Blog Detail Pic

လည်ချောင်းနာခြင်းအတွက် အိမ်တွင်းနည်းလမ်းများ

by | 22 Feb 2022

လည်ချောင်းနာတယ်၊ အာသီးရောင်တယ်ဆိုတာ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ဖြစ်လေ့ရှိကြပါတယ်။ ခုကာလမှာဆိုရင်တော့ Omicron ကြောင့်လည်း နာတာဖြစ်နိုင်ပါတယ်။ မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။


၁ ။ ဆားရည်နွေးနဲ့ ပလုတ်ကျင်းခြင်း။ ။


လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ အာသီးကိုလည်းအရောင်လျော့စေတဲ့ အာနိသင်ရှိပါတယ်။ လည်ချောင်းနာ အာသီးရောင် ခြင်းကိုဖြစ်စေတဲ့ ပိုးများကို လည်းသေစေနိုင်ပါသေးတယ်။


ပြုလုပ်နည်း ။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို လက်ဖက်ရည် ပန်းကန်ထဲထည့် ရေနွေးလေးထည့်ပြီး ဆားများ အရည်ပျော်သွားတဲ့ အထိမွှေပေးပါ။ ရလာတဲ့ ဆားရည်နွေးနဲ့ လည်ချောင်းကို စက္ကန့် အနည်းငယ်လောက်ပလုတ်ကျင်းပေးပြီး ပြန်ထွေးထုတ်ပါ။ ပြီးရင် ရိုးရိုးရေနဲ့ ပြန်ပလုတ်ကျင်းပါ။


၂ ။ ရေနွေးကြမ်းနဲ့ ပျားရည်သောက်ခြင်း။ ။


ရေနွေးကြမ်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ ပျားရည်ကတော့ အရောင်ကျခြင်း အာနိသင်ကို ရှိစေတဲ့ အတွက်ကြောင့် အာသီးရောင်တာကို သက်သာစေပါတယ်။ ဒါပြင် ရေနွေးနဲ့ ပျားရည်ရောလိုက်မယ်ဆိုရင် အာသီးရောင် လည်ချောင်းနာတာကို ဖြစ်စေတဲ့ ပိုးတွေကို သေဆုံးနိုင်စေတဲ့ အစွမ်းရှိပါတယ်။ ဒီနည်းလေးဟာလည်း လည်ချောင်းနာ ၊ အာသီးရောင်တာကို သက်သာစေတဲ့ အစွမ်းထက် အိမ်တွင်းဆေးတစ်မျိုးဖြစ်ပါတယ်။


ပြုလုပ်နည်း။ ။ ရေပူပူကြီး မဟုတ်ဘဲ ရေနွေးနွေးလေးထဲကို ပျားရည်ပျော်ဝင်တဲ့ အထိ ထည့်မွှေပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် လည်ချောင်းနာ အာသီးရောင်ခြင်းကို သက်သာစေမှာပါ။


၃။ ဂျင်းပြုတ်ရည်သောက်ခြင်း။ ။


ဂျင်းပြုတ်ရည်ကတော့ တုပ်ကွေးရာသီဆို အိမ်တွင်းဆေးမှာ ဆရာတစ်ဆူပါ။ သူ့ အစွမ်းတွေကတော့ ကိုယ်ခံအားကို မြင့်တက်စေတာကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိတာ၊ ဂျင်းပြုတ်ရည် ပူပူလေးကိုသောက်လိုက်တာနဲ့ လည်ချောင်းနဲ့ အာသီးမှာဝင်နေတဲ့ ပိုးတွေ အကုန်သေစေတာ၊ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းရှိတာတွေဖြစ်ပါတယ်။ ဂျင်းပြုတ်ရည်ကို သောက်ပေးနိုင်သလို ၊ပလုတ်ကျင်းရည် အဖြစ်လည်း သုံးနိုင်ပါတယ်။


