by | 18 Mar 2022

ခန္ဓာကိုယ် အစိတ်အပိုင်း လှူဒါန်းတယ်ဆိုတာက ကိုယ့်ခန္ဓာကိုယ်က တစ်စုံတစ်ရာသော အစိတ်အပိုင်းကို ခွဲစိတ်ဖြတ်တောက်ပြီး လိုအပ်နေသူကို လှူဒါန်းကူညီခြင်းတစ်မျိုးဖြစ်ပါတယ်။ များသောအားဖြင့် ခန္ဓာကိုယ် အစိတ်အပိုင်းလိုအပ်နေသူတွေဟာ အသက်ဘေးနဲ့ နီးစပ်နေသူတွေများပါတယ်။ ဒါကြောင့် ခုလိုလှူဒါန်းတာဟာ မွန်မြတ်တဲ့ လုပ်ရပ်တစ်ခုပါ။ လူ့ခန္ဓာကိုယ်ထဲက အစိတ်အပိုင်းတချို့ဟာ အကူအညီလိုအပ်နေတဲ့ တခြားတစ်စုံတစ်ယောက်ထံ ခွဲဝေလှူဒါန်းလို့ ရပါတယ်။ ဥပမာ ကျောက်ကပ်၊ အသည်း၊ မျက်ကြည်လွှာနဲ့ နှလုံးတို့ပေါ့။ ဘယ်လို အစိတ်အပိုင်းတွေကို လှူဒါန်းလို့ရသလဲ ခန္ဓာကိုယ်အစိတ်အပိုင်းတွေကို ခွဲစိတ်လှူဒါန်းလို့ရတာမှန်ပေမယ့် တချို့အစိတ်အပိုင်းတွေက လှူဒါန်းသူ ကွယ်လွန်ပြီးမှသာလှူဒါန်းနိုင်တာဖြစ်ပြီး တချို့ အစိတ်အပိုင်းတွေက အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ကိုယ်တွင်း အင်္ဂါတွေထဲမှာဆိုရင် ကျောက်ကပ်၊ အဆုတ်၊ အသည်း၊ နှလုံး၊ ပန်ကရိယနဲ့ အူတို့ကို အသက်ရှင်နေစဉ်မှာ လှူဒါန်းလို့ရပါတယ်။ ၂၀၁၄ ခုနှစ်မှာတော့ မျက်နှာနဲ့ လက်တို့ကိုလည်း အစားထိုးလို့ရတယ်လို့ သတ်မှတ်ခဲ့ပါတယ်။ အသည်း ဒီထဲမှာမှ အသည်းနဲ့ ကျောက်ကပ်အစားထိုးတာတွေကတော့ လူသိပိုများလှပါတယ်။ အသည်းအစားထိုးမယ်ဆိုရင် နည်းလမ်း ၃ မျိုးရှိပြီးတော့ Orthotopic transplant လို့ခေါ်တဲ့ မကြာသေးမီက သေဆုံးသွားသူထံမှ အသည်း အစားထိုးခြင်း၊ အသက်ရှိသူထံမှ အသည်းအစားထိုးခြင်း၊ အလှူရှင်ထံမှ အသည်းကို ခွဲခြမ်း အစားထိုးခြင်း စတာတွေပါပဲ။ အသည်းအစားထိုးပြီးရင်တော့ အစားထိုးထားတဲ့အသည်းဟာ လျင်မြန်စွာ ပြန်ကြီးမားလာနိုင်ပါတယ်။ အလှူရှင်ရဲ့ အသည်းကတောင် ပုံမှန်အရွယ်အစားအထိ ပြန်ကြီးနိုင်ပါတယ်။ အစားထိုးခံရတဲ့ လူနာမှာ တစ်ပတ်အတွင်း ပုံမှန်အသည်းရဲ့ ၈၅% အထိ ပြန်ကြီးနိုင်ပါတယ်။ ကျောက်ကပ် ကျောက်ကပ်အစားထိုးခြင်းဆိုတာ အသက်ရှင်နေတဲ့အလှူရှင်ဆီကဖြစ်စေ၊ သေဆုံးပြီး အလှူရှင်ဆီကဖြစ်စေ ကောင်းမွန်တဲ့ ကျောက်ကပ်ကို ထုတ်ယူပြီး လူနာရဲ့ ပျက်စီးနေတဲ့ ကျောက်ကပ်နဲ့ အစားထိုးခြင်း ဖြစ်ပါတယ်။ အသက်ရှင်သော အလှူရှင်ဆိုရင် မိသားစုဝင်ဖြစ်စေ၊ မိတ်ဆွေဖြစ်စေ၊ လုပ်ဖော်ကိုင်ဖက်ဖြစ်စေ စိတ်ပါသူ မည်သူမဆို ကျောက်ကပ်လှူဒါန်း နိုင်ပါတယ်။ သေဆုံးပြီးအလှူရှင်ဆိုရင်တော့ မကြာသေးမီက သေဆုံးပြီး နာတာရှည်ကျောက်ကပ်ရောဂါမရှိသူ ဖြစ်ရပါမယ်။ အဆုတ် အဆုတ်ကို အစားထိုးဖို့ လှူဒါန်းနိုင်တဲ့ နည်းလမ်း အမျိုးအစား ၄ မျိုးရှိပါတယ်။ အဆုတ်တစ်ခြမ်းလှူတာ၊ နှစ်ခြမ်းလုံးလှူတာ၊ Bilateral sequential နည်းလမ်းနဲ့ နှလုံးနဲ့ အဆုတ် ၂ မျိုးလုံး တစ်ပြိုင်နက်တည်းလှူဒါန်းတဲ့ Heart-lung transplant တို့ပါပဲ။ ဒီနည်းလမ်းတွေထဲမှာမှ ကျန်းမာတဲ့ အဆုတ်ကိုပိုင်ဆိုင်ထားပြီး ဆေးလိပ်မသောက်သုံးတဲ့လူတွေဟာ ကိုယ့်ရဲ့ အဆုတ်က Lobe တစ်ခုကို Single lung transplant လိုအပ်နေတဲ့ လူနာတွေဆီကို လှူဒါန်းလို့ရပါတယ်။ အဆုတ်မှာ Lobe ၅ ခု ရှိတာကြောင့်ပါ။ အူ အူရဲ့ အစိတ်အပိုင်းတစ်ချို့ကိုလည်း လှူဒါန်းလို့ရပါတယ်။ များသောအားဖြင့် အူကို ကွယ်လွန်သူ အလှူရှင်တွေဆီကနေ ရယူကြတာများပေမယ့် တစ်ခါတစ်ရံမှာလည်း အသက်ရှင်နေသူတွေဆီကနေ ရယူလို့ရနိုင်တယ်လို့ ဆိုပါတယ်။ သားအိမ် အမျိုးသမီးတွေဟာ သားအိမ်ကိုလည်း လှူဒါန်းနိုင်ပါတယ်။ သားအိမ်ကိုလည်း အသက်ရှင်နေစဉ်မှာပဲဖြစ်ဖြစ် ကွယ်လွန်ပြီးမှဖြစ်ဖြစ် လှူဒါန်းလို့ရပါတယ်။ အလှူရှင်တွေဟာ အသက် ၃၀ နဲ့ ၅၀ အကြားဖြစ်နေဖို့တော့ လိုအပ်ပါတယ်။ နောက်ပြီး ကျန်းမာပြီး ကလေးမွေးဖွားဖူးသူလည်းဖြစ်ဖို့ လိုပါတယ်။ ပန်ကရိယ ခန္ဓာကိုယ်တွင်းက အရေးကြီးအင်္ဂါတစ်ခုဖြစ်တဲ့ ပန်ကရိယကိုလည်း အသက်ရှင်နေချိန်မှာ လှူဒါန်းလို့ ရနိုင်ပါတယ်။ အများစုသော ပန်ကရိယ လှူဒါန်းမှုတွေကို အလှူရှင် ကွယ်လွန်ပြီး ၁၂ နာရီကနေ ၁၅ နာရီကြားမှာ ပြုလုပ်ကြတာဖြစ်ပေမယ့် အသက်ရှင်နေစဉ်မှာလည်း လှူဒါန်းလို့ရနိုင်တယ်လို့ UNOS က ဆိုထားပါတယ်။ လှူဒါန်းဖို့ ဆုံးဖြတ်ထားတယ်ဆိုရင် ကိုယ်က လှူချင်တယ်ဆိုရင် အရေးအကြီးဆုံးက ကျန်းမာနေဖို့ပါပဲ။ လှူဒါန်းရာမှာ သွေးအမျိုးမစား၊ တစ်ရှူးအမျိုးအစားနဲ့ အင်္ဂါအမျိုးအစားတွေ တူညီဖို့ လိုအပ်မှာဖြစ်ပြီးတော့ နာတာရှည်ရောဂါတွေ ကူးစက်ရောဂါတွေ မရှိဖို့လဲ လိုအပ်ပါတယ်။ ကျန်းမာအောင် ကိုယ်လက်လေ့ကျင့်ခန်းလုပ်တာ၊ အာဟာရပြည့်ဝအောင်စားတာတွေလည်း မဖြစ်မနေ လုပ်ဆောင်ဖို့သင့်ပါတယ်။ နောက်ပြီး ကိုယ့်ရဲ့ ဆုံးဖြတ်ချက်ဟာ ကိုယ်တိုင် စိတ်ဆန္ဒအရ ဆုံးဖြတ်တာမျိုးဖြစ်ဖို့လည်း မဖြစ်မနေလိုအပ်ပါတယ်။ ဘာလို့လဲဆိုတော့ ခန္ဓာကိုယ်အစိတ်အပိုင်းကို ဖယ်ရှားလှူဒါန်းတာဖြစ်တာမို့ ရေတိုရေရှည် သက်ရောက်မှုတချို့ ရှိမှာဖြစ်ပြီး ဒါတွေကို လက်ခံနိုင်ဖို့ လိုအပ်ပါတယ်။


