by | 25 Nov 2021

ဝက်ခြံဆိုတာ လူငယ်တော်တော်များများရင်ဆိုင်နေရတဲ့ အရေပြားပြဿနာတစ်ခုပါ။ အစားအသောက်ကြောင့်၊ဟော်မုန်းအပြောင်းအလဲကြောင့်နဲ့ ထိတွေ့နေတဲ့အရာတွေ အသုံးအဆောင်တွေကြောင့်ဖြစ်နိုင်တယ်ဆိုပေမယ့် စိတ်အနှောင့်အယှက်ဖြစ်စေတာကတော့ အမှန်ပါ။ တစ်နေ့တစ်နေ့ မျက်နှာပေါ်မှာ မလိုချင်ဘဲတိုးလာနေတာက ဝက်ခြံတွေများလာလိုက် မနက်နိုးလို့ မှန်ထဲကြည့်လိုက်မိတိုင်း မျက်နှာပေါ်မှာ မဖိတ်ခေါ်ဘဲ ရောက်လာတဲ့ ဧည့်သည်က အကျအနကိုနေရာယူလို့ မောင်းထုတ်မယ်ကြံပြန်တော့လည်း ချန်ခဲ့တဲ့ အမာရွတ်ကို အမှတ်တရအနေနဲ့ သိမ်းထားရပြန်ရောလေ။ ဝက်ခြံတွေကိုချေမှုန်းဖို့ဆိုရာမှာ လိုးရှင်းတွေကို ထိုင်လိမ်းနေရုံနဲ့လည်း မပြီးသေးပါဘူး။ သင့်ရဲ့ နေ့စဉ်နေထိုင် သွားလာ စားသောက်မှုလေးတွေကို အနည်းငယ် ပြုပြင်ပြောင်းလဲလိုက်မယ်ဆိုရင်လည်း သိသိသာသာ အကျိုးရှိတာကို တွေ့မြင်ရမှာပါ။ ၁။ အိပ်ရေးဝဝအိပ်ပါ။ ဖိအားတွေများတဲ့အခါမှာ ခန္ဓါကိုယ်ကနေပြီး glucocorticoid လို့ခေါ်တဲ့ စတီးရွိုက်ဟော်မုန်းတမျိုးကို ထုတ်ပေးပါတယ်။ ဒီဟော်မုန်းဟာ အရေပြားရဲ့တည်ဆောက်ပုံနဲ့ လုပ်ငန်းဆောင်တာတွေကို ဝင်ရောက်နှောင့်ယှက်တဲ့အတွက်ဝက်ခြံတွေကို ပိုဆိုးစေပါတယ်။ အိပ်ရေးဝဝအိပ်ပြီး မျက်နှာလှလှလေးပိုင်ဆိုင်ဖို့ဆိုရင် ညအိပ်တဲ့အခါ airconကို ၁၈ဒီဂရီကနေ ၂၂ဒီဂရီလောက် အတွင်းမှာထားပြီး အိပ်သင့်ပါတယ်။ ဘာလို့လဲဆိုတော့ အေးမြတဲ့ခန္ဓါကိုယ် အပူချိန်ကသင့်ကို အလွယ်တကူ အိပ်ပျော်သွားစေလို့ပါ။ ၂။ အစားအသောက်ကိုစနစ်တကျမှန်မှန်ကန်ကန်စားပါ။ အချို့အစာအစာတွေဟာေ သွးထဲမှာရှိတဲ့သကြားဓါတ်ကို အလျင်အမြန်တက်စေပြီး နောက်ဆက်တွဲအနေနဲ့ အင်ဆူလင်ဟော်မုန်းတွေပါ အများအပြားထွက်ရှိလို့ လာပါလိမ့်မယ်။ သွေးထဲမှာ အင်ဆူလင်ဓါတ်များလာရင် မွေးညင်းပေါက်လေးတွေကို ပိတ်ဆို့စေတဲ့ ဆဲလ်တွေ ပိုပြီးများလာပါတယ်။ ဒါ့အပြင်အင်ဆူလင်ဟာ အဆီဂလင်းကိုလည်း အလုပ်ပိုလုပ်စေတဲ့အတွက် အဆီတွေပါ ပုံမှန်ထက်ပိုပြီးထွက်လာဦးမှာပါ။ ဒါကြောင့် သင့်အနေနဲ့ ဝက်ခြံဗရပွနဲ့ မျက်နှာပိုင်ရှင်မဖြစ်ချင်ဘူး ဆိုရင်ပဲ၊အသီးအရွက်၊ဂျုံတို့ကို များများစားပေးပြီး ခေါက်ဆွဲ၊ထမင်းနဲ့ သကြားတို့ကို လျှော့စားဖို့လိုပါလိမ့်မယ်။ ၃။ လေ့ကျင့်ခန်းမှန်မှန်လုပ်ပါ။ လေ့ကျင့်ခန်းလုပ်ခြင်းအားဖြင့်ဝက်ခြံတွေကို ဖြစ်စေတဲ့စိတ်ဖိစီးမှုတွေကို လျှော့ချပေးနိုင်မှာဖြစ်ပါတယ်။ ကိုယ်လက် လှုပ်ရှားမှုဟာ သွေးလေလည်ပတ်မှုကိုလည်းေ ကာင်းမွန်စေတဲ့အတွက် အရေပြားဆဲလ်တွေဆီကို အောက်ဆီဂျင် များများ ရောက်ပြီးမကောင်းတဲ့ အညစ်အကြေးတွေကို ခန္ဓါကိုယ်အပြင်သို့ မြန်မြန် ထုတ်ပစ်နိုင်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် တစ်ခုသိထားရမှာက လေ့ကျင့်ခန်းလုပ်ရာက ထွက်လာတဲ့ချွေးတွေဟာလည်း ဝက်ခြံကိုပိုဖြစ်စေတဲ့အတွက် လေ့ကျင့်ခန်း လုပ်ပြီးတာနဲ့ ရေအမြန်ချိုးပစ်ဖို့အရေးကြီးပါတယ်။ ၄။ ရေများများသောက်ပါ။ ရေများများသောက်ပေးခြင်းဟာ ခန္ဓါကိုယ်ထဲက အညစ်အကြေးတွေကို အမြန်စွန့်ထုတ်ပေးပြီး အရေပြားရဲ့ အတွင်းပိုင်း အထိ ရေဓါတ်ဖြည့်တင်းပေးနိုင်ပါတယ်။ ကိုယ်တွင်းအညစ်အကြေးတွေဟာ ဝက်ခြံကို ပိုဖြစ်စေပါတယ်လို့အတိအကျ သုတေသန ပြုထားတဲ့ ရလာဒ်တွေမရှိပေမယ့် ရေနှစ်ခွက်လောက်ပမာဏနဲ့တောင် သွေးလည်ပတ်မှု ပိုမို ကောင်းမွန် လာစေတယ် ဆိုတာကို လေ့လာတွေ့ရှိထားပါတယ်။ ၅။ နေလောင်ခံခရင်မ်လိမ်းပါ။ နေပူထဲထွက်ပြီးနောက်တရက်မှာ သင့်မျက်နှာဟာ ဘာဝက်ခြံမှထွက်မလာပဲ ပုံမှန်အတိုင်းရှိနေတတ်တဲ့အတွက် သင့်အနေနဲ နေလောင်ခံခရင်မ်လိမ်းဖို့လိုတယ်လို့ထင်ချင်မှထင်ပါလိမ့်မယ်။ ဒါပေမယ့် နောက်ပိုင်းမှာ နေလောင်ဒါဏ်က တဆင့် ဝက်ခြံကိုပိုဆိုးစေသလို အမဲစက်တွေလည်း ထွက်လာနိုင်ပါတယ်။ ဒါတင်မကသေးပါဘူး။ နေလောင်ခံခရင်မ် မလိမ်းဘဲ နေပူထဲထွက်ရင် အရေပြားကင်ဆာဖြစ်ဖို့ အခွင့်အလမ်းကိုများစေပါတယ်။ ဒါ့ကြောင့် နေပူထဲထွက်တိုင်း နေလောင်ခံ ခရင်မ်ကို လိမ်းသင့်ပါတယ်။ ၆။ တစ်နေ့နှစ်ခါမျက်နှာသစ်ပါ။ အဆီထုတ်လုပ်နိုင်တဲ့ ဂလင်းတွေဟာ မျက်နှာမှာအများဆုံးရှိပါတယ်။ ဒါ့အပြင် မိတ်ကပ်၊ တစ်နေ့တာလုံးမှာ ကပ်ငြိလာတဲ့ ချွေးတွေ၊ဖုန်တွေ၊ အညစ်အကြေးတွေ ဒါတွေ အားလုံးပေါင်းစုံလိုက်တဲ့အခါ မျက်နှာမှာရှိတဲ့ မွေးညင်းပေါက်လေး တွေဟာ ပိတ်ဆို့သွားတော့မှာဖြစ်ပြီး အကယ်၍သာ ဒီအညစ်အကြေးတွေကို ပုံမှန်မသုတ်သင် ဖြစ်ဖူးဆိုရင်အပေါက်တွေထဲ တဖြည်းဖြည်းစိမ့်ဝင်ကာ ဝက်ခြံတွေ၊ဆားဝက်ခြံတွေနဲ့ အမဲစက်တွေ ထွက်လာမှာဖြစ်ပါတယ်။ တကယ်လို့ သင်ဟာ တနေ့ကို ရေနှစ်ခါ မချိုးဖြစ်ဖူးဆိုရင်တောင် မနက်တစ်ခါ၊ ညတစ်ခါတော့ မျက်နှာပုံမှန်သစ်ပေးသင့်ပါတယ်။ မျက်နှာသစ်ဆေး ဝယ်တဲ့အခါမှာလည်း “ချွေးပေါက်တွေကို မပိတ်ဆို့စေပါ”လို့ အာမခံထားတဲ့ ပစ္စည်းတွေကိုပဲ ရွေးချယ် ဝယ်ယူရပါမယ်။ ၇။ ဂျီးချွတ်ပါ။ ပုံမှန်ထက်ပိုပြီးအလုပ်လုပ်တဲ့အဆီဂလင်းတွေပဲဖြစ်ဖြစ်ပုံမှန်လောက်အလုပ်သိပ်မလုပ်တဲ့အဆီဂလင်းတွေပဲ ဖြစ်ဖြစ် ဝက်ခြံဖြစ်စေဖို့ အားပေးပါတယ် ။ ခြောက်ကပ်နေတဲ့အရေပြားမှာ ဘက်တီးရီးယားတွေ ပေါက်ပွားနိုင်တဲ့ အက်ကွဲကြောင်း အသေးလေးတွေပေါ်လာတတ်သလို အဆီဖတ်ကလေးတွေကလည်းမွေးညင်းပေါက်တွေကိုပိတ်ဆို့စေပါတယ်။ဒီလိုမဖြစ်ရလေအောင် မျက်နှာကိုဂျီးချွတ်ဖို့အတွက်သီးသန့်ထုတ်လုပ်ထားတဲ့scrubနဲ့တစ်ပတ်ကိုအကြိမ်ရေအနည်းငယ် ဖြည်းညင်းစွာပွတ်တိုက်ဂျီးချွတ်ပေးပါ။ ပြီးရင် “မွေးညင်းပေါက်တွေကိုမပိတ်ဆို့စေတဲ့” moisturizer ကိုအသုံးပြုပေးပါ။ ၈။ သင့်ရဲ့မိုဘိုင်းဖုန်းကိုလည်းသန့်ရှင်းနေပါစေ။ လေ့လာတွေ့ရှိချက်တွေအရ မိုဘိုင်းဖုန်းတွေဟာ ဘက်တီးရီးယားပိုးတွေ ပျော်စံရာနိဗ္ဗာန်ဘုံကြီးဖြစ်ပါသတဲ့။ တစ်နေ့လုံးသင်ဖုန်းပြောလိုက်၊ အင်တာနက်လေးပွတ်လိုက်၊ မက်ဆေ့ခ်ျလေးပို့လိုက်နဲ့ စတိုင်လ်ကျနေတဲ့အချိန် အတောအတွင်းမှာပဲ ဘက်တီးရီးယားပိုးမွှား ထောင်ပေါင်းများစွာဟာ သင့်လက်၊ မျက်နှာနဲ့ဖုန်းတို့ အကြားမှာ ပျော်ပျော်ကြီး ကူးသန်းသွားလာနေပါတယ်။ ဒါ့အပြင်သင့်မိုဘိုင်းဖုန်းကထွက်လာတဲ့ အပူဟာလည်း ဘက်တီးရီးယား သားသားမီးမီးလေးတွေအချိန်တိုအတွင်း အများကြီးပေါက်ပွားအောင် ကူညီစောင်မလို့ ပေးနေပါသေးတယ်။ ဒါ့ကြောင့် ဖုန်းမှာကပ်တွယ်နေတဲ့ ဘက်တီးရီးယားပိုးတွေ သင့်မျက်နှာဆီ အလည်မလာရလေအောင် သင့်ဖုန်းကို handgel (လက်ဆေးတဲ့ပိုးသတ်ဆေး အပျော့စား အရည်မပျစ်မကျဲလေးတွေ) နဲ့ နေ့တိုင်း ပွတ်တိုက်ပေးသင့်ပါတယ်။ ဖြစ်နိုင်ရင် ဖုန်းကို နားကြပ်နဲ့ပြောတာ အကောင်းဆုံးပါပဲ။ ၉။ ကေသာကိုလည်းသ၊ မျက်နှာကိုလည်းဂရုစိုက်။ ဆံကေသာအလှအပအတွက်အသုံးပြုရတဲ့ပစ္စည်းတွေဖြစ်တဲ့ဆံပင်ပျော့ဆေးတွေ၊ခေါင်းလျှော်ရည်တွေ၊ဆံပင်ဖြန်းဆေးတွေနဲ့ဂျယ်လ်တွေဟာ “Pomade acne”လို့ခေါ်တဲ့ဆံစပ်မှာပေါက်တတ်တဲ့ဝက်ခြံဖုလေးတွေကို ဖြစ်စေပါတယ်။ ဘယ်လို ဖြစ်စေတာလဲဆိုတော့ ခုနကပြောခဲ့တဲ့ပစ္စည်းတွေကိုအသုံးပြုတဲ့အခါ သူတို့မှာပါဝင်တဲ့ အဆီတွေဟာ ဆံစပ် တဝိုက် မှာရှိတဲ့ အရေပြားထဲ စိမ့်ဝင်ပြီးဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို မွေးညင်းပေါက်တွေထဲမှာ ပိတ်မိနေစေကာ ဝက်ခြံ ဖြစ်စေတာပါ။ ဒီပြဿနာကိုဖြေရှင်း ကာကွယ်နိုင်ဖို့အတွက်ဆံပင်အတွက်သုံးမယ့် ကုန်ပစ္စည်း (hair product )တွေကို မျက်နှာမသစ်ခင် သုံးပါ။ ဒီလိုဆိုရင် မျက်နှာသစ်တဲ့အခါ hair product တွေမှာ ပါလာတဲ့ ဝက်ခြံဖြစ်စေမယ့်အရာတွေကို တခါတည်း ရှင်းလင်းပြီးသား ဖြစ်သွားမှာပါ။ ဒါမှမဟုတ်အဆီမပါဝင်တဲ့ hair product တွေကိုရွေးချယ်အသုံးပြုပါ။ နိဂုံးချုပ်အနေနဲ့ပြောပြချင်တာက သင့်ကို ဝက်ခြံထွက်စေတဲ့အကြောင်းအရင်းက သင်နေထိုင်နေတဲ့ ပုံစံ မမှန်တာကြောင့် အများဆုံးဖြစ်ပါတယ်။ ဒါကြောင့် နေ့စဉ်ဘဝနေထိုင်မှုပုံစံကိုပြောင်းလဲကြည့်ဖို့ ပြောပါရစေ ဝက်ခြံကြောင့် စိတ်ညစ်နေရသူလေးတို့ရေ………………


by | 24 Nov 2021

အသက်အရွယ်မရွေး ကလေးကနေ လူကြီးအထိ အသင့်စားလို့ရတဲ့ အစားအသောက်တွေကို ကြိုက်နှစ်သက်ကြပါတယ်။ ဈေးလည်းသက်သာတာမို့ အထူးသဖြင့် ကောလိပ်ကျောင်းသားတွေ သိပ်သဘောကျကြပါတယ်။ အလုပ်အရမ်းများလွန်းသူတွေဆိုလည်း ဒီလိုအဆင်သင့်စားလို့ရတဲ့ အစားအသောက်တွေကို ပိုစားဖြစ်တတ်ကြပါတယ်။ ခေါက်ဆွဲခြောက်တွေရဲ့ အားသာချက်ကလည်း စားသောက်ဖို့ ပြင်ဆင်ချိန် အလွန်တိုတောင်းခြင်း၊ အလွန်လွယ်ကူစွာ ပြလုပ်စားသုံးနိုင်ခြင်းတို့ဖြစ်ခြင်းကြောင့် တဖြည်းဖြည်းနှင့် အသင့်စားခေါက်ဆွဲတွေအပေါ် လူတွေရဲ့ မှီခိုမှု၊ အားကိုးမှု ပိုမို များပြားလာခဲ့ခြင်းဖြစ်ပါသည်။ တာရှည်ခံအောင် ပြုလုပ်ထားရသည် ဖြစ်၍ အချို့သော ပါဝင်ပစ္စည်းများမှာ လူတွေအတွက် ကျန်းမာရေးကို အနည်းနဲ့အများတော့ ထိခိုက်စေနိုင်သည်ဖြစ်သော်လည်း လူအတော်များများ ဂရုထားကြခြင်း မရှိကြပါ။ ထို့အပြင် ဗိုက်ပြည့်ရုံ အဆာပြေရုံသာ အဆင်ပြေ၍ လူတစ်ယောက်အတွက် နေ့စဉ်လိုအပ်သော အာဟာရပမာဏကို ၎င်းအသင့်စားခေါက်ဆွဲခြောက်ထုပ်များက ဖြည့်တင်းပေးနိုင်မည်လည်း မဟုတ်ပါ။ ဒါ့အပြင် ခေါက်ဆွဲခြောက်မှာ ပါတဲ့ အချိုမှုန့်ရဲ့ အရသာကလည်း စားသုံးသူတွေကို စွဲငြိစေပါတယ်။ ဒါပေမယ့် အဲဒီအသင့်စားခေါက်ဆွဲတွေကို ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစာအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒါကြောင့် ခဏခဏစားဖို့ မသင့်တော်ပါဘူး။ ခဏခဏစားမယ်ဆိုရင် ဇီဝကမ္မဖြစ်စဉ်နဲ့ ပတ်သက်တဲ့ ရောဂါတွေ ဖြစ်နိုင်ပြီး သွေးတိုး၊ ဆီးချိုနဲ့ နှလုံးရောဂါတွေကိုလည်း ဖြစ်စေပါတယ်။ ဒီခေါက်ဆွဲတွေကို ကြိုက်လည်းကြိုက်တယ်၊ ကျန်းမာရေးနဲ့ သင့်တော်အောင်လည်း စားချင်တယ်ဆိုရင်တော့ ဒီအချက်တွေကို လိုက်နာဖို့လိုပါတယ်။ ၁။ ဒီအတိုင်း အစိမ်း မစားပစ်ပါနဲ့ ခေါက်ဆွဲထုပ်တွေကို မပြုတ်ဘဲ ချေပစ်ပြီး အမှုန့်နဲ့ရောစားပစ်တာမျိုး မလုပ်ပါနဲ့။ ဒါဟာ မှားယွင်းတဲ့နည်းတစ်ခု ဖြစ်ပါတယ်။ ပြုတ်ရတာကလည်း ရေနွေးထည့်ပြီး မိနစ်အနည်းငယ်စောင့်လိုက်ရုံနဲ့ ရတာမို့ ပြုတ်ပြီးမှ စားဖို့ပြောလိုပါတယ်။ ခေါက်ဆွဲသားမှာ ကြာရှည်ခံအောင် လုပ်ထားတဲ့ ဓာတုပစ္စည်းတွေ ပါဝင်တာကြောင့် ပြုတ်မယ်ဆိုရင်လည်း ပထမတစ်ရေကို သွန်ပစ်ပြီး ဒုတိယတစ်ခါပြုတ်ပြီးမှပဲ စားပါ။ ၂။ အချိုမှုန့်လျှော့စားပါ ခေါက်ဆွဲထုပ်ထဲမှာ ပါဝင်တဲ့ အချိုမှုန့်က ကျန်းမာရေးနဲ့ မသင့်တော်တဲ့ အဓိကအကြောင်းရင်း ဖြစ်ပါတယ်။ အချိုမှုန့်လျှော့လိုက်ရင် အရသာနည်းနည်းပေါ့ကောင်း ပေါ့သွားနိုင်ပါတယ်။ ဒါပေမယ့်လည်း တစ်ဝက်လောက်ပဲ ထည့်စားတာ ကောင်းပါတယ်။ ဒါမှမဟုတ်ရင် သင့်အိမ်မှာလုပ်ထားတဲ့ အမှုန့်တခုခုထည့်ပြီး အရသာရှိအောင် စားနိုင်ပါတယ်။ ၃။ ခေါက်ဆွဲစားတာ လျှော့ပါ ဈေးဝယ်ထွက်တဲ့အခါ ခေါက်ဆွဲထုပ်တွေ အများကြီး ဝယ်မလာပါနဲ့။ တွေ့နေရင် စားမိတတ်လို့ပါ။ ခေါက်ဆွဲအစားများတာက သင့်ကို ဘာကောင်းကျိုးမှမပေးတာ သိစေချင်ပါတယ်။ အစာချေရလည်း ခက်စေပါတယ်။ ဒါကြောင့် တစ်ပတ်ကို တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်လောက်ပဲ စားပါ။ ဒီထက်ပိုစားရင် အဝလွန်တာတွေ၊ သွေးတိုးတာတွေ ဖြစ်လာနိုင်ပါတယ်။ ၄။ အာဟာရညီညွှတ်မျှတစွာ စားပါ ခေါက်ဆွဲမှာ ကာဗိုဟိုက်ဒြိတ်ပါတာကြောင့် တခြားဟင်းသီးဟင်းရွက်၊ ပဲ၊ ကြက်ဥတို့နဲ့ တွဲစားရင် အာဟာရစုံစုံလင်လင် ရနိုင်ပါတယ်။ အသင့်စားခေါက်ဆွဲ ပြုတ်ပူပူကိုမစားချင်ပါက ခေါက်ဆွဲမွှေကြော်လုပ်စား၍ လည်းရသည်။ ခေါက်ဆွဲကိုရေဆူဆူတွင် တစ်မျှင်ချင်းစီဖြစ်ပြီး နူးညံ့သွားသည်အထိပြုတ်ပါ။ ထို့နောက် ဟင်းသီးဟင်းရွက်ဆီကို အသုံးပြု၍ ဒယ်အိုးကို မီးအပူပေးပြီး ခေါက်ဆွဲမွှေကြော်လုပ်ပါ။ ထို့နောက်အသီးအရွက်များကိုနုတ်နုတ်စင်း၍ထည့်ပါ။ အသားလွှာနှင့်တိုဖူးတို့လည်းထည့်ပေး၍ရသည်။ နောက်ဆုံးတွင် ဆားနှင့်ငရုတ်ကောင်းအနည်းငယ်ထည့်ပြီး အနည်းငယ်စပ်အောင်ပြုလုပ်ပါ။ ပဲပိစပ်ဆော့စ်၊နှင့်ငရုတ်ရည် ပျစ်ပျစ်တို့ကိုလည်းအသုံးပြုနိုင်သည်။ သင်ချက်ပြုတ်သောခေါက်ဆွဲဟင်းလျာထဲသို့ထည့်လိုက်သော ဆားနှင့်သကြားပမာဏကိုတော့အမြဲသတိပြုပေးပါ။ အာဟာရပြည့်ဝမှ ကျန်းမာပျော်ရွှင်တဲ့ ဘဝကို လျှောက်လှမ်းနိုင်မှာဖြစ်လို့ တတ်နိုင်သမျှတော့ နေ့စဉ်အစားအသောက်တွေမှာ ကစီဓာတ်၊ အမျှင်ဓာတ်၊ အသားဓာတ်၊ ဗီတာမင် နှင့် သတ္ထုဓာတ်၊ နို့ ၊ ပဲအမျိုးမျိုး၊ ဟင်းသီးဟင်းရွက်၊ အသီးအနှံ ၊ အစေ့ အဆန် စသည်ဖြင့် စုံလင်အောင် စားပေးဖို့လိုပါတယ်။ ဒါပေမဲ့ အပေါ်မှာဆိုခဲ့သလို တချို့အခြေအနေတွေမှာတော့ အသင့်စား ခေါက်ဆွဲတွေက ကျွန်မတို့အတွက် အားကိုးစရာ အစားအသောက်တစ်ခုအဖြစ် ဆက်တည်ရှိနေဦးမှာပါပဲ။ ဒါပေမဲ့ အထက်ပါ နည်းလမ်းတွေကတော့ သင်သိပ်ကြိုက်တဲ့ အသင့်စားခေါက်ဆွဲကို ကျန်းမာရေးထိခိုက်မှု နည်းနိုင်သမျှနည်းအောင် စားသုံးနိုင်မယ့် နည်းလမ်းကောင်းတချို့ပဲ ဖြစ်ပါတယ်။


by | 23 Nov 2021

ဒီဘက်ခေတ်မှာ ဆံသားကို အပူပေးပြီး ဖြောင့်လိုက်၊ ကောက်လိုက်၊ အရောင်းပြောင်းလိုက်၊ High Light ဖောက်လိုက် လုပ်တာတွေ သိပ်ကို များလာပြီနော်။ မိန်းကလေးတွေတင်မကဘဲ ယောက်ျားလေးတွေပါ အလှအပကို လိုက်စားလာတဲ့ ခေတ်ကို ရောက်လာပြီလေ။ ဆံသားနဲ့ဉီးရေပြားဆိုတာ အရမ်းကို နူးညံ့တဲ့ ခန္ဓာကိုယ် အစိတ်အပိုင်း ဖြစ်တာကြောင့် မကြာခဏဆိုသလို ပြုပြင်ပြောင်းလဲနေရင် ဦးရေပြားက ခြောက်သွေ့လာမှာ အသေအချာပဲပေါ့။ အကျိုးဆက်အနေနဲ့ ခေါင်းတစ်ခါဖြီးလိုက်တိုင်း ဆံပင်တွေ အများကြီးကျွတ်တာ၊ ဆံသားနှစ်ခွဖြစ်တာ၊ ဆံသားကျိုးကြေတာနဲ့ ပြောင်းဖူးမွှေးလိုမျိုး ခပ်ဖွာဖွာ အရောင်မွဲမွဲဆံပင်မျိုးတွေကို ပိုင်ဆိုင်လာရတတ်ပါတယ်။ ဒီဆောင်းပါးလေးမှာတော့ ဆယ်ကျော်သက်အရွယ်ကစလို့ ဉီးဉီးဒေါ်ဒေါ်တို့အရွယ်ထိ လူတော်တော်များများ နိစ္စဒူဝ ကြုံတွေ့ရတတ်တဲ့ ဆံပင်တွေ ခဏခဏကျွတ်တဲ့ ပြသနာအကြောင်းနဲ့ ဘယ်လို ကုသကြမယ်ဆိုတာကို ဖတ်ကြည့်ကြရအောင်။ အမျိုးသားဖြစ်စေ၊ အမျိုးသမီးဖြစ်စေ တစ်နေ့ကို ဆံပင်အပင် (၅၀) မှ (၈၀) ခန့်အထိ ကျွတ်နိုင်ပါတယ်။ ဒါက ပုံမှန်သတ်မှတ်ထားတဲ့ ကျန်းမာတဲ့လူတစ်ယောက်ရဲ့ ဆံပင်ကျွတ်တဲ့ ပမာဏပါ။ ဆံပင်ကျွတ်တာမျိုး၊ ဆံပင်အထွေးလိုက်ကြီး ကျွတ်တာမျိုး၊ ခေါင်းလျှော်နေရင်း ဆံသားကို လက်နဲ့ဆွဲမိလိုက်တဲ့အခါ အလိုအလျောက်ကျွတ်လာတာမျိုးဆိုရင်တော့ စိုးရိမ်စရာလိုလာပါပြီ။ အသက်ကြီးလာလို့ သဘာဝအတိုင်း ထိပ်ပြောင်တာမျိုးမဟုတ်ပဲ ငယ်ငယ်ရွယ်ရွယ်နဲ့ ဆံပင်ကျွတ်ပြီး ထိပ်ပြောင်လာတာက တော်တော့်ကို အလှအပရေးရာအရ တော်တော်လေးကို အဆင်မပြေတဲ့ ပြဿနာပါ။ နောက်ဆက်တွဲအနေနဲ့ ကိုယ့်ကိုယ်ကို ယုံကြည်မှုနည်းလာမယ်၊ တခြားသူတွေက လှောင်ပြောင်ကြတဲ့အခါမှာ ကိုယ့်အနေနဲ့ စိတ်ပိုင်းဆိုင်ရာ ထိခိုက်လာနိုင်တယ်၊ တခြားကျန်းမာရေးပြဿနာတွေ ရှိနေမလားဆိုပြီးလည်း စိတ်ထဲ အမြဲစိုးရိမ်ပူပန်နေရမှာပါ။ ဒါဆို ဘာလို့ ဆံပင်တအားကျွတ်လာတာလဲ။ စိတ်ဖိစီးမှုများတဲ့အချိန်တွေမှာ ကိုယ်ခံအားစနစ် ဖောက်လွဲဖောက်ပြန်ဖြစ်ပြီး ဆံသားမွေးညှင်းပေါက်များကို ထိခိုက်စေတဲ့အတွက် ဆံပင်အများအပြား ကျွတ်တာမျိုး ဖြစ်တတ်ပါတယ်။ဆံပင်ကွျတ်တာက မျိုးရိုးလိုက်တဲ့ သူတွေမှာလည်း ဖြစ်နိုင်ပြီး အမျိုးအစား (၁) ဆီးချိုရောဂါ၊ နာတာရှည်အဆစ်ရောင် ရောဂါ၊ ဓာတ်ရောင်ခြည်ကုသမှုခံနေရတဲ့ ကင်ဆာရောဂါ အစရှိတဲ့ ကိုယ်ခံအားစနစ်ကို ဆန့်ကျင်တိုက်ခိုက်နေတဲ့ ရောဂါရှိသူတွေမှာ ပိုအဖြစ်များပါတယ်။ တစ်နေ့တာ စားလိုက်တဲ့ အစားအစာထဲမှာ ပရိုတင်း၊ ဗီတာမင်နဲ့ သံဓာတ်တွေ အလုံအလောက်မပါရင်လည်း အာဟာရမပြည့်ဝမှုကြောင့် ကျွတ်နိုင်ပါတယ်။ အမျိုးသားတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ရခြင်း အကြောင်းရင်း အမျိုးသားတွေမှာ ဆံပင်ကျွတ်တဲ့မျိုးရိုးဗီဇရှိတာ၊ စိတ်ဖိစီးမှုဝေဒနာကြုံတွေ့နေရတဲ့အခါ ဆံပင်ကျွတ်တတ်ပါတယ်။ နောက်တစ်ချက်က အမျိုးသားတွေဟာ တော်ရုံ ရေချိုးခေါင်းလျှော်ခြင်းမပြုတတ်ကြသလို ခေါင်းလျှော်တဲ့အခါမှာလည်း ရေလောင်းလိုက်ရုံနဲ့ ပြီးသွားတတ်ပါတယ်။ ဒီအခါ ဦးရေပြားမှာ မှိုစွဲတာ၊ သဘာဝအဆီတွေ ဆုံးရှုံးမှုဖြစ်ပြီး ဆံသားခြောက်သွေ့တာတွေ ဖြစ်နိုင်ပါတယ်။ မှိုစွဲတဲ့နေရာမှာဆိုရင် ဆံပင်အကွက်လိုက်ကျွတ်ပြီး ကျန်တဲ့နေရာမှာတော့ ဆံပင်က ပုံမှန်အတိုင်း ပေါက်နေတာကို တွေ့ရတတ်ပါတယ်။ အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ဆံပင်ကျွတ်ခြင်းအကြောင်းရင်း ဆံပင်ကို မကြာခဏ ဖြောင့်လိုက်၊ ကောက်လိုက်၊ ဆေးဆိုးတတ်တဲ့ အမျိုးသမီးတွေ၊ ကိုယ်ဝန်ဆောင်ချိန်၊ ကလေးမီးဖွားပြီးချိန်၊ သွေးဆုံးချိန်တွေမှာ ဖြစ်တတ်တဲ့ ဟော်မုန်းမျှခြေ ပျက်ယွင်းခြင်းကြောင့်လည်း ဆံပင်ကျွတ်တတ်ပါတယ်။ ကိုယ်သောက်နေတဲ့ တားဆေးတွေ၊ ရောဂါပျောက်ဆေးကြောင့်လည်း ဆံပင်ကျွတ်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ကြုံတွေ့နိုင်ပါတယ်။ ဒါ့အပြင် အချိန်ကြာကြာ ပိုနီတေးလ်ဆံပင်ပုံစံထားထားတာ တင်းကြပ်နေအောင် စည်းနှောင်ထားတာကြောင့်လည်း ဆံပင်ကွျတ်လေ့ရှိပါသေးတယ်။ ဘယ်လိုကုသပေးနိုင်မလဲ။ • အမျိုးသားများအနေနဲ့ နေ့စဉ်ခေါင်းလျှော်ပေးစရာ မလိုပါဘူး။ တစ်ရက်ခြား တစ်ကြိမ် သို့မဟုတ် တစ်ပတ်ကို ၂ကြိမ်မှ ၃ကြိမ်ထိ အများဆုံး ခေါင်းလျှော်ပေးနိုင်ရင် လုံလောက်ပါပြီ။ အမျိုးသမီးဆိုရင်တော့ တစ်ရက်ခြား တစ်ကြိမ်လောက် ခေါင်းလျှော်ပေးလို့ ရပါတယ်။ • ဆံပင်အရှည်ကြီး ထားတတ်တယ်ဆိုရင် ပိုပြီး ဂရုစိုက်ပေးဖို့လိုပါတယ်။ • ခေါင်းလျှော်တဲ့အခါ ဦးရေပြားကို ခေါင်းလျှော်ရည်နဲ့ သေချာတိုက်ချွတ်ပြီး ဆေးကြောပေးပါ။ • အပြင်ထွက်တဲ့အခါ ဦးခေါင်းရေစိုကြီးနဲ့ မထွက်ပါနဲ့။ ဆံပင်ခြောက်မှ အပြင်ထွက်ပါ။ • နေပူထဲ ထွက်တော့မယ်ဆိုရင် ထီးဆောင်းပါ။ ဦးထုပ်ဆောင်းပါ။ • အိမ်မှာ နေတဲ့အချိန်ဆိုရင် ဆံသားပုံသွင်းတဲ့ ဂျယ်လ်တွေ၊ ခရင်မ်တွေ မလိမ်းပါနဲ့။ ဒီအတိုင်း ဆံပင်ကို အောက်ချထားပါ။ • လိုအပ်လာရင် အရေပြားဆရာဝန်နဲ့ ပြသကြည့်ပြီး ဆံပင်ပေါက်ဆေး၊ ဆံပင်သန်ဆေး အသုံးပြုပေးပါ။ ဆံပင်ကျွတ်တာကို ဘယ်လိုကာကွယ်ပေးနိုင်လဲ။ • အမျိုးသမီးတွေအနေနဲ့ မကြာခဏ ဆံပင်ကောက်လိုက်၊ ဖြောင့်လိုက်လုပ်တာ၊ ဆံပင်ကို အရမ်းကျပ်ထုတ်နေအောင် စည်းတာမျိုး၊ ကျစ်ဆံမြီးကျစ်တာမျိုး ရှောင်ကြဉ်သင့်ပါတယ်။ • မကြာခဏ ဆံပင်ကို ကိုင်တာ၊ ဆောင့်ဆွဲတာ၊ လိမ်ကျစ်တာ၊ ကလစ်တွေအကြာကြီး ညှပ်ထားမျိုး ရှောင်ကြဉ်ပေးပါ။ • အလုပ်များလို့ အလျင်လိုနေလို့ဆိုပြီး ဆံပင်ကို အားကြီးနဲ့ အလျင်အမြန် ဖြီးထားမျိုး မလုပ်ပါနဲ့။ ဖြည်းဖြည်းချင်း ရှုပ်နေတဲ့ဆံပင်တွေကို စိတ်ရှည်လက်ရှည် ဖြီးပေးပါ။ • ခေါင်းမလျှော်ခင်မှာ နာရီဝက်အလိုမှာ ဆံပင်ကို အုန်းဆီရွှဲရွှဲ သို့မဟုတ် သံလွင်ဆီ လိမ်းထားပေးပြီး ခဏအကြာမှာ ဓာတုပစ္စည်း ပါဝင်မှုနည်းတဲ့ ခေါင်းလျှော်ရည် ( ဉပမာ ၅ နှစ်အောက်ကလေးတွေ သုံးတဲ့ ဘေဘီမိုင်း ခေါင်းလျှော်ရည်လိုမျိုး )နဲ့ ညင်သာစွာ ကိုင်တွယ်ပြီး လျှော်ပေးပါ။ ခြောက်အောင် သုတ်ပေးပါ။ လေမှုတ်စက်သုံးမယ်ဆိုရင်လည်း သဘတ်နဲ့အရင်သုတ်ပြီး ခပ်ဖန့်ဖန့် အနေအထားရောက်မှသာ အသုံးပြုပေးပါ၊ ထို့နောက် မစိပ်မကျဲဘီးကို အသုံးပြုပြီး ခေါင်းဖြီးပေးပါ။ • ကြက်သွန်နီကို တစ်ဝက်ခြမ်းပြီး ဉီးရေပြားမှာ ပွတ်ပေးတာကလည်း ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးရုံသာမက ဆံပင်ဖြူနှုန်းကိုပါ လျော့ကျစေပါတယ်။ • တစ်ရက်ကို ၅ မိနစ်လောက် အချိန်ပေးပြီး ဉီးရေပြားကို ညင်သာစွာနှိပ်နယ်ပေးခြင်းက သွေးစီးဆင်းမှုကို အားကောင်းစေပြီး ဆံပင်ကျွတ်သက်သာစေပါတယ်။ • ဆံပင်ကျွတ်စေတဲ့ ဖြည့်စွက်စာတွေ၊ ဆေးဝါးတွေ သောက်နေရပြီဆိုရင် ဆရာဝန်နဲ့ သေချာတိုင်ပင်ပြီး ဆေးပြောင်းခိုင်းပါ။ • ဆံပင်ကို နေရောင်ခြည်နဲ့ တိုက်ရိုက်မထိတွေ့အောင် နေပူထဲသွားတော့မယ်ဆိုရင် ထီး၊ ဦးထုပ် အမြဲဆောင်းပါ။ • ဆေးလိပ်သောက်တာက ဆံပင်ကျွတ်ခြင်းအပေါ် သက်ရောက်မှုရှိတာကြောင့် မသောက်တာ အကောင်းဆုံးပါပဲ။ • စိတ်ဖိစီးမှုကို လျှော့ချပါ။ ကိုယ့်အတွက် အနားယူချိန်သီးသန့်ထားပေးပါ။ ယောဂကျင့်စဉ်ကျင့်ခြင်းဖြင့် ကိုယ့်ရဲ့စိတ်ကို တည်ငြိမ်အောင် ထားပါ။ အထက်ဖော်ပြပါနည်းတွေ အသုံးချတာတောင် အထွေးလိုက် ကျွတ်နေသေးတယ်ဆိုရင်တော့ နီးစပ်ရာ ဆေးရုံဆေးခန်းမှာ ဆရာဝန်နဲ့တိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။


by | 22 Nov 2021

ရေချိုးရတာကို မကြိုက်တဲ့သူတွေဟာ ရေမချိုးရအရေး တို့အရေးဆိုပြီး အကြောင်းရင်းတွေအမြဲရှာတတ်တယ်လေ။ ခုလို အေးအေးလေးနဲ့ ချွေးမထွက်တဲ့ ရာသီဥတုနဲ့ဆိုရင်တော့ အကြောင်းရင်း အထူးအထွေရှာစရာမလိုတော့ဘူးပေါ့နော်။ တစ်နေ့တစ်ခါ ရေချိုးရမယ်ဆိုတဲ့အတွေးကို ဘယ်သူစလိုက်မှန်းမသိပေမဲ့ တစ်နေ့ကို တစ်ခါလောက်မှ ရေမချိုးရင် ညစ်ပတ်တဲ့သူရယ်လို့ အများကပြောကြမှာပါ။ တကယ်ဆို တစ်နေ့တစ်ခါ ရေချိုးဖို့က တကယ်ရော လိုအပ်ရဲ့လား။ ပူတဲ့ရာသီဥတုမှာ ချွေးတွေနဲ့ ညစ်ပတ်သွားလို့ ရေချိုးတာကတော့ ဟုတ်ပါပြီ။ အေးနေတဲ့ချိန်ဆိုရင်ရော တစ်နေ့တစ်ကြိမ် ရေချိုးရမှာလား။ ဘယ်သူ့ကို နားထောင်လို့ ယုံကြည်ရမှန်းမသိတော့တဲ့အခါ ကိုယ်လုပ်ချင်သလို လုပ်၊ နေချင်သလို နေတော့မယ် စဉ်းစားထားရင် ဒီဆောင်းပါးကို ဖတ်ကြည့်စေချင်ပါတယ်။ နှစ်ရက်တိတိ ရေမချိုးမိတဲ့အခါမှာ ၁။ သင့်ရဲ့ ခန္ဓာကိုယ်က ရောဂါပိုးမွှားပေါင်းစုံရဲ့ ဌာနချုပ်ကြီး ဖြစ်လာမယ်။ လူ့အရေပြားပေါ်မှာ ဘက်တီးရီးယား အချိန်ပြည့်ရှင်သန်နေသလို နာရီနဲ့အမျှ အကောင်ရေ ပွားများနေတယ်ဆိုတာ အားလုံးသိကြမယ်ထင်ပါတယ်။ ကိုယ့်ခန္ဓာကိုယ်ကနေ အောက်သိုးသိုး အနံ့တစ်ခုရနေပြီဆိုရင် သေချာပါတယ်၊ ဘက်တီးရီးယားပိုးတွေ ချွေးပေါက်ထဲမှာ အောင်းပြီး အကောင်ပေါင်းများစွာ ပွားများနေပါပြီ။ ဒီတော့ နှစ်ရက်လောက် ရေမချိုးဘဲ ခန္ဓာကိုယ်ကြီးကို ပစ်ထားတဲ့အခါ ရောဂါပိုးတွေ စိတ်ကြိုက် နေချင်သလိုနေ၊ ကိုယ်ထိတွေ့မိတဲ့၊ လှဲအိပ်လိုက်တဲ့ နေရာတိုင်းမှာ ရောဂါပိုးတွေ ကပ်ကျန်ခဲ့မယ်။ တခြားသူတွေဆီကိုလည်း လေထဲကနေတစ်ဆင့် ရောဂါပိုးတွေ ပြန့်သွားမှာပါ။ ၂။ ဖျားဖို့ ရာခိုင်နှုန်း များလာပါပြီ။ လူတော်တော်များများ မသိတဲ့အချက်က လူ့အရေပြားဆိုတာ ရောဂါကို တိုက်ထုတ်ပေးနေတဲ့ ကိုယ်ခံအားစနစ်ရဲ့ အပြင်ဘက်ဆုံးမှာရှိတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ခန္ဓာကိုယ်ထဲ ရောဂါပိုးတွေ ဝင်ရောက်ဖို့ အပြင်ပိုင်း အရေပြားကို အရင်ဖြတ်ကျော်ရပါတယ်။ ပုံမှန်ကတော့ အရေပြားပေါ်မှာ ကပ်ကျန်နေတဲ့ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကို အရေပြားက ထိန်းသိမ်းထားနိုင်ပေမယ့် အကောင်ရေများသထက် များလာတဲ့အခါ ဘယ်လိုမှ ထိန်းမရတော့ဘဲ ခန္ဓာကိုယ်ထဲကို ဖြတ်သန်းဝင်ရောက်လာပါတော့တယ်။ ဒီအခါကျရင် ရောဂါပိုးတွေကို မခုခံနိုင်တော့တဲ့အတွက် ဖျားနာဖို့ အခွင့်အလမ်း ပိုများနိုင်ပါတယ်။ ၃။ အရေပြား ပြဿနာတွေ ဖြစ်လာနိုင်တယ်။ ရေမချိုးတာ ကြာလာတဲ့အခါ အရေပြားက ဆီရွှဲပြီး ငန်ကျိကျိဖြစ်လာမယ်။ ဆီဆိုတာကတော့ ချွေးပေါက်ကနေ သဘာဝအတိုင်း ထုတ်ပေးတဲ့ အဆီဖြစ်ပြီး ငန်ကျိကျိဖြစ်တယ်ဆိုတာကတော့ ချွေးနဲ့ အရေပြားပေါ်က အညစ်အကြေးတွေ ရောသွားလို့ ဖြစ်လာတဲ့ အရသာပါ။ ဒီလိုမျိုး ဖြစ်လာပြီဆိုရင် အရေပြားပျက်စီးဖို့ ပိုလွယ်ကူပြီး ဘက်တီးရီးယားနဲ့ ဗိုင်းရပ်စ်ပိုးတွေက ပျက်စီးနေတဲ့ အက်ကွဲကြောင်းကနေ သွေးကြောထဲကို ဝင်ရောက်ကာ အရေပြားရောဂါတွေ ဖြစ်စေနိုင်ပါတယ်။ အဖြစ်များတဲ့ ပြဿနာတွေထဲမှာ မှဲခြောက်တွေ၊ အသားပက် အက်ကွဲခြင်း၊ အရေပြားမှိုစွဲခြင်း၊ အရေပြား အရောင်မှိန်လာခြင်း၊ ဝက်ခြံထွက်ခြင်းတွေ ပါဝင်ပါတယ်။ ၄။ အနံ့ဆိုးတွေ ထွက်လာမယ်။ လူတွေ သိပ်မသိသေးတဲ့ အချက်တစ်ခုကို ပြောပြပေးချင်ပါတယ်။ တကယ်တော့ လူတွေပြောပြောနေတဲ့ ချေွးနံ့ နံတယ်ဆိုတာ ချွေးကြောင့်ထွက်တဲ့ အနံ့မဟုတ်ဘဲ အရေပြားပေါ်က ဘက်တီးရီးယားပေါက်ဖွားမှုကြောင့် ဖြစ်လာတဲ့ အနံ့ပါ။ ဒီတော့ နှစ်ရက်တိတိ ရေမချိုးတဲ့အချိန်မှာ အကောင်ရေ ရာပေါင်းထောင်ပေါင်းများစွာသော ဘက်တီးရီးယားတွေက ခန္ဓာကိုယ်အနှံ့မှာ ရှိနေပြီဆိုတော့ အနံ့ဆိုးထွက်မှာကတော့ ပြောစရာတောင် လိုမယ်မထင်ပါဘူးနော်။ ၅။ အရေပြား မွဲခြောက်လာမယ်။ ပုံမှန်ကတော့ အရေပြားကနေ သဘာဝအဆီတွေ ပုံမှန်ထွက်ရှိပြီး အသားအရေကို ချောမွေ့အောင် ထိန်းပေးပါတယ်။ ဒါပေမယ့် ဒီအဆီတွေက အချိန်ကြာလာတာနဲ့အမျှ ဘက်တီးရီးယားတွေနဲ့ ပြည့်သွားတဲ့အတွက် ချောမွေ့အောင် ထိန်းသိမ်းနိုင်စွမ်းမရှိတော့ပါဘူး။ ဒီတော့ ရေမချိုးလို့ ခန္ဓာကိုယ်က စေးကပ်ကပ်ဖြစ်လာပေမယ့် အသားကို ပိုပြီးခြောက်သွားစေဖို့ လမ်းစဖော်ပေးလိုက်တာနဲ့ အတူတူပါပဲ။ ဒီတော့ ရေချိုးမလား၊ မချိုးဘူးလားဆိုတဲ့ အမေးကို ဖြေပေးရမယ်ဆိုရင် နေ့တိုင်း ရေချိုးပေးတာကတော့ အကောင်းဆုံးဆိုပေမယ့် တစ်ရက်တလေ မချိုးဘဲ နေလိုက်လို့ ရပါတယ်။ ၄၈ နာရီ၊ ၂ရက်ထက် ပိုပြီး ရေမချိုးဘဲ နေတာမျိုးတော့ လုံးဝမလုပ်ပါနဲ့။ အရေပြားဆိုတာ အလှအပအတွက်သာမက ခန္ဓာကိုယ်ကျန်းမာရေးအတွက်လည်း အရေးပါတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်လို့ ပစ်ထားလို့ မဖြစ်ပါဘူးနော်။


by | 19 Nov 2021

“သင့်သွေးဖြင့်အသက်ကယ်ပါ” ဆိုတဲ့ စာကြောင်းလေးက မွန်မြတ်တဲ့ အဓိပ္ပာယ်အပြည့်ရှိပါတယ်။ ကိုယ်လှူလိုက်တဲ့သွေးက ရောဂါအခြေအနေအမျိုးမျိုးကြောင့် သွေးသွင်းဖို့လိုအပ်တဲ့လူနာတွေအတွက် အသက်ကယ်နိုင်လောက်အောင် တန်ဖိုးကြီးတဲ့ လက်ဆောင်ပါပဲ။ ဒီစိတ်ကလေးနဲ့ပဲ ပုံမှန်သွေးလှူနေကြသူတွေ၊ အရေးပေါ်လိုအပ်ချိန်မှာ ပြေးပြီးသွေးလှူပေးကြသူတွေ၊ လူနာနဲ့ကိုက်ညီတဲ့ သွေးအလှူရှင်ရဖို့ အပြေးအလွှားကူရှာပေးသူတွေ၊ သွေးလှူ ကြဖို့ တိုက်တွန်းနှိုးဆော်သူတွေရှိနေတာပါ။ ကိုယ့်သွေးကြောင့် တစ်ပါးသူ ကျန်းမာပျော်ရွှင်လာစေမယ်ဆိုတဲ့ အသိတခုတည်းနဲ့တင် သွေးလှူရတာ တန်နေပါပြီ။ လိုအပ်နေသူကို လှူဒါန်းရတဲ့ ကာလဒါနဖြစ်တဲ့အပြင် မိမိခန္ဓါကိုယ်ရဲ့ အသွေးအသား အစိတ်အပိုင်းကို လှူဒါန်းရခြင်းဖြစ်တဲ့အတွက် လောကီလောကုတ် နှစ်ဖြာအကျိုးကိုလည်း ပွားစေပါတယ်။ ဒါကြောင့် လူမှုရေးရှုထောင့်ကပဲ ကြည့်ကြည့်၊ဘာသာရေးရှုထောင့်ကပဲ ကြည့်ကြည့် နှစ်ဦးနှစ်ဖက် အင်မတန် အကျိုးများပါတယ်။ ဒီဆောင်းပါးလေးမှာ ဘယ်သူတွေ သွေးလှူလို့ရလဲ ဘာတွေလိုအပ်လဲဆိုတာကို မျှဝေပေးသွားပါမယ်။ ဘယ်လိုလူတွေ သွေးလိုအပ်သလဲ သဘာဝဘေးအန္တရာယ် ဒါမှမဟုတ် မတော်တဆမှုတွေ၊အရေးပေါ်အခြေအနေတွေကြောင့် ထိခိုက်ဒါဏ်ရာ ပြင်းထန်စွာရသူတွေ။ ခွဲစိတ်မှုခံယူရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ ကိုယ်ဝန်ဆောင်ချိန် သွေးသွန်သူတွေ၊သားပျက်သားလျှောဖြစ်သူတွေ၊ကလေးမီးဖွားရင်း သွေးအလွန်အကျွံဆုံးရှုံးသူတွေ။ Thalassemia လို ရောဂါမျိုးကြောင့် သွေးအားနည်းရောဂါကို အပြင်းအထန် ခံစားနေရပြီး သွေးမကြာခဏသွင်းဖို့ လိုအပ်နေသူတွေအနေနဲ့ သွေးသွင်းကုသမှု ခံယူဖို့လိုအပ်ပါတယ်။ ဒါကြောင့် သင့်သွေးဟာ လူတယောက်ရဲ့ အသက်ကို ကယ်တင်ပေးနိုင်သလို ခံစားနေရတဲ့ ဝေဒနာတွေကိုလည်း သက်သာသွားအောင် လုပ်ပေးနိုင်စွမ်းရှိနေပါတယ်။ အင်မတန် မွန်မြတ်ပြီး ကြည်နူးဖို့ကောင်းတဲ့ အရာပါ။ ဘယ်လိုလူတွေ သွေးလှူခွင့်ရှိလဲ သွေးလှူဖို့ အောက်ပါအချက်အလက်တွေနဲ့ ကိုက်ညီရပါမယ်။ ၁။ အသက်(၁၈) နှစ်မှ (၅၅) နှစ်အတွင်းရှိသူ ဖြစ်ရပါမယ်။ ၂။ အမျိုးသားအတွက် ကိုယ်အလေးချိန် ပေါင် (၁၁၀) အထက် ရှိရပါမယ်။ ၃။အမျိုးသမီးအတွက် ကိုယ်အလေးချိန် ပေါင်(၁၀၀) အထက် ရှိရပါမယ်။ ၄။အိပ်ရေးဝစွာ အိပ်စက်ထားသူဖြစ်ရပါမယ်။ အရက်သေစာသောက်စားထားခြင်းမရှိသူ ဖြစ်ရပါမယ်။ ၅။လတ်တလော ရောဂါဝေဒနာမရှိသူ ဖြစ်ရပါမယ်။ ၆။မကြာခဏ ဖျားနာလေ့ မရှိသူ၊ မချူချာသူ ဖြစ်ရပါမယ်။ ၇။ကိုယ်ဝန်ဆောင်ခြင်း၊ နို့တိုက်ခြင်း၊ လတ်တလော ဓမ္မတာလာခြင်းတို့ မရှိသူဖြစ်ရပါမယ်။ ၈။ သွေးမှတဆင့် ကူးစက်တတ်သော ရောဂါတွေ (အထူးသဖြင့် အသည်းရောင်အသားဝါ ဘီ/စီ၊အိတ်ခ်ျအိုင်ဗွီ၊ အေအိုင်ဒီအက်စ်ရောဂါပိုး ကင်းရှင်းသူတွေ ဖြစ်ရပါမယ်) ဒီအချက်တွေနဲ့ ကိုက်ညီပြီဆိုရင်တော့ လူမျိုးဘာသာ၊အယုတ်အလတ် အမြတ်မရွေး သွေးလှူဒါနကို ကြည်နူးစွာ ပြုနိုင်ပြီပဲ ဖြစ်ပါတယ်။ သွေးလှူရင် ကျန်းမာရေးထိခိုက်သလား။ ကိုယ်ခံအား နည်းသွားမှာလား? အပေါ်မှာ ဖော်ပြထားတဲ့ အချက်တွေနဲ့ ကိုက်ညီမှုရှိမရှိအပြင် သင့်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ သွေးလှူနိုင်လောက်တဲ့ အနေအထားရှိရဲ့လားဆိုတာကိုလည်း ဆရာဝန်တွေက သွေးမလှူခင်မှာ အသေအချာ စစ်ဆေးပေးဦးမှာဖြစ်တဲ့အတွက် ဘာမှ စိုးရိမ်စရာမလိုပါဘူး။ သွေးမလှူသင့်တဲ့ အခြေအနေမျိုးဆိုရင် ဆရာဝန်က သင့်ကို အိမ်ပြန်အားမွေးပြီး နောက်တခါမှ ထပ်လာဖို့ အကြံပြုမှာပါ။ ဒါကြောင့် သွေးလှူခြင်းဟာ ကျန်းမာရေးကို ထိခိုက်စရာအကြောင်း လုံးဝမရှိပါဘူး။ နောက်တချက်က သွေးလှူတဲ့အခါ သင့်ခန္ဓါကိုယ်ထဲက သွေးတယူနစ်သာ ထုတ်ယူမှာဖြစ်ပါတယ်။ သွေးတယူနစ်ဟာ ၅၂၅ စီစီ (တပိုင့်)ပမာဏသာရှိတဲ့အတွက် သင့်ခန္ဓါကိုယ်တခုလုံးက သွေးပမာဏရဲ့ ဆယ်ပုံတပုံသာသာပဲ ရှိပါတယ်။ ဒါ့အပြင် လူထုထဲမှာ ကြားဖူးနားဝကနေ တစ်ဆင့် ပျံနှံ့နေတဲ့ သတင်းအချက်အလက်တွေဖြစ်တဲ့ ကင်ဆာရောဂါကုသမှုခံယူထားရင် သွေးလှူလို့မရဘူး၊ တုပ်ကွေးကာကွယ်ဆေးထိုးထားရင်၊ သွေးတွင်း ကိုလက်စထရောများနေရင်၊ ဆီးချိုသွေးချိုရှိနေရင် သွေးလှူလို့မရဘူးဆိုတာတွေလည်း အမှားတွေ ဖြစ်ပါတယ်။ သင်ကျန်းမာရေး ကောင်းနေသရွေ့ သွေးလှူလို့ ရပါတယ်။ ဒါကြောင့် စိတ်ချလက်ချလှူဒါန်းနိုင်ပါတယ်။ သွေးလှူပြီးတဲ့အခါ ခဏနားနေပြီးမှ သင့်ကို အိမ်ပြန်ခွင့်ပြုမှာ ဖြစ်တဲ့အပြင် အားဖြစ်စေဖို့ ကြက်ဥတွေ၊မုန့်တွေ၊အာဟာရတွေကိုလည်း ကျွေးမွေးပြုစုဦးမှာပါ။ ကုသိုလ်လည်းရ၊ဝမ်းလည်းဝဆိုတာ ဒါမှ အစစ်ပေါ့။ သွေးခဏခဏ လှူချင်ရင် ဘယ်လိုလုပ်လို့ရလဲ ယေဘုယျအားဖြင့် ၃ – ၄ လတခါ သွေးလှူဒါန်းနိုင်ပါတယ်။ ဒါပေမယ့် သွေးလှူတိုင်း သွေးလှူတိုင်းမှာ အထက်ဖော်ပြပါ အချက်တွေနဲ့ အမြဲတမ်းတိုက်ဆိုင်စစ်ဆေးမှာ ဖြစ်ပါတယ်။ ဒါကြောင့် သင့်အနေနဲ့ သွေးလှူပြီး အသက်ကယ်ရတဲ့ ပီတိကို မကြာခဏ ခံစားချင်တယ်ဆိုရင်တော့ အစားအသောက်အနေအထိုင်တွေကို ကျန်းမာရေးနဲ့ ညီညွတ်အောင် ဆင်ခြင်နေထိုင်ရပါမယ်။ သွေး မလှူခင် ရက်ပိုင်းအလိုတည်းက အားပြည့်စေမယ့် အစားအသောက်တွေ စားပါ။ ဥပမာ – အသား၊ ငါး၊ ပဲတို့လို သံဓာတ်ကြွယ်ဝတာတွေအပြင် သံဓာတ်ဖြည့်စွက်ထားတဲ့ ကွေကာနဲ့ အာဟာရပြည့် သောက်စရာတွေကို စားသုံးပါ။ အိပ်ရေးဝအောင် အိပ်ပါ။ သွေးမလှူခင် အနည်းဆုံး ၃ နာရီအလိုမှာ အစားအစာ ပြည့်ဝအောင်စားပါ၊ အဆီများတာတွေ ရှောင်ပါ။ ရေများများသောက်ပါ။ ဒီလိုနေထိုင်စားသောက်ခြင်းအားဖြင့် သွေးမကြာခဏလှူနိုင်မှာဖြစ်သလို သင့်ကျန်းမာရေးလည်း ကျွဲကူးရေပါဆိုသလို ပိုမိုတိုးတက်ကောင်းမွန်လာမှာ ဖြစ်ပါတယ်။ ‘အသက်သည်သွေး၊သွေးသည် အသက်’ တဲ့။ အင်မတန်မှ တန်ဖိုးရှိပြီး အဓိပ္ပါယ်ပြည့်ဝတဲ့ စကားလေးပါ။ သင့်ခန္ဓါကိုယ်ထဲမှာရှိတဲ့ သွေးကို အမှန်တကယ် လိုအပ်နေသူတွေထံ လှူဒါန်းပြီး အသက်ကယ်နိုင်ခြင်းဟာ ပြောမှယုံကြုံမှသိရလောက်အောင် ကြည်နူးဖို့ကောင်းတဲ့ အတွေ့အကြုံတခု၊လုပ်ဆောင်မှုတခု ဖြစ်တာမို့ ဒီနေ့ပဲ သွေးသွားလှူဖို့ တိုက်တွန်းလိုက်ပါရစေ။


by | 18 Nov 2021

မြန်မာ့ရိုးရာ ဓလေ့အစဉ်အလာအရ မဲဇလီဖူးသုပ်ကို ဆေးဖက်ဝင်တဲ့ အစာအဖြစ် ဆေးပေါင်းခတဲ့ တန်ဆောင်မုန်းလပြည့်နေ့ ( သာမညဖလအခါတော်နေ့ )မှာ စားလေ့ရှိကြပါတယ်။ မဲဇလီဖူးမှာ ရေဓာတ်၊ ဂလူကိုဆိုက်၊ ကတ်သတစ်အက်စစ်၊ အန်သရိုကွီနုန်း၊ ကမ်ဖီရောစတဲ့ ပစ္စည်းတွေပါဝင်တာကြောင့် ဆေးဖက်ဝင်တဲ့အပင်ထွက်ပစ္စည်းအနေနဲ့ စားသုံးကြတာဖြစ်ပါတယ်။ ဒီနေ့ဟာလည်း တန်ဆောင်မုန်းလပြည့်နေ့ ဖြစ်တာကြောင့် အိမ်တိုင်းအိမ်တိုင်း မယ်ဇလီဖူးသုပ်စားဖို့ ပြင်ဆင်နေကြမယ်လို့ ထင်ပါတယ်။ တစ်ဇွန်းပြီး တစ်ဇွန်း လက်ကမချချင်လောက်အောင် အရသာရှိပြီး ရေနွေးကြမ်းပူပူလေးနဲ့ဆို ငယ်ငယ်က မိသားစုနဲ့အတူ လကြည့်ရင်း ဝိုင်းဖွဲ့စားသောက်ခဲ့ကြတဲ့ ပျော်စရာကောင်းတဲ့ အတိတ်ကအချိန်တွေကိုပါ ပြန်လည်ခံစားသတိရသွားအောင် ပြုလုပ်ပေးနိုင်တဲ့ မယ်ဇလီဖူးက ကျန်းမာရေးရှုထောင့်က ကြည့်မယ်ဆိုရင်လည်း အင်မတန် ဆေးဖက်ဝင်ပါသေးတယ်။ ၁ ) မယ်ဇလီဖူးသုပ်က အစာအိမ် အူလမ်းကြောင်းကို ကျန်းမာစေပါတယ် မယ်ဇလီဟာ FDA ကအသိအမှတ်ပြုထားတဲ့ဆေးညွှန်းမလိုတဲ့ ဝမ်းနုတ်ဆေးတစ်မျိုးဖြစ်ပါတယ်။ ဝမ်းချုပ်တာကို သက်သာစေဖို့အတွက် နဲ့ စအိုကနေပိုက်ထည့်ပြီးမှန်ပြောင်းဖြင့်ကြည့်နည်း (colonoscopy) မလုပ်ဆောင်ခင်အူမကြီးအတွင်းသန့်ရှင်းစေဖို့အတွက်အသုံးပြုပါတယ်။မယ်ဇလီကို နာတာရှည်အူလမ်းကြောင်းဆိုင်ရာ ပြဿနာစု ၊ လိပ်ခေါင်းရောဂါနဲ့ ကိုယ်အလေးချိန်ကျဆင်းစေဖို့အတွက်လည်း အသုံးပြုပါတယ်။ ၂ ) ဝမ်းမှန်မှန်သွားစေပါတယ် မဲဇလီဖူးဟာ အူတွေကို သန့်စင်စေပြီး အူမကြီးရဲ့ လှုပ်ရှားမှုကို ကောင်းမွန်စေတာကြောင့် ဝမ်းပျော့ပျော့သွားစေတဲ့ အာနိသင်ရှိပါတယ်။ ဒါ့အပြင် အူလမ်းကြောင်းရှိ တုတ်ကောင်တွေကို ဖယ် ရှားပေးတဲ့ အစွမ်းလည်း ရှိပါတယ်။ ၃ ) ကိုယ်အလေးချိန်ကျစေတဲ့ မယ်ဇလီရွက်ရေနွေးကြမ်း မယ်ဇလီရွက်ရဲ့ ဝမ်းပျော့ပျော့သွားစေနိုင်တဲ့အစွမ်းက ကိုယအလေးချိန်လျော့ကျအောင်လည်း အထောက်အပံ့ဖြစ်စေပါတယ်။ မယ်ဇလီရွက်က ဝမ်းမချုပ်အောင်ကာကွယ်ပေးနိုင်တာကြောင့် အမျှင်ဓါတ်ပါဝင်မှုနည်းတဲ့ ကိုယ်အလေးချိန်လျော့ကျစေတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။ကယ်လိုရီပါဝင်မှုနည်းတဲ့ အရသာပြည့်စုံတဲ့သောက်စရာတစ်ခုဖြစ်တာကြောင့် ခန္ဓါကိုယ်ကို အရည်ဓါတ်ပိုရစေမှာဖြစ်ပါတယ်။ အရည်များများသောက်တာက အစားနည်းနည်းပဲစားဖြစ်စေပါတယ်။ မယ်ဇလီက အူမကြီးထဲက အဆိပ်အတောက်တွေ နဲ့ မကျေညက်တဲ့ အစာကို ဖယ်ရှားပေးပါတယ်။အစာအိမ် အူလမ်းကြောင်းကိုရှင်းလင်းပြီး အဆိပ်အတောက်ဖယ်ရှားတဲ့နည်းလမ်းက လိုအပ်သင့်တော်တဲ့ အာဟာရဓါတ်တွေကို စုပ်ယူနိုင်အောင် အထောက်အပံ့ပေးပါတယ်။ ဇီဝတွင်းဖြစ်ပျက်ပြောင်းလဲမှုကို တိုးတက်ကောင်းမွန်စေပြီး ကိုယ်အလေးချိန်ကိုကျဆင်းစေပါတယ်။ ၄ ) ပျို့ချင် အန်ချင်တာကို သက်သာစေပါတယ် မဲဇလီဖူးကို အနည်းငယ်စားပေးရင် ပျို့ချင်အန်ချင်ဖြစ်တာကို သက်သာစေပါတယ်။ ကိုယ်ခံစွမ်းအားစနစ်ကို ကောင်းမွန်စေပါတယ်။ မဲဇလီဖူးကို စားတာကြောင့် သရက်ရွက်ထဲမှာ ဆဲလ်အသစ်များများဖြစ်အောင် လှုံ့ဆော်ပေးနိုင်တဲ့အတွက် ဆေးဖက်ဝင်အစွမ်း ရှိတာပါ။ ရောဂါကို တွန်းလှန်နိုင်တဲ့ အစွမ်းရှိတာကို အသေးစိတ် လေ့လာမှုတွေဆက်လက်ပြုလုပ်နေကြ ပြီး ကာကွယ်ဆေးအဖြစ် တွဲဖက်သုံးဖို့ဖြစ်နိုင်ခြေ ရှိ၊ မရှိ စဉ်းစားနေကြပါတယ်။ ဓာတ်တိုး ဆန့်ကျင်နိုင်တဲ့ အင်တီအောက် ဆီးဒင့် ဂုဏ်သတ္တိ ရှိပါတယ်မဲဇလီဖူးမှာ အစွမ်းထက် အင်တီ အောက်ဆီးဒင့် ပါဝင်ပါတယ်။ ပိုလီဖီနော ဓာတ်ပါဝင်မှုများပါတယ်။ ဒါကြောင့် ဖရီး ရယ်ဒီကယ်ကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးနိုင် သလို အသည်း မှာ ထိခိုက်မှု မဖြစ်အောင်လည်း ကာ ကွယ်ပေးနိုင်ပါတယ်။ ဒါပေမဲ့ လူတွေ မှာ ဘယ်လောက်အထိ အသုံးဝင် ထိရောက် မှု ရှိသလဲဆိုတာကို နောက်ထပ် လေ့လာ မှုတွေ ထပ်လုပ်ဖို့ လိုအပ်နေပါသေးတယ်။ ၅ ) ဆံပင်တွေကို သန်စွမ်းစေတယ် ဆံပင်တွေကိုချောမွေ့တောက်ပြောင်သန်စွမ်းစေဖို့အတွက် မယ်ဇလီရွက်ကို အသုံးပြုနိုင်ပါတယ်။ မယ်ဇလီအရွက်ခြောက်မှုန့်ကိုရေ၊ဒိန်ချဉ်တို့နဲ့ ဆတူရောစပ်ပြီး ဆံပင်ပေါင်းတင်ဆေးအဖြစ်အသုံးပြုနိုင်ပါတယ်။ သံပုရာရည်၊လက်ဖက်ဆီနဲ့အခြားဆေးဖက်ဝင်ပစ္စည်းတွေနဲ့လည်းရောစပ်အသုံးပြုနိုင်ပါတယ်။ရောစပ်ထားတဲ့အနှစ်ကို ဆံပင်ပေါ်မှာလိမ်းပြီး ပလပ်စတစ်ခေါင်းစွပ်နဲ့ ခဏစွပ်ထားပြီးခြောက်သွေ့အောင်ထားပေးပါ။ နာရီအနည်းငယ်ကြာထားပြီးတဲ့နောက်ရေဆေးချလိုက်ပါ။ ၆ )ပိုးမွှားတွေကို တွန်းလှန် ပေးပါတယ် လေ့လာမှုတွေ အရ မဲဇလီဖူးမှာ ပိုးတွေကို တွန်းလှန်ပေးနိုင်တဲ့ အစွမ်း ရှိကြောင်း ဆိုပါတယ်။ ဒါပေမဲ့ ဖန်းဂပ်စ်မှိုတွေကိုတော့ တွန်းလှန်နိုင်တယ်လို့ မပြသထားပါဘူး။ အူမကြီးကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေပါတယ်။ မဲဇလီဖူးဟာ ဖရီးရယ်ဒီကယ် တွေကြောင့် ဆဲလ်ထိခိုက်မှု မဖြစ်အောင် ကာကွယ်ပေးတဲ့ဆေးဖက်ဝင် အပင်တစ် မျိုး ဖြစ်တဲ့အတွက် အူမကြီးကင်ဆာနဲ့ အစာဟောင်း အိမ်ကင်ဆာ ဖြစ်နိုင်ခြေကို လျော့ကျ စေနိုင်ပါတယ်။ မြန်မာ့ရိုးရာဆေးကျမ်းလာ အနာလည်းကင်း၊ ဆေးဖက်လည်းဝင်သည့် မယ်ဇလီဖူးသုပ်ကို ဆန်ရေစပါးအထွက်တိုးမည့် နိမိတ်ကိုဆောင်သည့် တန်ဆောင်မုန်းလပြည့်နေ့မှာ မြိန်ရေရှက်ရေ စားသုံးပေးခြင်းဖြင့် ရောဂါဘယများ ကင်းကွာပြီး ရန်သူမျိုးငါးပါးရန်မှ ကင်းဝေးကြပါစေလို့ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။


by | 17 Nov 2021

ဆီးကျောက်တည်တဲ့ဆိုတဲ့ ပြဿနာအကြောင်း မကြာခဏ ကြားဖူးကြမှာပါ။ဆီးသွားရင် နာတာ၊ ဆီးသွားရင် ညှစ်သွားရတာ စတာတွေက ဆီးကျောက်တည်တာရဲ့ လက္ခဏာတွေပေါ့ ။ ဆီးလမ်းကြောင်းမှာ ကြိုက်တဲ့ ဘယ်နေရာမှာ မဆို ဆီးကျောက်တည်နိုင်ပါတယ်။ ကျောက်ကပ်မှာလည်းတည်နိုင်တယ်၊ ဆီးအိတ်မှာလည်း ကျောက်တည်နိုင်ပါတယ်။ အသက်ကြီးတယ် ငယ်တယ် မဟုတ်ဘဲ လူတိုင်း ဆီးကျောက်တည်နိုင်တာမလို့ ပေါ့ပေါ့ဆဆ မနေသင့်တဲ့ ရောဂါထဲမှာ ပါပါတယ်။ ဆီးကျောက်တည်တယ်ဆိုတာဘာလဲ။ ဆီးကျောက်ကို ဆေးပညာအရ (renal lithiasis, nephrolithiasis) လို့ခေါ်တတ်ပြီး ဆီးထဲမှာပါတဲ့ သတ္တုဓါတ်တွေနဲ့ ဆားဓါတ်တွေက ကျောက်အဖြစ်ပြောင်းသွားပြီး ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိတ်နေတာဖြစ်ပါတယ်။ ဒီလို ကျောက်တည်တာကြောင့် ဆီးသွားရခက်တာ နာကျင့်တာမျိုး ဖြစ်မယ့်အပြင် ကျောက်တည်တဲ့နေရာဝန်းကျင်မှာ ဆီးတွေအိုင်နေပြီး ဆီးလမ်းကြောင်းပိုးဝင်တာ၊ ပိုးဝင်တာကို မထိန်းနိုင်တဲ့အခါ နောက်ပိုင်း ပိုးဆိပ် ပြန့်တာတွေအထိ ဆိုးဆိုးဝါးဝါးဖြစ်သွားနိုင်ပါတယ်။ ဒီတော့ နောက်ကျမှ သိတာမျိုး မဖြစ်ရလေအောင် ဆီးကျောက်တည်တာက ဘယ်လို လက္ခဏာတွေရှိလဲဆိုတာ သိထားဖို့ လိုအပ်ပါတယ်။ ဘယ်လိုအချက်တွေရှိနေရင် ဆီးကျောက်တည်နေပြီဆိုတာ သိနိုင်မလဲ။ ( ၁ ) နောက်ဘက်ခါးအောက်ပိုင်း နာနေတတ်ပါတယ်။ • မီးဖွားရင် ခံစားရတဲ့ အနာမျိုးနဲ့ ယှဉ်ပြီးပြောရလောက်အောင် ဆီးကျောက်တည်တဲ့ နာကျင်မှုက တော်တော်ပြင်းထန်ပါတယ်။ ရုတ်တရက်ကြီးမှ ထနာတာလည်းဖြစ်နိုင်သလို နောက်ဘက်ခါးအောက်ပိုင်းနားလေးမှာ နာလိုက်ပျောက်လိုက်ဖြစ်နေတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ( ၂ ) ဆီးသွားရင် နာကျင်မယ်။ ဆီးခဏခဏသွားချင်နေမယ် ဆီးအိမ်နဲ့ ဆီးသွားပြွန်ကြားထဲမှာ ကျောက်တည်နေပြီဆိုရင်တော့ ဆီးသွားရင် ကျင်တာ၊ ဆီးခဏခဏ သွားချင်နေတာမျိုးတွေ ဖြစ်တတ်ပါတယ်။ဆီးလမ်းကြောင်းပိုးဝင်တဲ့ လက္ခဏာနဲ့ ဆင်တူနေတာကြောင့် သူတို့ နှစ်ခုကို မှားတတ်ပါတယ်။ မတူတာကတော့ ဆီးကျောက်တည်တဲ့ လူတွေက ဆီးလမ်းကြောင်း ပိုးဝင်တာနဲ့စာရင် ဆီးခဏခဏ သွားချင်နေတာပါပဲ။ ( ၃ )ဆီးထဲ သွေးပါ။ ဆီးသွားရင်းနဲ့ သွေးစလေးတွေ တွေ့ရတာကလည်း ဆီးကျောက်တည်တဲ့သူတိုင်း ကြုံတွေ့ရတတ်တဲ့ ပြဿနာတစ်ခုပါ။ တစ်ချို့ ပြဿနာတွေမှာဆို သွေးကို အထင်းသားမြင်နေရတာမျိုး မဟုတ်ဘဲ မျက်လုံးနဲ့ မမြင်နိုင်လောက်တဲ့ သွေးဆဲလ်လေးတွေ ဆီးထဲ ပါလာတတ်တာကြောင့် ဓါတ်ခွဲခန်းမှာဆီးစစ်ဖို့လည်း အရေးကြီးပါတယ်။ ( ၄ ) ဆီး အရောင် နောက်နေတတ်ပါတယ်။ ဆီးအရောင်က ကြည်မနေဘဲ နောက်တော်တော်ဖြစ်နေပြီဆိုရင်တော့ ဆီးလမ်းကြောင်း တစ်နေရာရာမှာ ပိုးဝင်နေတာကို ပြောပြနေတာပါ။ ဆီးနောက်တဲ့ အပြင် အဖြူရောင် အဖတ်တွေပါ ပါလာပြီဆိုရင်တော့ ဒါ ဆီးထဲ ပြည်ပါလာတာ ဖြစ်နိုင်ပါတယ်။ ( ၅ ) ဆီးကျန်သလို ခံစားနေရတတ်ပါတယ်။ ဆီးကျောက်ကြောင့် ဆီးအကုန်မသွားနိုင်တော့ဘဲ ဆီးကျန်နေသလို ခံစားနေရတတ့်ပါတယ်။ တစ်ချို့ဆို တော်တော်လေးညှစ်မှ ဆီးဖြည်းဖြည်းထွက်လာတတ်ပြီး တစ်ချို့ဆို လုံးဝကို ဆီးမထွက်နိုင်တော့တာမျိုးတွေရှိပါတယ်။ ဆီးလုံးဝ မပေါက်နိုင်တော့ဘူးဆိုရင်တော့ နီးစပ်ရာဆေးခန်းကို အမြန်ဆုံး သွားဖို့လိုအပ်ပါတယ်။ ( ၆ ) ချမ်းတုန် ဖျားတတ်ပါတယ်။ ဒီလို နာလည်းနာတယ်၊ ချမ်းတုန်ပြီးလည်းဖျားတယ်၊ အပူချိန်လည်းများတယ် ဆိုရင် ဒါဆီးလမ်းကြောင်း ပိုးဝင်နေပြီဆိုတဲ့ လက္ခဏာပါ။ ဒီလိုဆိုရင် ဆီးကျောက်တည်ရင် ဖြစ်တတ်တဲ့ ရောဂါလက္ခဏာတွေကို တော်တော်များများသိသွားကြပြီဆိုတော့ တကယ်လို့ ကိုယ့်မှာ အထက်ပါ ရောဂါလက္ခဏာတွေ ခံစားနေရပြီဆိုရင် အသိနောက်ကျလို့ ရောဂါကျွမ်းသွားတယ် မဖြစ်ရလေအောင် သက်ဆိုင်ရာ ဆေးရုံဆေးခန်းသွားပြီး ဆရာဝန်နဲ့ အမြန်ဆုံးတိုင်ပင်လိုက်ပါ။


by | 16 Nov 2021

Energy Drink လို့ ခေါ်တဲ့ ခွန်အားဖြည့်အချိုရည် ချိုချိုလေးတွေဟာ လူကြိုက်များတဲ့ အဖျော်ယမကာတစ်မျိုးဖြစ်ပါတယ်။ ငယ်ငယ်ရွယ်ရွယ် ကလေးသူငယ်လေးတွေကနေအစ ဆယ်ကျော်သက်အရွယ် မြီးကောင်ပေါက်တွေအလယ် လူကြီးသူမတွေအဆုံး နှစ်သက်ကြလေ့ရှိပါတယ်။ မြန်မာနိုင်ငံက လူငယ်တော်တော်များများဆိုရင် ကိုကာကိုလာ၊ Shark, Red Bull, Speed, ကျွဲစိမ်း စတဲ့ အချိုရည် တော်တော်များများကို နှစ်နှစ်ခြိုက်ခြိုက် သောက်သုံးလေ့ရှိကြပါတယ်။ ဒီလိုမျိုး အချိုရည်တွေကို ကမ္ဘာတစ်လွှားမှာ ဘယ်လောက်တောင် လူကြိုက်များလဲဆိုရင် လာမယ့် ၂၀၂၄ ခုနှစ်ရောက်ရင် ကမ္ဘာတစ်လွှား အဆိုပါအချိုရည်ဈေးကွက်ရဲ့ တန်ကြေးဟာ ဒေါ်လာ ၇၂ ဘီလီယံအထိရှိလာနိုင်မှာဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဆေးဆိုတဲ့အတိုင်း နှစ်ပတ်မှ တစ်ဘူးလောက်သောက်တာက ကျန်းမာရေးအတွက် မသိသာသေးပေမဲ့ မူးယစ်ဆေးစွဲနေသလိုမျိုး တစ်ရက် တစ်ဘူးမှ မသောက်ရရင် မနေနိုင်တာ၊ ရေကျ မသောက်ချင်ဘဲ တစ်နေကုန် အချိုရည်ချည်း သောက်မိနေတာ၊ တချို့ဆို ဒီထက်ပိုလာပြီး တစ်နေ့တည်းတင် ၃ ဘူး ၄ ဘူးစသဖြင့် အလွန်အမင်း သောက်သုံးလာကြတဲ့အခါ ရေရှည်မှာ ဘယ်လိုမျိုး ကျန်းမာရေး ချို့ယွင်းချက်တွေကို ရင်ဆိုင်လာရနိုင်လဲနဲ့ ဘယ်လိုကာကွယ်ကြမလဲဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ကြည့်ကြရအောင်။ လူတွေဘာကြောင့် ဒီအချိုရည်တွေကိုစွဲလမ်းပြီး နှစ်ခြိုက်နေရတာလဲ? လူတိုင်းနီးပါးက ခွန်အားဖြည့်အချိုရည်တွေဟာ စွမ်းအားကိုမြှင့်တင်ပေးနိုင်တယ် သောက်လိုက်ရင် လန်းဆန်းသွားမယ် ဆိုတဲ့ ယုံကြည်မှုနဲ့ သူတို့ရဲ့ နှစ်သက်စရာအရသာအတွဲအဖက်ကြောင့် နှစ်ခြိုက်ကြတာဖြစ်ပါတယ်။ လူလတ်ပိုင်းအရွယ်တွေမှာဆို အရက်တို့ ဝီစကီတို့နဲ့ တွဲစပ်သောက်သုံးနိုင်တာကြောင့် ပိုပြီး လူကြိုက်များပါတယ်။ ဒါဆို ခွန်အားဖြည့်အချိုရည်တွေဟာ တကယ်ရော ခွန်အားတွေပေးနိုင်ရဲ့လား၊ စွမ်းအားကိုတိုးစေမှာလား၊ စိတ်ကြည်လင်စေပြီး စဉ်းစားတွေးခေါ်မှုတွေကို ပိုပြီး အထောက်အကူဖြစ်စေမှာလား … အဖြေကတော့ No ပါကွယ်။ ခွန်အားဖြည့်အချိုရည်တွေဟာ ကောင်းကျိုးတွေထက် ဘေးထွက်ဆိုးကျိုးတွေ ပိုပြီးများပြားပါတယ်။ စွမ်းအားဖြည့်အချိုရည် စွဲလမ်းခြင်းဆိုတာ ဘယ်လိုမျိုးလဲ အရာဝတ္တုတစ်ခုခုကို သုံးစွဲပြီးရင် နောက်ဆက်တွဲဆိုးကျိုးကြုံတွေ့သည့်တိုင် မသုံးရရင် မနေနိုင်တဲ့ ပြဿနာမျိုး ဖြစ်ပါတယ်။ အချိုရည်ကိုလည်း မသောက်ရင် မနေနိုင်ခြင်းမျိုး ဖြစ်လာပါတယ်။ မသောက်ဘဲ နေလိုက်ရင် မလန်းဆန်းတာမျိုး၊ စိတ်မကြည်တာမျိုး၊ သောက်သုံးလိုက်တဲ့အခါမှ အင်အားပြည့်ဝသွားသလိုမျိုး ခံစားရတတ်ပါတယ်။ အရက်စွဲသလိုမျိုးပါပဲ။ ညနေစောင်းမှ အရက်မသောက်ရရင် အဆင်မပြေသလိုမျိုး ကိုယ် ခွန်အားဖြည့်အချိုရည်သောက်နေကျ ဉပမာ ထမင်းစားပြီးတဲ့အချိန်မှာမှ မသောက်ရရင် စိတ်ကျေနပ်မှု မရရှိတာမျိုးပါ။ ဒီနည်းနဲ့ စွမ်းအားဖြည့်အချိုရည်များကို အများအပြား သောက်သုံးမိလာပါတယ်။ စွဲလမ်းခြင်း လက္ခဏာများ စွဲလမ်းခြင်းဟာ စိတ်ပိုင်းဆိုင်ရာပေါ် မူတည်ပေမယ့် လက္ခဏာများကတော့ ဦးနှောက်နဲ့ အာရုံကြောနဲ့ပါ ဆက်နွယ်နေပါတယ်။ ဥပမာ – အလွန်အကျွံတောင့်တခြင်း၊ မသောက်ရ မနေနိုင်တော့ခြင်း – သောက်သုံးပြီးလျှင် စိတ်အပြောင်းအလဲဖြစ်သွားခြင်း – သောက်သုံးမှုကို မထိန်းချုပ်နိုင်ခြင်း – မသောက်ဘဲနေကြည့်လျှင် ခေါင်းကိုက်ခြင်း၊ အိပ်လို့ မပေျာ်ခြင်း၊ ပင်ပန်းနွမ်းနယ်ခြင်း၊ စိတ်ကျခြင်း၊ သည်းမခံနိုင်ဖြစ်ခြင်း စတာတွေ ကြုံလာရတတ်ပါတယ်။ ဘေးထွက်ဆိုးကျိုးများ စွမ်းအားဖြည့်အချိုရည်များဟာ အက်ဆစ်ဓာတ်ကဲတဲ့ အရည်မျိုးဖြစ်ပါတယ်။ ဒါကြောင့် သွားများကို အရောင်ပျက်စေတဲ့အပြင် အချိန်ကြာလာတာနဲ့အမျှ သွားရဲ့အပေါ်ယံကြွေလွှာတွေကို ပါးလာစေပါတယ်။ သွားပိုးစားခြင်း၊ အခေါင်းပေါက်ဖြစ်ခြင်း စတာတွေ ကြုံလာနိုင်ပါတယ်။ အချိုရည်မှပါဝင်တဲ့ သကြားဓာတ်နဲ့ ကဖင်းဓာတ်တွေဟာ သွားကြိုသွားကြားအတွင်း ဘက်တီးရီးယား ပေါက်ပွားမှုကိုလည်း အားပေးတာကြောင့် သွားကျောက်တွေဖြစ်ပေါ်ပြီး သွားများကို လျင်မြန်စွာ ပျက်စီးစေပါတယ်။ စွမ်းအားဖြည့်အချိုရည်များ သောက်သုံးခြင်းဟာ ကိုယ်အလေးချိန်လည်း ပုံမှန်ထက် ၂ ဆ နီးပါး တက်လာစေပါတယ်။ သောက်ပါများရင် မျက်နှာကြီး ဖောလာတာ အသိသာဆုံး ဖြစ်မှာပါ။ ဒါ့အပြင် ကျောက်ကပ်ရဲ့ လုပ်ဆောင်ချက်တွေကိုလည်း အနေှာက်အယှက် ဖြစ်စေတာကြောင့် ကြာလာရင် ကျောက်ကပ်ကျောက်တည်တာမျိုးအထိ ဖြစ်နိုင်ပါတယ်။ ၂၅၀ မီလီလီတာလောက်ပါတဲ့ စွမ်းအားဖြည့်အချိုရည်တဘူးမှာ သကြားက စားပွဲတင်ဇွန်း ၁၃ ဇွန်းစာလောက် ပါဝင်ပါတယ်။ ဆရာဝန်တွေ အကြံပြုထားတဲ့ လူတစ်ယောက်ရဲ့ တစ်နေ့တာ သကြားစားသုံးမှု ပမာဏက စားပွဲတင်ဇွန်း ၆ ဇွန်းပဲ ရှိတာကြောင့် အချိုရည်ဘူးသေးလေး တစ်ဘူးနဲ့တင် တစ်နေ့တာ လိုအပ်တဲ့ သကြားထက် ၂ ဆ ကျော်လွန်နေပါပြီ။ အဓိကပြသနာကတော့ သွေးတွင်း သကြားဓာတ်မြင့်တက်လာပြီး အရွယ်မတိုင်ခင် ဆီးချိုရောဂါဖြစ်နိုင်ခြေ များစေပါတယ်။ ဆီးချိုဖြစ်လာတာနဲ့ တစ်ပြိုက်နက် နောက်ဆက်တွဲဆိုးကျိုးတွေက တွေးမကြည့်ရဲလောက်အောင်ကို တစ်ပြုံကြီး ဝင်လာမှာ ဖြစ်တာကြောင့် အချိန်မလွန်ခင် သောက်သုံးတာ ရပ်လိုက်သင့်ပါတယ်နော်။ စွမ်းအားဖြည့်အချိုရည်စွဲတာကို ဘယ်လိုရင်ဆိုင်မလဲ စွမ်းအားဖြည့်အချိုရည်တွေကို မသောက်ရမနေနိုင်ဖြစ်သွားရင် ချက်ချင်းဖြတ်ဖို့တော့ ခက်ပါတယ်။ လုံးဝမသောက်ဘဲ ဖြတ်ပစ်ခြင်းမျိုး လုပ်နိုင်သလို ဖြည်းဖြည်းချင်းစီ လျှော့ချသွားပြီးမှ ဖြတ်လိုက်တာမျိုးလည်း ရှိပါတယ်။ နည်းလမ်းနှစ်ခုစလုံးမှာ အားနည်းချက် အားသာချက် ရှိပါတယ်။ မိမိရဲ့ နေထိုင်စားသောက်မှုပုံစံအရ လိုက်လျောညီထွေဖြစ်အောင် ရွေးချယ်ရပါမယ်။ ရုတ်တရက် တိကနဲ့ ဖြတ်တဲ့အခါမှာတော့ စွဲလမ်းတာကြောင့်ဖြစ်တတ်တဲ့ လက္ခဏာတွေ ပိုမို ကြုံနိုင်ပါတယ်။ ခေါင်းကိုက်ခြင်း၊ ပန်းနွမ်းနယ်ခြင်း၊ အာရုံစူးစိုက်ရခက်ခြင်း စတာမျိုးတွေ ဖြစ်တတ်ပါတယ် အဆိုပါအခြေအနေမျိုးမှာ စွမ်းအားဖြည့်အချိုရည်ကို အစားထိုးတဲ့ အဖျော်ယမကာတွေ အစားထိုး သုံးစွဲသင့်ပါတယ်။ အဓိကကတော့ စွဲလမ်းနေတဲ့ စွမ်းအားဖြည့်အချိုရည်တွေလောက် သကြားဓာတ်နဲ့ ကဖိန်း မများတဲ့ အဖျော်တွေ ဖြစ်ပါတယ်။ ဥပမာ ကဖိန်းထုတ်ထားတဲ့ ကော်ဖီ၊ အသီးဖျော်ရည်ဆိုရင်လည်း သကြားအစား ပျားရည် ထည့်တာမျိုး၊ သကြားဓာတ် သိပ်မပါတဲ့ အချိုရည်၊ ဆေးဘက်ဝင်အပင်တွေကို လက်ဖက်ခြောက်လုပ်သောက်တဲ့ ရေနွေး စတာမျိုးတွေ ဖြစ်ပါတယ်။ မိမိရဲ့ပတ်ဝန်းကျင်မှာ စွမ်းအားဖြည့်အချိုရည်တွေ အလွယ်တကူ ယူမသောက်နိုင်အောင် ဖန်တီးထားရပါမယ်။ ရေခဲသေတ္တာထဲမှာလည်း ဝယ်ထည့်မထားဘဲ တခြား အာသာပြေ အစားထိုးသောက်စရာ အရည်တစ်မျိုးမျိုးကိုလည်း လက်လှမ်းမီရာမှာ ထားသင့်ပါတယ်။ ရေဘူးကြီး တစ်ဘူးကို ဘေးနားထားပြီး အချိုရည်သောက်ချင်လာတိုင်း စိတ်ပြောင်းပြီး ရေချည်းသောက်နိုင်ရင်တော့ ကျန်းမာရေးအတွက် အကောင်းဆုံးပါပဲ။ အဓိကက ကိုယ့်စိတ်ကိုယ်နိုင်ဖို့ပဲလိုတာမလို့ သောက်ချင်စိတ်ပေါ်လာတိုင်း ငါဆီးချိုဖြစ်တော့မှာပဲ ကျောက်ကပ်ထိတော့မှာပဲ ဒါဆို ဆေးဖိုးလည်း ကုန်မယ် ငါ့မိသားစုလည်း စိတ်ညစ်ရမယ်လို့ ဆိုးကျိုးတွေကို မြင်အောင်တွေးကြည့်ပြီး ရအောင် ဖြတ်ကြည့်ကြပါလို့ တိုက်တွန်းလိုက်ပါတယ်။


by | 15 Nov 2021

သင့်သွားတွေက ဘယ်လောက်ပဲတိုက်တိုက် ဝါညစ်ညစ် ဖြစ်နေတုန်းမလို့ စိတ်ညစ်နေပြီလား? လူရှေ့သူရှေ့ ပြုံးရ ရယ်ရတဲ့ အချိန်တွေမှာ သွားတွေက ဝါနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှု ပျောက်ဆုံးနေသလို ခံစားနေရတတ်တာလား? ဖြူချင်ဇောနဲ့ ဖိထိုက်မိရင်တော့ သွားတွေ သွေးထွက် ပျက်စီးသွားတာပဲ အဖက်တင်ပါလိမ့်မယ်။ အရောင်မှိန်ပြီး ဝါနေတဲ့ သင့်ရဲ့ သွားတွေ ကို စျေးအရမ်းကြီးတဲ့ သွားဆေးခန်း အထိသွား၊ ငွေ အမြောက်အများ အကုန်ခံပြီး ဖြူဖွေးအောင် လေဆာပစ်တာ မဖြစ်မနေ လုပ်ရမယ့် နည်းလမ်း တစ်ခု လို့ သင် ထင်ခဲ့မယ် ဆိုရင်တော့ ပြန်စဉ်းစား ပါဦးလို့ ပြောချင် ပါတယ်။ ဝင့်ကြွားပြီးတောက်ပတဲ့ အပြုံးတွေ ပိုင်ဆိုင်ဖို့အတွက် အခြားသောသဘာဝကုထုံးတွေ ရှိသေးတယ်ဆိုတာသင်မမေ့ပါနဲ့။ ၁။ မီးဖိုချောင်သုံး မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ် သွားတိုက်ဆေး မုန့်ဖုတ်ဆိုဒါနဲ့ ဟိုက်ဒရိုဂျင်ပါရောက်ဆိုဒ် (အစွန်းချွတ်ဆေး) တို့ကို တစ်မျိုးကို လက်ဖက်ရည်ဇွန်း နှစ်ဇွန်းစီရောစပ်ပြီး ခွက်တစ်ခုထဲကိုထည့်ပါ။ ပူဒီနာအနံ့အရသာလည်း နည်းနည်းပေါင်းထည့်လို့ ရပါတယ်။ သွားတိုက်ဆေးအနည်းငယ်ထည့်မယ်ဆိုလဲရပါတယ်။ အဲဒီ့အရောအနှောကိုသုံးပြီး အနည်းဆုံး နှစ်မိနစ်ခန့်ကြာအောင်သွားတိုက်ပါ။ ပြီးနောက် ပါရောက်ဆိုဒ်အရသာပျောက်ဖို့အတွက် ပုံမှန်သွားတိုက်ဆေးနဲ့ သွားတိုက်ပေးပါ။ ၂။ လိမ္မော်သီးအခွံ သွားတိုက်ဆေးမှုန့် ခြောက်သွေ့နေတဲ့ လိမ္မော်သီးအခွံကိုအမှုန့်လုပ်ရင် အလွန်အသုံးဝင်တဲ့ သွားဂျီးချွတ်ဆေး ဖြစ်လာပါတယ်။ ပိုပြီးတောက်ပတဲ့သွားတွေ ပိုင်ဆိုင်နိုင်ဖို့ ဒီသဘာဝနည်းလမ်းကိုအသုံးပြုပါ။ ၃။ အသီးအနှံဝါးစားပါ။ အသီးအရွက်အစိမ်းကို တစ်နေ့တစ်ကြိမ် ဝါးစားတဲ့အကျင့်လုပ်ပေးပါ။ အသီးအရွက်တွေဟာ သင့်ရဲ့သွားသန့်ရှင်းရေးအတွက် အထောက်အကူပြုပေးနိုင်ပြီး ကျန်းမာရေးနဲ့လဲ သင့်တော်တဲ့အစာအဟာရမျိုးဖြစ်ပါတယ်။ ကြံ၊ ပန်းသီး၊ မုန်လာဥ၊ မုန်ညင်းရွက်နဲ့ အခြား တကျွတ်ကျွတ်မြည်အောင်ဝါးရတဲ့ သစ်သီးဝလံတွေနဲ့ ဟင်းသီးဟင်းရွက်တွေဟာ သွေးလည်ပါတ်မှု ကောင်းစေပြီး သွားဖုံးကိုနှိပ်နယ်ပေးသလို အကျိုးသက်ရောက်မှုမျိုး ရှိစေပါတယ်။ ၄။ ဆားနဲ့ပွတ်တိုက်မှု သွားတိုက်တံမှာ ဆားနည်းနည်းထည့်ပြီး သွားတိုက်ခြင်းဟာလဲ သင့်ရဲ့သွားတွေ ဖြူဖွေးတောက်ပလာဖို့အတွက် နည်းလမ်းကောင်းလေးတစ်ခုပါ။ ဆားတွေကို မျိုမချမိအောင်တော့ ဂရုစိုက်ပါ။ ဈေးဆိုင်တွေမှာ ဆားရောထားတဲ့ သွားတိုက်ဆေးတွေကို ဝယ်ယူသုံးစွဲနိုင်ပေမယ့် ဆားကြမ်း ဒါမှမဟုတ် စားပွဲတင်ဆားနဲ့ တိုက်ရိုက်သုံးတာလောက်တော့ မကောင်းနိုင်ပါဘူး။ ၅။ နနွင်း-သံပုရာ-ဆား အရောအနှော အဝါရောင်သမ်းနေတဲ့ သွားတွေအတွက် နနွင်းမှုန့်၊ ဆားနဲ့ သံပုရာဖျော်ရည်တို့ကိုရောပြီး သွားတိုက်လို့ရပါတယ်။ ဒီနည်းကို နှစ်ပါတ်ခန့် မှန်မှန်ပြုလုပ်ပြီး သဘာဝနည်းလမ်းသုံးပြီး သွားတွေကို သဘာဝအတိုင်း တောက်ပနေစေပါလိမ့်မယ်။ ၆။ လေးညှင်းအမှုန့်နဲ့ သကြားခဲ ဒီအရောအနှောကို နေ့စဉ်သုံးပေးလိုက်ရင် ဖြူစင်ဝင်းပပြီး ကျန်းမာတဲ့သွားတွေပိုင်ဆိုင်နိုင်ဖို့အတွက် အာမခံနိုင်ပါတယ်။ လေးညှင်းအမှုန့်နဲ့ သကြားခဲဟာ အဝါရောင်သမ်းနေတဲ့ သွားတွေအတွက် ထိရောက်တဲ့အိမ်တွင်း ကုထုံးဖြစ်ပါတယ်။ လေးညှင်းဆီကို နှစ်အတော်ကြာအောင် သွားကျန်းမာရေး နယ်ပယ်မှာ အသုံးပြုခဲ့ကြပါတယ်။ ၇။ ခဲစက္ကူကို အသုံးပြုမယ် သွားတိုက်ဆေးနဲ့ မုန့်ဖုတ်ဆိုဒါကိုရောစပ်ပါ။ ပြီးတော့ ခဲစက္ကူတစ်ခုထဲကို ထည့်ပါ။ ပြီးတော့ သင့်ရဲ့သွားတွေကို အဲဒီခဲစက္ကူနဲ့ဖုံးအုပ်ပါ။ အချိန်တန်ရင် စက္ကူကိုဖယ်ပြီး သင့်ရဲ့သွားတွေကို တိုက်နေကျပုံစံအတိုင်းပြန်တိုက်ပါ။ ရက်အတန်ကြာတဲ့အထိ သင့်သွားတွေဖြူဖွေးပြီး ကျန်းမာနေပါလိမ့်မယ်။ ၈။ ပူတဲ့ သောက်စရာတွေ (ကော်ဖီ၊ လက်ဖက်ရည်) နဲ့ ဆေးလိပ်ကိုရှောင်ပါ။ သွားတွေပိုစွန်းထင်းစေနိုင်တဲ့ အကြောင်းအရင်းတွေ အများကြီးရှိပါတယ်။ အများဆုံးတွေ့ရတဲ့ အကြောင်းကတော့ ကော်ဖီနဲ့ လက်ဖက်ရည်သောက်သုံးမှုပါပဲ။ သင်ဟာ ကဖင်းဓာတ် စွဲလမ်းနေသူတစ်ယောက် ဆိုရင်တော့ ဒီနေ့ဈေးကွက်ထဲမှာ ကဖင်းဓာတ်ပါဝင်တဲ့ အခြားသောက်သုံးစရာတွေ ရှိပါတယ်။ ဆေးလိပ်သောက်တာဟာလည်း သင့်ရဲ့သွားတွေကို တဖြည်းဖြည်းချင်း စွန်းထင်းစေပါတယ်။ ၉။ သွားတိုက်ရာမှာဆောင်ရန်ရှောင်ရန်အချက်တွေ နေ့တိုင်းသွားတိုက်ပါ။ ၁၂ နာရီခြားပြီးတစ်ခါ (သို့) အစာစားပြီးတိုင်း တိုက်ပါ။ သွားတိုက်တံပေါ်က အမွှေးအမျှင်တွေ ပျက်စီးနေတာမျိုး မဖြစ်စေဖို့အတွက် သွားတိုက်တံကိုပုံမှန်လဲလှယ်ပေးပါ။ သွားဖုံးအတွင်းပိုင်းတွေအထိ ထိထိရောက်ရောက်တိုက်နိုင်ဖို့ နှစ်မိနစ် ဒါမှမဟုတ် သုံးမိနစ်ခန့် အချိန်ယူပြီးသွားတိုက်ပါ။ သွားတိုက်တာဟာ အလွန်အရေးကြီးတဲ့ နေ့စဉ်လုပ်ငန်းဆောင်တာ ဖြစ်ပါတယ်။ ပိုက်ဆံတွေ အများကြီးမကုန်ဘဲ အိမ်မှာတင် သဘာဝနည်းလမ်းအတိုင်း သွားဖြူဖြူ အပြုံးလှလှတွေ ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။