by | 08 Jun 2022

အသက်ကြီးလို့ ဆံပင်ဖြူတာပုံမှန်ပါပဲ ... အသက်တဖြည်းဖြည်းကြီးလာတာနဲ့ ဆံပင်အရောင်ကို ဖြစ်စေတဲ့ ရောင်ခြယ်ဓာတ်တွေ နည်းလာတာကြောင့်ပါ ဒါဆိုရင် အသက်ငယ်ငယ်နဲ့ ခေါင်းမှာ ဆံပင်ဖြူတွေတွေ့နေပြီဆိုရင်တော့ 💁ဒါတွေကြောင့်ဖြစ်နိုင်ပါတယ် .. ၁။ မျိုးရိုးဗီဇ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူပေါက်တယ်ဆိုရင် အဖြစ်နိုင်ဆုံး အကြောင်းရင်းတခုကတော့ မျိုးရီုးဗီဇပါ မိဘ၊ ဘိုးဘွားတွေမှာ အသက်ငယ်ငယ်နဲ့ ဆံပင်ဖြူရင် သင့်မှာလည်း အလားတူဖြစ်ဖို့ ရာခိုင်နှုန်းများပါတယ်... ၂။ စိတ်ဖိစီးမှု ခေါင်းတွေရှုပ်လို့ ဆံပင်တွေတောင် ဖြူကုန်ပြီဆိုတာ အမှန်ပါပဲ ၊ လေ့လာချက်အရ ခန္ဓာကိုယ်မှာ စိတ်ဖိစီးမှုခံရတဲ့အခါ ဆံပင်အရောင်ကို ဖြစ်စေတဲ့ ဆဲလ်တွေနည်းပါးမှုဖြစ်စေပါတယ် ဒါကြောင့် ဆံပင်ဖြူတာပါ... ၃။ ဗီတာမင်ဓာတ်ချို့ယွင်းမှု Vitamin B6, Vitamin B12, Vitamin D, Vitamin E စတဲ့ ဓာတ်ချို့ယွင်းမှုတွေကလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ဖြစ်စေပါတယ်... ၄။ရောဂါများ အချို့ ကိုယ်ခံအားစနစ် ဖောက်ပြန်မှားယွင်းမှုဆိုင်ရာရောဂါများ - Vitiligo , Alopecia areata နဲ့ သိုင်းရွိက်ဟော်မုန်းဆိုင်ရာ ရောဂါများမှာ melanin ဓာတ်နည်းစေတဲ့ အတွက်ကြောင့် အသက်ငယ်ပေမယ့် ဆံပင်ဖြူစေနိုင်ပါတယ်... ၅။ဆေးလိပ် ဆေးလိပ်မှာ ပါတဲ့ ဓာတ်ပစ္စည်းတွေဟာ ဆံသားအရင်းတွေကို ထိခိုက်စေတဲ့အတွက် ဆံပင်ဖြူစေပါတယ် ဒါ့အပြင် ဆံသားအရင်း အမွေးအိတ်တွေကို ထောက်ပံ့တဲ့ သွေးလည်ပတ်မှု အားနည်းစေတဲ့အတွက် ဆံပင်ကျွတ်ခြင်းကိုပါ ဖြစ်စေပါတယ်.. ၆။ဆိုးဆေးများ ဆိုးဆေးအများစုမှာ ပါဝင်တဲ့ Hydrogen peroxide က ဆံသားအရင်းတွေမှာ စုပုံပြီး ဆံပင်ဖြုခြင်းကို ဖြစ်စေပါတယ် ဆံသားချွတ်ဆေးတွေကို အများအပြားသုံးတာဟာလည်း အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ပိုဖြစ်စေပါတယ် ငယ်ငယ်ရွယ်ရွယ်ဆံပင်မဖြူရအောင် - အာဟာရပြည့်ဝစွာစားသုံးပါ ⁃ သစ်သီး၊ ဟင်းသီးဟင်းရွက်၊ ငါးများများစားပါ ⁃ စိတ်ဖိစီးမှုကို တတ်နိုင်သမျှလျော့ချပါ ⁃ ဆေးလိပ်ဖြတ်ပါ ⁃ ဆံပင်ဆိုးဆေ:၊ချွတ်ဆေးတွေကို တတ်နိုင်သမျှ မသုံးတာကောင်းပါတယ်..