by | 17 Mar 2022

ရေကို ပြည့်ဝလုံလောက်အောင် မသောက်ရင် ခန္ဓာကိုယ်မှာ ဘာဖြစ်လာမယ်ထင်လဲ….. တစ်နေ့တာမှာ ကျန်းမာနေစေဖို့ မဖြစ်မနေလုပ်ရမှာက အနည်းဆုံး ရေ ၈ ခွက်သောက်ဖို့ပါ။ ရေအစား အရည်တွေဖြစ်တဲ့ အချိုရည်တွေ၊ လက်ဖက်ရည်၊ ကော်ဖီ၊ ဆိုဒါ နဲ့ ဘီယာလိုမျိုး အရည်တွေကတော့ ရေအစားထိုးသောက်ဖို့ မသင့်တော်ပါဘူး။ ရေငတ်ပြေစေနိုင်ပေမယ့် ခန္ဓာကိုယ်ရဲ့ ရေဓာတ် လိုအပ်ချက်ကိုတော့ မဖြည့်ပေးနိုင်ပါဘူး။ အကြောင်းကတော့ ဒီသောက်စရာတွေမှာ သကြား၊ ဆား၊ ကဖင်း၊ အယ်လ်ကိုဟော စတာတွေ ပါဝင်နေလို့ပါပဲ။ ဒါတွေက ရေဓာတ်မပြည့်စေတဲ့အပြင် ခန္ဓာကိုယ်ထဲက ရေဓာတ်ကိုတောင် ဆုံးရှုံးစေနိုင်ပါသေးတယ်။ ရေငတ်မှ ရေဆာမာ ကိုယ်တွင်းမှာ ရေဓာတ်ခမ်းခြောက်မှုဖြစ်စဉ် စတာမဟုတ်ပါဘူး။ ရေဓာတ်မပြည့်ဝတာ၊ ရေဓာတ်ခမ်းခြောက်တာတွေက မလိုလားအပ်တဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကို ဖြစ်စေနိုင်တာကြောင့် နေ့ရက်တိုင်းမှာ ကျန်းမာနေစေဖို့ဆိုရင် အကောင်းဆုံးက ရေဓာတ်ပြည့်ဝအောင် သောက်သုံးတာပါ။ ရေဓာတ်မပြည့်ဝတဲ့အခါ ခန္ဓာကိုယ်မှာ ဘာတွေဖြစ်လာမလဲ………….. တစ်နေ့တာကို ရေ ၈ ခွက် ပြည့်အောင်မသောက်မိတာက တစ်ရက် နှစ်ရက်မဟုတ်ဘဲ ရက်ဆက်ဖြစ်လာတဲ့အခါ ခန္ဓာကိုယ်က ရေဓာတ်လုံလောက်မှု နည်းလာပါတယ်။ ဒီလို ရေဓာတ်ပြည့်ဝလုံလောက်မှု မရှိတဲ့အခါ ခန္ဓာကိုယ်မှာ ကိုယ်ခံအား နည်းလာမယ် လူ့ခန္ဓာကိုယ်ရဲ့ ၇၁ ရာခိုင်နှုန်းကို ရေတွေနဲ့ ဖွဲ့စည်းထားတာပါ။ ကျန်းမာတဲ့ လူတစ်ယောက်ဟာ သီတင်းပတ်တစ်ခုလောက် ရေမသောက်ဘဲ ရှင်သန်နိုင်ပါတယ်။ ဒါပေမယ့် ကိုယ်ထဲမှာ ရေဓာတ် မလုံလောက်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေနဲ့ အညစ်အကြေးတွေကို ဖယ်ရှားဖို့ ခက်ခဲလာပါမယ်။ ဒီလိုနဲ့ အဆိပ်အတောက်တွေကို မစွန့်ထုတ်နိုင်တော့တဲ့အခါ ခန္ဓာကိုယ်ရဲ့ ဇီဝကမ္မဖြစ်စဉ် ဟန်ချက်ညီမှု ပျက်သွားပြီး ရောဂါပိုးတွေ ဝင်ရောက်ကူးစက်ရဖို့ လွယ်ကူ သွားပါတယ်။ ရေဓာတ်နည်းတာက ခန္ဓာကိုယ် အင်အားကို ဆုတ်ယုတ်စေပြီး ကိုယ်ခံအားစနစ်ကို အားနည်းစေပါတယ်။ နှလုံးကျန်းမာရေးကို ထိခိုက်စေတယ် ခန္ဓာကိုယ်မှာ ရေဓာတ်နည်းလာတဲ့အခါ သွေးတွေက ပျစ်လာပါတယ်။ ဒီလိုပျစ်လာတာက သွေးစီးဆင်းမှုကို အဟန့်အတားဖြစ်စေပြီး နှလုံးဆီ သွေးရောက်ရှိမှု နည်းစေပါတယ်။ ဒီလိုကနေ သွေးတိုးတာ၊ သွေးတွင်း ကိုလက်စထရောများတာတွေ ဖြစ်စေပါတယ်။ ဒီအခြေအနေတွေက နှလုံးရောဂါဖြစ်စေဖို့ တွန်းအားပေးနေပါတယ်။ အဝလွန်စေနိုင်တယ် ရေနည်းနည်းပဲသောက်တာက ကိုယ်တွင်းက ဇီဝကမ္မဖြစ်စဉ်တွေကို ကျဆင်းစေပါတယ်။ ခန္ဓာကိုယ်က အဆိပ်အတောက်တွေကို ထိထိရောက်ရောက် မဖယ်ရှားနိုင်တဲ့အခါ အဆီဆဲလ်တွေထဲမျာ အညစ်အကြေးတွေစု လာစေပါတယ်။ ဒီအခြေအနေမှာ ရေကို ပြည့်ဝအောင်မသောက်မိဘဲ အချိန်ကြာမြင့်စွာနေမယ်ဆိုရင် ရေရှည်မှာ အဝလွန်လာမှာပါ။ ဒီပြဿနာကို ဖြေရှင်းဖို့ အကောင်းဆုံး နည်းလမ်းက မနက်စာ မစားခင်၊ နေ့လယ်စာ မစားခင် နဲ့ ညစာ မစားခင်တိုင်းမှာ ရေတစ်ခွက်ကနေ ၂ ခွက်လောက်အထိသောက်ပေးပါ။ ဒီလို ပုံမှန်လုပ်ပေးမယ်ဆိုရင် အဝလွန်တာကို အထိရောက်ဆုံး ကာကွယ်နိုင်မှာပါ။ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်စေတယ် နေ့စဉ်နဲ့အမျှ ရေဓာတ်မပြည့် မလိုအပ်ဘဲ အရေးအကြောင်းတွေကို ဖြစ်စေနိုင်ပါတယ်။ အရေပြားရဲ့ ၂၀ ရာခိုင်နှုန်းကို ရေဓာတ်နဲ့ ဖွဲ့စည်းထားတာဖြစ်တာကြောင့် ရေဓာတ် မပြည့်ဝတဲ့အခါ အရေပြားမှာ အရေးအကြောင်းတွေ ဖြစ်လာစေမှာပါ။ အရေပြားရဲ့ ကော်လာဂျင်ထွက်ရှိမှု ကောင်းစေပြီး တင်းရင်းလှပ စေဖို့ဆိုရင် ရေများများသောက်ပေးပါ။


