by | 28 May 2022

လူကြီးလူငယ်မရွေး ဖြစ်တတ်တဲ့ လိပ်ခေါင်းရောဂါ လိပ်ခေါင်းရောဂါဆိုတာ .... စအိုလမ်းကြောင်းမှာရှိတဲ့ သွေးပြန်ကြောတွေ ဖိအားခံစားရပြီး ရောင်ရမ်းလာတာကနေ လိပ်ခေါင်းဆိုတာဖြစ်လာတာပါ။ ⏩ ဘာကြောင့် လိပ်ခေါင်းရောဂါ ဖြစ်​ရတာလဲ ? အများစုရဲ့ ဖြစ်ရတဲ့ အကြောင်းရင်းကတော့ ဝမ်းချုပ်လို့ ဝမ်းသွားတဲ့အချိန် အားထည့်ပြီး ညှစ်ရတာကြောင့်ပါပဲ တခြားဖြစ်စေနိုင်တဲ့အကြောင်းတွေက .. -အဝလွန်တာ -အသက်ကြီးလို့ ကြွက်သားတွေအားလျော့နည်းတာ -ကိုယ်ဝန်ဆောင်ခြင်း -မိသားစုမျိုးရိုးမှာ လိပ်ခေါင်းရောဂါ ဖြစ်ဖူးတာ -အလေးအပင် မကြာခဏ မ ခြင်း -နာတာရှည်ချောင်းဆိုးခြင်း -အချိန်ကြာမြင့်စွာ ထိုင်ခြင်း တို့ပဲ ဖြစ်ပါတယ် ⏩ ဘယ်လို လက္ခဏာတွေ ခံစားရမလဲ ? -ဝမ်းသွားတာမှာ သွေးပါလာတာ၊ သွေးစက်ကျတာ -စအိုဝကနေ အလုံးထွက်လာတာ -စအိုဝမှာ ယားတာ၊နာတာ ခံစားရတာတွေ ဖြစ်နိုင်ပါတယ် ⏩ လိပ်ခေါင်းရောဂါရဲ့ အဆင့်သတ်မှတ်ချက် အဆင့်၁ - စအိုလမ်းကြောင်းထဲမှာပဲ ရှိတယ် အဆင့်၂ - ဝမ်းသွားရင် စအိုဝကနေထွက်လာတယ် ပြီးရင် သူ့ဘာသူပြန်ဝင်သွားတယ် အဆင့်၃ - အဆင့်၂ လိုပဲ ဝမ်းသွားရင် စအိုဝကနေ ထွက်လာတယ် ၊ သူ့ဘာသူပြန်မဝင်ဘဲ လက်နဲ့ ပြန်သွင်းမှ ဝင်တော့တယ် အဆင့်၄ - စအိုဝအပြင်မှာပဲရှိတော့တယ် လက်နဲ့ပြန်သွင်းလို့လည်း မဝင်တော့ဘူး ⏩ လိပ်ခေါင်းရောဂါမဖြစ်အောင် ဘာတွေရှောင်ရမလဲ ? ⁃ အသီးအရွက်များများစားပါ ⁃ ရေများများသောက်ပါ ⁃ ကော်ဖီ၊ လက်ဖက်ရည်၊ အရက်သောက်တာရှောင်ပါ ⁃ ဝမ်းချုပ်မခံပါနဲ့ ⁃ ဝမ်းသွားချင်တာ အောင့်ထားတာမျိုး ဝမ်းညှစ်ရတာမျိုးတွေ ရှောင်သင့်ပါတယ် ⁃ အိမ်သာထဲမှာ အကြာကြီးထိုင်တာမျိုးမလုပ်ပါနဲ့ ⁃ ကိုယ်အလေးချိန် အဝမလွန်အောင် ထိန်းသိမ်းပါ ⁃ စအိုဝတစ်ဝိုက် ယားတာနာတာ သက်သာအောင် ရေနွေးစိမ်တာလုပ်ပေးလို့ရပါတယ် ⏩ ဘယ်လိုကုသရမလဲ ? လိပ်ခေါင်းရောဂါကုတဲ့အခါ ရောဂါအခြေအနေ၊ အဆင့်ပေါ်မူတည်ပြီး လိမ်းဆေး၊ သောက်ဆေး နဲ့ သက်သာတာရှိသလို ခွဲစိတ်မှုလိုအပ်တာလည်းရှိနိုင်ပါတယ်။ လိပ်ခေါင်းရောဂါလို့ ယူဆရတဲ့ လက္ခဏာတွေ ခံစားရပြီဆိုတာနဲ့ ဆရာဝန်နဲ့ ဆွေးနွေးတိုင်ပင်သင့်ပါတယ် 🩺 #DoctorMM


by | 28 May 2022

😴နေ့လည်ခင်းတ​စ်ရေးအိပ်တတ်လား.. တချို့​သောလူတွေက ညဘက်​အိပ်​ရေးမဝလို့ (သို့) အလုပ်ပင်ပန်း​လို့ ​တ​စ်ရေး အိပ်တတ်တဲ့အကျင့်မျိုးရှိတတ်ပါတယ်။ ဒီလိုတ​စ်ရေးအိပ်လိုက်ခြင်းက ပင်ပန်းတာ​တွေ ​​ပြေ​လျော့​စေပြီး ပိုမိုနိုးကြားလန်းဆန်းစေကာ လုပ်ငန်း​ဆောင်တာများကိုလဲ ပိုမိုစွမ်း​ဆောင်​စေနိုင်ပါတယ်။ ဒါ​ပေမယ့် ည​နေ​စောင်းခါနီးမှ တ​စ်ရေးအိပ်တာမျိုး၊ အချိန်အကြာကြီး အိပ်မိတာမျိုးဆိုရင် ၁. Sleep inertia လို့​ခေါ်တဲ့ တ​ရေးအိပ်ပြီး ပြန်ထလာတဲ့ အချိန်မှာ စိတ်မကြည်လင်တာ၊ နိုးတဝက် အိပ်တဝက်နဲ့ ဖြစ်တတ်ပြီး ပြန်အိပ်​ပျော်သွားတာမျိုး ​တွေဖြစ်တတ်ပါတယ်။ ၂. ညဘက်အိပ်​ရေးပျက်တာမျိုး​တွေ ကြုံ​တွေ့​စေနိုင်ပါတယ်။ ဒါ​ကြောင့် ​နေ့လယ်ခင်းတ​စ်ရေးအိပ်ချင်​နေပြီဆိုရင် ၁။ အများဆုံး မိနစ် ၂၀​လောက်ထိပဲ ​ခေတ္တအိပ်စက်အနားယူသင့်ပါတယ်။ အဲ့ထက်ပိုပြီးအိပ်မိမယ်ဆိုရင်​တော့ အ​ပေါ်မှာ​ပြောခဲ့တဲ့အတိုင်း အိပ်​ရေးမဝဘဲ စိတ်မကြည်လင်တာမျိုး ဖြစ်တတ်ပါတယ်။ ၂။ မွန်းလွဲ ၃နာရီ မတိုင်ခင် အိပ်စက်သင့်ပါတယ်။ ၃နာရီ​နောက်ပိုင်းမှ အိပ်မယ်ဆိုရင်​ ညဘက်အိပ်စက်တာကို အ​နှောင့်အယှက်ပြုနိုင်ပါတယ်။ ၃။ အချိန်ခဏပဲ ​အိပ်စက်အနားယူရမှာ ဖြစ်တဲ့အတွက် တကယ်ကိုတိတ်ဆိတ်ငြိမ်သက်တဲ့​နေရာမျိုးကို ​ရွေးချယ်သင့်ပါတယ်။ #DoctorMM