ပြုလုပ်နည်း။ ။ ဂျင်းကို ရေဆူဆူထဲထည့်ပြုတ်ပြီး ရလာတဲ့ အရည်ကို အအေးခံကာ နွေးနွေးလေးဖြစ်ပြီဆိုမှ ပျားရည်လေးရောပြီး သောက်ပေးပါ။ ဂျင်းပြုတ်ရည် ဒီတိုင်းနဲ့လည်း ပလုတ်ကျင်းပေးလို့ ရပါတယ်။


၄ ။ နို့ပူပူလေး တစ်ခွက်သောက်ပါ။ ။


နို့ပူပူလေးတစ်ခွက်ကို ညအိပ်ရာဝင်ခါနီးသောက်ပေးတာဟာ အာသီးရောင်တာ၊ လည်ချောင်းနာတာ အတွက်သာမက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အားလုံးအသိပါ။ နို့မှာပါတဲ့ အာဟာရဓါတ်တွေက ခုခံအားကို မြင့်တက်စေတဲ့ အပြင် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။


၅ ။ ငုံဆေးပြားတွေ ငုံပေးခြင်း(ဒါမှမဟုတ်) ခံတွင်းဖြန်းဆေးရည်တွေ အသုံးပြုခြင်း။ ။


ငုံဆေးပြားတွေဟာ ရောဂါပိုးတွေကိုတော့ တိုက်ထုတ်နိုင်စွမ်းမရှိပေမယ့် အာသီးရောင်ခြင်းခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ငုံဆေးပြား အများစုမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ပါရှိပါတယ်။ licorice ပါတဲ့ ငုံဆေးပြားတွေက ရောင်ရမ်းခြင်းကို သက်သာစေတဲ့ နေရာမှာ အလွန်အစွမ်းထက်လို့ အာသီးရောင်ခြင်းကို သက်သာစေပါတယ်။


ငုံဆေးပြား တွေကို ကလေးတွေမှာ မပေးသင့်ပါဘူး။ လည်ချောင်းမှာ တစ်သွားပြီး နင်နေတတ်လို့ပါ။ ကလေးတွေမှာဆို ငုံဆေးပြားတွေအစား ခံတွင်းဖြန်းဆေးရည် ( Spary) ဖြန်းပေးခြင်းကသာ ပိုသင့်တော်ပါတယ်။


၆ ။ ရေများများသောက်ပေးပါ။ ။


ရေများများသောက်ပေးရင် လည်ချောင်းမှာရှိနေတဲ့ပိုးမွှားတွေ အကုန် ဗိုက်ထဲရောက်သွားပြီး သေကုန်ပါတယ်။ ရေများများသောက်ရင် လည်ချောင်းခြောက်တာကိုလည်း သက်သာစေတဲ့ အတွက် လည်ချောင်းခြောက်ခြင်းကြောင့် ရနိုင်တဲ့ လည်ချောင်းကွဲတာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေပါတယ်။ ရေများများသောက်ဆိုတဲ့ နေရာမှာ ရိုးရိုးရေ၊ ရေကျက်နွေးတွေကတော့ ပိုကောင်းပါတယ်။ ရေခဲရေကိုတော့ မသောက်တာ အကောင်းဆုံးပါ။


လည်ချောင်းနာ၊ အာသီးရောင်တာဟာ လူကြီးလူငယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တချို့ လည်ချောင်း ခဏခဏနာတတ်တဲ့ လူတွေဟာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ ပိုးကို သယ်ဆောင်ထားတတ်ပါတယ်။ သူတို့ကနေ ချောင်းဆိုးတာ၊ နှာချေတာတွေကနေတစ်ဆင့် ပိုးတွေပျံ့ နှံ့တတ်ပါတယ်။ ဒါကြောင့် နှာချေ၊ချောင်းဆိုးရင် လက်ကိုင်ပုဝါလေးနဲ့ အုပ်ဆိုးမယ်၊ လက်ကိုလည်း အစာမစားခင်ဆေးမယ် သန့်သန့်ရှင်းရှင်းထားမယ်ဆို လည်ချောင်းနာစေတဲ့ ပိုးတွေလည်း မဝင်နိုင်တော့သလို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ ။