Blog Detail Pic

သင်စိတ်ဓာတ်ကျနေပြီလို့ဖော်ပြနေတဲ့ လက္ခဏာ ၁၀ ချက်

by | 17 Feb 2022

Depression ဆိုတဲ့ စကားလုံးကို အခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးနှုန်းနေတာကို တွေ့ရပါတယ်။ စိတ်ကျရောဂါဝေဒနာဆိုတာ စိတ်ဓာတ်ကျဆင်း၊ ဝမ်းနည်းပူဆွေး၊ မျှော်လင့်ချက်မဲ့ စတဲ့ ခံစားချက်အတော်များများရှိနေတဲ့ အခြေအနေကိုခေါ်ပါတယ်။


ဒါပေမယ့် ဘယ်လိုအရာတွေကသင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ စိတ်ကျရောဂါ ဝေဒနာဖြစ်နေတယ်ဆိုတာကို သတ်မှတ်ထားတဲ့ အချက်ဆယ်ချက်ထဲက အနည်းဆုံး ငါးချက်နဲ့အထက် ရက်သတ္တနှစ်ပတ်ကျော် ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေတယ် ဒါမှမဟုတ် စိတ်ကျတဲ့ဝေဒနာ ခံစားနေရတယ်ဆိုပြီး အမည်တပ်ပါတယ်။


ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။


• ၁။ စိတ်ဓာတ်တက်ကြွမှု လျော့နည်းလာတာ – စိတ်ဓာတ်ကျလာရင် လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း လျော့နည်းလာမှာပါ။


• ၂။ မပြတ်သားတော့တာ – လေ့လာချက်တွေအရဆိုရင် စိတ်ဓာတ်ကျနေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဓာတ်ကျနေရင် သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင် မလွယ်ကူတော့ပါဘူး။


• ၃။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့လာတာ – ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး အရာရာကို အဆိုးမြင်လာတာကလည်း စိတ်ဓာတ်ကျနေလို့ပါ။


• ၄။ အပြစ်ရှိသလို ခံစားနေရတာ – စိတ်ဓာတ်ကနေရင် မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။


• ၅။ စိတ်ဆိုးဒေါသထွက်လွယ်တာ – စိတ်ဓာတ်ကျလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေပါပဲ။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။


• ၆။ ပူပင်သောကများတာ – သောကများတာက စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ စိတ်ဓာတ်ကျရင် သောကပိုပွားပါတယ်။ ဒီရောဂါ ၂ ခုက ဆက်စပ်နေတာပါ။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒါတွေက သင်ပူပန်သောကများနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။


• ၇။ သေချင်စိတ်ပေါ်နေတာ – စိတ်ဓာတ်ကျတာ ပြင်းထန်လာရင် ဘဝကို လက်လျှော့ အရှုံးပေးလိုက်ချင်စိတ်က အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။


• ၈။ ရာသီသွေးဆင်းချိန် မမှန်တော့တာ – အမျိုးသမီးတွေ စိတ်ဓာတ်ကျလာရင် ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္တာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟိုမုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။


• ၉။ အိပ်မပျော်တာ – စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ်


• ၁၀။ ပုံမှန်မဟုတ်ပဲ နာကျင်လာတာ – ဘာထိခိုက်မှုမှ မရှိပါပဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက ကိုက်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတာကလည်း စိတ်ဓာတ်ကျနေတာကြောင့်ပါ။ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။


အထက်ပါ လက္ခဏာတွေထဲက တစ်ချို့ကို ပြသလာနေပြီဆိုရင် သင်စိတ်ဓာတ်ကနေတာဖြစ်နိုင်ပါတယ်


စိတ်ကျရောဂါဝေဒနာ ဘာကြောင့် ဖြစ်တာလဲ

ဘာကြောင့်ဖြစ်ရတာလဲဆိုတာကတော့ ပြောဖို့ခက်တယ်၊ အချက်အလက်တွေ အများကြီးပေါင်းဆုံပြီး ဖြစ်လာတတ်တယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒါအပြင် အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကြောင့် ဖြစ်တာလည်းရှိတယ်။ ပြောခဲ့သလိုပဲ မူးယစ်ဆေးတို့ အရက်တို့ အပါအဝင် ဆေးဝါးတွေ သုံးစွဲတာတွေအပြင် ခန္ဓာကိုယ်မှာဖြစ်လာတဲ့ ရောဂါဝေဒနာတွေကြောင့် စိတ်ကျရောဂါဝေဒနာ ဖြစ်ပေါ်လာတာတွေလည်း ရှိတယ်။ ဖြစ်နိုင်ခြေအကြောင်းအရာပေါင်းများစွာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တယ်။


စိတ်ကျရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ


အချင်းချင်းနီးစပ်တဲ့သူတွေကို ခံစားနေရတာတွေ ရင်ဖွင့်မယ်၊ ပြောပြမယ်၊ တိုင်ပင်ဆွေးနွေးမယ်၊ အကူအညီလိုရင် အကူအညီတောင်းခံမယ်။ ဒီလိုမှ မသက်သာဘူးဆိုရင် စိတ်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပေးတဲ့ တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ ပြသပြီးတော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။


တစ်နေ့တာအတွက် ပုံမှန်အစာအာဟာရ မျှတအောင်စားဖို့ လိုသလို ပုံမှန်ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။ လူမှုရေးကိစ္စတွေ၊ သာသနာရေးတွေမှာ ဝင်ရောက်ကူညီတာမျိုးတွေ လုပ်ပြီးတော့ တစ်ခုခုခံစားလာရရင် ရင်ဖွင့်ပြီး တိုင်ပင်ပြောကြားတာ၊ လိုအပ်ရင်လည်း အကူအညီ ယူစရာရှိတာကို ယူမယ်ဆိုရင် စိတ်ကျဝေဒနာမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။


စိတ်ကျရောဂါက သေချာကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါမပြင်းထန်ဘူး။ ဖိစီးမှုကလည်း နည်းတယ်။ မိသားစုရဲ့ ပံ့ပိုးမှုကလည်း ကောင်းတယ်ဆိုရင် အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။