by | 27 May 2022

👩‍⚕️ကလေး၊ လူကြီးမရွေးဖြစ်တတ်တဲ့ နားကိုက်ဝေဒနာ သက်သာစေဖို့ နည်းလမ်းကောင်းများ👂 နားကိုက်ဝေဒနာဟာ လူကြီး၊ လူငယ်၊ ကလေးမရွှေးဖြစ်တတ်ကြပါတယ်။ ကလေးတွေမှာ ပို အဖြစ်များတယ်လို့ပြောလို့ရတယ်။ နားတဖက်တည်းကိုက်တာလဲ ဖြစ်တတ်သလို၊ နှစ်ဖက်ကိုက်တာလဲ ဖြစ်နိုင်တယ်။ ကိုက်တဲ့အချိန်မှာ စူးအောင့်ပြီး တဆစ်ဆစ်ကိုက်နေတတ်တဲ့အတွက် အလွန်ပဲ အနှောင့်အယှက်ပေးလှပါတယ်။ နားကိုက်ရင် ဘယ်လို လက္ခဏာတွေပါတွဲပြီးခံစားရနိုင်လဲ ? လူကြီးတွေမှာဆိုရင် - နားကိုက်တာအပြင် အကြားအာရုံသိပ်မကောင်းတော့တာ၊ နားထဲက အရည်ထွက်တာတွေရှိတတ်ပါတယ်။ ကလေး‌တွေမှာဆိုရင် - နားကောင်းကောင်းမကြားတာ၊ ဖျားတာ၊ ခေါင်းကိုက်တာ၊ နားထဲ တခုခုရှိနေသလိုခံစားရတာ၊ ညမအိပ်တော့တာ၊ အစာမစားတော့တာ၊ ငိုယိုပြီး ငြိမ်ငြိမ် မနေနိုင်တော့တာတွေ ဖြစ်တတ်ပါတယ်။ 🤔ဘာကြောင့် နားကိုက်တတ်ပါသလဲ ? နားကို ထိခိုက်ဒဏ်ရာရထားခြင်း၊ ပိုးဝင်ပြီးပြည်တည်နေခြင်း၊ ပစ္စည်းတစ်ခုခုဝင်ခြင်းကြောင့်နားနာခြင်း၊ အကောင်ကိုက်ခြင်း၊ နားစည်ကွဲခြင်း၊ တခြားနေရာမှနာခြင်းကြောင့် နားမှာပါ နာကျင်ခြင်း စတာတွေကြောင့်အဖြစ်များတတ်ပါတယ်။ တခြားဖြစ်စေတဲ့ အရာတွေကတော့ - နားဖာချေးပိတ်တာ၊ လေထုဖိအားအပြောင်းအလဲကြောင့် နားအူနားကိုက်တာ(လေယာဉ်စီးခြင်း)၊ နှာခေါင်းအတွင်းလေအိတ်ရောင်ရမ်းခြင်းကြောင့် နားကိုက်ခြင်း(Sinusitis)၊ မေးရိုးရောင်ခြင်း၊ သွားကိုက် သွားပိုးစားခြင်း၊ အကြောရောင်ခြင်း (Chronic Facial Nerve Pain ) 🦠>ဘယ်လို အချိန်မှာ ပိုးဝင်တတ်သလဲ ? နားရဲ့ ဖွဲ့စည်းပုံမှာ အခန်း ၃ခန်းရှိပါတယ်။ အပြင်၊ အလည် ၊အတွင်းဆိုပြီးရှိပါတယ်။ အပြင်နေရာမှာ ပိုးဝင်တာက ရေကူးတာ၊ နားကြားကိရိယာကို အချိန်အကြာကြီးတပ်ဆင်တာ၊နားကလော်ရာကနေထိခိုက်မိတာ၊ နားကျပ်ကို အချိန်အကြာကြီးနားထောင်ခြင်းကြောင့် ထိခိုက်ရာကနေဖြစ်နိုင်ပါတယ်။ အလည်နေရာနဲ့ အတွင်းနေရာကိုတော့ အသက်ရူလမ်းကြောင်းဆိုင်‌ရာ ရောဂါပိုးတွေပြန့်ရာကနေဖြစ်နိုင်တယ်။ နားစည်အ‌နောက်မှာ အရည်စုလာပြီး ဘက်တီးရီးယားပိုးတွေပေါက်ပွားရာကနေဖြစ်တာပါ။ >>အိမ်မှာနေရင်း နားကိုက်သက်သာအောင် ဘယ်လိုနေမလဲ ?🥰 -ရေခဲကို ပိတ်စနဲ့ခံပြီး 10mins လောက်ကပ်ပေးပါ သို့မဟုတ် ရေအေးစွတ်ထားသော ပိတ်စဖြင့် အုပ်ထားပေးတာလဲ သက်သာပါတယ် -နားထဲကို ရေလောင်းချတာ၊ နားအတွင်းထဲထိအလွန်အကျွံဆေးတာ ရှောင်ပါ -အနာသက်သာဆေး၊ အရောင်ကျဆေးသောက်လို့ရပါတယ် -ပီကေဝါးတာလဲ နားကိုက်တာသက်သာစေတတ်ပါတယ် >>>ဒါဆိုဘယ်အချိန်မှာ ဆရာဝန်နဲ့ ပြသင့်ပြီလဲ ?


