by | 07 Mar 2022

မျက်နှာကို သန့်စင်တာ၊ မျက်နှာသစ်တာက နေ့စဉ်လုပ်နေကျ တစ်ကိုယ်ရေ သန့်ရှင်းရေး အလေ့အထ တစ်ရပ်ပါ။ ဒီလို မျက်နှာသစ်တဲ့အခါ အသုံးပြုနေတဲ့ ရေရဲ့ အပူချိန်ပေါ်လိုက်ပြီး အရေပြားပေါ်မှာ သက်ရောက်မှုလေးတွေ ကွာခြားနိုင်ပါတယ်။ ဘယ်လိုရေနဲ့ သစ်သစ် မျက်နှာက သစ်ပြီးသွားတာ မှန်ပေမယ့် မျက်နှာသစ်တဲ့ ရေအပူချိန် မှန်မှန်နဲ့ သစ်တာကတော့ မျက်နှာအရေပြားကို အကျိုးကျေးဇူး များစေနိုင်ပါသတဲ့။ ဒီတစ်ခေါက်တော့ မနက်နိုးတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ ဘယ်လို ကောင်းကျိုးလေးတွေရနိုင်လဲဆိုတာကို ပြောပြပေးသွားပါမယ်။ ရေအေးအေးနဲ့ မျက်နှာသစ်လို့ ရလား လူအတော်များများ လက်ခံထားတာက မျက်နှာပေါ်က အညစ်အကြေးတွေ စင်ကြယ်စေဖို့ဆိုရင် ရေနွေးနွေးလေးနဲ့ သစ်ရမယ်လို့ပေါ့။ ရေနွေးနဲ့ သစ်တာက အကျိုးကျေးဇူးလေးတွေရှိသလို မိုးလင်းလာတဲ့အခါ ရေအေးအေးလေးနဲ့ မျက်နှာသစ်တာကလည်း အကျိုးကျေးဇူးလေးတွေ ရှိပါတယ်။ရေနွေးနွေး နဲ့ မျက်နှာသစ်လို့ ရသလို ရေအေးအေးနဲ့လည်း မျက်နှာ သစ်လို့ ရပါတယ်။ ရေအေးအေးလေးနဲ့ မျက်နှာသစ်တဲ့အခါ အခုလို အကျိုးကျေးဇူးလေးတွေ ရရှိနိုင်ပါတယ်။ ချွေးပေါက်ကျဉ်းစေတယ် မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာက ချွေးပေါက်တွေကို ကျဉ်းစေဖို့ ထောက်ကူပေးနိုင်ပါတယ်။ ချွေးပေါက်ကျယ်နေသူတွေ လုပ်ကြည့်သင့်တဲ့ နည်းလမ်းလေး တစ်ရပ်ပါ။ချွေးပေါက်တွေကို သေချာလေး သန့်စင်နေစေဖို့တော့ လိုပါမယ်။ အရောင်ကျစေနိုင်တယ် မျက်နှာကို ရေအေးအေးနဲ့ သစ်တာက မျက်အိတ်ဖောင်းတာ၊ မျက်လုံးမို့အစ်တာ အပါအဝင် မျက်နှာပေါ်မှာ ရှိတဲ့ ရောင်ရမ်းမှုတွေကို သက်သာစေနိုင်ပါတယ်။ ရေအေးအေးလေးက မျက်နှာပေါ်က ရောင်ရမ်းမှုတွေကြောင့် အလှမပျက်စေဖို့ ထောက်ကူပေးနိုင်မှာပါ။ ရေဓာတ် ဖြည့်ပေးနိုင်တယ် မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာက မျက်နှာ အသားအရေကို အစိုဓာတ် ထိန်းပေးပြီး ရေဓာတ် ဖြည့်ပေးနိုင်ပါတယ်။ အသားအရေကို စိုပြည်တင်းရင်းစေဖို့ ထောက်ကူပေးနိုင်မှာပါ။ အဆီပြန်တာ သက်သာစေတယ် မျက်နှာကို ရေအေးအေးလေးနဲ့ သစ်တာက မျက်နှာပေါ်က အဆီတွေကို အထိရောက်ဆုံး ဖယ်ရှားပေးနိုင်ပါတယ်။ အဆီပြန်လွန်းတာကြောင့် ဝက်ခြံမဖြစ်စေဖို့လည်း ကာကွယ်ပေးနိုင်ပါတယ်။ ဝက်ခြံတွေ သက်သာစေဖို့လည်း အသုံးပြုပေးလို့ ရပါတယ်။ ဝက်ခြံကြောင့် နီမြန်းတာတွေကို သက်သာစေနိုင်တယ်။ မျက်နှာကို ရေအေးအေးလေးနဲ့ သစ်ပေးတာက ဝက်ခြံကြောင့် နီမြန်းရောင်ရမ်းတာတွေကို သက်သာစေနိုင်ပါတယ်။ ဝက်ခြံတွေကို အရောင်ကျစေနိုင်သလို နာကျင်မှုတွေကိုလည်း သက်သာစေနိုင်မှာပါ။ အရေးအကြောင်း ကင်းစေတယ် မျက်နှာကို အပူချိန်မြင့်တဲ့ ရေနွေးနဲ့ သစ်တာ ချွေးပေါက်ထဲက အညစ်အကြေးတွေကို သန့်စင်ပေးနိုင်တယ်ဆိုပေမယ့် အရေးအကြောင်းတွေ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် မျက်နှာမှာ အရေးအကြောင်းကင်းစေဖို့ဆိုရင် အကောင်းဆုံး နည်းလမ်းက ရေအေးအေးလေးနဲ့ မျက်နှာ သစ်တာပါ။ ရေအေးအေးလေးနဲ့ မျက်နှာ သစ်တာက အရေပြားမှာ အရေးအကြောင်းတွေ မဖြစ်စေဖို့ အကောင်းဆုံး ထောက်ကူပေးနိုင်ပါတယ်။ ကဲ......နွေရာသီလည်း ရောက်ပြီဆိုတော့ ရေအေးအေးလေးနဲ့ မျက်နှာသစ်ပြီး လန်းလန်းဆန်းဆန်းနဲ့ လှလိုက်ကြရအောင်။


