by | 22 Apr 2022

အခုခေတ် လူငယ်တော်တော်များဟာ ဆေးလိပ်ထက် Vape ကိုပိုသောက်လာကြတာ တွေ့ရပါတယ်။ ဒါပေမယ့် Vape က ဆေးလိပ်လောက်မဆိုးဘူး၊ ကျန်းမာရေးရောဂါလည်း ကင်းတယ်ဆိုတာကော တကယ်လား? ဒါဆို Vape ရဲ့ အကြောင်း၊ Vape မှာ ဘာတွေပါဝင်သလဲ ဆိုတာ ဖတ်ကြည့်ကြရအောင် ၁။ပုံမှန်ဆေးလိပ်နဲ့ ဘာကွာလဲ ပုံမှန်ဆေးလိပ် နဲ့ ထူးမခြားနား Vaping device တွေမှာလည်း နီကိုတင်းဓာတ်ပါပါတယ်။ မတူတာက ပုံမှန်ဆေးလိပ်က ဆေးရွက်ကြီးကို လောင်ကျွမ်းခြင်းဖြင့် နီကိုတင်းဓာတ်ရရှိပြီး Vaping device တွေမှာက e-liquid ဆိုတဲ့ အရည်ကို အပူပေးအငွေ့ခံခြင်းဖြင့် နီကိုတင်းဓာတ်ကို ရရှိပါတယ်။ ၂။ ပုံမှန်ဆေးလိပ်လိုပဲ စွဲတတ်လား နီကိုတင်းဓာတ်က ဘိန်း၊ကိုကင်းတို့လိုပဲ စွဲလမ်းစေတဲ့ အာနိသင်ရှိပါတယ်။ E cigarette အများစုမှာ နီကိုတင်းဓာတ် မြင့်မားစွာပါဝင်တာကြောင့် စွဲဖို့လွယ်သလို ဖြတ်ဖို့ ခက်တာလည်း အမှန်ပါပဲ... ၃။ပုံမှန်ဆေးလိပ်ထက် အန္တရာယ်ကင်းလား ဆေးရွက်ကြီးကို လောင်ကျွမ်းခြင်းကြောင့် ရရှိတဲ့ ဆိုးကျိုးတွေက E cigarettes မှာ မရှိတဲ့အတွက် ဆေးလိပ်ထက်စာရင် အန္တရာယ်ကင်းတယ်ဆိုပြီးပြောကြပါတယ်။ ဒါပေမယ့် နောက်ပိုင်းစစ်တမ်းတွေအရ E cigarettes တွေဟာလည်း သောက်သုံးသူအပြင် တဆင့်ခံရှုမိသူတွေမှာပါ ဆိုးကျိုးတွေရှိတယ်ဆိုတာတွေ့လာရပါတယ်။ ၄။ Nicotine-free E cigarettes တွေသုံးရင်ရော Nicotine-free ဖြစ်ပေမယ့်လည်း E cigarettes တွေမှာ ပါတဲ့ liquid မှာ အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ပေါင်းတွေ ပါရှိပါတယ်။ဒါတွေက ကင်ဆာ၊ ကလေးမရနိုင်ခြင်းစတာတွေ အပြင် အဆုတ်ပျက်စီးမှုတွေပါ ဖြစ်စေနိုင်ပါတယ်။ ၅။ Vape ပြောင်းသောက်တာက ဆေးလိပ်ဖြတ်ဖို့အတွက် အကောင်းဆုံးနည်းလမ်းလား ?? ဆေးလိပ်ဖြတ်တဲ့နေရာမှာ အထောက်အကူတခုအနေနဲ့ သုံးစွဲလို့ ရပေမယ့် အကောင်းဆုံးနည်းလမ်းတော့မဟုတ်ပါဘူး။ တချို့သူတွေမှာ ဆေးလိပ်ဖြတ်ဖို့သုံးတာကနေ နှစ်ခုလုံးစွဲတဲ့အခြေအနေမျိုးထိဖြစ်တာတောင် တွေ့ရပါတယ်။ ၆။ Vaping ရဲ့ ကျန်းမာရေးဆိုးကျိုးများ E cigarettes တွေဟာ နီကိုတင်းဓာတ်အပြင် နှလုံး ၊ အဆုတ်၊ သွေးလည်ပတ်မှုလမ်းကြောင်း စတာတွေကို ထိခိုက်နိုင်တဲ့ ဓာတ်ပစ္စည်းတွေပါ ထွက်စေတယ်လို့ တွေ့ရှိချက်တွေက ဖော်ပြလာပါတယ်။ နောက်တခုကတော့ သွားနဲ့ ခံတွင်းကျန်းမာရေးပါ Vape သောက်တဲ့ လူတွေမှာ သွားဖုံး၊လည်ချောင်းပြသာနာ ခံစားရနိုင်တဲ့အပြင် သွားကြွေလွှာပျက်စီးခြင်း၊ သွားပိုးစားခြင်းဖြစ်နိုင်ချေပိုများတတ်ပါတယ်။ ၇။ Vaping နဲ့ ပတ်သတ်ပြီး သတိထားသင့်တဲ့အချက်♨️ ကိုယ်ဝန်ဆောင်နှင့်ကလေးသူငယ် တွေဟာ Vape လုံးဝမသောက်သုံးသင့်ပါဘူး။Vaping device တွေမှာ ပါတဲ့ အရည်ဟာ အဆိပ်ဖြစ်စေပြီး သေစေနိုင်တဲ့အတွက်ကြောင့် မတော်တဆမျိုချမိတာ သောက်မိတာမျိုး မဖြစ်အောင် ဆင်ခြင်ဖို့လိုပါတယ်။ Vaping device တွေကို မိမိဘာသာပြုပြင်ပြောင်းလဲမှုတွေ မလုပ်ဖို့လည်း အရေးကြီးပါတယ်။ 🚫ဒါကြောင့် အကောင်းဆုံးနည်းလမ်းကတော့ မူးယစ်ဆေးဝါး အကုန်ရှောင်တာပါပဲ။


by | 19 Apr 2022

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ အသားအရေကျန်းမာလှပစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ မျက်စိအားကောင်းစေတယ် ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာအပါအဝင် အမြင်အာရုံ ပြဿနာအမျိုးမျိုးကို အထိရောက်ဆုံးကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့အတွက်လည်း ခရမ်းချဉ်သီးကို စားပေးလို့ရပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ တခြားသော အလင်းရောင်တွေကြောင့် ဖြစ်တတ်တဲ့ မျက်စိထိခိုက်ခြင်းနဲ့ အသက်ကြီးလာတဲ့အခါ ဖြစ်လေ့ရှိတဲ့ အနီးမှုန်ခြင်းကိုလည်း ကို ကာကွယ်ပေးနိုင်ပါတယ်။ ဝမ်းချုပ်သက်သာစေတယ် ခရမ်းချဉ်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေသလို သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုပေးနိုင်တာကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေဆို တစ်နေ့တစ်လုံးလောက် ပုံမှန်စားပေးသင့်ပါတယ်။ ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။ နှလုံးကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ဆံသားကျန်းမာစေနိုင်ပါတယ် ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေမှာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဆံသားကျန်မးာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့ သွားတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်။ ကျောက်ကပ်ကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ခရမ်းချဉ်သီးလေးကို တစ်နေ့တစ်လုံးလောက်စားဖြစ်အောင်စားလို့ အခုပြောတဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ


by | 12 Apr 2022

သင်္ကြန်လည်းနီးပြီးဆိုတော့ တရားစခန်းဝင်မယ့်သူတွေနဲ့ ဉပုသ်စောင့်ကြမယ့်သူတွေ ရှိကြလား။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဉပုသ်စောင့်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း နေ့လည် ၁၂ နာရီကျော်တာနဲ့ ဘာအစားအစာမှ စားလို့မရတော့ပါဘူး။ တကယ်တော့ ဒါကလည်း နေ့လွှဲညစာရှောင်တာက intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ Intermittent fastingဟာ • အဆီတွေကို လောင်ကျွမ်းစေတယ်။ • ကိုယ်အလေးချိန် ကျစေတယ်။ • အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။ • ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။ • နှလုံးရောဂါကို ကာကွယ်ပေးတယ်။ • ကင်ဆာကို ကာကွယ်ပေးတယ်။ • ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။ • အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။ • အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ • လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။ • နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။ ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။ • နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။ • ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။ တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက် • စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ • စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။ • စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။ • အာရုံစူးစိုက်မှု ကောင်းလာတယ်။ • စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။ • စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။ ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။ ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဉပုသ်စောင့်ရင်း၊ သတ်သတ်လွတ်စားရင်းနဲ့ မိမိနေအိမ်ကနေ ဘယ်မှလျှောက်မသွားဘဲ ဒီသကြ်န်တွင်းကို အေးအေးချမ်းချမ်းဖြတ်ကျော်လိုက်ကြရအောင်။


by | 11 Apr 2022

အရက်နာကျပြီးတိုင်း ငါနောက်ထပ် ဘယ်တော့မှ မသောက်တော့ဘူးပြောတဲ့ လူတွေအတွက် ဒီဘက်ခေတ်ကြီးထဲမှာ အရက်ကို မသောက်ဖူးတဲ့သူဆိုတာ သိပ်ကိုရှားသွားပါပြီ။အရက်သောက်ပြီးတဲ့အခါ အများစုဖြစ်တတ်တဲ့ ပြဿနာကတော့ အရက်နာကျတာပါပဲ။ အရက်နာကျတယ်ဆိုတာ အလွယ်ပြောရမယ်ဆိုရင် အရက်ထဲမှာ ပါတဲ့ ဓာတုဗေဒပစ္စည်းတွေ၊ အက်ဆစ်ဓာတ်တွေဟာ ကိုယ်ခန္ဓာထဲမှာ အဆိပ်အတောက်အဖြစ် ကပ်ကျန်ခဲ့ပြီး ခန္ဓာကိုယ်က ဒီအဆိပ်အတောက်ကို တုံ့ပြန်မိတဲ့အခါ ဖြစ်ပေါ်လာတဲ့ ပြဿနာတစ်ခုပါ။ ဒါ့ကြောင့်မလို့ ဘော်ဘော်တို့ အရက်သောက်ပြီးလို့ နောက်နေ့မှာ အရက်နာကျတဲ့ လက္ခဏာတွေ ဖြစ်မလာစေအောင်၊ ပေါ်လာခဲ့ရင်လည်း ခံစားရတဲ့ ဝေဒနာကို အမြန်ဆုံး သက်သာစေဖို့ နည်းလမ်းတချို့ကို မျှဝေပေးချင်ပါတယ်။ ၁။ ဗိုက်ဟောင်းလောင်းနဲ့ ဘယ်တော့မှ မသောက်ပါနဲ့။ ဘီယာပဲဖြစ်ဖြစ်၊ အရက်ပဲဖြစ်ဖြစ် ကိုယ်က ဒီည သောက်တော့မယ်ဆိုတဲ့ အစီအစဉ်ရှိရင် အနည်းဆုံး ၂နာရီလောက်ကြိုတင်ပြီး ဗိုက်ကိုပြည့်နေအောင် စားထားပါ။ ကစီဓာတ်၊ အသားဓာတ်များတဲ့ အစားအစာတွေ၊ အဆီအစိမ့်တွေကို ကြိုပြီး စားပေးထားနိုင်ရင် ပိုကောင်းပါတယ်။ ၂။ အဆီအစိမ့်များများစားပါ။ အဆီများတဲ့ အစားအစာတွေ၊ အကြော်တွေ၊ အကင်တွေဟာ ခန္ဓာကိုယ်က အရက်ကိုစုပ်ယူအား နှေးစေလို့ တော်ရုံနဲ့လည်း မမူးနိုင်တဲ့အပြင် မနက်မှာလည်း အရက်နာကျနိုင်ခြေ လျော့နည်းစေပါတယ်။ ကစီဓာတ်ပါဝင်မှုများတဲ့ အစားအစာတွေကို စားပေးလို့လည်း ဖြစ်ပါတယ်။ ၃။ ရေသောက်ပါ။ အရက်ချည်းပဲ ဒိုင်ခံမော့တတ်တဲ့ အကျင့်ဟာ မနက်ခင်းမှာ အရက်နာကျတဲ့ ဝေဒနာကို ကောင်းကောင်းကြီးခံရမှာပါ။ အရက်လေး တစ်ခွက် သောက်လိုက်၊ အမြည်းလေး နည်းနည်းစားလိုက်၊ ရေလေး တစ်ငုံလောက် သောက်လိုက် လုပ်ပေးတာက ပိုကောင်းပါတယ်။ ဒါ့အပြင် အရက်ကြောင့် ဆုံးရှုံးသွားတဲ့ ရေဓာတ်ကိုလည်း ပြန်ဖြည့်ပေးနိုင်လို့ မနက်နိုးတဲ့အခါမှာ ပုံမှန်လောက် အာခေါင်ခြောက်နေတော့မှာ မဟုတ်ပါဘူး။ ၄။ ဆေးလိပ်လျှော့သောက်ပါ။ ဆေးလိပ်တွေ အလွန်အကျွံသောက်တဲ့အခါမှာ အရက်နာကျတာ ပိုပြီးဖြစ်နိုင်သလို ခံစားရတဲ့ ဝေဒနာလည်း ပိုပြီးပြင်းထန်တာကို တွေ့ရပါတယ်။ ဒါကြောင့် မဖြစ်မနေသောက်မယ်ဆိုလည်း တစ်လိပ်လောက်ပဲ သောက်ပါ။ ၅။ အချဉ်တစ်ခုခု စားပေးပါ။ တတ်နိုင်ရင် အရက်သောက်နေတဲ့အချိန်အတွင်း ချဉ်တဲ့ အသီးအနှံတစ်ခုခု ဒါမှမဟုတ် အချဉ်အရသာရှိတဲ့ အအေးကိုပါ တွဲပြီး သောက်ပေးနိုင်ရင် ပိုကောင်းပါတယ်။ အချဉ်ဓာတ်ဟာ သွေးလည်ပတ်စီးဆင်းနှုန်းကိုလည်း ကောင်းမွန်စေသလို ခန္ဓာကိုယ်ထဲက အဆိပ်အတောက်တွေကိုပါ အပြင်ကို ထွက်လာစေအောင် ကူညီပေးနိုင်ပါတယ်။ ၆။ အရက်သောက်ပြီးသွားရင် အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ ပုံမှန်အိပ်နေကျ အိပ်ချိန် ပိုအိပ်ပေးနိုင်ရင်တော့ အကောင်းဆုံးပါပဲ။ ၇။ အစာစားချင်စိတ်မရှိရင်၊ အန်ချင်သလို ဖြစ်နေရင်လည်း မနက်စာကို အလွတ်မခံပါနဲ့။ ၈။ ရေကို များများသောက်ပြီး ဆီးများများသွားပေးပါ။ ဒါမှ ကိုယ်သောက်ခဲ့တဲ့ အရက်ထဲက အဆိပ်အတောက်တွေကို ဆီးအဖြစ်နဲ့ အပြင်ကို စွန့်ထုတ်ပေးနိုင်မှာပါ။ ၇။ လေ့ကျင့်ခန်း အပြင်းအထန်မလုပ်နိုင်ရင်တောင် ပေါ့ပေါ့ပါးပါး ကိုယ်လက်လေ့ကျင့်ခန်းမျိုးတော့ လုပ်ပေးပါ။ လာမယ့်ရုံးပိတ်ရက်တွေမှာ အမုန်းသောက်မယ်လို့ တွေးထားတဲ့သူတွေရှိရင်လည်း ဒီစာလေးကို save ထားလိုက်တော့နော်။ မနက်နိုးမှ ခေါင်းတွေတအားကိုက်နေမှာကို စိုးရိမ်လို့ပါရှင်။