by | 27 May 2022

ကိုဗစ်ကာကွယ်ဆေးတွေလည်း ထိုးပြီးလို့ ကမ္ဘာကြီးက အသက်ရှူချောင်လာပြီလို့ ယူဆနေချိန်မှာ မျောက်ကျောက်ရောဂါက ကမ္ဘာကို ရိုက်ခတ်နေပြန်ပါပြီ။ မျောက်ကျောက်ရောဂါကလည်း ဗိုင်းရပ်စ်ကြောင့် ဖြစ်တဲ့ ကူးစက်ရောဂါတစ်မျိုးပါ။ လူအချင်းချင်း ကူးစက်နိုင်သလို တိရစ္ဆာန်ဆီကနေလည်း လူဆီကို ကူးစက်နိုင်ပါတယ်။ လက်ရှိမှာတော့ ကုသနိုင်တဲ့ နည်းလမ်း ရေရေရာရာ မရှိသေးပါဘူး။ ထိန်းချုပ်တဲ့အနေနဲ့တော့ ကျောက်ကြီးရောဂါ ကာကွယ်ဆေးကို အသုံးပြုတာမျိုးတော့ တွေ့နိုင်ပါတယ်။ ဒီဆောင်းပါးလေးမှာ မျောက်ကျောက်ရောဂါကို ဘယ်လိုမျိုး ကာကွယ်လို့ ရတယ်ဆိုတာကို ပြောပြပေးချင်ပါတယ်။ ✅• လက်ဆေးပါ တစ်ခုခုကို ကိုင်တွယ်ထိတွေ့ပြီးတိုင်း လက်ကို ရေနဲ့ ဆပ်ပြာ သုံးပြီး သေချာသန့်စင်ဆေးကြောပါ။ ရေအလွယ်တကူ မရနိုင်ဘူးဆိုရင် ရေမလို လက်သန့်ဆေးရည်နဲ့ သေချာဆေးကြောပါ။ ✅• မျက်နှာကို လက်နဲ့ မကိုင်ပါနဲ့ ပါးစပ်၊ နှာခေါင်း၊ မျက်လုံး၊ အသက်ရှူ လမ်းကြောင်းတွေကနေတဆင့်လည်း မျောက်ကျောက်ရောဂါ ဗိုင်းရပ်စ်က ဝင်ရောက် ကူးစက်နိုင်တာကြောင့် မျက်နှာကို လက်နဲ့ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ ဖြစ်နိုင်ရင် ကိုဗစ်ကို ကာကွယ်သလိုပဲ ပါးစပ်နဲ့နှာခေါင်းစည်းကို အပြင်သွားတိုင်း ဝတ်ဆင်ပါ။ ✅ ခပ်ခွာခွာနေပါ မျောက်ကျောက်ကလည်း လူတစ်ဦးဆီကနေ တစ်ဦးဆီကို ကူးစက်နိုင်တာကြောင့် တစ်ဦးနဲ့တစ်ဦး ခပ်ခွာခွာနေတာကလည်း နည်းလမ်းကောင်း တစ်ရပ်ပါ။ အထူးသဖြင့် ရောဂါပိုးရှိတဲ့သူနဲ့ နီးနီးကပ်ကပ် ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့။ အနာက ထွက်တဲ့ အရည်တွေ၊ နှာချေ၊ ချောင်းဆိုးတဲ့အခါ ထွက်လာတဲ့ အမှုန်တွေ၊ အနာဖက်တွေနဲ့ ထိတွေ့တာကလည်း ရောဂါပိုး ကူးစက်ခံရနိုင်တာကြောင့်ပါ။ •✅ ရောဂါပိုးရှိသူရဲ့ အသုံးအဆောင်တွေကို အသုံးပြုတာမျိုး မလုပ်ပါနဲ့။ ရောဂါပိုး ရှိသူ အသုံးပြုထားတဲ့ အဝတ်အစားတွေ၊ အိပ်ရာခင်းတွေကို ကိုင်တွယ်တာ၊ အသုံးပြုတာတွေ မလုပ်ပါနဲ့။ ဒီလို လုပ်တာက မျောက်ကျောက်ဗိုင်းရပ်စ် ကူးစက်ခံရနိုင်တာကြောင့်ပါ။ •✅ပိုးသတ်ပါ နေ့စဉ် ကိုက်တွယ်ထိတွေ့နေတဲ့ အရာတွေကို ပုံမှန်လေး ပိုးသတ် သန့်စင်ပေးပါ။ အများသုံး ဘတ်စ်ကား လက်ကိုင်၊ တံခါးလက်ကိုင်တွေကို ကိုင်တွယ်ပြီးတိုင်းမှာ လက်ကို သေချာလေး သန့်စင်ပိုးသတ်ပါ။ •✅တစ်ကိုယ်ရေ သန့်ရှင်းရေး ဂရုစိုက်ပါ ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကို လျှော့ချဖို့ဆိုရင်တော့ တစ်ကိုယ်ရေသန့်ရှင်းရေးကို သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ အပြင်က ပြန်လာတိုင်း ခြေလက်တွေ ဆေးကြောတာ၊ ရေချိုးတာတွေ လုပ်ပေးလို့ ရသလို အဝတ်လဲတာ၊ ပိုးသတ်တာတွေလည်း လုပ်ပေးဖို့ လိုပါမယ်။ တစ်ကိုယ်ရေသန့်ရှင်းရေး ဂရုစိုက်တာက ရောဂါပိုးတွေ ကူးစက်ခံရနိုင်ခြေကို အထိုက်အလျောက် လျှော့ချပေးနိုင်ပါတယ်။ •✅အိပ်ရေးဝဝအိပ်ပါ ကိုယ်ခံအား ကောင်းတာက ရောဂါတော်တော်များများကို ကာကွယ်နိုင်ပါတယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းနေစေဖို့ အိပ်ရေးဝဝအိပ်ပါ။ တစ်ညကို အိပ်ချိန် ၆ နာရီကနေ ၈နာရီ လောက်ရှိအောင် အိပ်ပေးပါ။ •✅အာဟာရပြည့်ဝမျှတအောင် စားပေးပါ ရောဂါတစ်ရပ်ရပ်အတွက် ကုသနိုင်တဲ့ နည်းလမ်းတွေ မပေါ်ခင်မှာ ရောဂါ မကူးစက်စေဖို့ဆိုရင် ကိုယ်ခံအား ကောင်းနေဖို့က အရေးကြီးပါတယ်။ ကိုယ်ခံအား ကောင်းဖို့ဆိုတာကလည်း အာဟာရပြည့်ဝဖို့ လိုပါမယ်။ ဒါကြောင့် ကိုယ်ခံအား ကောင်းစေဖို့အတွက် အာဟာရပြည့်ဝမျှတအောင် စားပေးဖို့ လိုပါမယ်။ နေ့စဉ် စားသုံးမှုမှာ ကိုယ်ခံအားကို ထောက်ပံ့ပေးမယ့် အာဟာရတွေ ပါဝင်အောင် စားသုံးပါ။ ✅တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ တိရစ္ဆာန်တွေကို အကာအကွယ်မပါဘဲ ကိုင်တွယ်ထိတွေ့တာမျိုး မလုပ်ပါနဲ့ ( အထူးသဖြင့် ဖျားတာနေတာ၊ သေဆုံးနေတဲ့ သတ္တဝါတွေကိုပါ)။ ဒီလို ထိတွေ့တာ ရောဂါပိုး ကူးစက်ခံရနိုင်တာကြောင့်ပါ။ မဖြစ်မနေ ကိုင်တွယ်ထိတွေ့ရမယ်ဆိုရင်တော့ လက်အိတ်ဝတ်တာ၊ အကာအကွယ် ဝတ်စုံ ဝတ်တာမျိုး လုပ်ပေးပါ။ #DoctorMM