by | 16 Mar 2022

အသားအရေ အမျိုးအစားတွေ အများကြီးထဲမှာမှ ကိုယ်က ဘာလို့ Sensitive skin type ဖြစ်နေရတာလဲ။ အရင်ကတည်းက မဟုတ်ပါဘူး။ အခုနောက်ပိုင်းမှာ အသားအရေက တစ်ခုခုဆို အလွဲမခံဘူး အဖုအပိန့်တွေထွက်လာတယ်၊ တစ်ခုခုလွဲတာနဲ့ ဝက်ခြံတွေထွက်လာတယ်၊ ရောင်လာတယ်။ ဆိုတာက မူလ စင်စစ် sensitive skin type မဟုတ်ပါဘူး။ ဒီ အသားအရေအမျိုးအစားက မူလက acne – prone အမျိုးအစားဖြစ်နိုင်သလို ခြောက်သွေ့တဲ့ အမျိုးအစား တစ်မျိုးမျိုး ဖြစ်နိုင်ပါတယ်။ ဖြစ်နိုင်ခြေ အများဆုံးက ဝက်ခြံအထွက်များတဲ့ Acne- prone အမျိုးအစား ဖြစ်နိုင်ပါတယ်။ ဝက်ခြံဆိုတာက လူအတော်များများ ခံစားနေရတဲ့ ပြဿနာ။ အခြားအရာတွေထက် ကြည့်ရဆိုးစေတဲ့ အသားအရေ ပြဿနာပါ။ ဝက်ခြံဆိုတာနဲ့တင် ပြီးလားဆိုတော့ ဝက်ခြံ ထွက်လာပြီဆိုရင် ဝက်ခြံအပြင် ဝက်ခြံဖု သက်သာသွားတယ်ဆိုရင်တောင် ကုတ်မိ၊ ဆွမိတာကြောင့် ဝက်ခြံ အမာရွတ်တွေ ကျန်နေနိုင်ပါသေးတယ်။ ဒီလို ကျန်တဲ့အခါဖြစ်ဖြစ်၊ ဝက်ခြံ ထွက်တဲ့အခါဖြစ်ဖြစ် ပျောက်ချင်ဇောနဲ့ ဝက်ခြံပျောက်တယ်ဆိုတဲ့ ဆေးတွေ၊ ဆေးမြီးတိုတွေကို သုံးတတ်ကြပါတယ်။ ဒီလို သုံးတဲ့အခါ ချက်ချင်း သက်သာသွားမယ်လို့ ယူဆတတ်ကြပါတယ်။ ဝက်ခြံသက်သာစေမယ့်ဆိုတဲ့ ဆေး၊ လိမ်းစရာ တစ်ခုခုကို လိမ်းတယ်။ တစ်ရက်ကနေ ၂ ရက်အထိ မသက်သာဘူး။ ၃ ရက်လောက်လည်း ဒီအတိုင်းပဲဆိုရင် လုပ်တတ်တာက နောက်တစ်မျိုး ပြောင်းသုံးလိုက်တာပါ။ ဒီလို သုံးတာက အချိန်ကြာလာတဲ့အခါ အသားအရေကို ထိခိုက်စေပြီး အသားအရေက အမှားမခံတဲ့ အခြေအနေ ဖြစ်လာပါတယ်။ ဒီအခါ အလွယ်တကူပဲ Sensitive skin type ရယ်လို့ ခေါင်းစဉ် တပ်လိုက်ကြပါတယ်။ တကယ်ကတော့ ဒါက လူကနေ ဖန်တီးမှုကြောင့် အသားအရေ ထိခိုက်ရာကနေဖြစ်လာတဲ့ Sensitive skin အမျိုးအစားပါ။ ဒီလိုမဖြစ်စေဖို့ ဘယ်လို ကာကွယ်လို့ရမလဲ? အထိမခံ ရွှေပန်းကန် အသားအရေရှိတဲ့ သူတွေဟာ အင်မတန်ကို ဂရုစိုက်ပေးရပါတယ်။ ဂရုစိုက်နေရင်းနဲ့ပဲ တစ်ခုခုပြီးတစ်ခု ဖြစ်နေတာလည်း ဒီလို အသားအရေမျိုးပါပဲ။ နေ့စဉ်နေ့တိုင်း ရေချိုးပြီးတဲ့အခါမှာတောင် အသားအရေက ချက်ချင်းဆိုသလို နီလာတာ၊ ယားလာတာ၊ ခြောက်လာတာတွေနဲ့ အမြဲဒုက္ခပေးတတ်ပါသေးတယ်။ ဒါ့ကြောင့် sensitive skin ရှိတဲ့ သူတွေအတွက် အဲလို ပြသနာတွေကို ရှောင်ရှားနိုင်ဖို့ဆိုရင် • အသားအရေကို ကြမ်းကြမ်းတမ်းတမ်း သန့်စင်တာမျိုး မလုပ်ပါနဲ့။ • ဓာတုပစ္စည်းတွေ ပါနေတဲ့ ဆပ်ပြာတွေ၊ မျက်နှာသန့်စင်တဲ့အရာတွေ မသုံးပါနဲ့။ • ဝက်ခြံအတွက် skin care တစ်ခုခု သုံးတဲ့အခါ အနည်းဆုံး ၄၅ ရက်ကနေ ရက်ပေါင်း ၆၀ လောက်အထိ သုံးပေးပါ။ ဒါမှ အသားအရေအပေါ် အကျိုးသက်ရောက်မှုကို သိရမှာပါ။ • စတီးရွိုက်ပါတာတွေကို မသုံးပါနဲ့။ • မျက်နှာကို ကုတ်ဖဲ့တာတွေ မလုပ်ပါနဲ့။ • ခဏခဏ မျက်နှာ မသစ်ပါနဲ့။ • အစိုဓာတ်ထိန်းခရင်မ် ပုံမှန်လိမ်းပေးပါ။ gel အမျိုးအစားဆိုရင် ပိုအဆင်ပြေပါတယ်။ • ဓာတုပစ္စည်းတွေပါဝင်တဲ့ ပစ္စည်းတွေအားလုံးက sensitive skinပိုင်ရှင်တွေနဲ့ ရန်သူပါပဲ။ ဒါ့ကြောင့် ဆပ်ပြာကို လိုအပ်သလောက်ထပ်ပိုပြီး အများကြီး မသုံးမိဖို့ အရေးကြီးပါတယ်။ ဒါ့အပြင် scrub တွေ၊ exfoliate လုပ်တဲ့ ပစ္စည်းတွေ မကြာခဏ သုံးမယ်ဆိုရင် sensitive skinကို ပိုပြီးဆိုးသွားစေနိုင်ပါတယ်။ • ခန္ဓာကိုယ်မှာ လိမ်းမယ့်၊ အသုံးပြုမယ့် အသုံးအဆောင်တွေ (ဥပမာ- ဆပ်ပြာ၊ lotion ၊ moisturizer ) စတာတွေကို ရွေးချယ်တဲ့အခါမှာ အမွှေးနံ့တွေ၊ ဆိုးဆေးတွေ၊ အရက်ပြန်ပါတာတွေ ကို ရှောင်ကြဉ်သင့်ပါတယ်။ ဒါ့အပြင် ကိုယ်သုတ်ပဝါ၊ မျက်နှာ သုတ်ပဝါတွေဆိုရင်လည်း နူးညံ့တာလေးတွေ ရွေးချယ်အသုံးပြုသင့်ပါတယ်။ အထိမခံ အသားအရည်ကို ပိုင်ဆိုင်ထားလို့ အရမ်းကြီး စိတ်မညစ်ဘဲ ဖြစ်လေ့ရှိတဲ့ အရေပြားပြဿနာတွေ လျော့နည်းအောင် ဒီဆောင်းပါးလေးက အထောက်အကူဖြစ်လိမ့်မယ်လို့ ယုံကြည်ပါတယ်။


by | 15 Mar 2022

ကြောင်နဲ့ ဓာတ်မတည့်ဘူးဆိုတာက ကြောင်ကို မချစ်တာ၊ ကြောင်ကို ကြည့်မရတာကို ပြောတာမဟုတ်ပါဘူး။ ကြောင်အနားကပ်လိုက်တာနဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စခံစားရတာကို ပြောတာပါ။ ကြောင်မချစ်တဲ့သူတွေမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေရှိရင် ပြဿနာ မရှိပေမယ့် ကြောင်ချစ်တဲ့သူတွေ အဖို့ကတော့ ဒီလို ကိုယ်ချစ်တဲ့ ကြောင်လေးနဲ့ ကိုယ်နဲ့က ဓါတ်မတည့်ဘူးဆိုတဲ့ ခံစားမှုဟာ တော်တော်ကိုခံရခက်ပါတယ်။ ကြောင်နဲ့ဓါတ်မတည့်တာ ဘာကြောင့် ဖြစ်ရတာလဲ ။ ။ ကြောင်ရဲ့ တံတွေး၊ အမွှေးမျှင်မှာ ကပ်နေတဲ့ဖုန်တွေ၊ ဆီး၊ ဝမ်းတို့ကို ကြောင်နဲ့ ဓါတ်မတည့်တဲ့သူတွေရဲ့ ကိုယ်ခန္ဓါက ပြင်းထန်စွာ တုန့်ပြန်တတ်ပါတယ် ။ တစ်ချို့ကြောင်နဲ့ လုံးဝ ဓါတ်မတည့်သူတွေဆို ကြောင်ရှိတဲ့အိမ်ကို သွားလိုက်မိတာနဲ့တင် ဓါတ်မတည့်မှု ဆိုးဆိုးဝါးဝါး ဖြစ်တတ်ပါတယ်။ ဓါတ်မတည့်မှုဝေဒနာတွေ ခံစားနေတဲ့သူ၊ ပန်းနာရင်ကြပ်ရှိနေတဲ့သူတွေက ကြောင်နဲ့ ဓါတ်မတည့်မှု ပိုဖြစ်တတ်ပါတယ်။ ကိုယ့်ဆီမှာ ဒီလို ကြောင်နဲ့ ဓါတ်မတည့်တဲ့ လက္ခဏာတွေ စတင်ခံစားနေရပြီဆို သတိထားဖို့လိုပါတယ်။ ။ ကြောင်အနားကပ်လာပြီ ( ဒါမှမဟုတ် ) ကြောင်ရှိတဲ့ အိမ်ကို ရောက်သွားပြီဆိုတာနဲ့ • ပန်းနာရင်ကြပ်ရှိတဲ့သူတွေ ကြောင်နဲ့တွေ့ပြီး ပန်းနာရင်ကြပ်ရောဂါ ပြန်ထလာတာ • အသက်ရှူလမ်းကြောင်းဆိုင်ရာ လက္ခဏာတွေ ဖြစ်တဲ့ – ေချာင်းဆိုး၊ နှာစေး၊ နှာခေါင်းပိတ်တာတွေ • မျက်လုံးတွေယားပြီး နီနေတာမျိုး • အရေပြားမှာ အနီကွက်ထပြီး ယားတာမျိုး • ကြောင်ဆီက ထွက်လာတဲ့ အမှုန်တွေ ထိတဲ့နေရာ ကြောင်ထိသွားတဲ့နေရာမှာ အနီကွက်ဖြစ်ပြီး ယားယံတာ တွေဖြစ်တတ်ပါတယ်။ ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေကတော့ အသက်ရှူကြပ်တာ၊ ေသွးပေါင်တွေ ထိုးကျသွားတာ၊ သတိလစ်သွားတာတို့ပါ။ ဒီလက္ခဏာတွေက ပြင်းထန်ဓါတ်မတည့်ခြင်း လက္ခဏာတွေ ဖြစ်လို့ ဒီလက္ခဏာတွေ ရှိရင် ဆေးကုသမှုချက်ချင်းခံယူဖို့ မပေါ့ဆသင့်ပါဘူး။ ကြောင့်ရဲ့ အမွေးတွေ၊ ကြောင်ဆီက အမှုန်တွေက ပရိဘောဂတို့၊ ကြမ်းပြင်တို့၊ ကောဇောတို့မှာ ကပ်ကျန်နေတတ်တာကြောင့် ကြောင်မရှိတော့ရင်တောင် ဓါတ်မတည့်တဲ့ လက္ခဏာတွေ ဆက်ပြီးခံစားရတတ်ပါတယ်။ ဒီလို ပြဿနာကို ကုသလို့ရပါသလား ။ ။ ကြောင်နဲ့ ဓါတ်မတည့်တဲ့ ပြဿနာဟာ အခြားဓါတ်မတည့်တဲ့ ပြဿနာတွေလိုပဲ ကုသလို့ရတဲ့ ဓါတ်မတည့်မှုတစ်မျိုးပါ။ ဆေးကုသလိုက်ရင် ကြောင်နဲ့ ဓါတ်မတည့်တာမျိုး မရှိတော့တာကို ပြောတာမဟုတ်ပါဘူး။ ဓါတ်မတည့်တဲ့ လက္ခဏာတွေကို ပိုဆိုးမသွားအောင်ထိန်းထားနိုင်တာမျိုးပါ။ • ပန်းနာရင်ကြပ်ရှိတဲ့သူတွေဟာ ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးငွေ့ထပ်ရှူတာမျိုး၊ ဖြန်းဆေးရှူတာမျိုး၊ ဆေးသောက်တာမျိုး လုပ်ပေးလို့ရပါတယ်။ • ကြောင်နဲ့ဓါတ်မတည့်တတ်ရင် အိမ်မှာ ကောဇော မခင်းထားပါနဲ့။ ကောဇောတွေမှာ ဖုန်တွေ ၊ ကြောင်အမွှေးတွေ ကပ်နေနိုင်လို့ပါ။ • အိမ်ခန်းထဲ၊ အိပ်ရာထဲ၊ ကို ကြောင်တွေ မဝင်နိုင်အောင်သေချာ ပြင်ဆင်ထားပါ။ ခြင်လုံဇကာ တပ်ထားတာမျိုးတို့ပေါ့။ • ဘေးအိမ်မှာကြောင်တွေ မွေးထားရင်လည်း ဘေးအိမ်ကလူတွေကို ကြောင်အမွှေးတွေကို သန့်ရှင်းပေးဖို့ ပြောပေးပါ။ • ကိုယ့်မှာ ကြောင်နဲ့ဓါတ်မတည့်တဲ့ ပြဿနာရှိနေရင် ကြောင်ကို ဘယ်လောက်ချစ်ချစ် ကိုင်တွယ် ပွတ်သတ်ခြင်း မလုပ်ပါနဲ့။ • ဓါတ်မတည့်မှု ပြင်းထန်တတ်တဲ့သူတွေ အနေနဲ့ ဆရာဝန်နဲ့တိုင်ပင်ပြီး ထိုးဆေးကိုအိမ်မှာဆောင်ထားက အရေးကြုံလာတိုင်း ဆေးထိုးတတ်အောင် သင်ထားသင့်ပါတယ်။ ဒီလို ဓါတ်မတည့်တဲ့ ပြဿာနာရှိသူတွေ ဘာတွေ သိထားသင့်သေးလဲ ။ ။ • ကြောင်နဲ့ဓါတ်မတည့်ဘူးဆိုတော့ အဓိကက ကြောင်နဲ့ မထိတွေ့ဖို့ပါဘဲ။ ကိုယ်က ကြောင်မွေးထားရင် ကြောင်ကို သူများပေးလိုက်သင့်သလို ကြောင်ရှိတဲ့အိမ်တွေကိုလည်း ရှောင်သ့င်ပါတယ်။ • ပြောမယ့်သာ ပြောရတာ ကြောင်ချစ်တတ်တဲ့သူတွေ အတွက်တော့ ဒီလို ကိုယ့်ကြောင်လေးကို သူများပေးလိုက်ရမယ့်ကိစ္စဟာ တွေးတောင်မကြည့်နိုင်တဲ့ကိစ္စပါ.။ ဒီတော့ ကြောင်ကိုဆက်ထားမယ်၊ ဆေးသောက်မယ် ဒီလိုဆိုရလား ။ ကြောင်ဓါတ်မတည့်မှုဟာ အရမ်းကြီးပြင်းထန်မနေရင်တော့ ဆေးသောက်မယ်၊ ကြောင်မွေးတွေကိုလည်း သေချာ သန့်ရှင်းရေးလုပ်မယ်၊ အိမ်မှာလည်း ကြောင်ကိုနေရာသီးသန့်ခွဲပေးထားပြီး အိပ်ခန်းထဲ အဝင်မခံဘူး၊ ကောဇောလည်း ခင်းမထားဘူးဆိုရင်ကြောင်ကို အိမ်မှာဆက်ထားလို့ရပါတယ်။