by | 04 Mar 2022

ပူပြင်းလှတဲ့ နွေရာသီမှာ အဲကွန်းဒါမှမဟုတ် ပန်ကာတစ်လုံးမပါဘဲနဲ့ အိပ်ပျော်ဖို့ဆိုတာ အဆင်မပြေလှပါဘူး။ ဒါဆိုရင် တစ်ညလုံးပန်ကာဖွင့်ပြီး အိပ်ဖို့ အဆင်ပြေပါ့မလား။ ကျန်းမာရေးကိုရော ထိခိုက်နိုင်သလား စတဲ့ မေးခွန်းတွေနဲ့ ရှုပ်ထွေးနေမှာပါ။ ကဲ ဒီလိုဆိုရင်တော့ ညဘက် လေအေးလေးရအောင် အနီးနားမှာ ပန်ကာလေးဖွင့်ပြီး အိပ်လေ့ရှိတဲ့သူတွေအတွက် ဖြစ်လာနိုင်တဲ့ ကျန်းမာရေးဆိုးကျိုးလေးတွေနဲ့ ပန်ကာဖွင့်ပြီး အိပ်မယ့်အစား အေးအေးချမ်းချမ်းအိပ်နိုင်အောင် အခြားလုပ်ဆောင်နိုင်မယ့် နည်းလမ်းတချို့ကို ဝေမျှပေးသွားချင်ပါတယ်။ ညဘက်ပန်ကာလေခံပြီး အိပ်တဲ့အခါ ၁။ နှာစေး၊ နှာပိတ်စတဲ့ အသက်ရှူလမ်းကြောင်းဆိုင်ရာ ပြသနာတွေကို ဖြစ်စေပါတယ်။ ပန်ကာကလာတဲ့လေဟာ သင့်ရဲ့ ပါးစပ်၊ နှာခေါင်းနဲ့ လည်ချောင်းတွေတစ်လျှောက်မှာ ရှိတဲ့ အရေပြားကို ခြောက်သွေ့စေပါတယ်။ အဲဒီလို အသက်ရှူလမ်းကြောင်းတစ်လျှောက်မှာ ခြောက်သွေ့သွားတဲ့အတွက် mucus လို့ခေါ်တဲ့ အချွဲတွေထွက်လာပြီး နှာပိတ်၊ နှာစေးခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ဟောက်ခြင်း စတဲ့ပြသနာတွေကို ဖြစ်လာစေပါတယ်။ ပန်ကာဖွင့်အိပ်ပြီး ဒီလိုပြသနာတွေ ဖြစ်လာပြီဆိုရင်တော့ အခန်းထဲမှာ humidifier လေးကိုပါ ဖွင့်ထားသင့်ပြီး၊ ရေများများသောက်၊ ရေဓာတ်ပြည့်ဝအောင်နေသင့်ပါတယ်။ ၂။ ဓာတ်မတည့်ခြင်းပြဿနာ (allergies) ဖြစ်နိုင်ခြင်း။ ပန်ကာမှာ ကပ်တွယ်နေနိုင်တဲ့ ဖုန်မှုန့်၊ အညစ်အကြေးတွေ အပြင် လေထုထဲမှာရှိနေတဲ့ အမှုန်အမွှားတွေဟာ ပန်ကာလေနဲ့အတူ ပါလာနိုင်ပြီး နှာရည်ယိုခြင်း၊ လည်ချောင်းယားခြင်း၊ အသက်ရှူရခက်ခဲခြင်း၊ မျက်လုံးနီစပ်လာခြင်း စတဲ့ ဓာတ်မတည့်တဲ့ ရောဂါလက္ခဏာတွေကို ဖြစ်လာစေနိုင်ပါတယ်။ ဒါ့ကြောင့် ပန်းနာရင်ကြပ်ရောဂါအခံ ရှိပြီးသားသူတွေအနေနဲ့ ပန်ကာနဲ့ အိပ်မယ်ဆိုရင် ပိုပြီး ဂရုစိုက်သင့်ပါတယ်။ ၃။ မျက်လုံးနဲ့ အသားအရေခြောက်သွေ့လာခြင်း။ ပန်ကာကလာတဲ့ လေဟာ အသားအရေကို ရေဓာတ်ခမ်းခြောက်စေပြီး ကြာလာတဲ့အခါ အသားအရေကို မွဲခြောက်ခြောက်ဖြစ်လာစေတာကြောင့် moisturizer သေချာပြန်လိမ်းပေးဖို့ လိုအပ်ပါတယ်။ မျက်လုံးကိုလည်း ခြောက်သွေ့စေတာကြောင့် မျက်လုံးနီလာခြင်း၊ စပ်ခြင်း၊ ယားခြင်း စတဲ့ပြသနာတွေ မဖြစ်အောင် eye drop (သို့) မျက်စဉ်းဆေးရည်လေးတွေ အသုံးပြုပေးသင့်ပါတယ်။ ၄။ ကြွက်သားများနာကျင်ခြင်း။ ပုံမှန်အတိုင်းတိုက်တဲ့ လေမဟုတ်ဘဲ ပန်ကာကလာတဲ့ ပြင်းထန်တဲ့လေဟာ ခန္ဓာကိုယ်ကို တိုက်ရိုက်ထိတွေ့မယ်ဆိုရင် ကြွက်သားတွေကို တင်းစေပြီး ကြွက်တက်ခြင်း၊ ကြွက်သားနာကျင်ခြင်းတွေကို ဖြစ်စေပါတယ်။ ဒါ့ကြောင့် ပန်ကာနဲ့ အိပ်မယ်ဆိုရင်တောင် ဒီလို ပြဿနာတွေ မဖြစ်စေဖို့ ပန်ကာကို ကိုယ့်ဆီတိုက်ရိုက်အနေအထားမှာ မထားဖို့ နဲ့ အဝေးမှာထားဖို့ ဂရုစိုက်ပေးရပါမယ်။ ဒါ့ကြောင့် အိပ်တဲ့အချိန်မှာ ပန်ကာကို အသုံးပြုမှဖြစ်မယ်ဆိုရင် အရှေ့မှာ ဖော်ပြခဲ့သလိုမျိုး ဆိုးကျိုးတွေမဖြစ်အောင် ဂရုစိုက်သင့်ပါတယ်။ ဒါ့အပြင် ပန်ကာအစား ပူပြင်းတဲ့ရာသီကို အန်တုပြီး အေးအေးချမ်းချမ်းအိပ်ပျော်နိုင်ဖို့ အောက်ပါနည်းလမ်းတွေကိုလည်း အသုံးပြုနိုင်ပါတယ်။ ၁။ cooling mattress မျိုးနဲ့ အိပ်ပါ။ အိပ်ရာ၊ မွေ့ရာတွေကို ရွေးချယ်တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ အပူတွေကိုဖယ်ရှားပေးနိုင်ပြီး လေဝင်လေထွက်ကောင်းစေတဲ့ charcoal, gel infusion, copper စတဲ့နည်းပညာတွေနဲ့ ထုတ်လုပ်ထားတဲ့ cooling mattress မျိုးကို အသုံးပြုနိုင်ပါတယ်။ ၂။ သင့်တော်တဲ့ ညအိပ်ဝတ်တွေကို ရွေးချယ်ပါ။ ပေါ့ပေါ့ပါးပါးနဲ့ နူးညံ့တဲ့ cotton ၊ ချည် စတဲ့ အသားတွေနဲ့ ချုပ်ထားတဲ့ ညဝတ်မျိုးက သင့်ကို ညဘက်မှာ အပူဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ ၃။ နေ့ဘက်မှာ အခန်းကို လေဝင်လေထွက်ကောင်းအောင် တံခါးဖွင့်ထားပါ။ ၄။ မအိပ်ခင် ရေချိုးပါ။ ရေချိုးခြင်းဟာ ခန္ဓာကိုယ်ထဲမှာရှိတဲ့ အပူတွေကို ကျဆင်းစေတာကြောင့် မအိပ်ခင်မှာ ရေချိုးတာကလည်း အိပ်တဲ့အချိန်မှာ အေးအေးချမ်းချမ်းအိပ်နိုင်ဖို့အတွက် အကူညီပေးနိုင်ပါလိမ့်မယ်။ မွေးကင်းစကလေးငယ်လေးတွေအတွက်တော့ အခန်းထဲမှာ ပန်ကာအသုံးပြုခြင်းဟာ လေဝင်လေထွက်မကောင်းတဲ့ အလုံပိတ် အခန်းတွေထဲမှာ နေရတဲ့ လေးငယ်တွေထက် SIDS (sudden infant death syndrome) လို့ခေါ်တဲ့ မွေးကင်းစကလေးငယ် ရုတ်တရက်သေဆုံးနိုင်ခြေကို လျှော့ချပေးနိုင်တယ်လို့ လေ့လာချက်တွေအရတွေ့ရှိရပါတယ်။ ကလေးငယ်ကို ပန်ကာလေတိုက်ရိုက် မရောက်ဖို့တော့ လိုပါတယ်။ လေသိပ်မပြင်းဖို့လည်း လိုပါတယ်။ ပူပြင်းလှတဲ့ နွေရာသီမှာ အေးအေးလူလူ အိပ်စက်နိုင်ဖို့ ဈေးသက်သက်သာသာနဲ့ ထိရောက်တဲ့ နည်းလမ်းကတော့ ပန်ကာဖွင့်အိပ်တာပါပဲ။ ကောင်းကွက်တွေရှိသလို ဆိုးကျိုးတွေလည်း ရှိပါတယ်။ ကျန်းမာရေးပြဿနာတွေကို ကြိုတင်ကာကွယ်တဲ့အနေနဲ့ ပန်ကာကို ပတ်ချာလည် လှည့်တာမျိုးနဲ့ timer ပေးပြီး အချိန်အကန့်အသတ်နဲ့ ဖွင့်အိပ်တာမျိုးတွေ ပြုလုပ်နိုင်ပါတယ်။