by | 26 May 2022

သင်္ကြန်လည်းနီးပြီးဆိုတော့ တရားစခန်းဝင်မယ့်သူတွေနဲ့ ဉပုသ်စောင့်ကြမယ့်သူတွေ ရှိကြလား။ ဥပုသ်မစောင့်တောင် သက်သတ်လွတ်စားကြတဲ့သူလည်း အများကြီးပါပဲ။ ဥပုသ်စောင့်တာက ဘာသာရေးအရ ကုသိုလ်ရတယ်ဆိုတာတော့ ပြောစရာ မရှိပါဘူး။ ပိုပြီးကောင်းတာက သူ့မှာ ကျန်းမာရေးအရ ကောင်းကျိုးတွေ ရှိနေတာပါပဲ။ ဉပုသ်စောင့်တဲ့အခါမှာ အားလုံးသိတဲ့အတိုင်း နေ့လည် ၁၂ နာရီကျော်တာနဲ့ ဘာအစားအစာမှ စားလို့မရတော့ပါဘူး။ တကယ်တော့ ဒါကလည်း နေ့လွှဲညစာရှောင်တာက intermittent fastingတစ်မျိုးပါပဲ။ မနက် အရုဏ်တက် ၅နာရီ ၆နာရီလောက်ကနေ စစားပြီး နေ့လယ်၁၂နာရီကျော်ရင် ဘာမှ မစားတာ ဖြစ်တဲ့အတွက် အဆာခံခြင်း နည်းလမ်း တစ်မျိုးပါပဲ။ ဒီလိုနေတာက တရားအားထုတ်ဖို့ ပိုအချိန်ရသလို ကျန်းမာရေးကောင်းကျိုးတွေလည်း အများကြီး ရှိပါတယ်။ Intermittent fastingဟာ • အဆီတွေကို လောင်ကျွမ်းစေတယ်။ • ကိုယ်အလေးချိန် ကျစေတယ်။ • အမျိုးအစား ၂ ဆီးချို ရောဂါဖြစ်နိုင်ချေကို ချစေတယ်။ • ဆဲလ်တွေ ပျက်စီးတာကို ကာကွယ်ပေးတယ်။ • နှလုံးရောဂါကို ကာကွယ်ပေးတယ်။ • ကင်ဆာကို ကာကွယ်ပေးတယ်။ • ဦးနှောက်စွမ်းဆောင်ရည်ကို တိုးစေတယ်။ • အယ်လ်ဇိုင်းမားရောဂါကို ကာကွယ်ပေးတယ်။ • အသက်ရှည်စေတယ် စတဲ့ ကောင်းကျိုးတွေ ရရှိစေပါတယ်။ ဥပုသ်စောင့်ဖို့ အခက်အခဲ ရှိတဲ့သူတွေက သက်သတ်လွတ်စားကြပါတယ်။ ဒီလို အသားတွေ ရှောင်ပြီး အသီးအရွက်တွေပဲ စားတာက ကျန်းမာရေးအရကြည့်မယ်ဆိုရင် ကောင်းကျိုးတွေ အများကြီး ရှိနေပါတယ်။ • လေ့လာချက်တွေအရတော့ သက်သတ်လွတ်စားတာက ရေတိုပဲ ဆိုရင်တောင် ကိုယ်အလေးချိန်ကျဖို့ အကူအညီပေးနိုင်ပါတယ်တဲ့။ • နောက်ပြီး သွေးထဲမှာ မကောင်းတဲ့အဆီတွေ၊ ကိုလက်စထရောတွေလည်း နည်းသွားပါတယ်တဲ့။ ကင်ဆာဖြစ်နိုင်ချေကို ကြည့်မယ်ဆိုရင်လည်း သက်သတ်လွတ်စားတဲ့သူတွေက မစားတဲ့သူတွေထက် ပိုနည်းနေပါတယ်။ • နှလုံးရောဂါဖြစ်ဖို့လည်း အခွင့်အလမ်း နည်းသွားပါတယ်။ • ဆီးချိုဖြစ်နိုင်ချေလည်း နည်းသွားပါတယ်။ တရားထိုင်တာ၊ ပုတီးစိပ်တာက တရားရဖို့ဆိုပေမယ့် တရားမရခင် စပ်ကြားမှာကိုတင် ကျန်းမာရေး ကောင်းကျိုးတွေ အများကြီး ရနှင့်ပြီးပါပြီ။ တရားထိုင်တာက တစ်ခုခုကို စူးစိုက်ပြီး အာရုံပြုထားတဲ့အတွက် • စိတ်ဖိစီးမှုကို လျော့ကျစေတယ်။ • စိတ်ဖိစီးမှုဒဏ်တွေကို ခံနိုင်ရည်ရှိလာတယ်။ • စိတ်နဲ့ ကိုယ်နဲ့ ကပ်ပြီး အလုပ်လုပ်တတ်လာတယ်။ • အာရုံစူးစိုက်မှု ကောင်းလာတယ်။ • စိတ်ကူးဉာဏ်တွေ၊ တီထွင်မှုတွေ အားကောင်းလာတယ်။ • စိတ်ရှည်သည်းခံတတ်လာတယ် စတဲ့ ကောင်းကျိုးတွေ အများကြီး ရလာပါတယ်။ ဒါ့ပြင် ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါနဲ့ ကင်ဆာ ဝေဒနာရှင်တွေဟာလည်း တရားထိုင်ပေးရင် ပိုပြီး သက်သာလာတယ်လို့ ဆိုကြပါတယ်။ ကုသိုလ်တွေရော၊ ကျန်းမာရေးအကျိုးကျေးဇူးတွေပါ ရမှာမို့လို့ ဉပုသ်စောင့်ရင်း၊ သတ်သတ်လွတ်စားရင်းနဲ့ မိမိနေအိမ်ကနေ ဘယ်မှလျှောက်မသွားဘဲ ဒီသကြ်န်တွင်းကို အေးအေးချမ်းချမ်းဖြတ်ကျော်လိုက်ကြရအောင်။


by | 26 May 2022

ဟင်းအနှစ်ရဖို့အတွက်ပဲဖြစ်ဖြစ်၊ ရေလေးစင်အောင်ဆေးပြီး အစိမ်းလိုက်ပဲ ဝါးစားစား၊ လက်ဖက်သုပ် နဲ့ အခြားသောအသုပ်တွေထဲပဲထည့်စားစား၊ ပုစွန်ခြောက်မှုန့်၊ ပဲမှုန့်၊ဆီချက်တို့နဲ့ပဲ သုပ်စားစားအရသာရှိတဲ့ ခရမ်းချဉ်သီး လေးကို ကြိုက်လား။ ဟင်းထဲမှာခရမ်းချဉ်သီးပါမှ စားတတ်တယ်ဆိုတဲ့သူဆိုရင်တော့ ကြိုက်တာတွေကို စားရင်းကျန်းမာရေးအကျိုးကျေးဇူးတွေရနိုင်တယ်ဆိုတော့ ဘယ်လောက်များပျော်စရာကောင်းလိုက်မလဲနော်။ ခရမ်းချဉ်သီးက အရောင်အသွေးလှတယ်၊ စားလိုက်ရင်ခပ်ချဉ်ချဉ်အရသာလေးရှိပြီး စားလို့ကောင်းတယ်ဆိုတာနဲ့တင်ပြီးသွားတာမဟုတ်ပါဘူး။ အခုလိုကျန်းမာရေးအကျိုးကျေးဇူးလေးတွေလည်း ပေးပါသေးတယ်။ ✅အသားအရေကျန်းမာလှပစေနိုင်တယ် ခရမ်းချဉ်သီးမှာ အသားအရေကိုကြည်လင်စေနိုင်တဲ့ lycopene ကြွယ်ဝစွာပါဝင်နေပြီး အသားအရေထိန်းသိမ်းမှုအတွက်တော်တော်လေး အထောက်အကူပြုပေးနိုင်မှာပါ။ စားပေးလို့ရသလို အရေပြားပေါ်မှာ ခရမ်းချဉ်သီး ကပ်ပေးတာကလည်း အသားအရေကိုထိထိရောက်ရောက်ထိန်းသိမ်းရာရောက်ပါတယ်။ အသားအရေလေးကြည်ကြည်လင်လင်လေးလှချင်တယ်ဆိုရင်တော့ ခရမ်းချဉ်သီးလေးရဲ့ အကူအညီယူလိုက်ပါနော်။ ✅မျက်စိအားကောင်းစေတယ် ဗီတာမင် A ပါဝင်နေမှုက အမြင်အာရုံကို ကျန်းမာစေနိုင်ပါတယ်။ ကြက်မျက်သင့်တာအပါအဝင် အမြင်အာရုံ ပြဿနာအမျိုးမျိုးကို အထိရောက်ဆုံးကာကွယ်ဖို့ဆိုရင် ခရမ်းချဉ်သီး စားပေးလို့ရပါတယ်။ သွေးတွင်းသကြားဓာတ် ထိန်းသိမ်းဖို့အတွက်လည်း ခရမ်းချဉ်သီးကို စားပေးလို့ရပါတယ်။ ဒါ့အပြင် နေရောင်ခြည်နဲ့ တခြားသော အလင်းရောင်တွေကြောင့် ဖြစ်တတ်တဲ့ မျက်စိထိခိုက်ခြင်းနဲ့ အသက်ကြီးလာတဲ့အခါ ဖြစ်လေ့ရှိတဲ့ အနီးမှုန်ခြင်းကိုလည်း ကို ကာကွယ်ပေးနိုင်ပါတယ်။ ✅ဝမ်းချုပ်သက်သာစေတယ် ခရမ်းချဉ်သီးမှာတော့ ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝစွာပါဝင်နေသလို သွေးတွင်းက အဆိပ်အတောက်တွေကို အထိရောက်ဆုံးဖယ်ရှားပေးနိုင်တဲ့ ဗီတာမင် A နဲ့ ဗီတာမင် C တို့ကြွယ်ဝစွာပါဝင်နေပါတယ်။ အစာခြေစနစ်ကို အထောက်အကူပြုပေးနိုင်တာကြောင့် ဝမ်းချုပ်တတ်တဲ့သူတွေဆို တစ်နေ့တစ်လုံးလောက် ပုံမှန်စားပေးသင့်ပါတယ်။ ✅ကင်ဆာကာကွယ်နိုင်စွမ်းရှိတယ် ခရမ်းချဉ်သီးမှာ lycopene ပါဝင်နေတာကြောင့် ဆီးကျိတ်ကင်ဆာ၊ အူမကြီးကင်ဆာနဲ့ အစာအိမ်ကင်ဆာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။ ကင်ဆာဆဲလ်တွေပွားမလာအောင်လည်း အကောင်းဆုံးကာကွယ်ပေးနိုင်ပါတယ်။ သတိထားရမှာက ခရမ်းချဉ်သီးက ချက်လိုက်တဲ့အခါမှ lycopene ပိုကြွယ်ဝသွားတာပါ။ ဒါကြောင့် ဟင်းရည်ထဲမှာထည့်ချက်တာ၊ ဟင်းအနှစ်ချက်တာမျိုးလုပ်ပေးတာက အဆင်ပြေစေမှာပါ။ ✅နှလုံးကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးမှာ ဗီတာမင် B နဲ့ ပိုတက်ဆီယမ်ပါဝင်နေမှုက သွေးတွင်းကိုလက်စထရောကို ကျစေပြီး သွေးပေါင်ချိန်ကို အထိရောက်ဆုံးထိန်းညှိပေးနိုင်ပါတယ်။ ခရမ်းချဉ်သီး ကို ပုံမှန်စားသုံးပေးတာက ရုတ်ရက်နှလုံးရပ်တာ၊ လေဖြတ်တာလိုမျိုး အသက်အန္တရာယ်ထိခိုက်စေနိုင်တဲ့ရောဂါတွေကနေ အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ✅ဆံသားကျန်းမာစေနိုင်ပါတယ် ခရမ်းချဉ်သီးမှာ ဗီတာမင် A ပါဝင်နေမှုက ဆံသားကို ကျန်းမာတောက်ပြောင်စေမှာပါ။ ဒါတင်လားဆိုတော့မဟုတ်သေးပါဘူး။ ဆံသားကျန်မးာမှုနဲ့အတူ မျက်လုံး၊ အသားအရေ၊ အရိုး နဲ့ သွားတွေကိုပါကျန်းမာစေနိုင်ပါသေးတယ်။ ✅ကျောက်ကပ်ကျန်းမာစေနိုင်တယ် ခရမ်းချဉ်သီးကို အစေ့မပါဘဲစားပေးမယ်ဆိုရင် ကျောက်ကပ်ကိုကျန်းမာစေနိုင်ပြီး ဆီးကျောက်တည်တာမျိုးမဖြစ်အောင် အထိရောက်ဆုံးကာကွယ်ပေးနိုင်မှာပါ။ ခရမ်းချဉ်သီးလေးကို တစ်နေ့တစ်လုံးလောက်စားဖြစ်အောင်စားလို့ အခုပြောတဲ့ ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကို ရယူလိုက်ပါ