by | 14 Mar 2022

သင်ချစ်မြတ်နိုးရတဲ့ တစ်ယောက်ယောက်နဲ့ ပြတ်စဲလမ်းခွဲရတဲ့အခါ ဘယ်လိုခံစားရလေ့ရှိသလဲ။ အင်မတန်ကို ကြေကွဲဝမ်းနည်းခံစားရမယ်ဆိုတာ ပြောဖို့တောင်မလိုလောက်ပါဘူး။ လမ်းခွဲတာ၊ပြတ်စဲတာဟာဘယ်လိုပုံစံမျိုးပဲဖြစ်ဖြစ် (အချိန်ကြာကြီးတွဲခဲ့တာပဲ ဖြစ်ဖြစ်၊ ခဏတဖြုတ်တွဲရသေးတာပဲ ဖြစ်ဖြစ်၊ အင်မတန်ချစ်မြတ်နိုးကြတဲ့ စုံတွဲပဲဖြစ်ဖြစ် ဒါမှမဟုတ် သူငယ်ချင်းချစ်သူအဆင့်ပဲဖြစ်ဖြစ်) စိတ်ချင်းဆက်သွယ်ခဲ့ကြပြီးပြီဆိုရင် နာကျင်ခံစားရမှာအသေအချာပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ဒီလိုအသည်းကွဲတာကို ကုသပေးနိုင်တဲ့ နည်းလမ်းဆေးမြီးတိုလေးတွေလည်း ရှိနေပါသေးတယ်။ အားရပါးရငိုပါ။ ငိုကြွေးတာကို မကောင်းတဲ့အရာတစ်ခုအဖြစ် လူတွေကသတ်မှတ်ကြပေမယ့် ငိုကြွေးခြင်းဟာ တကယ်တမ်းတော့ ခန္ဓါကိုယ်ရဲ့သဘာဝအလျောက်တုံ့ပြန်မှုတစ်ခုသာ ဖြစ်ပါတယ်။ လမ်းခွဲပြတ်စဲတဲ့ စိတ်ဖိအားဒဏ်ရာကြောင့် ထွက်ရှိလာတဲ့ ဟော်မုန်းတွေ မျက်ရည်ထဲမှာပါဝင်ပါတယ်။ ဆိုလိုတာက ငိုကြွေးလိုက်မယ်ဆိုရင် ဒီမကောင်းတဲ့ ဟော်မုန်းတွေ ခန္ဓါကိုယ်ထဲကနေ အပြင်ကိုထွက်ရှိသွားလိမ့်မယ်လို့ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် သင်ဟာ ယောက်ျားလေးပဲ ဖြစ်ဖြစ် မိန်းကလေးပဲ ဖြစ်ဖြစ် လမ်းခွဲပြတ်စဲပြီးတဲ့အချိန်မှာ ပထမဆုံးလုပ်ရမယ့်အလုပ်က အားပါးတရငိုလိုက်ဖို့ပါပဲ။ ဘာကိုမှ ဂရုစိုက်မနေပါနဲ့။ အကျယ်ကြီး အော်ငိုလိုက်ပါ။ မျက်ရည်တွေကုန်သွားပြီလို့ထင်ရတဲ့အထိ ငိုပစ်ပါ။ ငိုတာ ရှက်စရာမဟုတ်ပါဘူး။ သိပ္ပံနည်းကျ ပြောရရင် ငိုကြွေးခြင်းဟာ ဝမ်းနည်းမှု၊ စိတ်ထိခိုက်မှုတွေကို ရင်ဆိုင်နိုင်ဖို့ကူညီပေးပါတယ်။ ဒါကြောင့် ဒီတစ်ရက်တော့ ငိုလိုက်ပါ။ တစ်ကိုယ်တည်း နေဖို့အချိန်ပေးပါ။ ပြင်ပကမ္ဘာနဲ့ ခဏတဖြုတ်အဆက်အသွယ်ဖြတ်ပါ။ ဒီလိုပြောလိုက်လို့ လနဲ့ချီပြီး အခန်းတံခါးပိတ်နေဖို့ ပြောတာမဟုတ်ပါဘူး။ တခြားလူတွေနဲ့ ခဏတဖြုတ်အဆက်အသွယ်မလုပ်ဖို့ဆိုလိုတာ ဖြစ်ပါတယ်။ သင့်အသည်းကို ခွဲသွားသူကို သွားပြီးအဆက်အသွယ်မလုပ်ဖို့ကတော့ ပြောစရာတောင်လိုမယ်မထင်ပါဘူးနော်။ လမ်းခွဲပြတ်စဲတာကြောင့် နာကျင်ခံစားရတာတွေဟာ အချိန်ပေးဖို့လိုပါတယ်။ အချိန်ကြာလာရင် သူ့အလိုလို ပြန်ကောင်းလာမှာပါ။ သင်ဘာဖြစ်နေလဲ၊ ဘာကြားချင်လဲဆိုတာကို တဖက်ကနားလည်ပေးနိုင်တဲ့အချိန်မျိုးဆိုရင်တော့ ရင်ဖွင့်ရတာ၊ စကားပြောရတာ အကျိုးရှိပါတယ်။ သင်သိထားဖို့က ဟိုအရင်ချိန်တွေက သင်တခုခုလုပ်ချင်ပေမယ့် သင့်ချစ်သူကမလုပ်ချင်တဲ့အတွက်၊ မကြိုက်တဲ့အတွက် လက်လျှော့လိုက်ရတာ၊ အလျှော့ပေးလိုက်ရတာတွေကို သတိရဖို့ပါပဲ။ အခုသင်လုပ်ချင်တာတွေကို အားပါးတရလုပ်ပါတော့။ အားပေးနှစ်သိမ့်မှုကို ရှာဖွေပါ။ ကဲ အခု စကားပြောရမယ့်အပိုင်း လာပါပြီ။ ဒါပေမယ့် အတင်းဖိအားပေးခံရလို့ စကားပြောတာမျိုးကိုတော့ မလုပ်ပါနဲ့၊ သင်တကယ်ပြောချင်စိတ်၊ ရင်ဖွင့်ချင်စိတ်ပေါက်လာမှ ပြောပါ။ ဒီနေရာမှာ တစ်ခုသတိထားသင့်တဲ့အချက်က သင့်အနေနဲ့ အကူအညီလိုအပ်နေတဲ့အကြောင်း တခြားလူတွေကိုမပြောပြဖူးဆိုရင် သူတို့အနေနဲ့ တစ်ခါတရံမှာ အခြေအနေတွေကို ပိုဆိုးရွားသွားအောင်၊ သင့်အနေနဲ့ ပိုခံစားသွားရအောင် လုပ်မိတတ်ကြတယ်ဆိုတာပါပဲ (တကယ့်ကိုတခါတရံမှပါ)။ ဒါ့ကြောင့် သင့်အနေနဲ့ ဘယ်လောက်တောင် ဆိုးဆိုးရွားရွားခံစားနေရတဲ့အကြောင်းနဲ့ ဒီရက်ပိုင်းအတွင်း အကူအညီလို၊ နှစ်သိမ့်ပေးဖို့လိုအပ်နေတဲ့အကြောင်း သူတို့ကို သေချာပေါက်ပြောပြပါ။ သူငယ်ချင်းဘော်ဒါတွေအနေနဲ့ သင့်ကိုအများကြီးပျော်အောင် လုပ်ပေးနိုင်တယ်ဆိုတဲ့အချက်ကိုလည်း မမေ့ဖို့လိုပါတယ်။ ကျောပိုးအိတ်တစ်လုံးလွယ်ပြီး ခရီးသွားပါ၊ သူငယ်ချင်းတွေနဲ့ လျှောက်လည်ပါ၊ လုပ်ချင်တာတွေအကုန် လျှောက်လုပ်ပါ။ ဒါဆိုရင် သင်လက်ရှိခံစားနေရတဲ့ အသည်းကွဲတဲ့ ရောဂါကို မေ့သွားမှာပဲ ဖြစ်ပါတယ်။ မျှော်လင့်ချက် ရှင်သန်ပါစေ။ နောက်ဆုံးအနေနဲ့ သိထားသင့်တဲ့အချက်က “မျှော်လင့်ချက်မကုန်ဆုံးဖို့” ပဲ ဖြစ်ပါတယ်။ မျှော်လင့်ခြင်းဟာ ရှင်သန်ခြင်းရဲ့အဓိကသော့ချက်ပဲ ဖြစ်ပြီး ပိုပြီးကောင်း၊ ပိုပြီးသင့်တော်တဲ့ လက်တွဲဖော်ကို ထပ်မံတွေ့ရှိစေဖို့အတွက်တောင် ကူညီပေးနိုင်ပါသေးတယ်။ သင့်အနေနဲ့ လက်လျှော့အရှုံးပေးလိုက်ချင်စိတ်တွေ တဖွားဖွားပေါ်လာပြီး မျှော်လင့်ချက်ကင်းမဲ့စိတ်ပျက်တာမျိုး ဖြစ်နေမှာအမှန်ပါ။ ဒါပေမယ့် စိတ်မပျက်ပါနဲ့၊ မျှော်လင့်ချက်ရှင်သန်ပါစေ။ ဘယ်လိုအရာကိုမဆို အချိန်ကကုစားပေးနိုင်ပါတယ်။ တစ်ခုသောမနက်ခင်းမှာ သင်မျက်စိနှစ်လုံးပွင့်လာတဲ့အခါ သင့်ရဲ့ “ကြေကွဲခြင်းကာလ” ကုန်ဆုံးပြီဆိုတာ သင်သတိထားမိလာမှာဖြစ်ပြီး ဘဝကိုမူလကအတိုင်း ဆက်လက်ရှင်သန်ပါ။ အားမွေးပါ။ လူတိုင်းလူတိုင်းဟာ အတိတ်ကိုချန်ထားခဲ့ပြီး ရှေ့ဆက်သွားနိုင်ဖို့အားအင်တွေရှိပါတယ်။ ဒါပေမယ့် ဒီအားအင်တွေကိုရှာတွေ့ဖို့ အချိန်ကာလတော့ အနည်းငယ်လိုအပ်ပါလိမ့်မယ်။