by | 03 Mar 2022

LASIK လို့ခေါ်တဲ့ laser in-situ keratomileusis ဆိုတာဟာ အနီးမှုန်၊ အဝေးမှုန်သူတွေ နဲ့ သူငယ်အိမ်စောင်းခြင်း (astigmatism) ရှိသူတွေကို အမြင်အာရုံကောင်းမွန်အောင် လေဆာနည်းနဲ့မျက်စိကုသခြင်းတစ်မျိုးဖြစ်ပါတယ်။ ဒီကုသမှုက မျက်ကြည်လွှာရဲ့အသွင်သဏ္ဍာန်ကိုပြောင်းလဲစေပါတယ်။ လေဆာဖြင့်မျက်စိပါဝါဖျောက်ခြင်း (LASIK ) ကုထုံးမှာ မျက်စိအထူးကုပညာရှင်က အရင်ဆုံး microkeratome ကိရိယာကိုသုံးပြီး မျက်ကြည်လွှာမှာ တိကျပါးလွှာတဲ့corneal flap တစ်ခုကို အရာပေး ဖန်တီးပါတယ်။ ပြီးမှ flap ကိုခွာပြီး မျက်ကြည်လွှာတစ်ရှူုးအောက်ခံလွှာပေါ်လာစေပါတယ်။ အဲ့ဒီနောက်မှာတော့ အထူးပြုလုပ်ထားတဲ့ excimer laser နဲ့ လူနာရဲ့မျက်စိပါဝါအနေအထားကိုမူတည်ပြီး မျက်ကြည်လွှာကို ပြန်လည်ပုံသွင်း ကုသပေးပါတယ်။နောက်မှ ပြန်ချုပ်စရာမလိုဘဲ flapလေးကို မျက်ကြည်လွှာပေါ်ညင်သာစွာနေရာပြန်ချပေးတာဖြစ်ပါတယ်။ Refractive error (မျက်မှန်လို၍မျက်စိမှုန်ခြင်း) လူသားတွေရဲ့မျက်လုံးမှာ မျက်လုံးအတွင်းမှာရှိတဲ့မျက်ကြည်လွှာနဲ့မှန်ဘီလူးတို့က မျက်စိအာရုံစူးစိုက်မှုစနစ်ကို လုပ်ဆောင်ပေးပြီးမြင်လွှာပေါ်ကို အလင်းရောင်ကျရောက်မှုကို ကင်မရာတွေမှာ focus ချိန်ပေးသလို တုံ့ပြန်ပေးတာဖြစ်ပါတယ်။ ကောင်းမွန်တဲ့အမြင်အာရုံစနစ်တစ်ခုမှာ မျက်ကြည်လွှာနဲ့မှန်ဘီလူးအကွာအဝေး ကိုက်ညီမှုရှိပြီး ပုံရိပ်နဲ့ မျက်လုံးကြားအကွာအဝေးမှန်မှန်နဲ့ ကြည်လင်နေမှာဖြစ်ပါတယ်။ ဒီဖြစ်စဉ်မှာ အပြန်အလှန်ကိုက်ညီမှုမရှိရင်refractive error လို့ခေါ်တဲ့ ပုံရိပ်ပြတ်သားမှုမရှိပဲ တချို့နေရာတွေမှာ ဝါးတားတားတွေဖြစ်နေနိုင်ပါတယ်။ အမျိုးအစားများ မျက်စိမှုန်ခြင်း အမျိုးအစားသုံးမျိုးရှိပါတယ် – Myopia (အဝေးမှုန်ခြင်း)- အဝေးမှုန်သူတွေမှာ မျက်စိရဲ့အာရုံစိုက်နိုင်အားနဲ့eye length ကိုက်ညီမှုမရှိရင် အဝေးကအရာဝတ္ထုတွေကို မှုန်ဝါးပြီး အနီးကအရာတွေကို ပိုရှင်းရှင်းလင်းလင်းမြင်ရပါတယ်။ Hyperopia (အနီးမှုန်ခြင်း) -အဝေးမှုန်သူတွေမှာ မျက်စိအာရုံစိုက်နိုင်အားနဲ့eye length ကိုက်ညီမှုမရှိရင် အနီးကအရာဝတ္ထုတွေမှုန်ဝါးပြီး အဝေးကအရာဝတ္ထုတွေပိုမြင်ရပါတယ်။ Astigmatism(သူငယ်အိမ်စောင်းခြင်း) – သူငယ်အိမ်စောင်းခြင်း/ ဆလင်ဒါရှိသူတွေမှာ မျက်ကြည်လွှာ သို့မဟုတ် မှန်ဘီလူးပုံသဏ္ဍာန်ပျက်ယွင်းတဲ့အခါမြင်လွှာပေါ်မှာပုံရိပ်တွေထပ်စေပါတယ်။ ဒီလိုဖြစ်တဲ့အခါမှာလည်း အနီးအဝေးအရာဝတ္ထုတွေ အကုန် မှုန်ဝါးစေနိုင်ပါတယ်။ အနီးမှုန်သမားတွေမှာရော၊ အဝေးမှုန်သမားတွေမှာပါAstigmatismြဖစ်နေနိုင်ပါတယ်။ Lasik Surgery ကိုခံယူဖို့ မသင့်တော်သူများ သင့်မှာ အနာကျက်နှေးစေတဲ့ဆေးဝါးတွေသောက်သုံးနေရရင်၊ အနာကျက်နှေးနိုင်တဲ့ရောဂါတစ်ခုခုရှိရင်မခံယူသင့်ပါဘူး။lupus(နာတာရှည်ရောင်ရမ်းနာ)နဲ့လေးဖက်နာအဆစ်ရောင်ရောဂါလိုမျိုးautoimmuneရောဂါတွေ၊ အိတ်ခ်ျအိုင်ဗီလို ကိုယ်ခံအားကျဆင်းတဲ့ရောဂါတွေ၊ ဆီးချိုသွေးချိုရောဂါတို့နဲ့ (retinoic acid and steroids)တို့လိုဆေးဝါးတချို့က မျက်စိခွဲစိတ်ကုသမှုနောက်ပိုင်း အနာကျက်ဖို့နှေးစေနိုင်ပါတယ်။ လက်ဝှေ့၊ နပမ်း၊သိုင်းပညာ သို့မဟုတ် မျက်နှာနဲ့မျက်လုံးကိုထိခိုက်စေတဲ့တခြားလှုပ်ရှားမှုတွေလုပ်ဆောင်လေ့ရှိသူဖြစ်ရင်လေဆာကုသမှု မခံယူသင့်ပါဘူး။ အသက် ၁၈ နှစ်မပြည့်သေးသူဖြစ်ရင် Lasik ကုသမှုအတွက် ခွင့်ပြုမထားပါဘူး။ ကုသမှုအတွက် ဘာတွေပြင်ဆင်ထားရမလဲ LASIK ခွဲစိတ်ကုသမှုမခံယူမီ ကုသမှုအတွင်းနဲ့နောက်ပိုင်း ဘာတွေဖြစ်နိုင်သလဲဆိုတာ ဆရာဝန်နဲ့တွေ့ဆုံဆွေးနွေးပါ။ ဒီအပိုင်းမှာ သင့်ရဲ့ဆေးမှတ်တမ်းကိုပြန်လည်သုံးသပ်ပြီး မျက်စိပြန်လည်စစ်ဆေးမှာဖြစ်ပါတယ်။ အစပိုင်းစစ်ဆေးမှုတွေလိုပဲ မျက်ကြည်လွှာရဲ့အထူအပါး၊ အလင်းယိုင်ခြင်း၊corneal mapping၊လေထုဖိအား၊ သူငယ်အိမ်အကျယ် တို့ကိုတိုင်းတာစစ်ဆေးခြင်းတို့ပါဝင်ပါတယ်။ ကနဦး စစ်ဆေးမှုတွေပြီးသွားတာနဲ့ ခွဲစိတ်ဆရာဝန်နဲ့တွေ့ဆုံပြီး သိလိုတာတွေမေးမြန်းနိုင်ပါတယ်။ပြီးရင်တော့ ခွဲစိတ်ဖို့ ရက်ချိန်းယူလို့ရပါပြီ။ သင်က rigid gas permeablecontact lensesမျက်ကပ်မှန်တပ်သူဖြစ်ရင်ဆေးမစစ်မီ အနည်းဆုံး ၃ ပတ်လောက်တည်းက မျက်ကပ်မှန်မသုံးပါနဲ့။ တခြားအမျိုးအစားမျက်ကပ်မှန်ဆိုရင်တော့ မစစ်ဆေးမီ အနည်းဆုံး ၃ရက်အတွင်း မတပ်ဘဲနေသင့်ပါတယ်။ ဆရာဝန်ဆီလာတဲ့အခါ ကိုယ်သုံးနေတဲ့မျက်မှန်တွေယူလာဖို့ မမေ့ပါနဲ့။ ခွဲစိတ်တဲ့နေ့မှာ ဆရာဝန်ဆီမသွားခင် အစာနည်းနည်းစားပြီး ညွှန်ကြားထားတဲ့ဆေးတွေအားလုံးသောက်ပါ။ မျက်နှာကိုဘာမှမလိမ်းပါနဲ့။လေဆာအောက်မှာ ဦးခေါင်းအနေအထားမှန်ကန်ကျနစေဖို့ ဆံပင်မှာ ဘာမှတပ်မလာပါနဲ့(ခေါင်းညှပ်၊ကလစ်၊စသည်)။ မနက်ပိုင်းမှာနေလို့သိပ်မကောင်းဘူးဆိုရင် ခွဲစိတ်မှုကို ရက်ရွှေ့လို့ရမရ ဆရာဝန်ကိုဆက်သွယ်ဆွေးနွေးပါ။ လေဆာကုသမှုရဲ့ အကျိုးကျေးဇူုးတွေကဘာလဲ Lasik ကုသမှုမှာ အကျိုးကျေးဇူးတွေအများကြီးရှိပါတယ် – အမြင်အာရုံကောင်းစေတယ်။ ကုသမှုခံယူခဲ့တဲ့လူနာ ၉၆ ရာခိုင်နှုန်းက အလိုရှိတဲ့အမြင်အာရုံကိုရရှိနိုင်ကြပါတယ်။ ထုံဆေး(အစက်ချခြင်း)အသုံးပြုတာကြောင့် ဒီကုထုံးမှာ နာကျင်မှုအနည်းငယ်သာရှိပါတယ်။ ကုသမှုခံယူပြီး ချက်ချင်း သို့မဟုတ် နောက်တစ်နေ့မှာပဲ အမြင်အာရုံကောင်းမွန်စေပါတယ်။ Lasik ကုသမှုနောက်ပိုင်း ပတ်တီးစည်းစရာမလို၊ ချုပ်ရိုးဖြည်စရာမလိုပါဘူး။ အသက်ကြီးလာတဲ့အခါ အမြင်အာရုံပြောင်းလဲလာခဲ့ရင် ထပ်မံပြင်ဆင်ကုသနိုင်ဖို့ Lasikနောက်ပိုင်း နှစ်အတော်ကြာမှပြန်လည်ထိန်းညှိစရာလိုပါတယ်။ Lasik ကုသမှုခံယူထားပြီးနောက် လူနာအများစုက မျက်မှန်နဲ့ မျက်ကပ်မှန်အားထားရတာ သိသိသာသာလျော့သွားပြီး အတော်များများက မျက်မှန်ကိုမလိုတော့တာဖြစ်ပါတယ်။Lasik surgery ရဲ့ဘေးထွက်ဆိုးကျိုးတွေကဘာလဲ လူနာတစ်ဦးချင်းစီမှာ အနာကျက်နှုန်းက အနည်းငယ်ကွာခြားနိုင်တာကြောင့် ရလဒ်တွေကလည်း တစ်ယောက်နဲ့တစ်ယောက် မတူညီနိုင်ကြပါဘူး။ Lasikကြောင့် အမြင်အာရုံပိုင်း တချို့အပိုင်းတွေမှာ ဆိုးလာစေနိုင်ပါတယ်။ (ညဘက်အလင်းစူးစူးတွေမခံနိုင်တာ၊ မျက်လုံးခြောက်တာ) ဖြစ်တောင့်ဖြစ်ခဲအခြေအနေကတော့ အမြင်အာရုံပိုဆိုးစေပြီး ရိုးရိုးမျက်မှန် သို့မဟုတ် မျက်ကပ်မှန်တွေနဲ့ အဆင်မပြေတော့တာတွေဖြစ်စေနိုင်ပါတယ်။ ဘယ်အချိန်မှာ သတိထားသင့်သလဲ သိလိုတာရှိရင်၊ နာကျင်ကိုက်ခဲမှုခံစားရရင်၊ အမြင်အာရုံဆုတ်ယုတ်မှုဖြစ်လာရင်၊ မျက်စိနီရဲလာရင်၊ မျက်ဝတ်တွေထွက်လာရင်၊ ဆရာဝန်ကို အမြန်ဆုံးပြသပါ။ ကုသမှုနောက်ပိုင်း ဘယ်လိုဆင်ခြင်နေထိုင်မလဲ လေဆာနဲ့မျက်စိပါဝါဖျောက်ပြီးနောက် ထိခိုက်မှု သို့မဟုတ်ရောဂါပိုးဝင်ခြင်း မဖြစ်စေဖို့အောက်ပါသတိပေးချက်တွေကို လိုက်နာဆင်ခြင် နိုင်ပါတယ် – 🔸ခွဲစိတ်ပြီးနောက်တစ်ရက်ကျော်တဲ့အထိရေမချိုးပါနဲ့၊ခေါင်းမလျှော်ပါနဲ့။ 🔸ရေချိုးတဲ့အခါလည်း သတိထားပါ။ခေါင်းလျှော်တဲ့အခါ မျက်လုံးထဲ ဆပ်ပြာမဝင်ပါစေနဲ့။ ဆံပင်ဖျန်းဆေးနဲ့ လိုးရှင်းတွေကို သတိထားပါ။ 🔸 တစ်လလောက်ကြာတဲ့အချိန်အထိ မျက်လုံးကို မပွတ်မိအောင် ဂရုစိုက်ပါ။ 🔸 မျက်စိအဆင်မပြေသေးသရွေ့ ကားမမောင်းပါနဲ့။ ဆရာဝန်ကခွင့်ပြုမှမောင်းပါ။ 🔸ပထမတစ်ပတ်အတွင်းတော့ ဆရာဝန်ပေးထားတဲ့ မျက်စိအကာ သို့မဟုတ် မျက်မှန်ကိုတပ်အိပ်ပါ။ 🔸 အနည်းဆုံးတစ်ပတ်လောက်တော့ ဘုံဘိုင်ရေကို မျက်စိထဲမဝင်ပါစေနဲ့။ 🔸အနည်းဆုံး ၃ ပတ်လောက်အတွင်း ရေကူးကန်တွေ၊ရေပူစမ်း၊ရေကန်တွေကိုရှောင်ပါ။ 🔸ခွဲစိတ်ပြီးအနည်းဆုံးတစ်ပတ်လောက်တော့ မိတ်ကပ်မလိမ်းပါနဲ့။ရောဂါပိုးမဝင်စေဖို့သတိထားပါ။ 🔸နှစ်ရက်လောက် ကိုယ်လက်လေ့ကျင့်ခန်းမလုပ်ပါနဲ့။ 🔸လေ့ကျင့်ခန်းသို့မဟုတ် အားကစားပြန်လုပ်တဲ့အခါမှာလည်း တစ်လလောက် မျက်စိအကာ တပ်ပြီးလုပ်ပါ။ 🔸အနည်းဆုံး၁၀ရက်အတွင်း ဆံပင်အရောင်မဆိုးပါနဲ့။ 🔸ညစ်ပေပြီးဖုန်ထူတဲ့ပတ်ဝန်းကျင်တွေကိုရှောင်ပါ။ 🔸နေရောင်တောက်လွန်းရင် အနာရွတ်ဖြစ်စေနိုင်တာကြောင့်နေသာတဲ့နေ့တွေမှာနေကာမျက်မှန်တပ်ဖို့ကို တစ်နှစ်လောက် ဂရုစိုက်ပေးပါ။


