Blog Detail Pic

မေးနှစ်ထပ်ဖြစ်တာ ပျောက်စေမယ့် နည်းလမ်းများ

by | 14 Feb 2022

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် အဆီပိုတွေရှိနေရင် ကြည့်မကောင်းပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေရှိနေရင်လည်းကြည့်ရဆိုးပါတယ်နော်။ ဒီအဆီပိုတွေက ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။

တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ

(၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း

ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။


(၂) X နဲ့ O လေ့ကျင့်ခန်း

အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို ဖြည်းဖြည်း ရွတ်ဆိုပါ။ အသံမထွက်ဘဲ ဒီအစိတ်အပိုင်းတွေ လှုပ်ရှားမှုဖြစ်ရုံ ရွတ်ရင်ရပါတယ်။ X – O လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အနည်းဆုံး ၁၂ ကြိမ် သုံးကျော့လုပ်ပါ။


(၃) မျက်နှာမော့ လေ့ကျင့်ခန်း

မျက်နှာကို အပေါ် နည်းနည်းမော့ပြီး O စာလုံးကို ဖြည်းဖြည်း ရွတ်ဆိုပါ။ မေးစေ့ကြွက်သားတွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းဖြစ်လို့ မေးနှစ်ထပ် အဆီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်း ကိုတော့ တစ်ခါလုပ်ရင် ၅ ကြိမ် လုပ်ပေးပါ။


(၄) လည်ပင်း ဘေးစောင်း လေ့ကျင့်ခန်း

မတ်မတ်ထိုင်ပြီး လည်ပင်းကို ကိုယ်တတ်နိုင်သလောက် ဘေးဘက် ဖြည်းဖြည်းချင်းစောင်းချပါ။ ဘယ်နဲ့ညာ တစ်ဖက်စီကို တစ်လှည့်စီ လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ် လုပ်ပေးပါ။


(၅) လျှာထုတ် လေ့ကျင့်ခန်း

လူများကြားထဲတော့ မလုပ်မိစေနဲ့ပေါ့နော်။ သူများကို ပြောင်ပြသလို ဖြစ်နေပါလိမ့်မယ်။ လျှာကို တတ်နိုင်သလောက် ရှေ့ကိုဆန့်ထုတ်ပါ၊ ဘေးတစ်ဖက်စီ ကိုလည်း လျှာကို လွှဲပြီး ထုတ်ပါ။ လျှာလေ့ကျင့်ခန်း လုပ်ရင်း မေးစေ့တစ်ဝိုက် ကိုပါ လှုပ်ရှားမှု ဖြစ်စေပါတယ်။ ဒါကိုတော့ ၁၂ စက္ကန့်လောက်ပဲ လုပ်ပါ။


(၆) အောက်မေးရိုး လေ့ကျင့်ခန်း

ဦးခေါင်းကို နည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်ပိုင်း ဆန့်ထုတ်ထားသလို ခံစားရတဲ့အထိ အောက်မေးရိုးကို ရှေ့ဘက်ဆန့်ထုတ်ပါ (မေးငေါ့ထားပါ)။ ဒီအတိုင်း ၁၀ စက္ကန့်နေပါ။ မေးရိုးကို ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပြီး ဦးခေါင်းကို နဂိုအနေအထားအတိုင်း ပြန်နေပါ။


(၇) နှုတ်ခမ်းစူ လေ့ကျင့်ခန်း

အပေါ်မှာ လုပ်ခဲ့သလိုပဲ ခေါင်းနည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်နားက မေးနှစ်ထပ် အရေပြားတွေ ဆန့်ထုတ်မိတဲ့ အထိ နှုတ်ခမ်းကို စူထုတ်ပါ။ နှုတ်ခမ်းကို ပုံမှန်အနေအထား ပြန်သွင်းပြီးမှ ဦးခေါင်းကို နဂိုအတိုင်း ပြန်ထားပါ။

ဒါတွေ လုပ်တယ် ဆိုပေမယ့် ချက်ချင်းကြီး ဖတ်ခနဲ အဆီကျသွားဖို့၊ သွယ်လျသွားဖို့ စိတ်ကူးမယဉ်ပါနဲ့ဦး။ လေ့ကျင့်ခန်း မှန်သမျှဟာ သူ့အချိန်ကာလ နဲ့ သူ ပုံမှန်လုပ်သွားရင်းမှ ရလဒ် သိသာတတ်တာပါ။

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက အဆီမဆို ကိုယ်လျှော့ချချင်သလို လောင်ကျွမ်းသွားဖို့က လေ့ကျင့်ခန်းနဲ့တင် မလုံလောက်သလို အစားလျှော့တာနဲ့တင် အဆင်မပြေနိုင်ပါဘူး။ ကျန်းမာလှပတဲ့ ကိုယ်အလေးချိန်နဲ့ အချိုးအစားတွေကို ထိန်းထားနိုင်ဖို့က အစားလည်း ဆင်ခြင်၊ လေ့ကျင့်ခန်းလေးတွေ လည်း လုပ်မှ ကိုယ်လိုချင်တဲ့ အလှတရား ကို ပိုင်ဆိုင်နိုင်မှာပေါ့။


မေးနှစ်ထပ် ကို ပျောက်ချင်ရင်တော့ စိတ်ရှည်ရပါမယ်။ အလှပြုပြင်တဲ့ ဆေးခန်းတွေမှာ အဆီစုပ်ထုတ်တာ၊ ကုထုံး အကူအညီ ယူတာ၊ V Shape ဆေးတွေသုံးတာတို့လို နည်းလမ်းတွေကလွဲလို့ အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မရနိုင်ပါဘူး။ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်း အနည်းဆုံး တစ်လလောက်တော့ စောင့်ရပါလိမ့်မယ်။