by | 11 Mar 2022

ဒီနေ့ တစ်နေကုန် သမ်းနေတာပဲ၊ အိပ်ချင်နေတယ်၊ လုပ်ချင်ကိုင်ချင်စိတ်လည်း မရှိဘူး စတဲ့ အသံတွေကို သင့်ပတ်ဝန်းကျင်မှာ ကြားနေကျဖြစ်ပါလိမ့်မယ်။ အခုလိုမျိုး ပင်ပန်းနွမ်းနယ်နေရတဲ့ အကြောင်းအရင်းဟာ မျိုးစုံရှိနိုင်ပါတယ်။ အိပ်ရေးမဝခြင်းကြောင့် ဖြစ်နိုင်သလို တခြားသော ကျန်းမာရေးပြဿနာတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။ အိပ်ရေးဝရဲ့လား သုတေသီများရဲ့အဆိုအရ အသက်အရွယ်အလိုက် တစ်နေ့တာ အိပ်စက်သင့်တဲ့ အချိန်တွေကတော့ – ကျောင်းနေအရွယ် ကလေးများ။ ၁၀ နာရီမှ ၁၁ နာရီ – ဆယ်ကျော်သက်များ။ ၈ နာရီမှ ၁၀ နာရီ – အရွယ်ရောက်ပြီးသူများ။ ၇ နာရီမှ ၉ နာရီ – အသက်ကြီးပိုင်းများ။ ၇ နာရီမှ ၈ နာရီ စသဖြင့် ဖြစ်ပါတယ်။ သင့်အနေနဲ့ ယခုဖော်ပြခဲ့တဲ့အတိုင်း အိပ်စက်သင့်သလောက် မအိပ်ရရင် ပင်ပန်းနွမ်းနယ်နိုင်ပါတယ်။ အိပ်စက်ချိန်နည်းရင် ရေရှည်မှာ မှတ်ဉာဏ်အားနည်းခြင်း၊ အာရုံမစိုက်နိုင်ခြင်း၊ မတော်တဆဖြစ်နိုင်ခြေ မြင့်မားလာခြင်း၊ ကျန်းမာရေး ထိခိုက်ခြင်း စတဲ့ပြဿနာတွေ ဝင်လာနိုင်ပါတယ်။ အခြားအကြောင်းအရင်းများ အိပ်ရေးမဝခြင်းအပြင် မောပန်းနွမ်းနယ်ခြင်းဖြစ်စေရတဲ့ တခြားအကြောင်းအရင်းတွေလည်း ရှိပါသေးတယ်။ အောက်ပါအတိုင်း ဖြစ်ပါတယ်။ သံဓာတ်ချို့တဲ့ခြင်း သံဓာတ်ချို့တဲ့ခြင်း ဒါမှမဟုတ် သွေးအားနည်းခြင်းဟာ သင့်ကို အလွန်အမင်း မောပန်းနွမ်းနယ်ခြင်း ဖြစ်စေနိုင်ပါတယ်။ သံဓာတ်ဟာ သွေးနီဥဆဲလ်တွေ ထုတ်လုပ်ရာမှာ အရေးပါပါတယ်။ သွေးနီဥဆဲလ်တွေ လုံလောက်စွာမရှိရင် ခန္ဓာကိုယ်အနှံ့ကို အောက်ဆီဂျင်လုံလောက်စွာ ပို့ဆောင်နိုင်ခြင်း မရှိပါဘူး။ အဆိုပါ အခြေအနေမှာ မောပန်းခြင်းအပြင် အသက်ရှူမဝခြင်း၊ နှလုံးတုန်ခြင်း၊ ဖြူဖျော့ခြင်း စတဲ့လက္ခဏာတွေ ကြုံနိုင်ပါတယ်။ အိပ်ပျော်နေစဉ် အသက်ရှူရပ်တန့်ခြင်း အိပ်ပျော်နေစဉ်မှာ လူတချို့ဟာ အသက်ရှူရပ်တန့်သွားခြင်းမျိုး ကြုံရတတ်ပါတယ်။ သူတို့ရဲ့လည်ချောင်းဟာ ဆယ်စက္ကန့်လောက် ကျဉ်းမြောင်းသွားတတ်ပါတယ်။ တစ်ခါတရံ လုံးဝပိတ်သွားနိုင်ပါတယ်။ အဆိုပါအခြေအနေမှာ အသက်ရှူကြပ်ပြီး ညဖက်တွေမှာ နိုးလာတတ်ပါတယ်။ အိပ်ပျော်စဉ်မှာ အသက်ရှူရပ်တန့်ခြင်းပြဿနာကြောင့် နေ့ဖက်တွေမှာ ပင်ပန်းနွမ်းနယ်နေတတ်ပါတယ်။ အဝလွန်သူတွေ၊ သက်လတ်ပိုင်း အမျိုးသားတွေမှာ ဒီပြဿနာကို ပိုမိုတွေ့ရတတ်ပါတယ်။ စိတ်ဓာတ်ကျခြင်း ပင်ပန်နွမ်းနယ်နေခြင်းဟာ စိတ်ဓာတ်ကျခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ စိတ်ကျခြင်းကြောင့် ကိုယ်ခန္ဓာရဲ့ စွမ်းအင်တွေ ကုန်ဆုံးသွားသလို ခံစားရနိုင်ပါတယ်။ အိပ်စက်ခြင်းကိုလည်း ထိခိုက်နိုင်ပါတယ်။ မျှော်လင့်ချက်မဲ့ခြင်း၊ စိုးရိမ်ပူပန်ခြင်း၊ လိင်စွမ်းဆောင်ရည်ကျဆင်းခြင်း၊ နာကျင်ကိုက်ခဲခြင်း စတာတွေပါ ခံစားရနိုင်ပါတယ်။ ကိုယ်ဝန် ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ရတာ သဘာဝဖြစ်ပါတယ်။ ကိုယ်ဝန်ဆောင်ပထမ သုံးလပတ်ကာလမှာ ကိုယ်ခန္ဓာကနေ ပရိုဂျက်စထရုန်းဟော်မုန်း အများအပြား ထုတ်လုပ်ပေးပါတယ်။ အဆိုပါဟော်မုန်းဟာ ပင်ပန်းနွမ်းနယ်ခြင်းကို ဖြစ်ပေါ်စေပါတယ်။ ကိုယ်ဝန်ဆောင်ကာလမှာ ပင်ပန်းနွမ်းနယ်ခြင်းကို တတ်နိုင်သမျှ လျှော့ချရအောင် အိပ်ရေး၀၀အိပ်ခြင်း၊ ကိုယ်ဝန်ဆောင်အားဆေးသောက်သုံးခြင်း စတာတွေ ပြုလုပ်သင့်ပါတယ်။ ဆီးချို ဆီးချိုရောဂါရှိရင် သိသိသာသာ မောပန်းနွမ်းနယ်နေတတ်ပါတယ်။ အလွန်အမင်း ရေငတ်ပါတယ်။ ဆီးလည်းသွားချင်ပါတယ်။ သွေးထဲမှာ သကြားဓာတ်မြင့်တက်နေတဲ့အတွက် အခုလို ဖြစ်ရခြင်း ဖြစ်ပါတယ်။ သိုင်းရွိုက် အလုပ်လုပ်အားနည်းခြင်း သိုင်းရွိုက်ဂလင်း ပုံမှန်အလုပ်မလုပ်ရင်လည်း ပင်ပန်းနွမ်းနယ်တတ်ပါတယ်။ ဒီပြဿနာဟာ ဖြည်းဖြည်းချင်းပေါ်လာတာမို့ ရုတ်တရက်မသိနိုင်ပါဘူး။ ကိုယ်အလေးချိန်တက်ခြင်း၊ စိတ်ကျခြင်း၊ ကြွက်သားများ နာကျင်ကိုက်ခဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။