by | 02 Mar 2022

လူတစ်ယောက်အတွက် လိုအပ်တဲ့ ဗီတာမင်နဲ့ သတ္တုဓါတ်တွေ ပြည့်ဝဖို့ စားသောက်ရတာ လွယ်တဲ့ ကိစ္စတော့ မဟုတ်ပါဘူး။ သတ်သတ်လွတ်သမားတွေအတွက် ဒီလို အာဟာရတော့ ပြည့်ဝအောင် စားဖို့ကတော့ ပိုပြီး ခက်ခဲနိုင်ပါတယ်။ ဒါကြောင့် အခုဖော်ပြသွားမှာကတော့ ကျန်းမာတဲ့ သတ်သတ်လွတ်သမားဖြစ်ဖို့ အကြံပြုချက် (၁၀) ချက်ပဲ ဖြစ်ပါတယ်။ (၁) အသားဓါတ်ပါအောင်စားပါ။ သတ်သတ်လွတ်သမားတွေအတွက် အသားဓါတ်က ပဲအမျိုးမျိုး၊ တိုဖူး၊ အစေ့အဆံတွေစားခြင်းဖြင့် ရနိုင်ပါတယ်။ နို့ထွက်ပစ္စည်းတွေ စားတဲ့ သတ်သတ်လွတ်သမားတွေအတွက်တော့ နို့နဲ့ဥ တွေကနေ အသားဓါတ်ကို ရရှိပါတယ်။ (၂) ကယ်ဆီယံဓါတ်ပါအောင်စားပါ။ ကယ်ဆီယံဓါတ်က ခန္ဓါကိုယ်ကြီးထွားမှုနဲ့ အရိုးတွေရဲ့ ဖွံ့ဖြိုးမှုအတွက် အခြေခံကျပြီး အရေးကြီးတဲ့ဓါတ်တစ်မျိုးဖြစ်ပါတယ်။ ပဲနို့၊ တိုဖူး၊ အစိမ်းရင့်ရောင်အရွက်များ၊ လိမ္မော်ရည်နဲ့ အခြားသော နို့ထွက်ပစ္စည်းတွေမှာလည်း ကယ်ဆီယံဓါတ် ကြွယ်ဝစွာ ပါဝင်တဲ့ အစားအစာတွေ စားခြင်းဖြင့် ကယ်ဆီယံဓါတ်ကို ရရှိစေပါတယ်။ (၃) အပြောင်းအလဲလုပ်ပါ။ အသားစားသူတွေစားတဲ့ အမယ်တွေကသာ အရသာရှိတဲ့အရာတွေ မဟုတ်ပါဘူး။ အခုခေတ်မှာတော့ ကျန်းမားရေးအတွက် သတ်သတ်လွတ်သမားတွေ တဖြည်းဖြည်းများလာပါပြီ။ ဒါကြောင့် အစားအသောက်အသစ်တွေ စားဖို့ တွန့်ဆုတ်မနေပါနဲ့။ (၄) သက်သက်လွတ်အစားအသောက်အတွက် စိတ်မပျက်ပါနှင့်။ အသားငါးတွေ ကင်စားရတဲ့ အသားကင်ပွဲတွေကတော့ သက်သက်လွတ်သမားတွေအတွက်တော့ စားစရာမရှိဘဲ အထီးကျန်နေနိုင်ပါတယ်။ မည်သို့ပင်ဖြစ်စေ ပန်းစိမ်းကင်နဲ့ တခြားအရသာရှိတဲ့ အသီးအရွက်အသုတ်တွေ စားနိုင်ပါသေးတယ်။ (၅) ပဲအမျိုးမျိုး စားဖို့ မမေ့ပါနှင့်။ (၆) အသီးအရွက်အမျိုးမျိုးကို ပုံစံအမျိုးမျိုးနှင့် စားပါ။ အသီးအရွက်တွေနဲ့သာ ပြုလုပ်ထားတဲ့ အစားအသောက်တွေက အမြင်အရရော တစ်ခါတစ်လေ အရသာ အရပါ အသားငါးတွေ ထက်ပိုကောင်းပါတယ်။ ဒါကြောင့် စားကြည့်ဖို့ ကြိုးစားပါ။ (၇) သက်သက်လွတ်ရတဲ့ စားသောက်ဆိုင်မှာ စားပါ။ စားသောက်ဆိုင်အများစုမှာ သက်သက်လွတ်သမားတွေအတွက် ရွေးချယ်စရာ အမယ်တွေရှိပါတယ်။ ဒါကြောင့် စားပွဲထိုးကို သေချာမေးမြန်းပါ။ အစားအသောက်မှာ အသားငါးက ထုတ်တဲ့အဆီတွေနဲ့ အရသာမှုန့်တွေ မပါအောင် သက်သက်လွတ်စားသောက်ဆိုင်ကို ရွေးချယ်နိုင်ပါတယ်။ (၈) အဆာပြေကို အစေ့အဆံတွေစားပါ။ အဆာပြေကို သစ်ကြားသီးနဲ့ မြေပဲကဲ့သို့သော အစေ့အဆံတွေကို စားနိုင်ပါတယ်။ အစေ့အဆံတွေမှာက အိုမီဂါ ၃ ဓါတ်နဲ့ အကျိုးရှိတဲ့အဆီ (fatty acid) တွေ ပါဝင်ပါတယ်။ မည်သို့ပင်ဖြစ်စေ မပြင်ဆင်ဘဲ အစိမ်းစားတာက ဆိုဒီယမ်၊ ဆီ သို့မဟုတ် သကြား ပါဝင်မှု ပိုများပါတယ်။ (၉) ကိုယ်နဲ့ကိုက်ညီတဲ့ သက်သက်လွတ်ပုံစံရွေးပါ။ ကိုယ်နဲ့ ကိုက်ညီမယ့်အစားအသောက်ကို ရွေးဖို့ခက်နေတယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပါ။ ကျန်းမာရေးအတွက် ထောက်ကူပေးနိုင်တဲ့ မိုဘိုင်းဆော့ဝဲလ်ကို ဖုန်းထဲမှာ သွင်းထားပါ။ (၁၀) ဘီတာမင် ဘီ ၁၂ ပါပါစေ။ သက်သက်လွတ်သမားတွေက အသားငါးမစားတဲ့အတွက် ဘီတာမင်ဘီ ၁၂ ချို့တဲ့နိုင်ပါတယ်။ ဒါကြောင့် ဘီ ၁၂ ဆေးသောက်တာသော်လည်းကောင်း အသင့်လုပ်ထားတဲ့ နှံစားပြောင်း ဒါမှမဟုတ် နို့ထွက်ပစ္စည်းတွေ စားတာသော်လည်းကောင်း လုပ်နိုင်ပါတယ်။ ခုဖော်ပြခဲ့တဲ့ အချက်တွေကတော့ သင့်တစ်နေ့တာ လှုပ်ရှားမှုတွေနဲ့ ခန္ဓါကိုယ်ကြီးထွားဖွံ့ဖြိုးမှုအတွက် အထောက်အကူဖြစ်စေဖို့ လုံလောက်မျှတတဲ့ အစားအသောက်တွေ စားဖို့ အကူအညီပေးနိုင်ပါလိမ့်မယ်။


by | 02 Mar 2022

အစားအသောက်နဲ့ပဲလုံးပမ်းနေသူတွေဟာ စားသောက်မှုပုံစံမမှန်ခြင်းလို့ခေါ်တဲ့အခြေအနေမျိုးကို ဖြစ်လာစေမယ့် အမူအကျင့်တွေအဖြစ်ပြောင်းလဲလာနိုင်ပါတယ်။ စားသောက်မှုပုံစံမမှန်ခြင်း (Disordered eating) ဟာ အစားအသောက်မမှန်လို့ ကိုယ်အလေးချိန်ကျဆင်းလာခြင်း၊ စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း ၊ မနက်စာမှန်မှန်မစားတာ၊ အလောတကြီးစားတာ၊ တခါတရံအများကြီးစားမိတတ်သော်လည်း အဝလွန်မှာကြောက်တတ်တဲ့စိတ်ရောဂါ၊ ဒါမှမဟုတ် ဝမှာစိုးရိမ်ပြီး အစားမစားတာ၊ စိတ်ညစ်ညစ်နဲ့အများကြီးစားတာ စတဲ့ အမျိုးအစားများစွာရှိနိုင်ပါတယ်။ စားသောက်မှုပုံစံမမှန်ခြင်းအတွက် ဖြေရှင်းနိုင်မယ့်အကောင်းဆုံးနည်းလမ်းက ခန္ဓါကိုယ်ရဲ့တုံ့ပြန်သံကို နားစွင့်ဖို့ပါပဲ။ ဆိုလိုတာက ကိုယ်တကယ်ဆာလောင်နေတဲ့အချိန်မှသာ စားဖို့၊ ဗိုက်ပြည့်တဲ့အချိန်မှာ စားတာရပ်ဖို့ လေ့ကျင့်ယူရမှာဖြစ်ပါတယ်။ သည်လိုသတိထားနေထိုင်ကြည့်ရင် အစားအသောက်မှာလစ်ဟာသွားတယ်လို့ မခံစားဘဲ ကယ်လိုရီကိုတောင်ထိန်းချုပ်နိုင်သွားပါလိမ့်မယ်။ စိတ်လွတ်ကိုယ်လွတ်စားသောက်မိခြင်း Cornell University သုတေသီ ပါမောက္ခတစ်ဉီးရဲ့လေ့လာမှုအရ ကိုယ်အစားအသောက်ထည့်စားတဲ့ ပန်းကန်အရွယ်အစားကြီးလေ၊အတိုင်းအဆမသိဘဲစားမိလေ ဖြစ်တယ်လို့တွေ့ရှိခဲ့ပါတယ်။ ဥပမာ ရုပ်ရှင်သွားကြည့်တဲ့သူတွေဟာ ပြောင်းဖူးပေါက်ပေါက် ဘူးကြီးအရွယ်အစားကို စားတဲ့အခါ ဘူးအသေးနဲ့ပဲ ခွဲဝယ်ခဲ့တဲ့(ပေါက်ပေါက်ပမာဏချင်းတူတူ)သူတွေထက် ၄၅ ရာခိုင်နှုန်းလောက်ပိုစားမိကြတာတွေ့ရပါတယ်။ ဒါ့ကြောင့် ပန်းကန်ကြီးကြီးနဲ့ထည့်မစားပါနဲ့။ ကိုယ့်ထည့်စားမယ့်ပန်းကန်အရွယ်အစားကိုပုံမှန်လောက်ပဲရွေးသင့် သလို ဘူးတွေ၊ခွက်တွေထဲကနေ အလွယ်တကူယူတိုက်ရိုက်ယူမစားသင့်ပါဘူး။ ညဘက်ကြီး ထမစားပါနဲ့ ကိုယ်အလေးချိန်ထိန်းသိမ်းချင်တယ်ဆိုရင် ညဘက်အစာစားတာဟာ မကောင်းတဲ့အမူအကျင့်ဖြစ်ပါတယ်။ဒါ့ကြောင့် ညစာစားပြီးပြီဆိုတာနဲ့ မီးဖိုချောင်ပိတ်သွားပြီလို့ ကိုယ့်ဘာသာတွေးထားလိုက်ပါ။ ညစာစားပြီးသွားတိုက် ပါ။ ဒါမှသန့်စင်ပြီးသားခံတွင်းမှာ ထပ်စားချင်စိတ်နည်းစေပါလိမ့်မယ်။ ညလယ်အစာစားချင်လာရင် ၁၀ မိနစ် စောင့်ကြည့်ပါ။ ဒါတောင်ထပ်ဆာနေသေးရင် ချိစ်ချောင်းလေးဖြစ်ဖြစ်၊ သစ်သီးတစ်စိတ်လောက်ဖြစ်ဖြစ် ပမာဏနည်းတာလေးစားလိုက်ပါ။ သရေစာအဆက်မပြတ်စားခြင်း တချိန်လုံး သရေစာတွေစားနေတာ၊ ကယ်လိုရီများတဲ့အစာတွေမကြာခဏစားမိနေတာလည်းမကောင်းပါဘူး။ အငန်များတဲ့အာလူးကြော်တွေ၊ ဆိုဒါနဲ့သကြားလုံးတို့အပါအဝင် ကျန်းမာရေးအတွက်မကောင်းတဲ့ သရေစာမုန့် တွေကို စားတတ်ကြသူတွေများပါတယ်။ ဒါ့ကြောင့် ဒီလိုစားတဲ့အခါမှာ ကျန်းမာရေးအတွက်ကောင်းတဲ့ သရေစာတွေကိုပဲရွေးသင့်ပါတယ်။ဥပမာ- မုန်လာဥနီနဲ့သခွားသီး၊ ဒိန်ချဉ်၊ ဗာဒံစေ့ စတာတွေဖြစ်ပါတယ်။ ကိုယ်စိတ်မနိုင်ဘူးဆိုရင် အာလူးကြော်တွေ၊ ကွတ်ကီးတွေကို အနီးအနားမှာမထားပါနဲ့။ မနက်စာမစားခြင်း မနက်စာက တစ်နေ့တာမှာအရေးကြီးဆုံးဖြစ်တယ်ဆိုတာသိကြပေမယ့် တခြားကိစ္စတွေအာရုံများလာတဲ့အခါ စားဖို့အချိန်မရှိဘူးလို့တွေးမိလိုက်နိုင်ပါတယ်။ ဒါပေမယ့်မနက်စာမစားတဲ့အခါ ခန္ဓါကိုယ်ရဲ့ဇီဝဖြစ်စဉ်က စတင်နှေးကွေးလာပါတယ်။ မနက်စာက သင့်အတွက်တစ်နေ့စာလိုအပ်တဲ့စွမ်းအင်ပမာဏကိုမြှင့်တင်ပေးတာ ဖြစ်ပြီး မနက်စာမစားရင် နောက်ပိုင်းမှာ ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် ကိုယ့်မှာအချိန်မရရင် အသီးအနှံ၊ ဒိန်ချဉ်လိုမျိုး ပြေးရင်းလွှားရင်းနဲ့စားလို့ရမယ့် ကျန်းမာရေးအတွက်ကောင်းတဲ့ မနက်စာကို ကြိုပြင်ထားနိုင်ပါတယ်။ စိတ်ခံစားချက်အရ စားမိခြင်း အလုပ်မှာအဆင်မပြေတာကြုံလာတဲ့အခါ အိမ်ပြန်ရောက်တာနဲ့ ရေခဲသေတ္တာဖွင့်ပြီးတွေ့ရာထိုင်စားမိတာမျိုးက နည်းလမ်းကောင်းမဟုတ်ပါဘူး။ စိတ်ညစ်တာပဲဖြစ်ဖြစ် စိတ်ပျော်တာပဲဖြစ်ဖြစ် စိတ်ခံစားချက်တွေကြောင့် ပုံမှန်ထက်ပိုပြီး စားသောက်မိတာတွေဖြစ်စေနိုင်ပါတယ်။ ဒါ့ကြောင့် စိတ်ဖိစီးလာရင် ထိုင်စားမယ့်အစား လမ်းလျှောက်ထွက်တာ၊ဒါမှမဟုတ်အားပေးတတ်တဲ့သူငယ်ချင်းတစ်ယောက်ကိုဖုန်းဆက်တာတွေ လုပ်နိုင်ပါ တယ်။ အလောတကြီး အမြန်စားခြင်း သရေစာပဲဖြစ်ဖြစ် ထမင်းစားတာပဲဖြစ်ဖြစ် အနောက်ကကျားလိုက်သလို အလောတကြီးစားတာမျိုးက အစာအိမ်နဲ့ ဦးနှောက်ကိုချိတ်ဆက်ဖို့အချိန်မပေးသလိုဖြစ်စေပါတယ်။ အမြန်စားတာကြောင့် ဗိုက်ပြည့်နေပြီလို့ ဦးနှောက်ကမသိဘဲ လိုတာထက်ပိုစားမိတတ်ပါတယ်။ ဒါ့ကြောင့် အစာစားရင်သေချာဝါးပြီး ဖြည်းဖြည်းစားပါ။ စားနေရင်း ရေသောက်ပေးတာကလည်း အစာစားနှုန်းကိုနှေးသွားအောင်ကူညီပေးနိုင်ပြီး ဗိုက်ပြည့်မပြည့် သိနိုင်မှာဖြစ်ပါတယ်။ အသင့်အလွယ်စားသရေစာမုန့်များ ဒီအစားအစာတွေက ထင်ထားတာထက်ပိုပြီးခန္ဓါကိုယ်ကိုထိခိုက်စေနိုင်ပါတယ်။ သုတေသနတွေအရ အဆီများ အချိုများတဲ့အစားအစာတွေဟာ ကိုကင်းနဲ့ဘိန်းလိုပဲ မစားရမနေနိုင် စားချင်လာအောင် စွဲလမ်းစေတတ်တယ်လို့ သိရပါတယ်။ ဒါ့ကြောင့် နေ့တိုင်းတော့မဟုတ်ပေမယ့် ကိုယ်တကယ်ကြိုက်တဲ့အစားအစာကိုရွေးချယ်ထားပြီး အတော်အသင့်သာ ချင့်ချိန်စားပါ။


by | 01 Mar 2022

ပတ်ဝန်းကျင်မှာ ဘယ်သူကတော့ဖြင့် သားအိမ်မှာ အသားလုံးတည်လို့ သားအိမ်ထုတ်လိုက်ရတယ်။ဘယ်သူကတော့ အသားလုံးရှိလို့ ဆေးရုံတက်နေတယ်ဆိုတာမျိုး ကြားဖူးပါသလား။ ပတ်ဝန်းကျင်မှာ ဒါမျိုးမကြာခဏကြားဖူးတယ်ဆိုရင် ဒီရောဂါအဖြစ်များတယ်ပဲဆိုရမှာပေါ့။ သားအိမ်အသားလုံး ဆိုတာဘာလဲ။ ပြောတဲ့အတိုင်းပဲ အသားလုံးကြီးပါ။ စာဆန်ဆန်ပြောရရင်တော့ သားအိမ်ကြွက်သားတွေ ပွားပြီး အလုံးတည်လာတာပေါ့။ မျက်စိနဲ့မမြင်နိုင်တဲ့ အလုံးသေးသေးလေးတွေရှိသလို ရင်ခေါင်းထိတက်ဆောင့်နိုင်တဲ့အလုံးကြီးတွေလည်းရှိပါတယ်။ သားအိမ်ထဲမှာဖြစ်နိုင်သလို သားအိမ်ပြင်ပမှာလည်း အညှာလေးနဲ့ တွယ်နေတတ်ပါတယ်။ တစ်လုံးတည်းလည်း ဖြစ်နိုင်သလို အများကြီးလည်းဖြစ်နိုင်ပါတယ် ကင်ဆာလား။ ကင်ဆာမဟုတ်ပါဘူး။ သာမန်အလုံးပါ။ ကင်ဆာပြောင်းနိုင်လားဆိုတော့ ပြောင်းနိုင်ချေက လူ၁၀၀၀မှာ ၁ယောက်တောင်မရှိပါဘူး။ ဒါကြောင့် ဖြစ်ခဲတယ်လို့ပဲ ပြောရမှာပါ။ ဘာလက္ခဏာတွေခံစားရမှာလဲ။ သားအိမ်မှာအသားလုံးရှိတဲ့သူတော်တော်များများက ဘာလက္ခဏာမှ သိပ်မခံစားရပါဘူး။ ဒါကအလုံးသေးတာကြောင့်လည်းဖြစ်နိုင်သလို အလုံးရှိတဲ့နေရာနဲ့လည်းဆိုင်ပါတယ်။ ရောဂါလက္ခဏာတွေက အလုံးရှိတဲ့နေရာ၊ အရွယ်အစားနဲ့ ဘယ်နှစ်လုံးလဲဆိုတာပေါ်မူတည်ပါသေးတယ်။ အတွေ့ရများတဲ့ လက္ခဏာတွေကတော့ • ရာသီသွေးဆင်းများတာ • သွေးဆင်းရင် ကိုက်ခဲတာ • ရာသီလာရက်ပိုကြာတာ • ရာသီမတိုင်ခင်သွေးဆင်းတာ • မကြာခဏဆီးသွားချင်တာ • ဝမ်းချုပ်တာ • ခါးနာတာ၊ ပေါင်အနောက်နာတာ • အမျိုးသားနဲ့အတူနေရင် နာတာ • ဗိုက်ပြည့်သလိုခံစားရတာ၊ ဗိုက်မှာအလုံးစမ်းမိတာ စတာတွေပဲ ဖြစ်ပါတယ်။ ဘာကြောင့်ဖြစ်တာလဲ။ အကြောင်းရင်းအတိအကျကိုတော့ မသိရသေးပါဘူး။ ဖြစ်နိုင်ချေရှိတဲ့ အကြောင်းတွေကတော့ • မျိုးရိုးဗီဇ • ဟော်မုန်း -အမျိုးသမီးတွေမှာရှိတဲ့ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေက ရာသီလာခါနီးရင် သားအိမ်နံရံထူဖို့ လုပ်ပေးပါတယ်။ သားအိမ်အသားလုံးတွေက ဒီဟော်မုန်းနှစ်မျိုးကို ပိုလက်ခံတာကို တွေ့ရပါတယ်။ ဒါကြောင့်သွေးဆုံးပြီးတဲ့သူတွေမှာ အသားလုံးကဖြစ်ခဲပါတယ်။ ဘယ်သူတွေပိုဖြစ်နိုင်လဲ။ လူတိုင်းဖြစ်နိုင်ပေမယ့် ပိုဖြစ်နိုင်တဲ့သူတွေကတော့ • အသက်၃၀ကျော်တွေမှာ အဖြစ်များပါတယ်။ • ကိုယ်ဝန်ဆောင်တွေ -ကိုယ်ဝန်ဆောင်ချိန်မှာ အီစထရိုဂျင်နဲ့ ပရိုဂျက်စတုန်းဟော်မုန်းတွေပိုများလာတဲ့အတွက် အလုံးအသစ်တွေဖြစ်တာ၊ ရှိပြီးလားအလုံးတွေ ကြီးလာတာမျိုးဖြစ်တတ်ပါတယ်။ • အသက်ငယ်ငယ်လေးနဲ့ ရာသီစလာတာ (အသက်၁၀နှစ်မတိုင်ခင်) • ဗီတာမင်ဒီချို့တဲ့တာ • အနီရောင်အသားအစားများပြီး အသီးအရွက်အစားနည်းတာ • အရက်သောက်တာ • တားဆေးတွေသောက်တာ • မိသားစုထဲမှာ မျိုးရိုးရှိတာ • အဝလွန်တာ စတာတွေပဲဖြစ်ပါတယ်။ နောက်ဆက်တွဲဘာဖြစ်နိုင်လဲ။ • အသားလုံးကြောင့် ကိုယ်ဝန်မရတာတွေဖြစ်တတ်ပါတယ်။ • ကိုယ်ဝန်ရှိပြီးသားသူတွေမှာလည်း သားအိမ်မှာ အလုံးခံနေတဲ့အတွက် ကိုယ်ဝန်ပျက်ကျတာ၊ ကလေးအနေအထားမမှန်တာ၊ အချင်းအနေအထားမမှန်တာ၊ ကလေးကောင်းကောင်းမကြီးတာ၊ လမစေ့ဘဲမွေးတာတွေဖြစ်တတ်ပါတယ်။ • ရာသီသွေးဆင်းများပြီး သွေးအားနည်းတာ၊ ခေါင်းမူးတာလည်း ဖြစ်တတ်ပါတယ်။ • အသားလုံးက ဆီးအိမ်ကိုဖိထားတာကြောင့် ဆီးခဏခဏသွားချင်တာ၊ ဆီးကျန်တာဖြစ်ပြီး ဆီးပိုးဝင်တတ်ပါတယ်။ • သားအိမ်ပြင်ပမှာ အညှာနဲ့ တွယ်နေတဲ့ အသားလုံးက လိမ်ပြီး သွေးမလျှောက်တော့တာ။ ဒါမျိုးဆိုရင်တော့ ဗိုက်အရမ်းနာပြီး အရေးပေါ်ခွဲစိတ်ဖို့ လိုပါမယ်။ ကာကွယ်လို့ရလား။ ကာကွယ်တဲ့နည်းလမ်းတွေက လုံးဝမဖြစ်အောင် မတားနိုင်ပါဘူး။ ကိုယ်အလေးချိန်ထိန်းတာ၊ အသီးအရွက်တွေပိုစားတာက ဖြစ်နိုင်ချေကို လျှော့ချပေးနိုင်ပါတယ်။


by | 01 Mar 2022

သွေးတိုးသမားဆိုတာ အစားအသောက် မှီဝဲရာမှာ သိပ်ကို အခက်တွေ့တတ်ပါတယ်။ ဟိုဟာမတည့် ဒီဟာမတည့် ဟိုဟာရှောင် ဒီဟာရှောင်နဲ့ဆိုတော့ စားရေးသောက်တာမှာ အင်မတန်အင်မတန်ခက်ခဲတယ်ပဲ ဆိုပါတော့။ ဒီလို တစ်ခုခုစားမယ်ဆိုရင် စိတ်ပင်ပန်းနေရတတ်တဲ့ သွေးတိုးသမားတွေ စားပေးရမယ့် အထူးအစားအစာလေးတွေ ရှိပါတယ်။ သွေးတိုးကို ထိန်းချုပ်ပေးနိုင်ပြီး ရောဂါဆိုးရွားမလာအောင် ထိမ်းညှိပေးနိုင်မယ့်အပြင် အရသာလည်းရှိ အာဟာရလည်းပြည့်ဝတဲ့ အစားအစာမျိုးတွေပေါ့။ သွေးတိုးဆိုတာက ဖြစ်ပြီးရင် ပျောက်အောင်ကုသလို့မရဘူးလေ။ ဒီတော့ သတိထားရတာပေါ့။ ခုဖော်ပြပေးမယ့် အစားအစာတွေဟာ သွေးတိုးသမားတွေ ရောဂါထိမ်းချုပ်ရေးအတွက်ရော စိတ်လက်ပေါ့ပါးစွာ စားဖို့အတွက်ရော အထောက်အကူပြုမယ့် အထူးအစားအစာတွေဖြစ်ပါတယ်။ သွေးတိုးသမားတွေတော့ သဘောကျကြမယ်ထင်ပါတယ်။ သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာအမျိုးအစားတွေ ကမ္ဘာပေါ်မှာ လူဦးရေ ၁ ဘီလီယံလောက်က သွေးတိုးဝေဒနာကို ခံစားနေကြရတာပါ။ ဒီလူတွေအားလုံးဟာ စားရေးသောက်ရေးမှာ အတော်လေး ကသီလင်တနိုင်လှပါတယ်။ သွေးတိုးဝေဒနာ ပြင်းထန်လာရင် နှလုံးရောဂါနဲ့ပါဆက်နွယ်နေတာကိုး။ ဒီလိုအခြေအနေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် မှန်ကန်တဲ့ အာဟာရဓာတ်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ လိုအပ်မှာဖြစ်ပြီးတော့ သွေးတိုးလာရင်တော့ သွေးကျဆေးလိုအရာတွေ မှီဝဲပြီး ထိမ်းချုပ်ကြရပါတယ်။ အထူးသဖြင့်တော့ ပိုတက်ဆီယံနဲ့ မဂ္ဂနီဆီယံပါဝင်မှုများတဲ့ အစားအစာတွေကို မှီဝဲပေးရင် သွေးတိုးကို လျှော့ချပေးနိုင်မှာပါ။ ဒါကြောင့် သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာတွေကို စုစည်းပြီး ဖော်ပြပေးချင်ပါတယ်။ ဒီအစားအစာတွေက သွေးမတိုးအောင် ထိမ်းချုပ်ဖို့ အကူအညီပေးနိုင်တဲ့အပြင် အာဟာရဓာတ်လည်း ကြွယ်ဝတော့ တခြားကျန်းမာရေးပြဿနာတွေကိုလည်း ကူညီဖြေရှင်းပေးမှာပါ။ • Citrus fruits – လိမ္မော်၊ သံပုရာ၊ ရှောက်၊ ကျွဲကောစတဲ့ Citrus fruits တွေက သွေးမတိုးအောင် ထိမ်းချုပ်ပေးနိုင်ပါတယ်။ ဒီသစ်သီးတွေမှာ အာဟာရဓာတ်တွေ၊ သက်စောင့်ဓာတ်တွေနဲ့ သွေးတိုးခြင်းကို လျော့ကျစေနိုင်တဲ့ အာဟာရတွေ ပါရှိနေပါတယ်။ • ဆဲလ်မွန်အပါအဝင် ပင်လယ်ငါးများ – Omega-3 ပါဝင်တဲ့ ပင်လယ်ငါးတွေကလည်း သွေးတိုးကို လျော့ကျစေပါတယ်။ ဒီငါးတွေများများမှီဝဲခြင်းဟာ နှလုံးကျန်းမာရေးကိုလည်း ကောင်းမွန်စေပါတယ်။ • ဖရုံစေ့ – ဖရုံစေ့မှာ ပိုဆက်တီယံနဲ့ မဂ္ဂနီဆီယံလို သွေးမတိုးအောင် ထိမ်းချုပ်ပေးနိုင်တဲ့ ဓာတ်တွေ ကြွယ်ကြွယ်ဝဝကိုပါဝင်နေတာပါ။ ဒါကြောင့်ဖရုံစေ့ကို ပုံမှန်မှီဝဲပေးတာကလည်း သွေးတိုး ထိမ်းချုပ်မှုမှာ အသုံးတည့်တဲ့နည်းလမ်းတစ်ခုပါ။ • ပဲအမျိုးမျိုး – ပဲတွေကလည်း ပိုဆက်တီယံနဲ့ မဂ္ဂနီဆီယံ ပါဝင်မှုပမာဏ မြင့်မားပါတယ်။ ဒါ့အပြင် အမျှင်ဓာတ်ပါဝင်မှုလည်း ကြွယ်ဝတာမို့ ဗိုက်လည်း ပြည့်စေပါတယ်။ • ဘယ်ရီသီးများ – စတော်ဘယ်ရီပဲဖြစ်ဖြစ်၊ ဘလူးဘယ်ရီပဲဖြစ်ဖြစ် ဘယ်လို ဘယ်ရီသီးမဆို သွေးတိုးကို ကောင်းကောင်း ထိမ်းချုပ်ပေးနိုင်ပါတယ်။ သူ့မှာပါဝင်တဲ့ antioxidants တွေက ဒီလိုအစွမ်းသတ္တိရှိအောင် ကူညီပေးတာပါ။ • မုန်လာဥနီ – မုန်လာဥနီကလည်း မဖြစ်မနေ သွေးတိုးသမားတွေ စားပေးရမယ့် အစားအစာတစ်မျိုးပါပဲ။ ဥနီမှာပါဝင်နေတဲ့ phenolic compounds တွေက သွေးလွှတ်ကြောတွေကို ဖိစီးမှုကင်းစင်စေပြီး ထိခိုက်မှုတွေကိုလည်း လျှော့ချပေးပါတယ်။ • တရုတ်နံနံကြီး – တရုတ်နံနံကြီးမျိုးတွေကလည်း သွေးတိုးဝေဒနာကို လျော့ပါးစေတဲ့ ဂုဏ်သတ္တိထူးကို ပိုင်ဆိုင်ထားပါတယ်။ သူ့မှာပါဝင်တဲ့ သွေးတိုးကိုကျစေတဲ့ ကွန်ပေါင်းကတော့ phthalides ပါ။ • ခရမ်းချဉ်သီး – လူကြိုက်များလှတဲ့ ခရမ်းချဉ်သီးတွေကလည်း အာဟာရဓာတ်ကြွယ်ဝသလို ပိုတက်ဆီယမ်လည်း ပါဝင်မှုမျာတာမို့ သွေးတိုးသမားတွေ ပုံမှန်မှီဝဲပေးသင့်တဲ့ အစားအစာတစ်မျိုးပါ။ • ဘရိုကိုလီ – ဂေါ်ဖီစိမ်းထုပ်လေးတွေဟာ သွေးလည်ပတ်မှုကို ချောမွေ့ကောင်းမွန်စေတာကြောင့် သွေးတိုးမယ့် ရန်ကနေ ကင်းဝေစေပါတယ်။ • ဗီတွတ်ဥ – အရောင်အသွေးလှတဲ့ ဗီတွတ်ဥတွေဟာ သွေးကြောတွေကို ပြေလျော့စေပြီး သွေးတိုးနိုင်ခြေကို လျော့ကျစေပါတယ်။ • ကညွတ်ကြီး – ကညွတ်ကြီးမျိုးက antioxidants ၊ ပိုတက်ဆီယမ်၊ မဂ္ဂနီဆီယံနဲ့ ကယ်လ်ဆီယံဓာတ်တွေ ပါဝင်မှုများတာမို့ သွေးတိုးသမားတွေ လုံးဝလက်မလွှတ်သင့်တဲ့ အစားအစာမျိုးပါ။ နေ့စဉ်မှီဝဲပေးနိုင်ရင် တခြားကျန်းမာရေးအကျိုးကျေးဇူးတွေကို ရစေမှာဖြစ်ပါတယ်။ သွေးတိုးဝေဒနာ သတိပြုပါ သွေးတိုးဆိုတာ အသံတိတ်လူသတ်သမားပါ။ ပုံမှန်အားဖြင့် မေ့လျော့ပေါ့ဆမှုကို အခံရဆုံး ရောဂါဖြစ်ပြီးတော့ တိုးလာချိန်မှသာ ဆေးထသောက်ပြီး တားဆီးလိုက်တာမျိုးက များပါတယ်။ ဒါကြောင့်လည်း မထိန်းချုပ်နိုင်ချိန်မှာ အသက်ပါရတာပါ။ ဒါကြောင့် သွေးတိုးကိုယ့်မှာရှိနေပြီဆိုရင် ဆေးဝါးတွေကို ပုံမှန် မှီဝဲဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် အစားအသောက်မှီဝဲစားသောက်ရာမှာလည်း အထက်မှာဖော်ပြခဲ့တဲ့ စူပါအစားအသောက်တွေကို ပိုမိုမှီဝဲပြီး ကိုယ့်ရဲ့ သွေးတိုးပြဿနာကို ထိမ်းချုပ်သင့်ပါတယ်။ မတည့်တာတွေကို အမြဲစားသောက်မိနေမယ်ဆိုရင် သွေးတိုးက ရေရှည်မှာ အသက်အန္တရာယ်ကို ဒုက္ခပေးလာနိုင်တာမို့ သတိထားသင့်တဲ့ ပြဿနာပါ။ သွေးတိုးပြီဆိုရင်လေ လေဖြတ်တာ၊ ဦးနှောက်သွေးကြော ပြတ်တာ၊ နှလုံးဖောက်ပြန်တာနဲ့ ဆီးချိုထတာတွေပါဖြစ်လာနိုင်တာမို့ သတိထားနေထိုင် စားသောက်ဖို့ တိုက်တွန်းပါရစေ။


by | 28 Feb 2022

နားကြပ်တံလေးတွေ တချို့တွေအိတ်ထဲဆောင်ထားကြတာတွေ့ဖူးပါတယ်။ နားသန့်ရှင်းရေးအဖြစ်နဲ့ မကြာခဏသုံးတတ်ကြတယ်ပေါ့။ နားဖာကလော်လေးတွေ သော့ချိတ်မှာချိတ်ထားတာက ရှိသေးတယ်။ ဒီပစ္စည်းတွေနဲ့ မကြာမကြာ နားဖာချေး သန့်ရှင်းရေးမလုပ်ပေးရင်ပဲ တစ်ကိုယ်ရည်သန့်ရှင်းမှုမရှိသူလိုလို ဆက်ဆံခံရတတ်တာသေချာတာပေါ့။ ဒီလိုအယူအဆမျိုးကိုဆေးပညာကတော့ နိုးပါ တဲ့။ နားအတွင်းပိုင်းဆိုတာ သူ့အလိုအလျောက် သန့်စင်နိုင်စွမ်းရှိသလို ထူးထူးခြားခြားသန့်ရှင်းပေးဖို့ မလိုပါဘူး။ အတော်များများလုပ်လေ့ရှိတဲ့ နားသန့်ရှင်းရေးကတော့ နားဖာချေးတွေကို ရှင်းထုတ်တာပါပဲ။ ဒါတွေမရှိမှ သန့်နေမယ်၊ အကြားအာရုံပိုကောင်းတယ် လို့ ထင်ကြတယ်လေ။ နားဖာချေး ဘာလို့ ဖြစ်လာတာလဲ နားဖာချေးဆိုတာ cerumen လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုးဖြစ်ပြီး နားကို ကာကွယ်ပေးဖို့နဲ့ နားအတွင်းပိုင်းစိုစွတ်မှုထိန်းပေးဖို့ ခန္ဓာကိုယ်က အလိုအလျောက် ပုံမှန်ထုတ်ပေးနေတာပါ။ နားဖာချေးသာမရှိရင် နားထဲမှာ ခြောက်သွေ့ယားယံနေနိုင်ပါတယ်။ သူ့မှာ ဘက်တီးရီးယားသေစေနိုင်စွမ်းလည်းရှိလို့ နားကို အလိုအလျောက်သန့်စင်ပေးနိုင်ပါတယ်။ ဖုန်မှုန့်နဲ့ အညစ်အကြေးတွေလို အန္တရာယ်ပေးနိုင်တဲ့အရာတွေ နားအတွင်းထဲမရောက်နိုင်အောင် တားဆီးပေးထားတာမို့ နားဖာချေးက နားအတွက် အကာအကွယ်တစ်ခုလိုတောင် ဖြစ်နေပါသေးတယ်။ ဒါပေမယ့် နားဖာချေးက အပြင်ပိုင်းမှာပဲ ရှိပြီး အတွင်းပိုင်းမှာမရှိတတ်ပါဘူး။ နားဖာချေးပိတ်တာကရော နားဖာချေးပိတ်ရတဲ့ အကြောင်းရင်းကတော့ နားထဲကို နားကြပ်ဂွမ်းလို တစ်ခုခုနဲ့ သန့်ရှင်းဖို့ ကြိုးစားတာကြောင့် ဖြစ်နိုင်ပါတယ်။ ဒီလိုမျိုး နားထဲထိုးလိုက်တဲ့အခါ နားဖာချေးတွေကို အတွင်းထဲ နက်နက်ပိုရောက်သွားအောင် တွန်းပို့သလိုဖြစ်စေတာမို့ပါ။ ပြင်ပအရာဝတ္ထုတစ်ခုခု ဒါမှမဟုတ် ချွန်ထက်တဲ့အရာဝတ္ထုတစ်ခုခုနဲ့ နားထဲကို ကလော်တာ၊ ထိုးတာတွေကြောင့် ပိုးဝင်တာ၊ နားစည်ပေါက်ပြဲတာ၊ အကြားအာရုံဆုံးရှုံးတာတွေလို နောက်ဆက်တွဲပြဿနာတွေ ဖြစ်လာစေနိုင်ပါတယ်။ ဘယ်လိုသန့်ရှင်းပေးသင့်တာလဲ ပုံမှန်အားဖြင့်တော့ မလိုပါဘူး။ ဒါပေမယ့် နားဖာချေးတွေများနေတယ်၊ လက္ခဏာတစ်ခုခု ဖြစ်လာတယ်ဆိုရင် cerumen impaction လို့ခေါ်တဲ့ နားဖာချေးပိတ်ဆို့ခြင်းဖြစ်နေနိုင်ပါတယ်။ သူ့ရဲ့လက္ခဏာတွေက – • နားထဲမှာ နာတာ ဒါမှမဟုတ် ပိတ်နေသလို ခံစားရတာ၊ • တစ်ချက်တစ်ချက် သိပ်မကြားရတာ (ကြာရင်ပိုဆိုးလာနိုင်တယ်) • နားထဲ အသံမြည်နေတာ၊ • နားထဲက ယားတာ၊ အရည်ထွက်တာ၊ အနံ့ထွက်တာ၊ • ချောင်းဆိုးတာ တို့ ပါဝင်ပါတယ်။ ဆရာဝန်ပြတဲ့အခါ နားကိုစစ်ဆေးကုသပြီး နားဖာချေးတွေကို ကိရိယာအသေးစားလေးတွေသုံးပြီး ဖယ်ရှားတာ၊ စုပ်ထုတ်တာ စတဲ့နည်းတွေ လုပ်ပေးမှာပါ။ ဒါ့ကြောင့် နားထဲ ယားလာတာ၊ စပ်လာတာ တစ်ခုခုဖြစ်လာရင် ဆရာဝန်ပြပါ။ နားပိတ်ဆို့တာ သိပ်ဆိုးဆိုးရွားရွားမဖြစ်ဘူးဆိုရင်တော့ အဝတ်စ နုနုလေးတစ်ခုကိုသုံးပြီး နားအပြင်ပိုင်းလေးကို အသာအယာသန့်ရှင်းပေးနိုင်ပါတယ်။


by | 28 Feb 2022

လူက အသိစိတ် ရှိနေတယ်။ နိုးနေတယ်။ ဒါပေမဲ့ တစ်ယောက်ယောက်က တက်ဖိထားသလိုမျိုး ခြေတွေ၊ လက်တွေလည်း လှုပ်မရ၊ အော်လို့လည်းမရ၊ ဘာမှ လုပ်မရဘဲ အတော်ကို ကြောက်စရာကောင်းတဲ့ အခြေအနေမျိုး ကြုံဖူးကြလား။ မြန်မာတွေကတော့ ဒါကို ဘီလူးစီးတယ်လို့ ခေါပြီး အနောက်တိုင်း ဆေးပညာအရတော့ ဒါကို Sleep Paralysis လို့ ခေါ်ပါတယ်။ ထမင်းလုံး တစ္ဆေခြောက်တာလို့လည်း တချို့တွေက ပြောကြသေးတယ်။ ဘယ်လိုပဲခေါ်ခေါ် ကျိန်းသေတာကတော့ တစ်ခါကြုံပြီး နောက်တစ်ခါဆိုတာ ယောင်လို့တောင် မကြုံချင်၊ မကြားချင်တော့တဲ့ အခြေအနေပါပဲ။ ဒီလို ဘီလူးစီးခြင်းက ဘယ်အချိန်တွေမှာ အများအားဖြင့် ဖြစ်တတ်တာလဲ။ ဘီလူးစီးခြင်းဟာ အချိန်နှစ်ချိန်မှာ ဖြစ်တတ်ပါတယ်။ အိပ်ပျော်နေချိန်မှာနဲ့ နိုးနေချိန်မှာ ဖြစ်တာပါ။ အိပ်ပျော်နေချိန်မှာ ဖြစ်တာကိုတော့ predormital sleep paralysis လို့ခေါပြီး နိုးနေချိန်မှာ ဖြစ်တဲ့ ဘီလူးစီးခြင်းကိုတော့ Postdormital sleep paralysis လို့ ခေါ်ပါတယ်။ ဖြစ်ရခြင်း အကြောင်းအရင်း ဘီလူးစီးတာ ဘာဖြစ်လို့ဖြစ်ရတာလဲဆိုတာကို ဖြေရှင်းဖို့ကတော့ အတော်လက်ဝင်ပါတယ်။ ဒါပေမယ့်လည်း ဘာကြောင့်လည်းဆိုတဲ့ အဖြေအတိအကျတော့မရှိဘဲ သီအိုရီ သဘောတရားအရပဲရှိပါသေးတယ်။ လူတစ်ယောက်ရဲ့အိပ်စက်ခြင်းကို REM (rapid eye movement) နဲ့ NREM (non-rapid eye movement) ဆိုပြီးတော့အဆင့်ခွဲပါတယ်။ အဲဒီတစ်ဆင့်ခြင်းဆီမှာကိုပဲ သူနဲ့သက်ဆိုင်တဲ့ဦးနှောက်ရဲ့တုန့်ပြန်မှုတွေ၊ ခန္ဓာကိုယ်ရဲ့တုန့်ပြန်မှုတွေရှိပါတယ်။ တစ်ညတာအိပ်စက်တဲ့အခါမှာ ဒီ NREM နဲ့ REM အဆင့်တွေအလှည့်ကျဖြစ်ပေါ်အောင် ဦးနှောက်ကထိန်းချုပ်ထားရပါတယ်။ အလွယ်ပြောရရင်တော့ NREM ဆိုတာက အိပ်တစ်ဝက်နိုးတစ်ဝက်အခြေအနေဖြစ်ပြီး REM ကတော့လုံးဝအိပ်ပျော်သွားတဲ့အခြေအနေတစ်ရပ်ဖြစ်ပါတယ်။ REM အချိန်မှာလူတွေပါ အိပ်မက်မက်ကြပါတယ်။ အိပ်မက်ထဲမှာဆိုပေမယ့်လည်း ကိုယ့်စိတ်ထဲမှာတော့ တကယ်ထင်နေတာပါပဲ။ အဲဒီတော့အိပ်မက်ထဲမှာ လက်သီးထိုးနေရင် အပြင်မှာလည်း လိုက်ထိုးနေဖို့ရှိတယ်။ အိပ်မက်ထဲမှာဘောလုံးကန်နေရင် အပြင်မှာလည်း လိုက်ကန်နေမိလိမ့်မယ်။ အဲဒီတော့ အိပ်မက်ထဲမှာ လုပ်တဲ့အတိုင်းအပြင်မှာလျှောက်မဖြစ်နေအောင် ဦးနှောက်က REM အဆင့် လူတွေအိပ်မက်မက်ပြီဆိုရင် အိပ်မက်ထဲကအတိုင်းအပြင်မှာလိုက်မလုပ်နိုင်အောင် လူထိန်းချုပ်လို့ရတဲ့ ကြွက်သားတွေကို ဦးနှောက်က လှမ်းပိတ်ထားလိုက်ပါတယ်။ နိုးတော့မယ်ဆိုမှ REM အဆင့်ကနေ NREM ဖြစ်၊ ဦးနှောက်ကထိန်းချုပ်ထားတာတွေကို ပြန်လျှော့ပြီး ပြန်လှုပ်ရှားလို့ရအောင်လုပ်ပါတယ်။ ဘီလူးစီးတဲ့အခါ ဦးနှောက်က REM အဆင့်မှာ ထိန်းချုပ်တဲ့နေရာမှာ ကိုယ်တိုင်ထိန်းနိုင်တဲ့ ကြွက်သားတွေကိုသာ မလှုပ်ရှားနိုင်အောင်လုပ်ထားပါတယ်။ အဲဒါကြောင့် ဘီလူးစီးတဲ့အချိန်မှာ မအော်နိုင်မဟစ်နိုင်၊ မလှုပ်ရှားနိုင်ပေမယ့် အသက်ရှူတာလိုမျိုး အရေးကြီးတဲ့ကြွက်သားတွေကတော့ ပုံမှန်အလုပ်ဆက်လုပ်ပါတယ်။ အဲဒီလို ဘီလူးစီးတယ်ဆိုတဲ့အခြေအနေဖြစ်ပေါ်ရတာကတော့ REM အဆင့်ကနေ ဦးနှောက်ကထိန်းချုပ်ထားတာတွေ မလျှော့ဘဲ အလုပ်လုပ်ပုံမှားယွင်းတာကြောင့် နိုးသွားပြီးလူရဲ့သိစိတ်ပြန်ဝင်လာတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဦးနှောက်ကအိပ်နေတယ်လို့ပဲ ဆက်သတ်မှတ်ထားပြီး REM အဆင့်မှာပဲဆက်ထားတဲ့အခါမှာ လှုပ်မရ၊ အော်မရ ဖြစ်လာတယ်။ အိပ်မက်မက်နေသလို၊ တကယ်ဖြစ်နေသလိုခံစားရပါတယ်။ နိုးလာစေချင်ပေမယ့်လည်း မနိုးနိုင်ဖြစ်တော့ စိတ်ဒုက္ခရောက်စရာ ကြောက်စရာဖြစ်လာတယ်။ တခြားအပြင်ဘက်က အထိအတွေ့ တစ်ခုခုကြောင့်နဲ့ ဦးနှောက်ကပြန်ပြီး ပုံမှန်ပြန်လုပ်သွားတဲ့အခါကျမှ ပြန်လှုပ်လို့ရသွားပါတယ်။ ဆိုလိုချင်တာက အပြင်ကလူတစ်ယောက်ယောက်မနှိုးမခြင်း၊ REM အဆင့်မကုန်သွားမခြင်း လှုပ်လို့မရသေးပါဘူး။ နောက်တစ်ချက်ကတော့ ဘီလူးစီးတဲ့အချိန်မှာ လူတွေဟာ အိပ်မက်လိုဖြစ်နေပေမယ့် တကယ့်ကို ကြောက်မက်ဖွယ်ကောင်းတဲ့ စိတ်ခြောက်ခြားစရာဖြစ်တဲ့ အန္တရာယ်တစ်ခုခုနဲ့ကြုံတွေ့နေရတယ်လို့ စိတ်ထဲမှာခံစားမိနေပါတယ်။ အဲဒါကလည်း သိစိတ်ရှိနေတဲ့ REM အဆင့်ရဲ့နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ဘာသာပြန်တာ လွန်ကဲပြီးဒီအခြေအနေဟာ အသက်အန္တရာယ်ထိရှိလာနိုင်တယ် အရမ်းကြောက်ဖို့ကောင်းတယ်လို့ နောက်ဆက်တွဲဘာသာပြန်ပါတယ်။ အဲဒါကြောင့် ဘီလူးစီးခံရတဲ့လူတွေမှာ အဲလိုလှုပ်လို့မရတဲ့အခြေအနေတစ်ရပ်မှာ အင်မတန်ကိုကြောက်စရာကောင်းတဲ့ အတွေ့အကြုံခံစားခဲ့ရတယ်လို့ထင်ပြီး နိုးလာရင်တောင် ကြောက်စိတ်မပြယ်ဖြစ်နေတတ်ပါတယ်။ ဘယ်အချိန်တွေမှာပိုဖြစ်သလဲ ဒီလို ဦးနှောက်က ဘာသာပြန်မှားယွင်းတာဟာ ဦးနှောက်ကိုအောက်ဆီဂျင်သိပ်မရောက်တဲ့အခြေအနေတွေ ဥပမာ လေဝင်လေထွက်မကောင်းတာမျိုး၊ ကာဘွန်ဒိုင်အောက်ဆိုက်ဒ် အရမ်းများနေတဲ့အခန်းထဲမှာအိပ်တာမျိုးဆိုရင် ပိုဖြစ်တတ်ပါတယ်။ တစ်ခါတလေမှာ အဲဒါကအလွန်ပြင်းထန်သွားတတ်ပြီး အိပ်တစ်ဝက်နိုးတစ်ဝက်ဖြစ်ကာ အိပ်မက်လို့သိနေပေမယ့်လည်း အသက်ရှူကြပ်တဲ့အထိ၊ အသက်ရှူလို့မရတဲ့အခြေအနေထိဖြစ်လာပါတယ်။ ဘီလူးစီးခြင်း (Sleep paralysis)ဟာ အသက်အန္တရာယ်ဖြစ်လောက်အောင်ဒုက္ခမပေးနိုင်ပေမယ့် ခံစားခဲ့ရတဲ့သူအတွက်တော့ တစ်သက်တာမမေ့နိုင်အောင် ကြောက်ဖို့ကောင်းတတ်ပါတယ်။ ဒီလူတွေမှာပိုဖြစ်တတ်ပါတယ် ဘီလူးစီးတာဟာ အိပ်မပျော်တဲ့သူတွေ၊ အိပ်ချိန်မမှန်တဲ့သူတွေ၊ ပက်လက်အိပ်တတ်သူတွေ၊ ဖိအားများလွန်းတဲ့သူတွေ၊ အရမ်းကိုပင်ပန်းနွမ်းနယ်နေတဲ့သူတွေ၊ ဆေးသုံးတဲ့သူတွေမှာ ပိုဖြစ်ပါတယ်။ ဒီနေရာမှာတော့ မြန်မာတွေအရင်တည်းက ယူဆလာတဲ့အချက်ကမှန်နေတယ်။ ငယ်ငယ်တုန်းက ဘီလူးစီးခံရတယ်ပြောရင် လူကြီးတွေက ပက်လက်မအိပ်ဖို့ ပြောတယ်လေ။ ပက်လက်အိပ်တဲ့အခါမှာ ခန္ဓာကိုယ်အနေအထားကြောင့် လျှာ ဒါမှမဟုတ် အာခေါင်ပျော့တို့က ဖိအားဖြစ်စေတဲ့အတွက် အသက်ရှူလမ်းကြောင်းပိတ်ပြီး လေသိပ်မဝင်တော့တဲ့အခါ ဘီလူးစီးတာဖြစ်ပေါ်လာနိုင်တယ်လို့ဆိုပါတယ်။ ပုံမှန်အိပ်တာ၊ လေဝင်လေထွက်ကောင်းအောင်လုပ်တာနဲ့ အိပ်ရာကုတင်သန့်သန့်ရှင်းရှင်းနဲ့ လူလည်းသန့်သန့်ရှင်းရှင်းအိပ်မယ်ဆိုရင် ဘီလူးစီးခြင်း (Sleep Paralysis) ကိုကာကွယ်နိုင်ပါတယ်။