Blog Detail Pic

အိပ်ပျော်နေစဥ် ဘီလူးစီးခြင်း ( Sleep Paralysis )

by | 28 Feb 2022

လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီးတယ်လို့ ခေါပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။

ဒီလို ဘီလူးစီးခြင်းက ဘယ်အချိန်တွေမှာ အများအားဖြင့် ဖြစ်တတ်တာလဲ။

ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ ဖြစ်တဲ့ ဘီလူးစီးခြင်းကိုတော့ Postdormital sleep paralysis လို့ ခေါ်ပါတယ်။

ဖြစ်ရခြင်း အကြောင်းအရင်း


ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ဦးနှောက်ရဲ့တုန့်ပြန်မှုတွေ၊ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။


တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေအလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်ကထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေဖြစ်ပြီး REM ကတော့လုံးဝအိပ်ပျော်သွားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။


REM အချိန်မှာလူတွေပါ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိတယ်။ အိပ်မက်ထဲမှာဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိလိမ့်မယ်။ အဲဒီတော့ အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်းအပြင်မှာလျှောက်မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေအိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်းအပြင်မှာလိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို ဦးနှောက်က လှမ်းပိတ်ထားလိုက်ပါတယ်။ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်ကထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။


ဘီလူးစီးတဲ့အခါ


ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ ကိုယ်တိုင်ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ မလှုပ်ရှားနိုင်အောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူးစီးတဲ့အချိန်မှာ မအော်နိုင်မဟစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ကြွက်သားတွေကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။ အဲဒီလို ဘီလူးစီးတယ်ဆိုတဲ့အခြေအနေဖြစ်ပေါ်ရတာကတော့ REM အဆင့်ကနေ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံမှားယွင်းတာကြောင့် နိုးသွားပြီးလူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်ကအိပ်နေတယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ လှုပ်မရ၊ အော်မရ ဖြစ်လာတယ်။ အိပ်မက်မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်တော့ စိတ်ဒုက္ခရောက်စရာ ကြောက်စရာဖြစ်လာတယ်။ တခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်ကလူတစ်ယောက်ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။


နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေဟာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန်တာ လွန်ကဲပြီးဒီအခြေအနေဟာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ နောက်ဆက်တွဲဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့လူတွေမှာ အဲလိုလှုပ်လို့မရတဲ့အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံခံစားခဲ့ရတယ်လို့ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။



ဘယ်အချိန်တွေမှာပိုဖြစ်သလဲ


ဒီလို ဦးနှောက်က ဘာသာပြန်မှားယွင်းတာဟာ ဦးနှောက်ကိုအောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေ ဥပမာ လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါကအလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့မရတဲ့အခြေအနေထိဖြစ်လာပါတယ်။ ဘီလူးစီးခြင်း (Sleep paralysis)ဟာ အသက်အန္တရာယ်ဖြစ်လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်ဖို့ကောင်းတတ်ပါတယ်။
ဒီလူတွေမှာပိုဖြစ်တတ်ပါတယ်

ဘီလူးစီးတာဟာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်ကမှန်နေတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်ဖို့ ပြောတယ်လေ။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် လျှာ ဒါမှမဟုတ် အာခေါင်ပျော့တို့က ဖိအားဖြစ်စေတဲ့အတွက် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။


ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်တာနဲ့ အိပ်ရာကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်းသန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် ဘီလူးစီးခြင်း (Sleep Paralysis) ကိုကာကွယ်နိုင်ပါတယ်။