by | 10 Mar 2022

အံဆုံးသွားဆိုတာ ဆယ်ကျော်သက်အရွယ်မှာ ကျွန်မတို့အံသွားတွေရဲ့ နောက်ဆုံးဘက်မှာ ပေါက်တဲ့ သွားကိုခေါ်တာပဲဖြစ်ပါတယ်။ အပေါ်နဲ့ အောက်၊ ဘယ်နဲ့ ညာ စုစုပေါင်း အံဆုံးသွား ၄ချောင်းပေါက်နိုင်ပြီး အခြေအနေပေါ် မူတည်၍ နှုတ်ရတာလည်းရှိသလို နှုတ်ဖို့မလိုတာလည်း ဖြစ်နိုင်ပါတယ်။ ဘယ်လိုအခြေအနေမှာ အံဆုံးသွားက ပြဿနာဖြစ်တာလဲ။ အံဆုံးသွားပေါက်ကာစတော့ အနည်းနဲ့အများနာတတ်တာပါပဲ။ ဘာကြောင့်လဲဆိုတော့ အံသွားအနောက်သွားဖုံးအတွင်းကနေ ဖောက်ပြီး အပြင်ကိုထွက်လာတာကြောင့် ဖြစ်ပါတယ်။ မေးရိုးက အံဆုံးသွား ထွက်လာနိုင်တဲ့အထိ မကြီးတဲ့အခါ ပုံမှန်အတည့်အတိုင်းထွက်မလာဘဲ အရှေ့မှာရှိနေတဲ့ အံသွားတွေနဲ့ တိုက်မိတာ၊ ဘေးကနေ ဖောက်ထွက်တာ၊ သွားဖုံးပေါက်နေတဲ့နေရာမှာ ဘက်တီးရီးယားပိုးဝင်ပြီး ကိုက်ခဲတာ၊ အလွန်အမင်းနာကျင်တာမျိုး ဖြစ်စေပါတယ်။ သွားဆရာဝန်အနေနဲ့ ကိုယ့်ရဲ့ အံဆုံးသွားပေါက်နေတဲ့အနေအထားက ပုံမှန်မဟုတ်ဘူးဆိုတာ သိရတဲ့အချိန် အံဆုံးသွားဖယ်ရှားဖို့ကို အကြံပေးမှာဖြစ်ပါတယ်။ အံဆုံးသွား မနှုတ်ရင်ရော ရလား။ အံဆုံးသွားက ပုံမှန်လမ်းကြောင်းအတိုင်း ပေါက်နေတာမျိုး၊ အပြီးအစီးပေါက်ပြီးသွားလို့ နာကျင်တာ၊ သွေးထွက်တာမျိုး လုံးဝမရှိတော့တဲ့အခါ နှုတ်ဖို့ မလိုအပ်တော့ပါဘူး။ မခံမရပ်နိုင်အောင် နာလွန်းနေတာ၊ သွားဖုံးက သွားဖောက်ပြီး နေရထိုင်ရခက်တာ၊ သွားကိုက်တာ၊ သွားဖုံးနာကျင်တာ၊ အစာစားလို့မရတာအထိ ပြင်းထန်တဲ့အခြေအနေမှာတော့ အံဆုံးသွားနှုတ်ဖို့ လိုအပ်ပါတယ်။ အံဆုံးသွားနှုတ်ရမှာကို မနှုတ်ဘဲ ဒီအတိုင်း ထားထားတဲ့အခါ ကြာလာတာနဲ့အမျှ နာတဲ့ဝေဒနာက ပိုဆိုးလာမယ်။ စားလိုက်တဲ့အစားအစာမှ ဘက်တီးရီးယားပိုးမွှားတွေက သွားဖုံးအနာထဲဝင်ပြီး ကိုက်ခဲနာကျင်စေနိုင်ပါတယ်။ အစာစားရတာပိုခက်လာမယ်။ သွားတိုက်လို့လည်း အဆင်မပြေသလို တစ်ခုခုနဲ့ထိမိတာနဲ့ သွားနဲ့ သွားဖုံးက မခံမရပ်နိုင်အောင် နာကျင်လာမှာပါ။ ဒါကြောင့် အံဆုံးသွား ပေါက်တာပုံမှန်မဟုတ်မှန်း သိတာနဲ့ စောနိုင်သမျှ စောစော နှုတ်ထားလိုက်တာ အကောင်းဆုံးဖြစ်မှာပါ။ အံဆုံးသွား နှုတ်မယ်ဆိုရင် ဘာတွေလိုအပ်လဲ။ ၁။ အရင်ဆုံးအနေနဲ့ အလုပ်ကဖြစ်ဖြစ်၊ ကျောင်းကဖြစ်ဖြစ် ခွင့်ယူလိုက်တာ ပိုအဆင်ပြေပါလိမ့်မယ်။ သွားနှုတ်ပြီး ထုံဆေးပြယ်သွားတဲ့အချိန်ဆိုရင် နာတဲ့ဒဏ်က တော်တော်လေး မခံသာအောင် ဖြစ်နိုင်လို့ပါ။ ၂။ သွားဆရာဝန်အနေနဲ့ ထုံဆေး သို့မဟုတ် မေ့ဆေးပေးပြီးမှ အံဆုံးသွားကို စတင်နှုတ်မှာ ဖြစ်ပါတယ်။ ၃။ နောက်ဘက် အံဆုံးပေါက်နေတဲ့ သွားဖုံးကို လွှစက်ဖြင့် ဖွင့်ပြီးတာနဲ့ အထဲကအံဆုံးကို နှုတ်မှာပါ။ ပြီးသွားတာနဲ့ ဟနေတဲ့ သွားဖုံးကို ချုပ်ရိုးနဲ့ ပြန်ချုပ်ပါမယ်။ များသောအားဖြင့် အပျောက်ချုပ်ရိုးဆိုရင်တော့ ပြန်ဖြည်စရာမလိုပေမယ့် ဆရာဝန်နဲ့ ပြန်ပြလိုက်တာတော့ အကောင်းဆုံးပါပဲ။ ရက်အနည်းငယ်အတွင်းမှာ နာတဲ့ဝေဒနာ သက်သာသွားမှာဖြစ်ပြီး လုံးဝအသားပြန်ပိတ်သွားဖို့အတွက် လအနည်းငယ် ကြာတတ်ပါတယ်။ နေရာတစ်လွဲပေါက်နေတဲ့ အံဆုံးသွားကို နှုတ်လိုက်ခြင်းဖြင့် တခြားသွားတွေကို ပွတ်တိုက်ထိခိုက်ခြင်း၊ သွားဖုံးထဲက အရိုးနုတွေ၊ မေးရိုးကို ထိခိုက်ခြင်းနည်းစေအောင် ကာကွယ်ပေးနိုင်သလို မလိုလားအပ်တဲ့ ခံတွင်းပြဿနာတွေ မဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဒါကြောင့် အသက် ၁၆ နှစ်မှ ၁၉နှစ်အတွင်း လူငယ်တိုင်း သွားအနောက်ဘက်မှာ ပုံမှန်မဟုတ်တဲ့ နာကျင်မှုဝေဒနာ ခံစားနေရပြီဆိုရင် သွားဆရာဝန်နဲ့ သေချာသွားပြပြီး စစ်ဆေးကြည့်သင့်ပါတယ်။ ဆရာဝန်က အံဆုံးသွားပေါက်နေပြီလား၊ ဒီအံဆုံးသွား ပေါက်တဲ့အခြေအနေက ပုံမှန်ပဲလား၊ နှုတ်ဖို့လိုအပ်လားဆိုတာကို ပြောပြသွားပါမယ်။ အကယ်လို့ မနှုတ်သေးဘူးဆိုရင်တော့ အနာသက်သာအောင် အကိုက်အခဲပျောက်ဆေး ညွှန်းခိုင်းလို့ရပါတယ်။ ပုံမှန်အတိုင်းပေါက်နေတဲ့ အံဆုံးကတော့ သွားပေါက်တာ ဆုံးသွားပြီဆိုတာနဲ့ အနာသက်သာသွားမှာပါ။ သွားဖုံးထဲမှာ မြုပ်နေတာ၊ ဘေးဘက်၊ အရှေ့၊ အနောက်၊ သွားဖုံးရဲ့ ဘေးကနေ ဖောက်ထွက်လာတဲ့ အံဆုံးဆိုရင်တော့ စောစောနှုတ်လိုက်နိုင်ရင် အကောင်းဆုံးပါပဲ။