by | 07 Jun 2022

မိုးဦးရာသီကာလကျရောက်လာတာနဲ့အတူ မိုးတွင်းမှာအဖြစ်များတဲ့ ရောဂါတွေဟာလည်း မဖိတ်ခေါ်ပဲ ရောက်ရှိလို့လာခဲ့ပါပြီ။ ဒီရောဂါတွေထဲကမှ မပေါ့ဆသင့်တဲ့ ဝမ်းပျက်ဝမ်းလျှောရောဂါအကြောင်းကို ပြောပြပေးသွားမှာဖြစ်ပါတယ်။ ဝမ်းပျက်ဝမ်းလျှောဖြစ်တယ်လို့ ဘယ်အချိန်မှာ သတ်မှတ်လို့ရမလဲ ? ဝမ်းအရည်ကျဲကျဲကို အကြိမ်များများ (၂ကြိမ်အထက်) သွားရင် ဝမ်းလျှောတယ်လို့ အကြမ်းဖျင်း သတ်မှတ်ကြပါတယ်။ ဒါ့အပြင် ဝမ်းပျက်ဝမ်းလျှောခြင်းကို ပျို့အန်ခြင်း၊ ဗိုက်အောင့်ဗိုက်နာဖြစ်ခြင်းနဲ့ အဖျားငွေ့ငွေ့ရှိတတ်ခြင်း စတဲ့လက္ခဏာတွေနဲ့ ယှဉ်တွဲပြီး တွေ့နိုင်ပါတယ်။ 🤒 ဝမ်းအရောင်မည်းတာ၊ ငါးညှီနံ့နံတာ၊ ဆန်ဆေးရေလိုဝမ်းတွေသွားတာ၊ ဆီးသွားနည်းတာ၊ အဖျားကြီးတာ၊ မျက်တွင်းချိုင့်တာ၊ မူးပြီး သတိလစ်လဲကျတာ၊ တက်တာ စတဲ့ လက္ခဏာတွေဖြစ်လာပြီဆိုရင်တော့ ဆရာဝန်တွေနဲ့ သေချာကုသမှုခံယူဖို့ လိုအပ်ပါတယ်။ ဒီလက္ခဏာတွေဟာ ကလေးသူငယ်တွေမှာ ပိုပြီးအဖြစ်များပါတယ်။ ဝမ်းရောဂါဖြစ်စေတဲ့အကြောင်းအရင်းတွေထဲမှာ အဓိကအားဖြင့် အတွေ့ရဆုံးက အစားအသောက်ကနေတစ်ဆင့် ရောဂါပိုးကူးစက်မှုကြောင့်ပဲဖြစ်ပါတယ်။ လူကြီး၊ လူငယ်၊ ကလေး အရွယ်မရွေးဖြစ်နိုင်ပေမယ့် ပေါ့ဆမိရင် ရေဓါတ်ဆုံးရှုံးမှုများပြီး shock ဖြစ်တဲ့ အထိဖြစ်နိုင်ပါတယ်။ ဝမ်းလျှောရင် မမေ့မလျော့သောက်ရမှာကတော့ oral rehydration salt (ခေါ် ) ဓါတ်ဆားရည်ပါ။ ဓါတ်ဆားတစ်ထုပ်ကို ရေ (၁)လီတာနဲ့ဖျော်ပြီး ဝမ်းသွားတာနဲ့အညီ ပြန်သောက်ပေးရပါမယ်။ ဖျော်ပြီး ၂၄ နာရီကျော်သွားရင်တော့ ဆက်သောက်သုံးလို့မရပါဘူး ❌ 👶 ကလေးတွေအတွက်ဆိုရင်တော့ zinc ဓါတ်ပါတဲ့ အားဆေးပါတိုက်ရင် ပိုကောင်းပါတယ်။ အူလမ်းကြောင်းအတွက်ကောင်းတဲ့ ဘက်တီးရီးယားတွေပါတဲ့ probiotics တွေလည်း သောက်သုံးနိုင်ပါတယ်။ ဝမ်းရောဂါဖြစ်ပွါးခြင်းမှ ကာကွယ်ဖို့အတွက် ... ✅ လက်ကို ဆပ်ပြာနဲ့ သေချာဆေးကြောပါ။ ✅ သန့်ရှင်းလတ်ဆက်တဲ့ အစားအသောက်များကိုရွေးချယ်စားသုံးပါ။ ✅ အစားအစာများကို ယင်မနားအောင် ဖုံးအုပ်ထားပါ။ ✅ ကလေးငယ်တွေကိုဆိုရင် rota virus ကာကွယ်ဆေးတိုက်ကျွေးပါ။ ဒီနည်းလမ်းတွေနဲ့အတူ မိုးတွင်းမှာ ဝမ်းပျက်ဝမ်းလျှောရောဂါ ဖြစ်ပွါးမှု လျော့ချရအောင်လို့ ဒေါတိုက်တွန်းလိုက်ပါတယ်