by | 26 May 2022

"ဆံပင်အရောင်မဆိုးခင် သိထားသင့်တဲ့အချက်များ" ဟိုးအရင်ခေတ်တွေတုန်းကတော့ အသက်ကြီးတဲ့ လူတွေလောက်ပဲ ဆံပင်ဆေးဆိုးခဲ့တာ ဒီနေ့ခေတ်ဆိုရင် လူကြီးကလည်း လူကြီး အလျှောက် ဆံပင် အမဲရောင် ဆိုးရတယ်၊ လူငယ်တွေကလည်း အလှအပ အတွက် ဆံပင် Bleach လုပ်တယ်၊ Hightlight ဖောက်တယ်၊ အရောင်မျိုးစုံကို ၆ လ တစ်ခါလောက်ပြောင်းလာကြပါတယ်။ ဒီတော့ ဒီလိုမျိုးဆံပင်တွေကို ဆေးဆိုးရင် ဘာတွေဖြစ်လာနိုင်တယ်ဆိုတာကို မဆိုးခင်တည်းက ကြိုတင်သိထားသင့်ပါတယ်။ 🚨ဆံပင်တွေပြတ်ထွက်တာ ဆံပင်ဆိုးတာ ဘယ်လောက်ပဲ Chemical နည်းပါတယ်ပြောပြော Ammonia တွေ၊ Ammonia free ဆိုလည်း အခြားဓါတ်ပေါင်းတွေ၊ Peroxide တွေ စသည့်ဖြင့်အများကြီးပါပါတယ်။ သူတိုက ဆံပင်တွေရဲ့ အပြင်လွှာတွေကို ထိုးဖောက်ဝင်ရောက်ပြီး ကြာလာတဲ့အခါဆံပင်တွေကိုပြတ်ထွက်စေပါတယ်။ 🚨ဉီးရေပြားနဲ့ ဓါတ်မတည့်တာ အချိုလူတွေမှာ အရေပြားနဲ့ဓါတ်မတည့်တဲ့ ဓါတုပစ္စည်းတွေပါတတ်ပါတယ်။ နှင်းခူနဲ့ အခြားအရေပြားရောဂါရှိတဲ့လူတွေဆို ဆေးဆိုးခြင်းကိုတတ်နိုင်သလောက်ရှောင်သင့်ပါတယ်။ အချိုပန်းနာရင်ကြပ်ရှိတဲ့လူတွေမှာလည်းဓါတ်မတည့်တာတွေဖြစ်ပွားနိုင်ပါတယ်။ 🚨ဆံပင်ဆိုးဆေးတွေမျက်လုံးထဲဝင်ရင်လည်း မျက်သားတွေယောင်ပြီး ရဲလာတတ်ပါတယ်။ 🚨ဆံပင်ကျွတ်တာ ဆိုးဆေးတွေက ဓါတုပစ္စည်းတွေဖြစ်တဲ့အတွက် မွေးညင်းပေါက်လေးတွေ ဦးရေပြားတွေထိရင် ဆံပင်ကို သက်တမ်းတိုပြီး ကျွတ်ထွက်စေပါတယ်။ 🚨ကင်ဆာဖြစ်နိုင်ခေျရှိတာ ဆံပင်ဆိုးခြင်းဟာ လေ့လာမှုတွေ အရ ဆီးအိတ်ကင်ဆာ၊ သွေးကင်ဆာ၊ ရင်သားကင်ဆာ တိုနဲ့ ဆက်စပ်မှုရှိတာတွေ့ရပါတယ်။ ဒါပေမယ့် အတိအကျကောက်ချက်ချဖိုကတော့ လေ့လာမှုတွေ ထပ်လုပ်ဖိုလိုပါသေးတယ်။ ဒါကြောင့်မို့လို ဆံပင်ဆေးဆိုးတာ ခေတ်ရေစီးကြောင်းအရ ဆိုပေမယ့် အထက်ပါပြသနာတွေရှိတတ်တာတော့ သတိထားရပါမယ်။ ဆိုးဖိုလိုလာရင်လည်း ဓါတုပစ္စည်း အနည်းဆုံးဆေးမျိုး၊ Henna စတဲ့ ဒါန်းမှုန့်ဆိုးထားမျိုးက အနည်းငယ်တော့ပိုစိတ်ချရပါတယ်။ ခဏခဏဆိုးတာထက် ၆ လအစား ၁ နှစ်လောက်နေမှ အရောင်ပြောင်းတာတို စသည့်ဖြင့် အချိန်ကြာကြာ ခြားသင့်ပါတယ်။