by | 09 Mar 2022

၂၀၂၂ အစောပိုင်းလတွေမှာ လူတော်တော်များများ ကူးစက်ခံလိုက်ရတဲ့ Omicron ဗိုင်းရပ်စ်က အရင် Wave တွေကလောက် ရောဂါလက္ခဏာခံစားရတာ မပြင်းထန်ပေမဲ့ လည်ချောင်းအရမ်းနာတာ၊ ခေျာင်းအရမ်းဆိုးတာတို့လို နေရခက်တဲ့ အခြေအနေတွေကိုတော့ တွေ့ကြုံခဲ့ရမှာပါ။ ကူးစက်ခံရပြီး အချိန်အားဖြင့် တစ်ပတ်လောက်နေရင် သာမာန်လူလို သက်သာသွားတတ်ပါတယ်။ ကိုယ်က မဖျားတော့ဘူး၊ ကိုဗစ်ပျောက်သွားပြီဆိုရင် သက်သာပြီးနောက်ပိုင်းမှာ သူများကို မကူးအောင်၊ ကိုယ်တိုင်လည်း ကျန်းမာအောင် ဘယ်လိုနေထိုင်ပြုမူရမယ်ဆိုတာကို ဒီဆောင်းပါးလေးနဲ့ မျှဝေပေးချင်ပါတယ်။ ကိုဗစ်ရောဂါပိုးက ၁၁ ရက် ကနေ ၁၃ ရက်ဆိုရင် ခန္ဓာကိုယ် ပြင်ပကို မထွက်နိုင်တော့ဘူးဆိုတော့ ၁၁ ရက်ပြည့်ပြီ ကိုယ်ပူတာ၊ ချောင်းဆိုးတာတွေလိုမျိုး ကိုဗစ်ရဲ့ လက္ခဏာတွေလည်း မရှိဘူးဆိုရင်တောင်မှ တစ်ယောက်တည်း သီးသန့် ၇ ရက်နေဖို့တော့ လိုဦးမှာပါ။ ဒါက ကိုယ်ခံအားကို အားဖြည့်တာဖြစ်သလို ပြန်လည်ကျန်းမာလာတဲ့ ကာလကို အကောင်းဆုံး အားဖြည့်တာလည်း ဖြစ်ပါတယ်။ ဒီကာလမှာ Mask က ဆက်တပ်ထားရဦးမှာ ဖြစ်သလို အိမ်ထဲမှာပဲ နေသင့်ပါတယ်။ လူစုလူဝေးဖြစ်တဲ့နေရာတွေကို သွားတာ၊ မလိုအပ်ဘဲ အပြင်ထွက်တာတွေကို မလုပ်သင့်သေးပါဘူး။ အကြောင်းကတော့ ကိုဗစ်က ကူးစက်ပြီးသူတွေမှာထပ်တစ်ခါ မကူးစက်နိုင်ဘူးလို့ အာမခံချက် ရှိမနေတာကြောင့်ပါ။ ကိုယ့်ကို နောက်ထပ်တစ်ကြိမ် ကူးစက်မှု မရှိစေဖို့ သေချာလေး ကာကွယ်ဖို့ လိုပါမယ်။ ဒါကြောင့် ဒီကာလမှာ ဧည့်သည်တွေ့ဆုံတာမျိုး မလုပ်သင့်ပါဘူး။ အသုံးအဆောင်တွေကိုလည်း သီးသန့်ထားသင့်ပါတယ်။ Omicron ကနေ ပြန်လည် ကျန်းမာလာချိန် ဒါလေးတွေ ဂရုစိုက်ပါ ကိုဗစ်က သက်သာပြီဆိုပေမယ့် ကိုယ်ခံအား အပြည့်အဝ ကောင်းမွန်ပြီး ကိုဗစ်ကို အကောင်းဆုံး ကာကွယ်နိုင်ဖို့ဆိုရင် အာဟာရ ပြည့်ဝအောင် စားပါ နာလန်ထချိန်မှာ အစားမစားချင်တာမျိုး ရှိနိုင်ပါတယ်။ ဒါပေမယ့် ကောင်းမွန်တဲ့ ကိုယ်ခံအားစနစ် ပိုင်ဆိုင်စေဖို့ဆိုရင် နေ့စဉ် စားသုံးမှုမှာ ထမင်း၊ အသား၊ ငါး၊ အသီးအရွက်၊ သစ်သီး၊ ဥအမျိုးမျိုး စတာတွေကို ပါဝင်အောင် စားပေးပါ။ အရောင်စုံအောင် စားပေးနိုင်လေ ပိုကောင်းလေပါ။ ပရိုတင်း၊ ဗီတာမင်၊ သတ္တုဓာတ်၊ အမျှင်ဓာတ်တွေကို ပြည့်ဝစွာ စားသုံးတာက ကိုယ်ခံအား ပြည့်ဝကောင်းမွန်စေဖို့ အကောင်းဆုံး အားဖြည့်ပေးနိုင်မှာပါ။ ရေများများသောက်ပါ အသက်ရှူ လမ်းကြောင်းစနစ် ကျန်းမာပြီး ကိုယ်ခံအား ကောင်းစေဖို့အတွက် ရေများများ သောက်ဖို့ လိုပါမယ်။ ဒီတော့ ရေ အရမ်းမသောက်ဖြစ်ရင်တောင် တစ်နေ့ကို ရေ ၈ ခွက်တော့ သောက်ပေးပါ။ အိပ်ရေးဝဝအိပ်ပါ ညဘက်တိုင်းမှာ ပြည့်ဝတဲ့ အိပ်စက်ချိန် ရှိစေဖို့ ဂရုပြုပါ။ တစ်ညတာကို အနည်းဆုံး အိပ်ချိန် ၇နာရီကနေ ၈ နာရီရှိစေဖို့ ဂရုပြုပါ။ အိပ်ရေးဝတာက စိတ်ရောကိုယ်ပါ ကျန်းမာစေပြီး ကိုယ်ခံအားကိုလည်း ပြည့်ဝစေမှာပါ။ ကိုယ်လက်လှုပ်ရှားမှု လုပ်ပါ နေ့စဉ် မနက်ခင်း ဒါမှမဟုတ် ညနေပိုင်းမှာ ၁၅ မိနစ်ကနေ ၁ နာရီလောက်အထိ ကိုယ်လက် လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ကိုယ်လက်လှုပ်ရှားတာက ကိုယ်ခံအားကောင်းစေသလို ကိုဗစ် အဓိကတိုက်ခိုက်တဲ့ အဆုတ်လေးကိုလည်း ကျန်းမာစေပါတယ်။ နေရောင်ခြည် ခံပါ မနက်ခင်း နေခြည်နွေးနွေးကို မိနစ် ၂၀ လောက်ခံပေးပါ။ နေရောင်ခြည့်က ဗီတာမင် D ကို အပြည့်အဝ ရရှိစေပြီး စိတ်ရောကိုယ်ပါ ကျန်းမာစေမှာပါ။ Mask တပ်ပါ အပြင်သွားတိုင်း Mask တပ်ပါ။ ကိုယ့်အိမ်မှာ အသက်အရွယ်ကြီးရင့်သူတွေ ရှိနေမယ်ဆိုရင် သူတို့ အနားရောက်လာတဲ့အခါတိုင်း Mask တပ်ထားပေးစေချင်ပါတယ်။ လက်ဆေးပါ လက်ဆေးတာက ကိုဗစ်ကို ကာကွယ်နိုင်တဲ့ အလွယ်ကူဆုံး နည်းလမ်းပါ။ ဒါကြောင့် ကိုဗစ်က သက်သာလာပြီဆိုပေမယ့် နောက်တစ်ကြိမ်ဆိုတာ မဖြစ်စေဖို့နဲ့ ကိုယ်ခံအားကောင်းစေဖို့အတွက် လက်ကို မကြာခဏ ရေနဲ့ဆပ်ပြာသုံးပြီး ဆေးကြောလို့ ကိုဗစ် အပါအဝင် ရောဂါပိုးတွေ အန္တရာယ်ကနေ ကာကွယ်ပါ။ ကိုဗစ်ကာလမှာ ကိုယ်ခံအား ကောင်းအောင်လုပ်ပြီး တစ်ဦးတစ်ယောက်ချင်းစီရဲ့ တာဝန်သိမှု၊ စည်းကမ်းရှိမှုတွေနဲ့ ကိုယ်တိုင်ကိုရော မိသားစုဝင်တွေကိုပါ ကိုဗစ် အန္တရာယ်ကနေ ကာကွယ်ရအောင်နော်။


by | 08 Mar 2022

အလှအပကို စိတ်ဝင်စားတဲ့ မိန်းကလေးတွေ တော်တော်များများ ဒီဘက်ခေတ်မှာ ကိုယ်အလေးချိန် ထိန်းသိမ်းမှုကို ပြုလုပ်လာကြပါတယ်။ ဒါဟာ အလှအပအတွက်သာမက ကျန်းမာရေးအတွက်ပါ တော်တော်လေး ကောင်းတဲ့ အလေ့အကျင့်ပါပဲ။ လူတိုင်းက Gym ကစားရမယ်လို့ ပြောလိုက်တာနဲ့ အလေးတွေ မပြီး ပင်ပင်ပန်းပန်း လုပ်ရမယ်ဆိုပြီး မြင်တတ်ကြပါတယ်။ တကယ်တော့ Gym ကစားတာဟာ ကိုယ်ခန္ဓာကြွက်သားတွေကို သန်စွမ်းဖို့အတွက်သာမက စိတ်နဲ့ ခန္ဓာကျန်းမာရေးအတွက်ပါ အကျိုးကျေးဇူး များစွာ ရှိစေပါတယ်။ ဒီလိုမျိုး Gym မှာ လေ့ကျင့်ခန်း ပုံမှန်လုပ်နေတဲ့ ပျိုမေတွေကြား ရေပန်းစားလာတဲ့ အားကစားနည်းကတော့ Zumba ပါပဲ။ သူ့ရဲ့ အားသာချက်က အလေးအပင်တွေ မ နေစရာမလိုဘဲ သီချင်းသံစဉ်ရဲ့ စီးချက်အတိုင်း ပျော်ပျော်ပါးပါး ကခုန်လို့ ရတာပါပဲ။ ဒီတော့ လေ့ကျင့်ခန်းလုပ်ရတာလည်း ပျော်ဖို့ ကောင်းလာတယ်။ အသင်းအဖွဲ့နဲ့ ပျော်ပျော်ပါးပါး လုပ်ရတဲ့အတွက် ခင်မင်မှုတွေလည်း တိုးတယ်။ ဒါတွေထက် မိန်းကလေးတိုင်းရဲ့ ရည်မှန်းချက်ဖြစ်တဲ့ ကိုယ်အလေးချိန်ကို ကျစေတဲ့အချက်က မိန်းကလေးတွေကြား Zumba လေ့ကျင့်ခန်းကို ရေပန်းစားလာစေတဲ့ အဓိကအားသာချက်ပါပဲ။ Zumba ကစားခြင်းဖြင့် ဘယ်လိုအကျိုးကျေးဇူးတွေ ရနိုင်လဲ။ ၁။ ကယ်လိုရီတွေ၊ အဆီတွေကို လောင်ကျွမ်းစေတယ်။ တခြားလေ့ကျင့်ခန်းတွေလို အချိန်အပိုင်းအခြားနဲ့ ကစားလိုက်၊ နားလိုက် လုပ်နေတာမျိုး မဟုတ်ဘဲ အချိန်အကြာကြီးကို ကခုန်ပြီး လေ့ကျင့်ခန်းလုပ်တာ ဖြစ်လို့ ကိုယ်တွင်းမှာ ရှိနေတဲ့ မကောင်းတဲ့ ကယ်လိုရီတွေ၊ အဆီပိုတွေကို လျင်မြန်စွာ လောင်ကျွမ်းစေတယ်။ ပုံမှန်လူတစ်ယောက်ဟာ Zumba တစ်ချိန်စာ ကစားလိုက်တဲ့အခါ ကယ်လိုရီ ၆၀၀ မှ ၁၀၀၀ ထိ လောင်ကျွမ်းသွားစေနိုင်ပါတယ်။ မြူးကြွတဲ့ သီချင်းတွေ ဖွင့်ပြီး ကစားတာဖြစ်တဲ့အတွက် အင်တိုက်အားတိုက် ကစားရင်တောင် သိပ်ပြီး မောသွားတယ်လို့ မခံစားမိလောက်တဲ့အထိပါပဲ။ ပုံမှန်လေ့ကျင့်ခန်းမှာ လုပ်တဲ့ အကွက်တွေကို Zumba ကစားတဲ့အခါ ပြန်သုံးတော့ လေ့ကျင့်ခန်းနဲ့ အက ၂မျိုးလုံးကနေ အကျိုးကျေးဇူးရစေပါတယ်။ ၂။ ခန္ဓာကိုယ်တစ်ခုလုံးက ကြွက်သားတွေကို လေ့ကျင့်ပေးနိုင်တယ်။ ပုံမှန်လေ့ကျင့်ခန်းတွေလိုမျိုး တစ်နေရာထဲကို ဦးတည်ပြီး ဆော့ကစားတာမျိုးမဟုတ်ဘဲ ခေါင်းအစ၊ ခြေအဆုံး ခန္ဓာကိုယ်တစ်ခုလုံးမှာ ရှိတဲ့ ကြွက်သားတွေကို ကျစ်လျစ်သန်မာစေတယ်။ လေ့ကျင့်ခန်းရော၊ အကပါ ပေါင်းစပ်လုပ်ရတာ ဖြစ်တဲ့အတွက် ကျန်းမာတဲ့ ကိုယ်အလေးချိန် ရောက်အောင် ထိန်းညှိပေးဖို့ ပိုမိုလွယ်ကူတယ်။ ညောင်းညာကိုက်ခဲနေတာတွေကိုလည်း ပြေလျော့စေပြီး တင်းနေတဲ့ ကြွက်သားတွေကိုလည်း ပြေလျော့စေပါတယ်။ ၃။ နှလုံးကျန်းမာရေးအတွက် ကောင်းကျိုးများစွာ ဖြစ်စေတယ်။ ချွေးတွေကြားမှာ အချိန်အကြာကြီး ကခုန်နေတဲ့အခါ နှလုံးခုန်နှုန်း ပိုမြန်စေတယ်။ နှလုံးအားကောင်းစေတယ်။ ကိုယ်ခန္ဓာတွင်း သွေးလည်ပတ်မှုနှုန်း ကောင်းစေလို့ ကိုယ်ရော စိတ်ပါ လန်းဆန်းတက်ကြွစေတယ်။ နှလုံးမကောင်းတဲ့သူတွေ၊ အမောမခံနိုင်တဲ့သူတွေအတွက်လည်း အလွန်သင့်လျော်တဲ့ ကစားနည်းဖြစ်ပါတယ်။ ၄။ လေ့ကျင့်ခန်း လုပ်ဖို့ စိတ်ပါဝင်စားလာတယ်။ နေ့တိုင်း အလေးမ၊ ပြင်းပြင်းထန်ထန် ညောင်းကိုက်နေအောင် လေ့ကျင့်ခန်းလုပ်နေရရင် ဘယ်သူမဆို Gym ကစားရမှာ ပျင်းလာမှာပါပဲ။ Zumba လေ့ကျင့်ခန်းဟာ ပုံမှန်ကိုယ်လက်လေ့ကျင့်ခန်းတွေလို မဟုတ်ဘဲ စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ လူတွေအများကြီးနဲ့ စုပေါင်းလုပ်ရတာ ဖြစ်တဲ့အတွက် တစ်ယောက်တည်း သီးသန့်ဆော့ကစားနေရတာမျိုး မဖြစ်စေတော့ပါဘူး။ ဒါ့အပြင် သီချင်းမြူးမြူးလေးတွေရဲ့ စီးချက်အတိုင်း ကခုန်လှုပ်ရှားနေတာဆိုတော့ တစ်နေ့ တစ်ချိန် မောသွားတဲ့အထိ ကစားပြီးသွားရင်တောင် နောက်နေ့မှာ ထပ်ပြီး ကစားချင်တဲ့အထိ စိတ်ဝင်စားမှု ဖြစ်စေတာက Zumba ရဲ့ လူကြိုက်များရတဲ့ အားသာချက်တွေထဲက တစ်ခုပါပဲ။ ၅။ လူတွေနဲ့ ထိတွေ့ဆက်ဆံခွင့် ရတယ်။ ပုံမှန်ကစားနည်းမှာ နည်းပြနဲ့ ၂ယောက်တည်း လုပ်တာမျိုး ရှိသလို ကိုယ်တိုင် တစ်ဦးတည်း သီးသန့် ဆော့ကစားတာမျိုးလည်း ရှိပါတယ်။ Zumba လေ့ကျင့်ခန်းဟာ တစ်ဦးတစ်ယောက်တည်း ကစားရတာမျိုးမဟုတ်ဘဲ အဖွဲ့အစည်းအလိုက် ဆော့ကစားရတဲ့ လေ့ကျင့်ခန်းမျိုး ဖြစ်ပါတယ်။ ဒီတော့ လူတွေ စုစုရုံးရုံးနဲ့ ပျော်ပျော်ပါးပါး ကစားလို့လည်း ရမယ်။ ခဏနားတဲ့အချိန်မှာလည်း ရေသောက်၊ အမောဖြေရင်း စကားစမြည်ပြောလို့ ရမယ်။ ဒီတော့ ခင်မင်မှုလည်း တိုးစေသလို ပျော်စရာလည်း ပိုကောင်းလာတာပေါ့။ ၆။ မိမိကိုယ်ကိုယ် ယုံကြည်မှုရှိစေတယ်။ Zumba ကစားခြင်းဖြင့် ကိုယ်ခန္ဓာကိုလည်း ကျစ်လျစ်သွယ်လျစေပြီး ကိုယ်အလေးချိန်ကို ကျစေတယ်။ ကိုယ်နေဟန်ထားကို မှန်စေတယ်။ သက်လုံကောင်းစေပြီး အမောခံနိုင်ရည် ရှိလာတယ်။ စည်းချက်မှန်မှန် ကစားရတဲ့ လေ့ကျင့်ခန်းဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ဘဝ၊ အလုပ်ခွင်မှာပါ စည်းချက်မှန်မှန်နဲ့ စနစ်တကျ လုပ်တတ်လာမယ်။ စိတ်ပျော်ရွှင်စေပြီး မိမိကိုယ်ကိုယ် ပိုပြီး အကောင်းမြင်လာတယ်။ စိတ်နဲ့ ခန္ဓာ ၂မျိုးလုံး ကျန်းမာနေမှတော့ ဘဝကြီးဟာ နေရထိုင်ရတာ ပိုပြီး အဓိပ္ပာယ်ရှိလာတာပေါ့။ ၇။ စိတ်ဖိစီးမှုကို ပြေလျော့စေပါတယ်။ Zumba ကစားနေတဲ့အချိန်မှာ ကြွက်သားတစ်ခုတည်းသာမက ကိုယ့်ရဲ့ စိတ်ထဲမှာ ရှိနေတဲ့ ဝန်ထုပ်ဝန်ပိုးတွေ၊ စိတ်ဖိစီးမှုတွေကိုပါ ပြေလျော့စေနိုင်ပါတယ်။ ကိုယ်လက်လေ့ကျင့်ခန်း လုပ်နေသလိုပဲ Zumba ကစားလိုက်တဲ့အခါ ကိုယ်ခန္ဓာက ဒိုပါမင် ဟော်မုန်း (dopamine) တွေကို အများအပြား ထုတ်လွှတ်ပေးနိုင်တဲ့အတွက် စိတ်ပျော်ရွှင်မှုကို ဖြစ်စေတယ်။ သီချင်းသံစဉ်အောက်မှာ စီးမြောနေရင်းနဲ့ ကိုယ့်စိတ်ထဲမှာ ရှိနေတဲ့ ပူပန်စရာအကြောင်းတွေကိုတောင် တွေးနေမိမှာ မဟုတ်တော့ဘူးပေါ့။ Zumba လေ့ကျင့်ခန်းဟာ ကိုယ်အလေးချိန် ကျဖို့တစ်ခုတည်းအတွက် မဟုတ်ဘဲ အလှအပနဲ့ ကျန်းမာရေးအတွက်ပါကောင်းကျိုးများစွာ ရှိတယ်ဆိုတာ ဒီအချက်တွေကို ကြည့်ရင်း သိနိုင်မယ်ထင်ပါတယ်။ ဒီတော့ စိတ်ရော ကိုယ်ပါ ကျန်းမာစေဖို့ Zumbaလေးနဲ့ ကလိုက်ကြစို့နော်။