by | 06 Jun 2022

အမျိုးသမီးများ သည် အပျိုဖော်ဝင်လာသည်နှင့်အမျှ လစဉ် ရာသီဓမ္မတာ လာခြင်းကို မလွဲ မသွေ ရင်ဆိုင်ကြရလေ့ ရှိပါတယ်။ ထို ကာလအတွင်း အမျိုးသမီးတွေက ရုပ်ပိုင်းဆိုင်ရာပြောင်းလဲမှုများသာမက စိတ်ပိုင်းဆိုင်ရာ ပြောင်းလဲမှုများကိုပါ ကြုံတွေ့ ခံစားရလေ့ရှိပါတယ်။ ထို့အပြင် ခန္ဓာကိုယ် အတွင်း ဟော်မုန်းများ ပြောင်းလဲမှုကြောင့် ခေါင်းကိုက်ခြင်း၊ ပျို့အန်ခြင်းများကို ခံစားရမည့်အပြင် ဓမ္မတာ သွေးဆင်းနေစဉ် ကာလ အတွင်း ဗိုက်အောင့်ခြင်း ကို ခံစားရလိမ့်မည်။ ထိုကြောင့်ထိုကာလ အတွင်းဆောင်ရန် ရှောင်ရန် သိသင့်သိထိုက်သည်များကို ဖော်ပြသွားပေးချင်ပါတယ်။ 📌ဆောင်ရန် ၁။ လုံလောက်စွာအနားယူပါ။ ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများ၏ ဟော်မုန်း level များသည် အနည်းဆုံးအနေအထားသို့ ရောက်ရှိနေတတ်သည်။ ခန္ဓာကိုယ် ၏ ကိုယ်ခံအားစနစ်မှာလည်း အားနည်းနေတတ်သည့် အပြင် အတက်အကျလဲ မြန်ဆန်တတ်သည့်အတွက် လုံလောက်စွာအနားယူသင့်ပါသည်။ ၂။ အစားအသောက်ကိုမှန်ကန်စွာရွေးချယ်စားသုံးပါ။ ဓမ္မတာ လာနေစဉ်ကာလအတွင်း မှန်ကန်စွာရွေးချယ်စားသောက်ခြင်းသည် ခံစားနေရ ကိုက်ခဲမှု များအားသက်သာစေရုံမျှက စိတ်ကိုရွှင်လန်းတက်ကြွစေသည်။ အမျှင်ဓါတ်များသော ပဲမျိုးစုံနှင့် ဟင်သီးဟင်းရွက်များသည် ဗီတာမင် ဘီ၊ မက်ဂနီစီယမ်၊ ကယ်စီယံ နှင့် ပိုတက်စီယမ် ဓါတ်များပါဝင်သောကြောင့် ဝမ်းမှန်စေရုံမျှမက ကိုယ်လက်မအီမသာဖြစ်ခြင်း၊ ဗိုက်အောင့်ခြင်းများကို သက်သာလျော့ပါးစေသည်။ ၃။ အရည်များများသောက်ပါ။ ဓမ္မတာလာနေစဉ်ကာလအတွင်း အမျိုးသမီးများသည် ခန္ဓာကိုယ် အတွင်းရေဓါတ်ဆုံးရှုံးမှုများဖြစ်ပွားလေ့ရှိပါသည်။ ထို ဆုံးရှုံးသွားသော ရေဓါတ်များကို ပြန်လည်ဖြည့်တင်းရန်အတွက် ရေ ၊ အားဖြည့်အချိုရည်နှင့် သစ်သီးဖျော်ရည်များကို သောက်သုံးရမည်ဖြစ်သည်။ ၄။ အပေါ့စားလေ့ကျင့်ခန်းလုပ်ပါ။ သုသေသနလေ့လာမှုများအရ ဓမ္မတာလာနေစဉ်ကာလအတွင်း သက်တောင့်သက်သာရှိသောအပေါ့စားလေ့ကျင့်ခန်းများ ပြုလုပ်ခြင်းသည် ခန္ဓာကိုယ်သွေးလည်ပတ်မှုကိုကောင်းစေပြီး မအီမသာဖြစ်ခြင်း နှင့် ကိုက်ခဲမှုများကိုသက်သာလျော့ပါးစေပါသည်။ ၅။ အဝတ်အစားကိုတင်းကြပ်စွာဝတ်ခြင်းမှ ရှောင်ကြဉ်ပါ။ ဓမ္မတာလာနေစဉ်ကာလအတွင်း တင်းကြပ်သောဝတ်စားဆင်ယင်မှုပြုလုပ်ခြင်းသည်သင့်အား သက်တောင့်သက်သာမဖြစ်စေသောကြောင့် ပေါ့ပါး လွတ်လပ်သော ဝတ်စား ဆင်ယင်မှုများပြုလုပ် ပါ။ ၆။ ရေနွေးအိတ်အသုံးပြုပါ။ ဓမ္မတာလာနေစဉ်ကာလအတွင်း ရေနွေးအိတ် အား ဝမ်းဗိုက်အောက်ပိုင်းသို့ကပ်ခြင်းသည် အကိုက်အခဲသောက်ဆေးများသောက်သည်ကဲ့သို့ပင် ကိုက်ခဲ့မှုများကိုလျော့ပါးစေသည်။ 📌ရှောင်ရန် ၁။ ကော်ဖီ သောက်သုံးမှုလျှော့ချပါ။ ကော်ဖီတွင်ပါဝင်သော ကဖိန်းဓါတ်သည် နာကျင်မှုများကို လှုံဆော်ပေးသောကြောင့်ထိုကာလအတွင်း ကော်ဖီသောက်သုံးမှုကို နည်းအောင်ကြိုးစားပါ။ ၂။ လစဉ်သုံးပစ္စည်းများကို မလဲလှယ်ဘဲအချိန်ကြာမြင့်စွာအသုံးပြုခြင်းမှရှောင်ကြဉ်ပါ။ ထိုကဲသို့သော အပြုအမူမျိုးပြုလုပ်ခြင်း သည် လစဉ်သုံးပစ္စည်းတွင် ပိုးမွှားများပေါက်ဖွားစေပြီး အနံအသက်ဆိုးများဖြစ်ပေါ်လာနိုင်သဖြင့် ရှောင်ကြဉ်သင့်ပါသည်။ ၃။ အပူအစပ်နှင့် ဆီကြော်မုန့်များလျော့စားပါ။ အပူအစပ်နှင့် ဆီကြော်မုန့်များအလွန်အကျွံ စားသောက်ခြင်းသည် အစာမကြေခြင်း ရင်ပြည့်ရင်ကယ် စေပြီး ကိုယ်လက်မအီမသာဖြစ်ခြင်းကို ပိုမို ဆိုးရွားစေပါသည်။


by | 02 Jun 2022

လူတိုင်း မဖြစ်မနေ ၆ လမှာ ၁ ကြိမ်လိုအပ်တဲ့ သန်ချဆေး သောက်သင့်တဲ့ အကြောင်းအရင်းကို သိကြလား? အိမ်သာတက်နေရင်း သန်ကောင်ကျလာတာမျိုး ညဘက်အိပ်ခါနီး စအိုဝယားယံတာမျိုး ဖြစ်ဖူးကြလား? မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးဆဲနိုင်ငံဖြစ်ပြီး အပူပိုင်းဒေသဖြစ်တာမို့ သန်ကောင်‌တွေပေါပါတယ်။ လမ်းဘေးစာ‌များ၊ယင်နားစာ၊ မသန့်တဲ့ အစားအစာတွေကလည်း သန်ကောင်ပေါဖို့ ပို အထောက်အကူဖြစ်စေတာပါ။ ကျောင်းနေကလေးအရွယ်တွေမှာအဖြစ်များပြီး လူကြီးတွေမှာလည်း ဖြစ်နိုင်တာမို့ သန်ချဆေးကို ပုံမှန်သောက်ပေးဖို့ လိုအပ်ပါတယ်။ သန်ကောင်အမျိုးပေါင်း အများကြီးရှိတဲ့အတွက် ဖြစ်တတ်တဲ့ ရောဂါ လက္ခဏာတွေလည်းမတူပါဘူး။ အများစုဖြစ်လေ့ရှိကြတာကတော့ ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့အန်ခြင်း၊ ကိုယ်အလေးချိန်ကျခြင်း၊ ဝမ်းထဲသန်ကောင်ကျခြင်း၊ သန်ကောင်အန်ခြင်း၊ သွေးအားနည်းခြင်း၊ စအိုဝယားယံခြင်း စတာတွေဖြစ်နိုင်ပါတယ်။ ဖြစ်တဲ့ လက္ခဏာတွေက ကြောက်စရာကောင်းသလောက် ကုသဖို့လည်း အရမ်းလွယ်ကူပါတယ်။ သန်ချဆေး တစ်လုံးသောက်လိုက်ရင် ရပါပြီ။ တချို့က သန်ချဆေးသောက်လို့ သန်အကောင်လိုက်ကျလာမှာ ကြောက်တာတွေရှိတယ်ပေါ့နော်။ နောက်ပိုင်း စျေးကွက်ထဲက သန်ချဆေးတော်တော်များများက သန်အကုန်‌ကြေပြီးမှ ကြတာဖြစ်လို့ စိတ်ချလက်ချသောက်လို့ရပါတယ်။ တုတ်ကောင်ကြောင့် သန်ချဆေးသောက်တာဆိုရင်တော့ ကျန်ခဲ့တဲ့ သန်ဥလေးတွေသေအောင် နှစ်ပါတ်အကြာမှာ သန်ချဆေးနောက်တစ်ကြိမ်သောက်ရပါမယ်။ စားချင်တာတွေအပီစားပြီး သန်ကောင် တုတ်ကောင်ရန်ကကင်းဝေးဖို့ဆိုရင် ၆လတစ်ကြိမ် သန်ချပေးတာ အကောင်းဆုံးပါ။ ကဲ ဒီစာလေးဖတ်ပြီး အခုပဲ သန်ချဆေး သောက်လိုက်တော့နော်..


by | 01 Jun 2022

ခေါင်းကိုက်တာကို တစ်ခြမ်းပဲ ကိုက်ဖူးလား ? 🤕 ခေါင်းတစ်ခြမ်းကိုက်ခြင်း ဆိုတာဘာလဲ? ခေါင်းတခြမ်းကိုက်ခြင်း ဆိုတာကတော့ ပြင်းထန်ပြီး ခေါင်းထိုးကိုက်တဲ့ရောဂါတစ်မျိုးဖြစ်ပြီး များသောအားဖြင့် ခေါင်းတခြမ်းကိုက်တတ်ကြပါတယ်။ တစ်ခါဖြစ်ပြီဆိုရင် နာရီပိုင်းလောက်ကနေစပြီး ရက်နဲ့ချီကြာနိုင်သလို အရင်းပြင်းထန်လာတဲ့အခါမှာ နေ့စဉ်လှုပ်ရှားသွားလာနေမှုတွေကိုပါ ထိခိုက်နိုင်ပါတယ်။ ဘာတွေက ခေါင်းတခြမ်းကိုက်ခြင်းကို ဖြစ်စေလဲ? - အမျိုးသမီးများမှာ ဟော်မုန်းအပြောင်းအလဲများ - အရက်၊ ၀ိုင်၊ ကော်ဖီစတာတွေ အသောက်များခြင်း - စိတ်ဖိစီးမှု - ကျယ်လောင်တဲ့အသံများ၊ အရမ်းစူးတဲ့အလင်းရောင်များ၊ စူးရှတဲ့အနံ့များ - အိပ်ချိန်မမှန်ခြင်း၊ အိပ်ရေးမ၀ခြင်း - ကိုယ်ကာယလှုပ်ရှားမှုများ - ရာသီဥတုအပြောင်းအလဲများ - သွေးကြောကျယ်စေတဲ့ဆေးများ၊ ကိုယ်ဝန်တားဆေးများ - အစာများထဲပါဝင်တဲ့ အချိုမှုန့်များ၊ ဟင်းခပ်မှုန့်များ ကြောင့် ခေါင်းကိုက်တတ်ပါတယ်။ ခေါင်းတခြမ်းကိုက်ပြီဆိုရင် ဘယ်လိုတွေခံစားရတတ်လဲ? ခေါင်းတခြမ်းကိုက်ခြင်းကတော့ ကလေး၊ လူကြီးအရွယ်မရွေးဖြစ်တတ်ပြီး Prodrome, Aura, Attack, Postdrome ဆိုပြီး အဆင့် ၄ဆင့်ဖြစ်တတ်ပါတယ်။ ▫️ Prodrome Prodrome ဆိုတာက ခေါင်းတခြမ်းကိုက်ခြင်း မခံစားရခင် ၁ရက် ၂ရက်လောက်အလိုမှာပြတတ်တဲ့ရှေ့ပြေးလက္ခဏာတွေဖြစ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :- - ဝမ်းချုပ်ခြင်း - စိတ်ခံစားမှုများပြောင်းလဲခြင်း (စိတ်ဓါတ်ကျနေရာမှ ရုတ်တရက်ပျော်ရွှင်လာခြင်း) - အစာတစ်မျိုးမျိုးကို အရမ်းစားချင်လာခြင်း - လည်ပင်း၊ ဇာတ်တောင့်တင်းလာခြင်း - ဆီးသွားများလာခြင်း - ခဏခဏသန်းဝေပြီးအိပ်ချင်လာခြင်း ▫ Aura Aura ဆိုတာကတော့ ပြန်ပြောင်းနိုင်တဲ့အာရုံကြောဆိုင်ရာလက္ခဏာတချို့ဖြစ်ပါတယ်။ တချို့လူတွေမှာ ခေါင်းတခြမ်းမကိုက်ခင်မှာဖြစ်တတ်ပြီး တချို့ကတော့ ခေါင်းကိုက်နေတုန်းမှာလဲ ဖြစ်တတ်ပါတယ်။ Aura လက္ခဏာများဟာ တဖြည်းဖြည်းချင်းမိနစ်အနည်းငယ်မှ ၁နာရီလောက်အထိကြာတတ်ပါတယ်။ ဖြစ်တတ်တဲ့လက္ခဏာတွေကတော့ :- - ပုံသဏ္ဏာန်မျိုးစုံမြင်နေရခြင်း၊ အစက်အပျောက်များ၊ အလင်းရောင်များမြင်ရခြင်း - အမြင်အာရုံခဏပျောက်ကွယ်သွားခြင်း - လက်မောင်းနှင့် ခြေထောက်များမှာ အပ်နှင့်ထိုးသလိုတဆစ်ဆစ်ခံစားရခြင်း - မျက်နှာနှင့် ကိုယ်ခန္ဓာတစ်ခြငမ်း ထုံကျဉ်ခြင်း၊ အားလျော့လာခြင်း - စကားပြောရခက်ခဲလာခြင်း ▫️ Attack Attack ကတော့ ခေါင်းကိုက်ဝေဒနာ တကယ်ခံစားနေရတဲ့အချိန်ဖြစ်ပြီး မကုသဘဲထားရင် ၄နာရီမှ ၇၂နာရီလောက်အထိ ကြာမြင့်နိုင်ပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းက ဘယ်လောက်ကြာရင်တစ်ခါဖြစ်တတ်လဲဆိုတာကတော့ တစ်ယောက်နဲ့တစ်ယောက်မတူပါဘူး။ ဝေဒနာ ခံစားနေရတုန်းမှာ - ခေါင်းတစ်ခြမ်းကိုက်တာ၊ တခါတလေခေါင်းတစ်ခုလုံးကိုက်တာ - အလင်း၊ အသံများကိုမခံနိုင်တာ၊ တခါတရံ အထိအတွေ့၊ အနံ့တွေကိုပါမခံနိုင်တာ - မူးမော်ပြီး အန်တာတွေ ဖြစ်တတ်ပါတယ်။ ▫️ Postdrome ဒါကတော့ ခေါင်းကိုက်ပြီးသွားတဲ့အခြေအနေပါ။ ဒီကာလမှာ တစ်ကိုယ်လုံးအားမရှိတာ၊ အာရုံထွေပြားနေတာမျိုး တစ်ရက်လောက်အထိခံစားရတတ်ပါတယ်။ ခေါင်းတခြမ်းကိုက်ခြင်းဟာ ပုံမှန်အားဖြင့်တော့ ဆေးရုံဆေးခန်းအမြဲသွားကုသနေရတဲ့ရောဂါမျိုးတော့မဟုတ်ပါဘူး။ ဒါပေမယ့် ခေါင်းအရမ်းကိုက်ပြီး မိုးချုန်းသလိုပြင်းပြင်းထန်ထန်ခေါင်းကိုက်တာမျိုး၊ ကိုယ်အပူချိန်တက်တာ၊ လည်ပင်းတောင့်တင်းတာ၊ ခေါင်းကိုက်ရင်းတက်သွားတာ၊ မြင်ကွင်း၂ထပ်ဖြစ်လာတာ၊ ခန္ဓာကိုယ်အနှံ့ထုံကျဉ်လာတာမျိုးတွေခံစားလာရရင်တော့ နီးစပ်ရာဆေးရုံဆေးခန်းများမှာ အမြန်ဆုံးပြသပြီး ကုသမှုခံယူဖို့ အကြံပြုလိုပါတယ်


by | 01 Jun 2022

အရက်ကို စွမ်းအားဖြည့် အချိုရည်တွေ နဲ့ ရောသောက်ရတာကို အဝင်ကောင်းတယ်ဆိုပြီး သဘောတကျနဲ့ သောက်မိနေပြီလား။ ဒီလို သောက်တာက မကောင်းပါဘူး။ အရက်ကို တစ်ခုခုနဲ့ရောသောက်ဖို့ လိုတာမှန်ပေမယ့် ရောသောက်မိတဲ့ အချိုရည်က စွမ်းအားဖြည့် အချိုရည် မဖြစ်ဖို့ လိုပါမယ်။ • အရက်ကို စွမ်းအားဖြည့် အချိုရည်နဲ့ ရောသောက်တာက အရသာကောင်းပြီး အဝင် ကောင်းပေမယ့် ကဖင်း အလွန်အကျွံ ပါဝင်နေတာက အယ်လ်ကိုဟော အဆိပ်သင့်မှုကို ပြင်းပြင်းထန်ထန် ခံစားရစေနိုင်ပါတယ်။ • အယ်လ်ကိုဟောက ဗဟိုအာရုံကြောစနစ်ကို ထိခိုက်စေနိုင်ပြီး ဦးနှောက်ရဲ့ လုပ်ဆောင်မှုကို နှေးကွေးစေနိုင်သလို လှုပ်ရှားနိုင်မှု စွမ်းရည်ကို ထိခိုက်စေနိုင်ပါတယ်။ • တက်ကြွလွန်တာမျိုး ဖြစ်စေပြီး နည်းနည်းလေးပဲ သောက်မိရင်တောင် အရမ်း တက်ကြွနေစေပါတယ်။ ဒါက ကောင်းတယ်လို့ ထင်စရာ ရှိပေမယ့် ရေရှည်မှာ ခန္ဓာကိုယ်မှာ အားအင် ကုန်ခမ်းစေနိုင်ပါတယ်။ • ကဖင်း အလွန်အကျွံ သောက်သုံးမိတာကြောင့် စိတ်ရောကိုယ်ပါ ထိခိုက်စေနိုင်ပြီး နှလုံးကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ • စွမ်းအားဖြည့် အချိုရည်တွေမှာ ကယ်လ်လိုရီတွေ အလွန်အကျွံ ပါဝင်နေတာကြောင့် ခန္ဓာကိုယ်မှာ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အဆီတွေ တက်စေပြီး အဝလွန်တာမျိုး ဖြစ်စေနိုင်ပါတယ်။ • ကဖင်းကြောင့် စိတ်ပိုင်းဆိုင်ရာ တက်ကြွလွန်းပြီး ဆုံးဖြတ်ချက် အမှားတွေ ချမိနိုင်ပါတယ်။ • ကဖင်း နဲ့ အယ်လ်ကိုဟောရဲ့ သက်ရောက်မှုတွေကြောင့် အိပ်စက်မှုကို အနှောင့်အယှက် ဖြစ်စေပြီး အိပ်မပျော်တာမျိုး ဖြစ်စေနိုင်ပါတယ်။ အရက် နဲ့ စွမ်းအားဖြည့် အချိုရည်တွေရောသောက်တာက အရသာ ကောင်းပေမယ့် စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ပြင်းပြင်းထန်ထန် ထိခိုက်စေနိုင်တာကြောင့် မသောက်တာက အကောင်းဆုံးပါ။


by | 01 Jun 2022

ဒီ အလေ့အထတွေက စိတ်ကျန်းမာရေးကို ထိခိုက်စေတယ်ဆိုတာ သိပြီးပြီလား? အလေ့အကျင့်ဆိုးတွေက ဘဝပျော်ရွှင်မှုတွေကို ပျောက်ဆုံးစေနိုင်ပါတယ်။ အလေ့အကျင့်ဆိုးတွေက ဖျားနာစေမယ်လို့ပဲ ထင်ထားကြပေမယ့် တကယ်တော့ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အချို့သော အလေ့အထတွေက စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေပြီး စိုးရိမ်စိတ်များတာ၊ စိတ်ဖိစီးတာတွေ ခံစားရစေနိုင်ပါတယ်။ ဘယ်လို အလေ့အကျင့်တွေများလဲ ……ကိုယ်တိုင်ရော လုပ်မိနေလားဆိုတာ ဆက်ကြည့်လိုက်ကြရအောင်။ ကိုယ်နေဟန်ထား မမှန်တာ ကိုယ်နေဟန်ထား မမှန်တာက ကျောရိုးနဲ့ ကြွက်သား နာကျင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပဲ ထိခိုက်စေနိုင်တယ်လို့ တော်တော်များများက ယူဆနေကြပါတယ်။ တကယ်ကတော့ မဟုတ်ပါဘူး။ ကိုယ်နေဟန်ထား မမှန်တာက စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ လေ့လာမှုတွေအရ ထိုင်တဲ့အခါ မတ်မတ်လေး ထိုင်တာက စိတ်ဓာတ်ကျမှု ကင်းဝေးစေတယ်လို့ ဆိုပါတယ်။ ပုံစံမှန်မှန် ထိုင်တာက အကောင်းမြင်စိတ် တိုးစေပြီး စိတ်ဓာတ်ကျမှု ကင်းစေနိုင်ပါတယ်။ ကိုယ်လက်လှုပ်ရှားမှု မရှိတာ စိတ်ရောကိုယ်ပါ ကျန်းမာစေဖို့ အတွက် ကိုယ်လက်လှုပ်ရှားမှု ပုံမှန်လေး လုပ်ပေးဖို့ လိုပါမယ်။ တစ်နေ့တာမှာ ကိုယ်လက်လှုပ်ရှားမှုကို များများ မလုပ်ဖြစ်ရင်တောင် လမ်းလျှောက်တာ၊ ခပ်ရွရွလေး ပြေးတာမျိုးကလည်း စိတ်ကျန်းမာရေးကို ကောင်းစေနိုင်ပါတယ်။ လေ့ကျင့်ခန်း လုပ်တဲ့အခါ ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်ရှိစေပြီး စိတ်ခံစားမှု ကောင်းစေပါတယ်။ ဒါကြောင့် တစ်နေ့ကို ၁၅ မိနစ်လောက်တော့ လေ့ကျင့်ခန်း ပုံမှန် လုပ်ပေးပါ။ Social Media အလွန်အကျွံ သုံးတာ ဖုန်းတွေ ပေါပေါများများ ပေါ်လာပြီးတဲ့နောက်မှာ လူတော်တော်များများက သူတို့ရဲ့ အချိန်တွေကို Social Media သုံးရင်း ကုန်ဆုံး ကြပါတယ်။ ဒီလို ဖေ့ဘုတ်ခ် အသုံးများတာ၊ social media အသုံးများတာက စိုးရိမ်စိတ် များစေသလို ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု ကျစေပြီး မနာလိုစိတ် များစေပါတယ်။ ဒါ့အပြင် အထီးကျန်တယ်လို့ ခံစားရစေနိုင်ပါတယ်။ ဒီလိုကနေတဆင့် စိတ်ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ဒါကြောင့် စိတ်ကျန်းမာစေဖို့ဆိုရင် Social Mediaအလွန်အကျွံ မသုံးပါနဲ့။ ဖုန်း အသုံးများတာ Social Media အသုံးများတာတင် မဟုတ်ပါဘူး။ Smartphone အသုံးများတာကလည်း social media အသုံးများတာလိုပဲ စိတ်ဖိစီးမှု များတာ၊ စိတ်ဓာတ်ကျတာကို ခံစားရစေပြီး အထီးကျန်စေနိုင်ပါတယ်။ ဖုန်းတွေကို တစ်ချိန်လုံး သုံးစွဲနေတာက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကိုပါ ထိခိုက်စေနိုင်ပါတယ်။ JUNK FOOD အစားများတာ ကွတ်ကီးတို့၊ အာလူးကြော်တို့လိုမျိုး Junk Food တွေက စားရတာ အရသာရှိပေမယ့် သကြားပါဝင်မှု များသလို အဆီနဲ့ အငန်လည်း ကဲပါတယ်။ အကြိမ်ကြိမ် ပြုပြင်ထားတာကြောင့် ကျန်းမာရေးနဲ့ မညီညွတ်ပါဘူး။ Junk Food အစားများတာက နှလုံးထိခိုက်တာ၊ သွေးတွင်းအဆီများတာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ထိခိုက်စေနိုင်သလို စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေး ထိခိုက်မှု အနေနဲ့ စိတ်ဓာတ်ကျတာ၊ စိုးရိမ်စိတ် များတာတွေ ခံစားရစေနိုင်ပါတယ်။


by | 28 May 2022

အစာအိမ်နာတတ်တဲ့ လူနာ​တွေ ​ရှောင်သင့်​သော အစားအစာများ 🥝အချဥ်ဓါတ်ပါ​သော အသီးအနှံနှင့် ​ဖျော်ရည်များ ခရမ်းချဥ်သီး၊ လိ​မ္မော်သီး၊ လီမွန်၊ စပျစ်သီး၊ ကီဝီသီး၊ သံပုရာသီး စတဲ့ အသီး​တွေမှာ ပါဝင်တဲ့အချဥ်ဓါတ်​တွေက အ​ကောင်းပကတိရှိ​နေတဲ့အစာအိမ်ကို ​​ကောင်းကျိုး​​သက်​ရောက်​စေတယ်လို့ သတ်မှတ်ကြ​ပေမယ့် အစာအိမ်​ရောင်/ အနာ ဖြစ်​နေမယ်ဆိုရင်​တော့ ပိုပြီးဆိုး​စေမှာဖြစ်ပါတယ်။ 🥛 နို့နှင့်နို့ထွက်ပစ္စည်းများ ​ရှေး​ခေတ်ဆရာဝန်​တွေက အအစာအိမ်ရောင်တဲ့လူနာ​တွေကို နွားနို့​သောက်ဖို့ အကြံ​ပေးခဲ့ဖူးပါတယ်။ ဒါ​ပေမယ့် အသစ်အသစ်​သော ရှာ​ဖွေ​တွေ့ရှိချက်တွေအရ နွားနို့ထဲပါဝင်တဲ့ ​အမိုင်နိုအက်ဆစ် (amino acids) နဲ့ ကယ်လဆီယမ် (calcium) တို့က အစာအိမ်ထဲမှာရှိ​နေတဲ့acid ​တွေကို ပိုမိုများလာ​စေပြီးအစာအိမ်အနာဖြစ်​​စေတယ်ဆိုပြီး ရှေးယခင်ကအကြံ​ပေးချက်​တွေကို ဆန့်ကျင်ထားကြပါတယ်။ ဒါ​ပေမယ့်လဲ အချဥ်​ဖောက်ထားတဲ့ probiotic ပါဝင်တဲ့ ဒိန်ချဥ်က​တော့ အစာအိမ်နဲ့ အူလမ်း​ကြောင်းကို သန့်ရှင်း​စေပါတယ်။ 🌶စပ်​သောအစားအစာများ အစပ်အရသာရှိတဲ့အစားအစာ​တွေက အစာအိမ်နံရံ​တွေကို ဆိုးကျိုးတိုက်ရိုက် သက်​ရောက်​စေတာမျိုးမဟုတ်ပဲ အအစာအိမ်ရောင်တာကိုပိုဆိုး​စေတဲ့ အက်ဆစ်​တွေ ပိုမိုထုတ်​လွှတ်​​စေတာ​ကြောင့် အစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်သင့်တဲ့ အစားအစာထဲပါဝင်​နေတာဖြစ်ပါတယ်။ 🍝 ပြုပြင်ထားတဲ့အစားအစာများ စား​ကောင်း​အောင်၊ တာရှည်ခံ​အောင်ပြုပြင်/ ပြုလုပ်ထားတဲ့ဓါတုပစ္စည်း​တွေပါဝင်​သောအစားအစာ ဥပမာ- ပါစတာ (pasta)၊ ​ပေါင်မုန့်ဖြူ၊ ​ဝေဖာ စတဲ့ အစားအစာ​တွေက အအစာအိမ်ရောင်တာဖြစ်​စေရုံသာမက ပိုဆိုး​စေပါတယ်။ ☕ ​ကော်ဖီ ​ကော်ဖီထဲမှာပါဝင်တဲ့ ကဖိန်းဓါတ်ဟာအစာအိမ်နဲ့ အူလမ်း​ကြောင်းကို ပိုမိုဆိုးရွား​စေတဲ့အတွက်​ကြောင့် အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်ရှားသင့်ပါတယ်။ 🍻 အရက် အစာအိမ် ရောင် တတ်တဲ့သူ​တွေအ​နေနဲ့ အရက်​သောက်သုံးမိမယ်ဆိုရင် ​အစာအိမ်​ယောင်တာပိုဆိုး​​စေပါတယ်။ ဒါ့အပြင် အရက်ကို သတ်မှတ်ထားတဲ့ပမာဏထက်​ကျော်ပြီး အမြဲ​သောက်သုံးမိမယ်ဆိုရင်​အစာ​အိမ်​ယောင်ခြင်းကိုဖြစ်​စေနိုင်ပါတယ်။ 🧃 အားဖြည့်အချိုရည်များ ​ကျန်းမာချင်လို့/ ​နေ​ကောင်းချင်လို့ အားဖြည့်အချိုရည်​သောက်မယ်ဆိုတဲ့အ​တွေး​တွေရှိ​နေရင်စွန့်ပစ်​စေချင်ပါတယ်။ အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့ ကဖိန်းဓါတ်များစွာပါဝင်တဲ့ အားဖြည့်အချိုရည်​​​တတွေသောက်မယ်ဆိုရင်အစာအိမ်ရောင်တာ ပိုဆိုး​စေတဲ့အပြင် အစာချဥ်ရည်​တွေ အထက်သို့ပြန်တက်​စေနိုင်တဲ့ အဓိကအ​ကြောင်းရင်းဖြစ်ပါတယ်။ 🥑​ထောပတ် ​​​ထောပတ်တွင် အမျိုးမျိုးသောအဆီ​တွေပါဝင်​နေတဲ့အတွက်​ကြောင့် အစာအိမ်အတွင်းရှိအက်ဆစ်​တွေထုတ်လွှတ်မှုပိုများ​စေပြီး အစာအိမ်​ရောင်ရမ်း​စေပါတယ်။ ​ထောပတ်အပြင် အဆီပါဝင်မှုများတဲ့ အစားအစာ​တွေကို အအစာအိမ်ရောင်တတ်တဲ့သူ​တွေအ​နေနဲ့​ရှောင်ရှားသင့်ပါတယ်။


by | 28 May 2022

ဖုန်းသုံးတာလည်း မလျှော့ချင်ဘူး မျက်မှန်လည်း မတပ်ချင်ဘူးဆိုရင်တော့ ဒီအစားအသောက်တွေကို စားပေးဖို့ လိုပါလိမ့်မယ်။ လူတော်တော်များများက ဖုန်းထဲက စာသေးသေးလေးတွေကို အားစိုက်ဖတ်ရင်း မျက်တောင်ခတ်ဖို့ မေ့သွားတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ မျက်လုံးယားယံတာ၊ မျက်လုံးခြောက်တာ၊ အဝေးမှုန်တာတွေကို ခံစားလာရတတ်ပါတယ်။ အောက်ပါအစားအစာတွေကတော့ မျက်လုံးအတွက် အကောင်းဆုံးလို့ ယူဆထားတဲ့အစားအစာတွေပဲ ဖြစ်ပါတယ်။ အများစုဟာ ရာသီမရွေး တနှစ်တာကာလပတ်လုံး သက်သာတဲ့ဈေးနှုန်းနဲ့ ဝယ်ယူနိုင်တဲ့ အစားအစာမျိုးတွေ ဖြစ်ပါတယ်။ ၁။ ငါးအမျိုးမျိုး ငါးအမျိုးမျိုးစားသုံးခြင်းဟာ မျက်စိကျန်းမာရေးကို ကောင်းစေပါတယ်။ အထူးသဖြင့် ဆယ်လ်မွန်ငါး ဖြစ်ပါတယ်။ မျက်စိခြောက်သွေ့ခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ၂။ ဥအမျိုးမျိုး ဥအမျိုးမျိုးမှာ ဗီတာမင်အေ၊ လူတိန်း၊ zeaxanthin၊ ဇင့် စတာတွေ ကြွယ်ဝလို့ မျက်စိကျန်းမာရေးအတွက် အထောက်အကူပြုပါတယ်။ ဗီတာမင်အေဟာ မျက်ကြည်လွှာအတွက် အထူးအရေးပါပါတယ်။ ၃။ မက်မွန် မက်မွန်သီးအပါအဝင် အခြား အစေ့အဆန်များဟာ မျက်စိကျန်းမာရေးကို အထောက်အကူပြုပါတယ်။ မက်မွန်သီးမှာ ဗီတာမင်အီးပါဝင်ပါတယ်။ ဗီတာမင်အီးကို ပုံမှန်စားသုံးရင် အသက်အရွယ်ကြောင့်ဖြစ်တတ်တဲ့ မျက်စိမှုန်ခြင်း၊ တိမ်စွဲခြင်းကို လျော့ကျစေပါတယ်။ တရက်ကို ဗီတာမင်အီး ၁၅ မီလီဂရမ် စားသုံးသင့်ကြောင်း ဆိုထားပါတယ်။ ဗီတာမင်အီးပါဝင်တဲ့ တခြား အစေ့အဆန်တွေကတော့ နေကြာစေ့၊ သစ်ကြားစေ့၊ မြေပဲ စတာတွေ ဖြစ်ပါတယ်။ ၄။ နို့ထွက်ပစ္စည်းများ နို့နဲ့ဒိန်ချဉ်ဟာ မျက်စိကျန်းမာရေးအတွက် ကောင်းမွန်စေပါတယ်။ နို့ထွက်ပစ္စည်းတွေမှာ ဗီတာမင်အေနဲ့ ဇင့်ဓါတ် ပါဝင်ပါတယ်။ ဗီတာမင်အေဟာ သူငယ်အိမ်ကို ပျက်စီးခြင်းလျော့ပါးအောင် အကာအကွယ်ပေးနိုင်ပြီး ဇင့်ကတော့ အသည်းက ဗီတာမင်အေကို မျက်စိဆီရောက်အောင် ကူညီပေးပါတယ်။ ဒါ့အပြင် ဇင့်ဟာ ညအမြင်အာရုံကို အားကောင်းစေပြီး အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ ၅။ မုန်လာဥနီ မုန်လာဥနီဟာ မျက်စိအတွက် ကောင်းတယ်ဆိုတာ အတော်များများ သိကြပါတယ်။ မုန်လာဥနီမှာလည်း ဗီတာမင်အေနဲ့ ဗီတာကရိုတင်းကြွယ်ဝပါတယ်။ ဗီတာမင်အေနဲ့ ဘီတာကရိုတင်းဟာ မျက်စိရဲ့မျက်နှာပြင်ကို အကာအကွယ်ပေးပါတယ်။ မျက်စိပိုးဝင်ခြင်းနဲ့ တခြားဆိုးရွားတဲ့ အခြေအနေတွေမကြုံရအောင် အထောက်အကူပြုပါတယ်။ မုန်လာဥနီဟာ တကူးတက ပြင်ဆင်ချက်ပြုစရာမလိုဘဲ နေ့စဉ် အတို့အမြှုပ်အနေနဲ့ စားသုံးနိုင်တာ အားသာချက်တခုပါပဲ။ ဒါ့အပြင် ဟင်းချိုထဲ ထည့်ချက်နိုင်ပါသေးတယ်။ ၆။ ကိုက်လန် ကိုက်လန်မှာ အရေးကြီးတဲ့ ဗီတာမင်၊ အာဟာရဓါတ်၊ သတ္တုဓါတ်များစွာ ပါဝင်ပါတယ်။ မျက်စိကျန်းမာရေးအတွက်လည်း အတော်လေး ကောင်းမွန်ပါတယ်။ကိုက်လန်ဟာလည်း အထူးပြင်ဆင်စရာမလိုဘဲ နေ့စဉ် စားသုံးဖွယ်ရာတွေထဲမှာ ထည့်သွင်းစားသုံးနိုင်တဲ့ စားစရာပဲ ဖြစ်ပါတယ်။ ၇။ လိမ္မော်သီး လိမ္မော်သီးမှာ မျက်စိကျန်းမာရေးအတွက် အဓိကကျတဲ့ ဗီတာမင်စီပါဝင်ပါတယ်။ မျက်စိအတွင်းက သွေးကြောတွေကောင်းမွန်အောင် အထောက်အကူပြုပြီး တိမ်စွဲခြင်းပြဿနာကို လျော့နည်းစေပါတယ်။ #DoctorMM