by | 08 Apr 2022

အဝလွန်ခြင်း ဆိုတာ ကိုယ်ခန္ဓာမှာ အဆီဓာတ်တွေ အန္တရာယ်ရှိလောက်အောင် စုပုံလာခြင်းပဲ ဖြစ်ပါတယ်။ နောက်ဆက်တွဲပြဿနာတွေ အများကြီးရှိပါတယ်။ အဆီဓာတ်များလာခြင်းဟာ အရိုးနဲ့ ကိုယ်အင်္ဂါ အစိတ်အပိုင်းတွေအပေါ် ဖိအားဖြစ်စေရုံသာမဟုတ်ဘဲ ဟော်မုန်းနဲ့ ဇီဝဖြစ်ပျက်နေမှုတွေကိုလည်း သက်ရောက်မှုရှိပါတယ်။ အဝလွန်ခြင်းဆိုတာ ကိုယ်ခန္ဓာရဲ့ BMI ညွှန်ကိန်းဟာ ၃၀ နဲ့အထက် ရှိနေခြင်းကို ဆိုလိုပါတယ်။ အရပ်အမြင့်နဲ့ ကိုယ်အလေးချိန်ကို အချိုးချတွက်ချက်ခြင်း ဖြစ်ပါတယ်။ အဝလွန်မယ်ဆိုရင် အောက်ပါပြဿနာတွေ ရှိလာနိုင်ပါတယ်။ တမျိုးထက်ပိုပြီးလည်း ကြုံရနိုင်ပါတယ်။ ၁။ အမျိုးအစား ၂ ဆီးချို သွေးတွင်းသကြားဓာတ်ဟာ ပုံမှန်ထက်ပိုမြင့်နေရင် အမျိုးအစား ၂ ဆီးချို ဖြစ်တတ်ပါတယ်။ အဲဒီကတဆင့် အချိန်ကြာလာတာနဲ့အမျှ နှလုံးရောဂါ၊ အာရု့ကြောထိခိုက်ခြင်း၊ လေဖြတ်ခြင်း၊ ကျောက်ကပ်ရောဂါ၊ အမြင်အာရုံပြောင်းလဲခြင်း စတာတွေ ဖြစ်တတ်ပါတယ်။ အဝလွန်နေပြီဆိုရင် ကိုယ်အလေးချိန်ရဲ့ ၅-၇ ရာခိုင်နှုန်းလောက်ကို လျှော့ချပြီး လေ့ကျင့်ခန်း ပုံမှန်လုပ်သင့်ပါတယ်။ ဒါဟာ အမျီုးအစား ၂ ဆီးချိုဖြစ်နိုင်ခြေကို လျှော့ချပေးပါတယ်။ ၂။ နှလုံးရောဂါ အဝလွန်သူတွေမှာ နှလုံးရောဂါ ဖြစ်လွယ်ပါတယ်။ အဆီဓာတ်များဟာ နှလုံးသွေးကြောတွေထဲမှာ စုဝေးလာတတ်ပြီး သွေးကြောတွေကို ကျဉ်းမြောင်းလာစေပါတယ်။ အကျိုးမပြုတဲ့ LDL ကိုလက်စထရော၊ သွေးတွင်းသကြားဓာတ်တွေများလာပြီး သွေးပေါင်ချိန် တက်လာစေပါတယ်။ နှလုံးသွေးကြောတွေ မာကြောကျဉ်းမြောင်းလာတဲ့အတွက် နှလုံးထိခိုက်ခြင်း heart attack ဖြစ်စေပါတယ်။ သွေးခဲရင် လေဖြတ်နိုင်ပါတယ်။ ၃။ လေဖြတ်ခြင်း လေဖြတ်ခြင်းနဲ့ နှလုံးရောဂါဟာ ဖြစ်နိုင်ခြေပုံစံတွေ ဆင်တူပါတယ်။ ဦးနှောက်ကိုသွားတဲ့ သွေးကြောမှာ သွေးပြတ်တောက်ရင် လေဖြတ်နိုင်ပါတယ်။ လေဖြတ်ခြင်းကြောင့် ဦးနှောက်တစ်သျှူးတွေ ပျက်စီးပြီး စကားပြောမပီခြင်း၊ ကြွက်သားများ အားနည်းခြင်း၊ လမ်းမလျှောက်နိုင်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ၄။ အိပ်ပျော်နေစဉ် အသက်ရှူရပ်ခြင်း အဝလွန်သူများဟာ လည်ပင်းမှာ အဆီတွေများပြီး အသက်ရှူလမ်းကြောင်းကို ကျဉ်းသွားစေနိုင်ပါတယ်။ လေပြွန်ကျဉ်းသွားတဲ့အခါ ဟောက်ခြင်း၊ အသက်ရှူရခက်ခြင်း စတာတွေ ဖြစ်နိုင်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချခြင်းက ဒီပြဿနာကို သက်သာစေပါတယ်။ ၅။ သွေးတိုးခြင်း ကိုယ်ခန္ဓာထဲမှာ အဆီတစ်သျှူးတွေများလာရင် အောက်ဆီဂျင်နဲ့ အာဟာရဓာတ်တွေ ပိုမိုလိုအပ်လာပါတယ်။ သွေးလည်ပတ်မှုကို ပိုမိုလုပ်ဆောင်လာရပါတယ်။ ဒါကြောင့် နှလုံးဟာ သွေးကိုညှစ်ထုတ်ဖို့ ပိုမိုအားစိုက်ရပါတယ်။ အဲဒီအခါ ဖိအားတိုးလာပြီး သွေးတိုးခြင်းကို ဖြစ်ပေါ်စေပါတယ်။ အချိန်ကြာလာတာနဲ့အမျှ သွေးတိုးခြင်းဟာ နှလုံးနဲ့ သွေးလွှတ်ကြောတွေကို ထိခိုက်ပျက်စီးလာစေပါတယ်။ ၆။ အသည်းရောဂါ အဝလွန်သူများဟာ အသည်းအဆီဖုံးရောဂါဖြစ်နိုင်ခြေ များပါတယ်။ အဆီပိုတွေဟာ အသည်းထဲမှာ သွားရောက်စုဝေးရင် ဖြစ်တတ်ပါတယ်။ အသည်းတစ်သျှူးတွေ ပျက်စီးသွားပြီး အမာရွတ်တွေပြည့်လာာရင် အသည်းခြောက်ခြင်း ဖြစ်လာပါတယ်။ အသည်းအဆီဖုံးခြင်းဟာ ရောဂါလက္ခဏာမပြတတ်ပါဘူး။ ဒီရောဂါကို ကာကွယ်ဖို့ ကိုယ်အလေးချိန်လျှော့ခြင်း၊ လေ့ကျင့်ခန်းလုပ်ခြင်း၊ အရက်ရှောင်ခြင်း စတဲ့နည်းလမ်းတွေ ကျင့်သုံးသင့်ပါတယ်။ ၇။ သည်းခြေအိတ် သည်းခြေအိတ်ထဲမှာ သည်းခြေများကို သိုလှောင်ထားပြီး အစချေဖျက်ချိန်မှာ အူသိမ်ထဲကို ထုတ်လွှတ်ပေးပါတယ်။ သည်းခြေဟာ အဆီကိုချေဖျက်ပေးပါတယ်။ အဝလွန်လာရင်တော့ သည်းခြေထဲမှာ ကိုလက်စထရောတွေများလာပြီး သည်းခြေအိတ်လည်းကြီးလာပါတယ်။ အလုပ်ကောင်းကောင်းမလုပ်တော့ဘဲ သည်းခြေကျောက်တွေ ဖြစ်လာစေပါတယ် အမျှင်ဓာတ်များတဲ့ အစားအစာတွေ၊ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အဆီဓာတ်တွေစားရင် သည်းခြေကျောက်မဖြစ်နိုင်အောင် ကာကွယ်ပေးနိုင်ပါတယ်။ ၈။ ကင်ဆာရောဂါအချို့ အဝလွန်ခြင်း ကြောင့် ရင်သားကင်ဆာ၊ အူမကြီးကင်ဆာ၊ ပန်ခရိယကင်ဆာ၊ ဆီးကျိတ်ကင်ဆာ၊ သားအိမ်ကင်ဆာ၊ သားဥအိမ်ကင်ဆာ စတဲ့ကင်ဆာရောဂါတွေ ဖြစ်နိုင်ခြေ မြင့်တက်တယ်လို့ ဆိုပါတယ်။ ၉။ စိတ်ကျခြင်း အဝလွန်ခြင်း နဲ့ ဆက်နွယ်ပြီး စိတ်ဓာတ်ကျခြင်းပါ ဖြစ်တတ်ပါတယ်။ ခွဲခြားခံရခြင်းကြောင့် စိတ်ဓာတ်ကျမိတာ ရှိသလို မိမိကိုယ်ကို အားမရဖြစ်ပြီး စိတ်ကျနိုင်တာလည်း ရှိပါတယ်။ စိတ်ကျရင် အစားအသောက် ပိုစားဖြစ်ပြီး ပိုဆိုးလာနိုင်ပါတယ်။ လိုအပ်ရင် နှစ်သိမ့်ဆွေးနွေးမှုခံယူသင့်ပါတယ်။ စိတ်ကျချိန်မှာ လုပ်ဆောင်သင့်တဲ့ နည်းလမ်းတွေကို ရှာဖွေဆောင်ရွက်သင့်ပါတယ်။


