Blog Detail Pic

သင့်အချစ်ရေးအဆင်မပြေတာ BPD ကြောင့်များလား

by | 21 Feb 2022

Relationship တစ်ခုမှာ ကိုယ့်ဘက်ကနေ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူတဲ့စိတ်တွေ၊ စိတ်အတက်အကျ မြန်လွန်းနေတာတွေ၊ ကိုယ့်ဆီကနေ တစ်စုံတစ်ယောက်က လုယူသွားမှာ ကြောက်တဲ့စိတ်တွေ၊ လူတစ်ယောက်ကို ကိုယ်ပဲ အပိုင်စားလိုချင်တဲ့ စိတ်တွေဖြစ်လာတာမျိုး ခံစားရဖူးလား။


စိတ်မပူပါနဲ့.....ဒီလိုခံစားချက်မျိုးက လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။


BPD ဆိုတာ ဘာလဲ?


ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။


ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ ကိုယ်တိုင်ကိုရော ကိုယ့်ချစ်သူကိုရော စိတ်ပူလောင်စေတဲ့ ရောဂါဖြစ်ပါတယ်။ ခုခေတ်လူငယ်တော်တော်များများ အချစ်ရေးမတည်မြဲကြတာလည်း ဒီစိတ်ရောဂါကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။


ဘာကြောင့် ဒီစိတ်ရောဂါဖြစ်လာရတာလဲ။


စိတ်ရောဂါတော်တော်များများက ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုတာ ရှားပါတယ်။ အချိန်အတော်ကြာအောင် ရင်ထဲမှာ အမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါရှိလို့ရှိမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့


• မိဘမျိုးရိုးမှာ ဒီလိုစိတ်ဝေဒနာရှိနေတာ
• နွေးထွေးကြင်နာတတ်တဲ့ မိသားစုရဲ့ အရိပ်အောက်မှာ ကြီးပြင်းခွင့်မရခဲ့တာ
• မိဘတွေနဲ့ ငယ်စဉ်ကတည်းက ကွဲကွာနေတာ၊ စွန့်ပစ်ခံရတဲ့ ကလေးတွေ
• အဖေနဲ့ အမေ အိမ်ထောင်ကွဲတာ
• သေချာပြုစုပျိုးထောင်ခြင်း၊ ဂရုစိုက်ပေးခြင်း မရှိဘဲ ကြီးပြင်းလာခဲ့ရတာ
• ဆွေမျိုး၊ မိဘတွေရဲ့ နှိပ်စက်ခြင်းခံရတာ
• စိတ်ခံစားချက်တွေကို ချိုးနှိမ်ခံရတာ
• ငယ်စဉ်ကတည်းက ဝမ်းနည်း၊ စိတ်ထိခိုက်လွယ်တာကြောင့်ပဲ ဖြစ်ပါတယ်။


BPD ရှိသူတွေမှာ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရလဲ?


ပုံမှန်အခြေအနေမှာ စိတ်အကောင်းကြီးဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်၊ သို့မဟုတ် တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေတဲ့အချိန်ကျမှသာ ဒီလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။


• ကိုယ်ချစ်တဲ့သူက စွန့်ပစ်သွားမှာ တွေးလိုက်ရင်ကို သေမတတ်ကြောက်တာ၊ ဒီအခြေအနေကို လုံးဝလက်မခံနိုင်တာ

• တွဲလိုက်သမျှ ရည်းစားတိုင်းနဲ့မမြဲတာ

• တကယ်လူတစ်ယောက်နဲ့ တွဲမိတဲ့အခါ ကိုယ်ထင်ထားသလိုမျိုး ပျော်ရွှင်နေတဲ့စိတ်၊ သာယာစိတ်မဖြစ်တာ

• စိတ်ခံစားချက်၊ အတွေးအခေါ်တွေက ပုံမှန်မဟုတ်တာ

• ကိုယ့်စိတ်နဲ့ ခန္ဓါကို ထိခိုက်စေအောင် နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာ

• အတိတ်မှာ သတ်သေဖို့ ကြိုးစားဖူးတာ

• ကိုယ့်အသားကို နာအောင်၊ သွေးထွက်အောင် မကြာခဏဆိုသလို လုပ်တတ်တာ

• စိတ်ခံစားချက်တွေက ရက်ပိုင်းလောက်မကြာဘဲ နာရီပိုင်းနဲ့တင် အတက်အကျ မြန်လွန်းတာ

• ကိုယ့်စိတ်ကို ထိန်းချုပ်ရခက်တာ

• ဒေါသဖြစ်လာပြီ၊ ဝမ်းနည်းလာပြီဆိုရင်လည်း ဘယ်လိုမှ ဟန်ဆောင်လို့မရတာ

• စိတ်ဖိစီးမှုကြောင့် တောင်တွေး မြောက်တွေး တွေးတတ်တဲ့ အကျင့်ရှိတာ

• မဖြစ်လာသေးတဲ့ အရာတစ်ခုကို ကြိုတွေး၊ စိတ်ကူးထဲမှာ ပုံဖော်နေတတ်တာ

• အသိစိတ်လွတ်နေတာ အစရှိတဲ့ လက္ခဏာတွေက BPD ရှိတဲ့သူတွေ အချစ်ရေးနဲ့ ကြုံလာတဲ့အခါမှာ ဖြစ်လာတတ်တဲ့ စိတ်ပုံမှန်မဟုတ် လက္ခဏာတွေပဲ ဖြစ်ပါတယ်။

အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေထဲက အနည်းဆုံး ၅မျိုးလောက် ရှိနေတယ်လို့ သင့်ကိုယ်သင် သတိထားမိတယ်ဆိုရင်တော့ ဒီရောဂါရှိနိုင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။


BPD ကို ဘယ်လိုကုသလို့ရမလဲ။


BPD ဆိုတာ လူငယ်တွေမှာ အရမ်းအဖြစ်များပြီး တော်တော်လေးကို ကုရခက်တဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန်အချိန်မှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းနေတဲ့ လူတစ်ယောက်က တခြားသူစိမ်းတစ်ယောက်နဲ့ ချစ်မိလိုက်တော့မှပဲ အသိစိတ်နဲ့ လူနဲ့မကပ်၊ အမြဲလိုလို ပူလောင်နေပြီး ကိုယ်မသိလိုက်ခင်မှာ ကိုယ့်အပြုအမူတွေက ချစ်သူကို သွားပြီး ထိခိုက်စေမိတော့ အချစ်ရေးက မမြဲတော့ဘူးပေါ့။


ဒါကြောင့် ဒီလိုပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဆုံးက Mental Health Councellors တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်တယ်လို့ပဲ အကြံပေးလိုက်ချင်ပါတယ်။