Blog Detail Pic

လေ့ကျင့်ခန်းလုပ်မှ ဝက်ခြံထွက်လာတဲ့သူတွေရှိလား

by | 18 Feb 2022

ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။


ဝက်ခြံဆိုတာကလေ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့် အရေပြား ပြဿနာတွေက နည်းတာမဟုတ်ဘူးနော်။


လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်း အရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။


ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာ အသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။


လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ


ဒီလိုဆိုတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ လုပ်ရမလဲ ပြောပြပေးပါမယ်။


လေ့ကျင့်ခန်းလုပ်ရင်း ဝက်ခြံ မထွက်စေဖို့
လေ့ကျင့်ခန်းလုပ်ရင် အသားအရေကို နည်းစနစ်မှန်မှန် ဂရုစိုက်မယ်ဆိုရင် အသားအရေလေးလည်း ကြည်လင်မယ်၊ ခန္ဓာကိုယ် အချိုးအစားလည်း လှပလာမယ်ဆိုတာ အသေအချာပါ။

ဒီတော့ လေ့ကျင့်ခန်း မလုပ်ခင်မှာ

• မိတ်ကပ်တွေ လိမ်းထားရင်ဖျက်ပါ။ မျက်နှာကို မသစ်နိုင်ရင်တောင် oil-free makeup remover towel လေးနဲ့ မျက်နှာကို သန့်စင်ပါ။


• အဝတ်အစားတွေကို တစ်ခါဝတ်ပြီး တစ်ခါလျှော်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝတ်တဲ့ အဝတ်အစားတွေမှာ ကပ်တွယ်နေတဲ့ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အဆီတွေကြောင့် ဝက်ခြံတွေ မဖြစ်စေဖို့ တစ်ခါဝတ်ပြီးတိုင်း လျှော်ပါ


• အပြင်ထွက်ပြီး အပြေးလေ့ကျင့်မယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ထိခိုက်မှု နည်းစေဖို့ အဆီမပါတဲ့ နေလောင်ကာခရင်မ် လိမ်းပါ။


လေ့ကျင့်ခန်းလုပ်နေချိန်မှာ

• ချွေးသုတ်ဖို့ တဘက်သန့်သန့်လေးတစ်ခု ဆောင်ထားပါ။ ချွေးထွက်လာတိုင်း သုတ်ပေးပါ။ နေ့စဉ် အသစ်လျှော်ဖွတ်ထားတာကိုပဲ အသုံးပြုပါ။ ခပ်ဖွဖွလေး သုပ်ပါ။ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။


• လေ့ကျင့်ခန်းလုပ်ရာမှာ သုံးတဲ့ ကိရိယာတွေကို မသုံးခင်မှာ သန့်စင်ပါ။ အများနဲ့ မျှသုံးတယ်ဆိုရင်လည်း wet tissues သုံးလို့ သန့်စင်ပါ။

• မျက်နှာကို လက်နဲ့မကိုင်မိအောင် သတိထားပါ။


လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာ


• ချွေးတိတ်အောင်စောင့်လို့ ရေချိုးပါ။ ဒါက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။


• လက်ကို သေချာစင်ကြယ်အောင်ဆေးပြီး မျက်နှာကို သန့်စင်ပါ။


• ရေများများသောက်ပါ။


ဒီအချက်တွေကို သေချာ ဂရုစိုက်မယ်။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို သေသေချာချာ အသုံးပြုလို့ အသားအရေကို ဂရုစိုက်မယ်ဆိုရင် လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ခပ်ဝေးဝေးမှာ ခေါက်ထားနိုင်မှာ အသေအချာပါ။