by | 25 May 2022

ဗိုက်ဆာတိုင်း ခေါက်ဆွဲပြုတ်ပဲစားနေရင် ရေရှည်ဘာဖြစ်နိုင်သလဲ ❓🤔 ♨️အသင့်စားခေါက်ဆွဲပြုတ် (Instant Noodles) ဆိုတာ ချက်ရတာလွယ်တယ်၊ စားရတာလဲ အရသာရှိတော့ လူကြီး၊လူငယ်တွေကြိုက်ကြတယ်။ ကိုရီးယား၊ ဂျပန်၊ တရုတ်စတဲ့ နိုင်ငံတွေက ခေါက်ဆွဲပြုတ်ကို အဓိက ထုတ်လုပ်ကြတယ်။ Instant noodle လို့လဲခေါ်တယ်၊ Ramen လို့လဲ ခေါ်ကြပါတယ်။ 🍜အသင့်စားခေါက်ဆွဲပြုတ်က လူတွေရဲ့ကျန်းမာရေးအပေါ်ဘယ်လို သက်ရောက်မှုရှိနေလဲဆိုတော့. . . 👩‍🔬အစာခြေဖျက်မှုကို ထိခိုက်ပြီး ကင်ဆာရောဂါဖြစ်စေတယ်။ခေါက်ဆွဲခြောက်ဆိုတာ ကြာရှည်ခံအောင် ဓာတုပစ္စည်းတွေကို အသုံးပြုပြီး ထုတ်လုပ်ရပါတယ်။ အချိန်ကြာကြာစားသုံးရင် နောက်ဆက်တွဲအနေနဲ့ အစာအိမ်နဲ့ အူလမ်းကြောင်းကို ထိခိုက်လာတယ်။ သွေးတဲ့က အချိုဓာတ်နဲ့ အင်ဆူလင်ဓာတ်တွေက မညီမျှတော့ဘူး။ ကြာရှည်ခံအောင်သုံးတဲ့ ဓာတုပစ္စည်းတွေဖြစ်တဲ့ BHA (Butylated hydroxyanisole) နဲ့ TBHQ( t-butylhydroquinone) က ကင်ဆာရောဂါဖြစ်ပွားစေပါတယ်။ 😔 🥀နှလုံးရောဂါကို ဆတိုးစေတယ် လေ့လာမှုတွေအရ ခေါက်ဆွဲခြောက်ပိုစားတဲ့သူတွေမှာ အဝလွန်ရောဂါ၊ သွေးတိုးရောဂါနဲ့ သွေးတွင်းအဆီဓာတ်တာကို တွေ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ခေါက်ဆွဲခြောက်တွေမှာ ပါဝင်တဲ့ဆီတွေက ပြည့်ဝဆီတွေပါ။ ဒီအချက်တွေက နှလုံးသွေးကျောပိတ်တာ၊ နှလုံးကြီးတာ၊ ကြာရင် နှလုံးပုပ်တာ စတာတွေဖြစ်နိုင်ပါတယ်။ 😰ဆားပါဝင်မှုများလွန်းခြင်း အငံဆားလွန်းရင် သွေးတိုးဖြစ်မယ်ဆိုတာ လူတိုင်းသိကြပါတယ်။ သို့သော် ခေါက်ဆွဲပြုတ်စားရင် အရသာရှိတာကလွဲလို့ ငံလွန်းတယ်လို့ မခံစားရပါဘူး။ ခေါက်ဆွဲပြုတ်မှာ ဆိုဒီယမ် (Sodium) ပါဝင်မြင့်တဲ့ အတွက် သွေးတိုးသမားတွေ အထူးရှောင်ကျဉ်သင့်တဲ့ အစားစာပါ။ 😕ဘယ်လိုစားကြမလဲ ? ခေါက်ဆွဲခြောက်တွေကို ထုခြေပြီး အမှုန့်တွေနဲ ရောပြီးတော့ စားမပြစ်ပါနဲ့။ ဒီလို စားသောက်တာက မှားနေတဲ့နည်းလမ်းတစ်ခုပဲဖြစ်ပါတယ်။ အသင့်စားခေါက်ဆွဲခြောက်တွေကို ရေနွေးနဲပြုတ်တဲ့အခါမှာ ပထမ တစ်ရည်ကိုသွန်ပစ်ရပါမယ်။ ဒါမှသာ သွန်ပစ်တဲ့ပထမ ရည်ထဲမှာဖယောင်းတွေ ကိုဖယ်ရှားပြီးသားဖြစ် သွားမှာ ဖြစ်သွားမှာဖြစ်ပါတယ်။  ခေါက်ဆွဲထုပ်မှာပါတဲ့အချိုအမှုန့်ထုပ်က ကျန်းမာရေးနဲ့မညီညွှတ်ဖြစ်တာကြောင့် တစ်ဝက်လောက်သာထည့်စားပေးပါ။  ခေါက်ဆွဲထဲမှာ ကာဗွန်ဟိုက်ဒရိတ်ပါဝင်တာကြောင့် အသီးအရွက်၊ ကြက်ဉ စတာတွေနဲ့ရောစားပေးမယ်ဆိုရင်တော့အာဟာရ ရှိစေမှာဖြစ်ပါတယ်။ ခေါက်ဆွဲပြုတ်ကို နှစ်ရည်ပြုတ်ပေးပါ ဟင်းသီးဟင်းရွက်ထည့်ပေးပါ အသားဓာတ်ရအောင် ကြက်ဥ၊ အသားထည့်ပေးပါ အထုပ်မှာပါတဲ့ ရသာမှုန့်ကို အသုံးမပြုပဲ ကိုယ်တိုင်အိမ်မှ ဟင်းခတ်အမွှေးအကြိုင်သုံးနိုင်ရင် ပိုကောင်းပါတယ်။ နေ့စဉ် ရက်ဆက်မစားပါနဲ့ ☺️ကိုယ်ကြိုက်တာလေးလဲ စားရင်း ကျန်းမာရေးကိုလဲ ဂရုစိုက်တတ်ဖို့လိုပါတယ်။ တာရှည်ခံ အစားအသောက်တိုင်းက ကျန်းမာရေးကို ထိခိုက်နိုင်တာမို့ ရှောင်နိုင်ရင် အကောင်းဆုံးပါပဲ။