by | 07 Apr 2022

လူအများစုဟာ အိပ်ပျော်နေစဉ်မှာ ဟောက်တတ်ကြပါတယ်။ ဒါကြောင့်လည်း ဟောက်တာဟာ မထူးဆန်းတဲ့ ကိစ္စတစ်ခုအဖြစ် မှတ်ယူထားတတ်ကြပါတယ်။ ဒါပေမယ့် အိပ်နေစဉ်မှာ ဟောက်ရတဲ့ အကြောင်းအရင်းရှိပါတယ်။ ဟောက်တာဟာ အိပ်ပျော်နေစဉ်မှာ အသံဆူညံစွာနဲ့ အသက်ရှူမိတာဖြစ်ပါတယ်။ ယခင်တုန်းကတော့ ကျန်းမာရေးပြဿနာတစ်ခုအဖြစ် မမြင်ခဲ့ကြပါဘူး။ ဒါပေမယ့် ဒီကနေ့ခေတ်မှာတော့ ဟောက်ခြင်းနဲ့ ဆက်နွယ်ပြီး ကျန်းမာရေးဆိုင်ရာပြဿနာတွေရှိလာတာကို သိလာကြရပြီဖြစ်ပါတယ်။ ဒီထဲက ကျန်းမာရေးပြဿနာတစ်ခုကတော့ အိပ်ဟောက်အသက်ရှူရပ်ရောဂါ (Obstructive Sleep Apnea) လို့ ခေါ်ပါတယ်။ ဒီရောဂါဟာ အိပ်ပျော်နေစဉ်နဲ့ ဟောက်သံထွက်ပေါ်နေစဉ်အတွင်း အသက်ရှူရပ်ပြီး အသက်ဆုံးပါးသွားနိုင်တဲ့ ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Obstructive Sleep Apnea ဟာ အဝလွန်ခြင်းနဲ့ ဆက်စပ်နေတဲ့အပြင် နှလုံးရောဂါဖြစ်နိုင်ခြေကိုလည်း မြင့်မားသွားစေနိုင်တယ်လို့ လေ့လာချက်တွေက ဆိုထားပါတယ်။ ဒါ့အပြင် အရက်စွဲတာနဲ့ Metabolic Syndrome (ဇီဝကမ္မဖြစ်ပျက်မှု မူမမှန်ခြင်း) တွေကြောင့်လည်း Obstructive Sleep Apnea ဝေဒနာ စွဲကပ်နိုင်ပါတယ်။ နှလုံးကို ထိခိုက်စေတဲ့ Obstructive Sleep Apnea Obstructive Sleep Apnea ခံစားနေရသူအများစုဟာ သူတို့မှာ ဒီဝေဒနာရှိနေတာကို သိရှိကြခြင်းမရှိကြပါဘူး။ အိပ်နေစဉ် သာမန်ဟောက်တယ်လို့ပဲ ယူဆထားကြတာပါ။ ဒါကြောင့် ကုသမှုတွေ နှောင့်နှေးတာမျိုး၊ လုံးမဝကုသမိတာမျိုးတွေအဖြစ်များပြီး နှလုံးရောဂါစွဲကပ်ချိန်မျိုးမှာမှ ရောဂါအကြောင်းအရင်းကို နောက်ကျစွာ သိရှိရတတ်ပါတယ်။ ရောဂါလက္ခဏာတွေကတော့ • အိပ်နေစဉ်မှာ အလွန်အမင်းဟောက်မယ်၊ • အိပ်နေစဉ် စက္ကန့်ပိုင်းလောက် အသက်ရှူရပ်သွားတာမျိုး ကြုံရမယ်၊ • ခန္ဓာကိုယ်ကလည်း ကိုယ်အလေးချိန်မြင့်မားမယ်၊ • သက်ပြင်းခဏခဏချမယ်၊ • အိပ်ရာထချိန်တွေမှာ မောပန်းနွမ်းနယ်နေမယ်၊ • အိပ်ရာမထချင်ပဲ ဆက်ပြီးအိပ်စက်ဖို့ ဆန္ဒဖြစ်ပေါ်နေမယ်၊ • အသက်ရှူခဏခဏကျပ်မယ်၊ • အိပ်ပျော်နေစဉ်မှာ အောက်ဆီဂျင်မလုံလောက်တဲ့အတွက် မနက်ခင်းတိုင်း ခေါင်းကိုက်နေမယ်၊ • နေ့လယ်ပိုင်းတွေမှာ အိပ်ငိုက်မယ်၊ • သွေးလည်းတိုးနေမယ်ဆိုရင် Obstructive Sleep Apnea စွဲကပ်နေပြီလို့ မှတ်ယူနိုင်သလို နောက်ဆက်တွဲ နှလုံးရောဂါ ခံစားရဖို့ပါ နီးစပ်နေပြီဖြစ်ပါတယ်။ Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ နှလုံးတွေဟာ အချိန်ကြာမြင့်လာတာနဲ့အမျှ ဖွဲ့စည်းပုံပျက်ယွင်းလာတတ်ပြီး အလုပ်လုပ်ဆောင်ပုံလည်း မူမမှန်ဖြစ်လာတတ်ပါတယ်။ ယခင်တုန်းကတော့ Obstructive Sleep Apnea ကြောင့် ဖြစ်နိုင်ခြေအများဆုံး နောက်ဆက်တွဲရောဂါက သွေးတိုးဝေဒနာလို့ မှတ်ယူထားခဲ့ကြပေမယ့် ခုအခါမှာတော့ နာတာရှည်နှလုံးရောဂါဟာ အဖြစ်အများဆုံးဆိုတာကို သိလာကြရပါပြီ။ လေ့လာချက်တွေအရ Obstructive Sleep Apnea ဝေဒနာစွဲကပ်နေသူတွေရဲ့ ၄၇% ကနေ ၈၃% အထိဟာ နောက်ဆက်တွဲ နာတာရှည်နှလုံးရောဂါခံစားရလေ့ရှိပြီး ၁၂% ကနေ ၅၃% အထိကတော့ နှလုံးဖောက်ပြန်တဲ့ ဝေဒနာခံစားရလေ့ရှိပါတယ်။ နောက်ဆက်တွဲအနေနဲ့ သွေးတိုးဝေဒနာ စွဲကပ်သူက ၃၅% သာရှိပါတယ်။ ဒါကြောင့် မိမိဟာ အလွန်အမင်းဟောက်တတ်နေပြီး ကိုယ်အလေးချိန်မြင့်မားတာမျိုး၊ အရက်သေစာ စွဲလန်းနေတာမျိုးတွေ ရှိနေမယ်ဆိုရင် Obstructive Sleep Apnea ရောဂါရှိနေမနေ စစ်ဆေးဖို့ လိုအပ်ပါတယ်။ သတိထားသင့်တာကတော့ Obstructive Sleep Apnea ဟာ သွေးတိုးနဲ့လည်း အထူးတလည် ဆက်စပ်နေပြီး သွေးတိုးရှိသူတွေရဲ့ ၅၀ ရာခိုင်နှုန်းမှာ ဒီဝေဒနာရှိနေပါတယ်။ ထိန်းချုပ်ရခက်တဲ့ သွေးတိုးရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုဆိုရင်လည်မမှားပါဘူး။ Obstructive Sleep Apnea နဲ့ သူ့ကြောင့်ဖြစ်ပေါ်လာမယ့် နာတာရှည်နှလုံးရောဂါအပါအဝင် နောက်ဆက်ဆွဲပြဿနာတွေကို တားဆီးဖို့ဆိုရင် ကိုယ်အလေးချိန်လျှော့ချဖို့နဲ့ အရက်သောက်သုံးမှုကို ရှောင်ရှားဖို့က အလွန်အမင်းအရေးကြီးပါတယ်။ ဒီနှစ်ချက်ဟာ အဆိုပါဝေဒနာကို တားဆီးဖို့အတွက် အထိရောက်ဆုံးနဲ့ အလွယ်ကူဆုံးနည်းလမ်းတွေပဲဖြစ်ပါတယ်။


