွက် အဓိကကျတာ လေ့ကျင့်ခန်းလည်း မဟုတ်၊ braceဝတ်တာလည်း မဟုတ်ပါ။ ကိုယ်နေဟန်ထား ပြင်ပြီးနေတာက အဓိက အကျဆုံးပါပဲ။ ကျန်တာတွေက သက်သာရုံလောက်ပဲ တတ်နိုင်တာပါ။


နောက်ပြီး လက်ပြင်ကုန်းတာကို ကာကွယ်ဖို့

• ဖုန်းတွေ၊ ကွန်ပျူတာတွေကို တစ်ဆက်တည်း အကြာကြီး မသုံးပါနဲ့။
• ပစ္စည်းအလေးတွေကို အကြာကြီး မ မပါနဲ့။ ကလေးတွေဆိုလည်း လွယ်အိတ်မှာ ဝန်ပိမနေအောင် စာအုပ်တွေ ခွဲသယ်ပေးပါ။
• အကြာကြီး မထိုင်ပါနဲ့။ ထိုင်တဲ့အချိန်မှာလည်း ကိုယ်နေဟန်ထားကို သတိထားပါ။ သွားရင်းနဲ့ ဖြစ်ဖြစ်၊ ထိုင်ရင်းနဲ့ ဖြစ်ဖြစ် လက်ပြင်ကုန်း နေပြီဆိုရင် ချက်ချင်း ပုံစံပြင်လိုက်ပါ။


Youtube မှာလည်း လက်ပြင်ကုန်းတာပျောက်စေမယ့် လေ့ကျင့်ခန်းလေးတွေ ရှာဖွေပြီး လိုက်လုပ်ကြည့်လို့ ရပါတယ်။