by | 06 Apr 2022

BBQ တွေ အသားကင်တွေ ကြိုက်ကြတဲ့သူတွေရှိလား? ခုရက်ပိုင်း အစားအသောက် Group တွေမှာ အသားကင်ဘူဖေးတွေ မူကထတွေအကြောင်း တော်တော်လေး ခေတ်စားနေတာကို တွေ့နေရပါတယ်။ ရသာမှုန့်တွေနဲ့ နှပ်ပြီးသား ကြက်သား၊ ဝက်သား၊ ပုဇွန်၊ ကင်းမွန်၊ ပြည်ကြီးငါး အစရှိတာတွေကို ပူပူနွေးနွေးကင်ပြီး ဆော့စ်ချဉ်ချဉ်စပ်စပ်လေးနဲ့ တို့စားရတာ တကယ်လည်း တော်တော်လေး အရသာရှိပါတယ်။ ဒါပေမဲ့ မီးဖိုပေါ် ကင်ထားတဲ့ အသားတွေရဲ့ နောက်ဆက်တွဲ ကျန်းမာရေး ပြဿနာတွေကိုရော သတိထားမိကြပါရဲ့လား။ ၁။ အချို့သော ကင်ဆာရောဂါ ဖြစ်နိုင်ခြေတွေကို မြင့်မားစေပါတယ်။ မြင့်မားတဲ့ အပူချိန်တွေပေါ် ကင်တဲ့အခါ အစာရေမြိုပြွန် နဲ့ အူလမ်းကြောင်းဆိုင်ရာ ကင်ဆာတွေနဲ့ ဆက်စပ်နေတဲ့ သဘာဝ ဓာတ်ပစ္စည်းတွေ ထွက်ပေါ်လာပါတယ်။ ဒီ ဓာတုပစ္စည်းတွေဟာ မီးကျွမ်းသွားတဲ့အခါ ဒါမှမဟုတ် ကျပ်တိုက်ထားတဲ့အခါမှာ ထွက်လာတတ်တဲ့ ဓာတုပစ္စည်းတွေပါ။ ဒါကြောင့် အသားကင်တဲ့အခါမှာ မီးပေါ် တိုက်ရိုက်တင်ပြီး ကင်တာမျိုး မလုပ်ပါနဲ့။ ၂။ သွေးတိုးနဲ့ ဆီးချိုတွေကို ဖြစ်စေနိုင်ပါတယ်။ နှပ်ပြီးသား အသားတွေက အန္တရာယ်များပါတယ်။ ပါဝင်ပစ္စည်းတွေထဲမှာ ဆားနဲ့ သကြားပမာဏ များများ ပါတတ်တာမို့ ဒါတွေကိုသာ စားမိရင် သွေးတိုး နဲ့ ဆီးချိုတွေ ဖြစ်နိုင်ခြေ မြင့်လာတော့တာပါပဲ။ ဒါကြောင့် ကင်မယ်ဆိုရင် ကိုယ်တိုင်သာ အသားကို အရသာ သွင်းပါ။ ရိုးရိုးရှင်းရှင်းလေး အရသာ သွင်းမယ်ဆိုရင်တော့ ရှာလကာရည် နဲ့ သံလွင်ဆီကို အရင်သုတ်ပါ။ ပြီးတော့ ကြိုက်နှစ်သက်ရာ ဟင်းရွက်၊ ကြက်သွန်ဖြူ၊ နာနတ်သီး စတာတွေနဲ့ အရသာ သွင်းပါ။ နယ်ထားတဲ့ အသားတွေကို ရေခဲသေတ္တာထဲ တစ်နာရီလောက် ထည့်ထားပြီး အရသာ ဝင်ပါစေ။ ပြီးမှ ကင်ပါ။ ၃။ ဝမ်းချုပ်ပြီး အစာမကြေ ဖြစ်တတ်ပါတယ်။ ဒါကတော့ အဝစား ဘူဖေးဆိုင်တွေမှာ သွားစားပြီးရင် သိကြမှာပါ။ စားပြီးပြန်လာ၊ ညဘက်ကျ အစာမကြေဖြစ်တတ်တာဆိုတော့။ အသားတွေက ကျန်းမာရေးနဲ့ ညီတဲ့ စားစရာဖြစ်ပေမဲ့ အမျှင်ဓာတ်မပါတာကြောင့် အူလမ်းကြောင်း လှုပ်ရှားမှုတွေကို မကူညီပေးနိုင်ပါဘူး။ စားလိုက်တဲ့ အသားပမာဏ နဲ့ အသီးအရွက်၊ အသီးအနှံစတဲ့ အမျှင်ဓာတ်ကြွယ်တဲ့ စားစရာ ပမာဏကို မျှခြေ ညီအောင် မလုပ်နိုင်ရင် ဝမ်းချုပ်ပြီး အိမ်သာထဲ အချိန်ကုန်ရတော့မှာပါ။ ဒါကြောင့် အသားကင်စားမယ်ဆိုရင် အသီးအနှံနဲ့ အသီးအရွက်တွေကိုပါ ဝင်အောင်စားပါ။ ၄။ အဝလွန်ခြင်းကို ဖြစ်စေပါတယ်။ ဟော့ဒေါ့ နဲ့ အသားချောင်းတွေမှာ ဗီတာမင်နဲ့ အမျှင်ပမာဏ အနည်းငယ်သာ ပါပြီး ဆားနဲ့ အဆီဓာတ်တွေသာ များများပါတာကြောင့် ဒါတွေကို မကြာခဏစားမယ်ဆိုရင် အဝလွန်ခြင်းနဲ့ နှလုံးသွေးကြော ပြဿနာတွေကို ဖြစ်စေနိုင်ပါတယ်။ ၅။ ကလေး ရနိုင်ခြေ နည်းစေပါတယ်။ နောက်ပြီး အသားကင်တွေမှာ ပါတဲ့ AGE က သားအိမ်ရဲ့ ဆဲလ်နံရံတွေကို ရောင်ရမ်းစေတာကြောင့် သန္ဓေသားကပ်တွယ်နိုင်ခြေကိုလည်း လျော့နည်းစေပါသေးတယ်။ အသားကင် များများစားလေလေ၊ AGE ဓာတ်နဲ့ ထိတွေ့တာ များလေလေဖြစ်ပြီး သန္ဓေအောင်နိုင်ခြေအတွက် စိန်ခေါ်မှုကြီး တစ်ခုကို ဖြစ်စေတော့တာပါပဲ။ အသားနဲ့ အသီးအရွက်ပမာဏ မျှတအောင်စားပြီး ကျန်းမာပျော်ရွှင်နိုင်ကြပါစေ။


by | 05 Apr 2022

ဒီနေ့ Mood မကောင်းဘူးလို့ ပြောတာ ကြားဖူးမှာပါ။ စိတ်ဆိုတာက ဒီလိုပါပဲ။ အမြဲတသမတ်တည်း မရှိနိုင်ပါဘူး။ တစ်ခါတလေ ပျော်တာမျိုး ရှိနိုင်သလို တစ်ခါတလေ စိတ်ကျနေတာမျိုး ရှိနေနိုင်ပါတယ်။ စိတ်အတက်အကျ ဖြစ်တတ်တာက ပုံမှန်ပါပဲ။ ဒါပေမယ့် နေ့စဉ်ဘဝကို ထိခိုက်နိုင်လောက်တဲ့ စိတ်အတက်အကျမျိုး ဖြစ်နေရင်တော့ ဒါကို Bipolar လို့ ခေါ်ပြီး စိတ်ရောဂါအဖြစ်သတ်မှတ်ပါတယ်။ Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ကဘာလဲ။ Bipolar disorder ဆိုတာ စိတ်အတက်အကျ အရမ်းမြန်စေတဲ့ ပြင်းထန်ဆိုးရွားသော စိတ်ရောဂါတစ်ခု ဖြစ်ပါတယ်။ ဝေဒနာရှင်တွေ အနေနဲ့ အရမ်း ပျော်ရွှင်တက်ကြွနေရာကနေ ရုတ်တရက်ကြီး အလွန်အမင်း ဝမ်းနည်းသွားတာမျိုး ဖြစ်သွားလေ့ရှိပါလိမ့်မယ်။ ကြားထဲမှာတော့ ရံဖန်ရံခါ ဆိုသလို ပုံမှန်စိတ်အခြေအနေလည်း ရှိနေနိုင်ပါတယ်။ သင် စိတ်ဓါတ်ကျနေချိန်တွေမှာဆိုရင် အရာအားလုံးဟာ စိတ်ညစ်စရာ၊ မျှော်လင့်ချက်ကင်းမဲ့စရာ ဖြစ်နေမှာ ဖြစ်ပြီး နေ့စဉ် လုပ်ငန်းဆောင်တာတွေမှာလည်း စိတ်ပါဝင်စားခြင်း မရှိတော့ပါဘူး။ ဒါပေမယ့် စိတ်တက်ကြွချိန်ဆိုရင်လည်း သင်ဟာ အားအင်တွေပြည့်ဝပြီး စိတ်လှုပ်ရှားမှု အပြည့်နဲ့ ရှိနေတတ်ပါတယ်။ဒီရောဂါဟာ ဆယ်ကျော်သက်အရွယ် ကုန်ဆုံးခါနီး တဝိုက်မှာ စတင်ဖြစ်ပွားလေ့ရှိတယ်ဆိုပေမယ့် ကလေးတွေရော၊ အရွယ်ရောက်ပြီး လူကြီးတွေမှာပါ ဖြစ်ပွားနိုင်ပါတယ်။ စိတ်အတက်အကျမြန် ရောဂါရှင်တွေရဲ့ အနည်းဆုံး ထက်ဝက်လောက်ဟာ အသက် ၂၅နှစ်မတိုင်ခင်မှာ ရောဂါစတင် ခံစားရတာဖြစ်ပြီး ဘဝတလျှောက်လုံး ခံစားသွားရလေ့ရှိပါတယ်။ Bipolar Disorder (စိတ်အတက်အကျမြန် စိတ်ဝေဒနာ) ရဲ့လက္ခဏာတွေကဘာတွေလဲ စိတ်အတက်အကျမြန်ရောဂါ ရှိနေပြီဆိုရင် ပြင်းထန်ပြီး ပုံမှန်မဟုတ်သော စိတ်ခံစားမှုတွေ ဖြစ်ပေါ်လေ့ရှိတဲ့ ကာလတွေကို ကြုံတွေ့ခံစားရမှာပါ။ သင့်ရဲ့ ပုံမှန် စိတ်ခံစားချက်တွေ၊အမူအကျင့်တွေနဲ့ များစွာ ကွာခြားတဲ့ အပြောင်းအလဲတွေကို ဒီလို ကာလတစ်ခုချင်းဆီမှာ ခံစားရပါလိမ့်မယ်။ အရမ်းပျော်ရွှင် စိတ်လှုပ်ရှားနေတဲ့ အချိန်ကာလကို “စိတ်ကြွချိန်”လို့ ခေါ်ပြီး အလွန်အမင်း စိတ်ဆင်းရဲ၊ ဝမ်းနည်း၊မျှော်လင့်ချက် ကင်းမဲ့နေတဲ့ ကာလကို “စိတ်ကျချိန်”လို့ ခေါ်ပါတယ်။ စိတ်ကြွချိန်မှာဆိုရင် • အလွန်ပျော်ခြင်း ၊စိတ်လှုပ်ရှားခြင်း • အလွန်ကို ဆတ်ဆတ်ထိမခံ ဖြစ်ခြင်း • ပုံမှန်ထက် အစားအသောက် ပိုစားခြင်း • အအိပ်အနေနည်းခြင်း • ဇွတ်တရွတ်လုပ်ခြင်း၊အန္တရာယ်များတဲ့၊အပျော်အပါးနောက်လိုက်တဲ့ အမူအကျင့်တွေ ပေါ်လာခြင်း • စကားပြော အရမ်းမြန်ခြင်း၊စကားပြောရင် တောင်ရောက်မြောက်ရောက် ဖြစ်နေခြင်း • စဉ်းစားဆင်ခြင်နိုင်စွမ်း အားနည်းခြင်း ဆုံးဖြတ်ချက် တစ်ခုခုကို အလွယ်တကူ မချနိုင်ခြင်း • နားထဲမှာ ထူးဆန်းတဲ့ အသံတွေ ကြားနေရခြင်း၊ တကယ်မရှိတဲ့ အရာတွေကို မြင်နေခြင်းတို့ကို ခံစားရတတ်ပြီး စိတ်ကျချိန်မှာဆိုရင် • အချိန်အတော်ကြာအောင် အလွန်အမင်း ဝမ်းနည်းနေခြင်း၊မျှော်လင့်ချက်တွေ ကုန်ဆုံး၊စိတ်ဓါတ်ကျနေခြင်း • နေ့စဉ်လှုပ်ရှား သွားလာမှုတွေကို စိတ်မပါတော့ခြင်း • အစားနည်းသွားခြင်း • ငိုက်မျဉ်းပြီး အိပ်ချင်နေခြင်း • သိမ်ငယ်စိတ်တွေ ဝင်နေခြင်း • အာရုံမစူးစိုက်နိုင်ခြင်း • သတ်သေချင်စိတ်တွေ တဖွားဖွား ပေါ်နေခြင်းတို့ကို ခံစားရနိုင်ပါတယ်။ စိတ်အတက်အကျမြန် ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းရင်း အတိအကျကို မသိရှိရသေးပေမယ့် ပါဝင်ပတ်သက်နိုင်တဲ့ အကြောင်းအရာလေးတွေတော့ ရှိနေပါတယ်။ ဒါတွေကတော့ • ဦးနှောက်တွင်း ဓါတ်ပစ္စည်းတွေ ပြောင်းလဲမှု။ • မျိုးဗီဇ ။ မိဘ၊ဒါမှမဟုတ် တခြား မိသားစုဝင်တွေမှာ ဒီရောဂါရှိမယ်ဆိုရင် သင့်ကို လက်ဆင့်ကမ်းပေးလာနိုင်ပါတယ်။ • လူမှုဆက်ဆံရေး အခြေအနေ။ လေ့လာသုတေသန ပြုချက်တွေအရ စိတ်အတက်အကျမြန်ရောဂါကို ဖြစ်စေတဲ့ လူမှု ပေါင်းသင်းဆက်ဆံရေးဆိုင်ရာ လွှမ်းမိုးမှုတွေ အများကြီး ရှိတယ်လို့ သိရှိရပါတယ်။ ဒီလွှမ်းမိုးမှုတွေကတော့ ငယ်စဉ် ကလေးဘဝမှာ စိတ်ဒါဏ်ရာ ရခဲ့တာတွေ၊ မိမိကိုယ်ကို ယုံကြည်တန်ဖိုးထားမှု မရှိတာတွေ ဒါမှမဟုတ် ချစ်ခင်မြတ်နိုးသူ တယောက်ယောက်ကို ဆုံးရှုံးလိုက်ရတာတွေ စသဖြင့် ဖြစ်ပါတယ်။


by | 04 Apr 2022

ယနေ့ခေတ် ဆယ်ကျော်သက်ကလေးတွေဟာ အရင်က ဆယ်ကျော်သက်တွေထက် အခက်အခဲတွေ ပိုများနိုင်ပါတယ်။ ခန္ဓာ၊ စိတ်စတာတွေပြောင်းလဲမှုကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်တွေဟာ လူမှုရေးကစလို့ ကျန်းမာရေးအဆုံး အသစ်အသစ်သော ပြဿနာ အမျိုးမျိုးကို ရင်ဆိုင်ကြရပါတယ်။ အွန်လိုင်းကနေ အနိုင်ကျင့်ဗိုလ်ကျတာ၊ ကျောင်းမှာ အုပ်စုဖွဲ့ ရိုက်နှက်ခံရတာကစလို့ နောက်ဆုံး ကိုယ့်အသက်ကို ကိုယ်တိုင် ရန်ရှာတာမျိုး အထိ အမျိုးမျိုးသော ပြဿနာတွေကို ရင်ဆိုင်ရနိုင်ပါတယ်။ ဒီတော့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို အကောင်းဆုံး ပျိုးထောင်ချင်တယ်ဆိုရင် အရင်ခေတ်အခါနဲ့ မတူတော့တဲ့ ဒီဘက်ခေတ်မှာ ဆယ်ကျော်သက်အရွယ်မှာ ဘယ်တွေလိုကြုံရနိုင်လဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ ဆယ်ကျော်သက်အရွယ် ခံစားရနိုင်တဲ့ ကျန်းမာရေးပြဿနာ အရာရောပြောင်းလဲနေတဲ့ ဆယ်ကျော်သက်အရွယ်မှာ အဝလွန်တာ၊ အာဟာရ ချို့တဲ့တာ ဖွံ့ဖြိုးဆဲနိုင်ငံတွေက ဆယ်ကျော်သက်တွေဟာ အာဟာရ လုံလောက်စွာ မရရှိတာကြောင့် ရောဂါတွေဒဏ်ကို ခံနိုင်ရည် နည်းကြပါတယ်။ အာဟာရ မပြည့်ဝမှုကြောင့် အရွယ်မတိုင်ခင် သေဆုံးတာတွေ ခံစားရနိုင်ပါတယ်။ ဒါတင်လားဆိုတော့ မဟုတ်သေးပါဘူး။ အာဟာရ မပြည့်ဝတာက အဝလွန်တာကိုလည်း ဖြစ်စေနိုင်ပါသေးတယ်။ ယနေ့လက်ရှိ ကမ္ဘာပေါ်မှာ ဆယ်ကျော်သက် ၁၀ ဦးမှာ ၆ ဦးဟာ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် များနေတာ၊ အဝလွန်တာတွေကို ခံစားနေကြရပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီး သုံးစွဲတာ ဆယ်ကျော်သက်အရွယ်မှာ အပေါင်းအသင်းတွေရဲ့ အဆွယ်ကောင်းမှုကြောင့် ဆေးလိပ်တွေ ဆေးရွက်ကြီးနဲ့ ကွမ်းစတာတွေကို အသုံးပြုကြတာမျိုး ရှိပါတယ်။ ဆေးလိပ်နဲ့ ဆေးရွက်ကြီးက လူကို အကျိုးမပြုတဲ့အရာပါ။ ဆေးလိပ်နဲ့ဆေးရွက်ကြီးကို သုံးစွဲမယ်ဆိုရင် အဆုတ်ကင်ဆာ၊ လည်ချောင်းကင်ဆာ၊ ခံတွင်းကင်ဆာ၊ အသက်ရှူလမ်းကြောင်းဆိုင်ရာ ကျန်းမာရေးပြဿနာ၊ နှလုံးရောဂါ၊ ရုတ်တရက် နှလုံး ရပ်တာတွေကို ခံစားရနိုင်ပါတယ်။ အရက်သေစာ သောက်စားတာ ၁၂ နှစ် ၁၃ နှစ်ကျော်လာတဲ့အချိန်မှာ အတုမြင် အတတ်သင်ဆိုတဲ့ သဘောအတိုင်း အယ်လ်ကိုဟောပါတဲ့ အရက်၊ ဘီယာ၊ ဝိုင်စတာတွေကို စမ်းသပ်သောက်သုံးတာမျိုး လုပ်တတ်ကြပါတယ်။ အယ်လ်ကိုဟောက အသည်းအပါအဝင် ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို ထိခိုက်စေသလို ဦးနှောက်နဲ့ မှတ်ဉာဏ်ကိုပါ ထိခိုက်စေနိုင်ပါတယ်။ ထိခိုက်ဒဏ်ရာ ရတာ အရွယ်တိုင်းက ထိခိုက်နိုင်ပါတယ်။ ဒါပေမယ့် သတ်လတ်ပိုင်းတွေထက် ဆယ်ကျော်သက်နဲ့ ကလေးငယ်တွေက ပိုပြီး ထိခိုက်လွယ်ပါတယ်။ ကားမောင်းရင်း မတော်တဆ ယာဉ်တိုက်မှု ဖြစ်တာ၊ လမ်းသွားရင်း မတော်တဆ ကားတိုက်ခံရတာ၊ စက်ဘီး ဆိုက်ကား တိုက်ခံရတာတွေ ဖြစ်နိုင်ပါတယ်။ ဒီလို ထိခိုက်မိနိုင်ခြေက လှုပ်ရှားသွားလာနေတဲ့ ဆယ်ကျော်သက်တွေမှာ ပိုများပါတယ်။ စိတ်ကျန်းမာရေး ဆယ်ကျော်သက်အရွယ်မျာ သေချာလေး ဂရုစိုက်ပေးဖို့ လိုပါမယ်။ အကြောင်းကတော့ ရုပ်ပိုင်းဆိုင်ရာရော စိတ်ပိုင်းဆိုင်ရာပါ အပြောင်းအလဲဖြစ်ပေါ်နေတဲ့ အရွယ်ဖြစ်နေလို့ပါ။ ဒီကာလမှာ စိတ်ဓာတ်ကျတာ၊ စိတ်ဖိစီးတာ အပါအဝင် အမျိုးမျိုးသော စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေကို ခံစားရနိုင်ပါတယ်။ ကျောင်းမှာ အနိုင်ကျင့်ခံရတာ။ ဆိုရှယ်မီဒီယာမှာ အနိုင်ကျင့်ခံရတွေကြောင့်လည်း စိတ်ကျန်းမာရေး ထိခိုက်နိုင်ပါတယ်။ ဒါကြောင့် သေချာလေး ဂရုစိုက်လို့ လိုအပ်တာကို မိဘတွေဘက်က ပံ့ပိုးပေးဖို့ လိုပါမယ်။ ကိုယ့်ကိုယ်ကိုယ် သတ်သေတာ ကိုယ့်ကိုယ်သတ်သေတဲ့ နှုန်းမှာ စိတ်ဖိစီးမှုကြောင့် သတ်သေတာထက် ဆယ်ကျော်သက်အရွယ် သတ်သေမှုနှုန်းက ပိုများနေပါတယ်။ ဒါကြောင့် အပြောင်းအလဲတွေကို ရင်ဆိုင်နေရတဲ့ ဆယ်ကျော်သက်အရွယ် သားသားမီးမီးတို့ကို သေချာ ဂရုစိုက်ဖို့ လိုပါမယ်။ ဒါတွေအပြင် ဆယ်ကျော်သက်အရွယ်တွေမှာ အရွယ်မတိုင်ခင် ကိုယ်ဝန်ဆောင်ရတာ ခုခံအားကျဆင်းမှု ကူးစက်ရောဂါ လိင်ကတဆင့်ကူးစက်သောရောဂါ အခြားသော ကူးစက်ရောဂါများ အကြမ်းဖက်ခံရတာတွေကိုလည်း ခံစားရနိုင်ပါသေးတယ်။