by | 25 May 2022

ဝိတ်ချနေပေမယ့် ဝိတ်မကျဘူးဖြစ်နေလား။ အစားတွေလည်းလျှော့၊ လေ့ကျင့်ခန်းတွေလုပ်နေပေမယ့် ထင်သလောက်ဝိတ်မကျဘူးဖြစ်နေလား။ ဒါဆိုရင်တော့ ကိုယ်ရဲ့ဝိတ်ချတဲ့နည်းက တစ်ခုခုမှားနေပြီဆိုတာ သေချာနေပြီနော်။ ဝိတ်လျှော့နေတဲ့သူတွေ အများဆုံးမှားလေ့ရှိတဲ့အမှားကတော့ ရေလုံလောက်စွာမသောက်ခြင်းပဲဖြစ်ပါတယ်။ ရေကအမြဲသောက်နေတာပဲ၊ ဘယ်လိုလုပ်အကျိုးကျေးဇူးပေးနိုင်မှာမို့လို့လဲဆိုပြီးတော့ အထင်မသေးလိုက်ပါနဲ့။ ရေဆိုတာက အဆီချဝိတ်လျှော့တဲ့နေရာ၊ အသားအရေလှစေတဲ့နေရာ သဘာဝတရားက လက်ဆောင်ပေးတဲ့ လက်နက်ပုန်းတစ်ခုပါပဲ။ ဘာလို့လဲဆိုတော့ ကယ်လ်လိုရီမပါ၊ သကြားမပါ၊ အဆီတက်စေတဲ့ဓာတ်တွေမပါတဲ့ တစ်ခုတည်းသော အရည်ဖြစ်မို့လို့ပါ။ ဒါကြောင့်မို့လို့ ရေသောက်ပြီး ဝိတ်ချဖို့အတွက် တစ်နေ့ကို ရေများများသောက်ဖြစ်အောင် ဘယ်လိုတွေလုပ်ဆောင်ရမလဲဆိုတဲ့လျှို့ဝှက်ချက်တွေ မျှဝေပေးပါရစေနော်။ ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ရေသောက်ပြီး ဝိတ်လျှော့ကြမယ် ဆိုရင် ပထမဆုံးအနေနဲ့ ရေသောက်ဖို့အတွက် ကိုယ်ရေဆာတဲ့အချိန်ကို စောင့်စရာမလိုပါဘူး။ သဘာဝအတိုင်းရေဆာဖို့ဆိုတာ နွေရာသီကလွဲရင် ကျန်တဲ့ရာသီဥတုတွေမှာ ရေဆာဖို့ဆိုတာ ဖြစ်နိုင်ခြေနည်းပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်ပါ။ ရေသောက်ပြီး ဝိတ်ချမယ်လို့ဆုံးဖြတ်လိုက်ပါပြီရဲ့….ရေဘူးက ကိုယ့်အနားမှာမရှိရင် ဘယ်လိုလုပ်ရေသောက်ဖြစ်မလဲ။ အဲ့တာကြောင့်မို့လို့ ရေဘူးကို ကိုယ့်အနားမှာထားပြီး ရေဘူးကိုမြင်တိုင်း ရေသောက်ဖို့သတိရမှာပေါ့နော်။ ရေအစားထိုး ရေနွေးကြမ်းသောက်ပါ။ ရေကိုသောက်နေကျမဟုတ်ရင် မသောက်ချင်တော့ဘဲနဲ့ မုန်းနေတာမျိုးတွေ၊ ရေသောက်လိုက်တိုင်း ပျို့အန်တာမျိုးတွေကြုံဖူးတဲ့သူတချို့ရှိမှာပေါ့နော်။ ဒါဆိုရင်တော့ ရေအစားထိုး သစ်သီးဖျော်ရည်တွေ၊ လီမွန်တီး (ခေါ်) သံပုရာရေနွေးကြမ်း လိုမျိုးသောက်လို့ရပါတယ်။ ဒီလိုသောက်တဲ့အခါမှာလည်း ကယ်လိုရီမပါတဲ့ သဘာဝဖျော်ရည်မျိုးကို ဦးစားပေးပြီး သောက်သုံးသင့်ပါတယ်။ ရေဆာတိုင်း ရေသောက်ပါ။ တစ်ခါတစ်လေကျရင် “ရေဆာလိုက်တာ…ရေဆာပြေ အအေးလေးသောက်လိုက်ဦးမယ်” ဆိုတာမျိုးတွေးဖူး၊ ဖြစ်ဖူးလား။ အဲ့လိုအချိန်မှာ အအေးမသောက်ပါနဲ့နော်။ ရေဆာတဲ့အချိန်မှာ ရေသောက်ပါ။ ခန္ဓာကိုယ်ထဲကို မလိုလားအပ်တဲ့ သကြားဓာတ်တွေ၊ ကယ်လ်လိုရီတွေဝင်သွားမှာစိုးလို့ပါ။ Alarm ပေးထားပါ။ သင်တို့ကိုယ်တိုင် ရေသောက်ဖို့ သတိမရဘူးဆိုရင်တောင် သင့်ဖုန်းက သတိရနေမှာပါနော်။ သင်တို့ရဲ့ဖုန်းကို ၂ နာရီတစ်ခါ alarm ပေးလိုက်မယ်ဆိုရင် သင့်ကို ရေ၈ခွက်ထက်မနည်းသောက်သုံးဖြစ်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ နောက်ဆိုရင် alarm မြည်အောင်စောင့်စရာမလိုပဲနဲ့ ရေသောက်တတ်တဲ့အကျင့်က စွဲသွားပါလိမ့်မယ်နော်။ အစားအစာနဲ့ ရေဓာတ်ဖြည့်ပါ။ ရေမသောက်ချင်ဘူးဆိုရင် တခြားရွေးချယ်စရာတွေရှိပါသေးတယ်။ အဲ့ဒါကတော့ ရေဓာတ်ပြည့်ဝတဲ့အစားအစာတွေ၊ ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေ စားသုံးပေးဖို့ပါပဲ။ ဥပမာ ဖရဲသီးလိုအသီးအနှံမျိုးတွေစားသုံးပေးရင် ရေဓာတ်ပြည့်ဝစေပါတယ်။ ထမင်းမစားခင် ရေသောက်ပါ။ အစားမစားခင် ရေသောက်လိုက်လို့ ဗိုက်ပြည့်တယ်ဆိုတဲ့ အသိစိတ်က သင့်ကို အစားစားချင်စိတ်ကို လျော့နည်းစေတဲ့အပြင် ကယ်လ်လိုရီအများကြီးမစားမိအောင် ထိန်းပေးနိုင်ပါတယ်။ ဒါကြောင့်မို့လို့ အစားမစားခင်အချိန်ရယ်၊ အစားစားနေစဉ်အချိန်၊ အစာစားပြီးအချိန်မှာရေသောက်ပေးတာက အစာခြေစနစ်ကို အထောက်အကူပေးတဲ့အပြင် အစားအစာမှာပါတဲ့အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူပေးပါတယ်။ အားကစားလုပ်နေချိန်၊ ရာသီဥတုပူနေချိန်မှာ ရေပိုသောက်ပါ။ ပြင်းထန်တဲ့ ခန္ဓာကိုယ်လှုပ်ရှားမှုလုပ်နေတဲ့အချိန်၊ အပြင်သွားလို့ ရာသီဥတုပူနေတဲ့အချိန်မှာ ရေကိုပိုသောက်ပေးသင့်ပါတယ်။ အားကစားပြုလုပ်နေချိန်မှာ ရေသောက်ရတဲ့ အခြေခံစည်းမျဉ်းရှိပါတယ်။ အဲ့တာကတော့ ရေ ၂၅၀ မီလီလီတာကို မိနစ်၂၀ တိုင်း ၁ခါသောက်သုံးပေးရတာမျိုးပါ။ ဒါပေမယ့် အရမ်းမောနေချိန်မှာတော့ ရေကို မသောက်သင့်ပါဘူး။ အမောပြေမှသာ ရေသောက်ဖို့ တိုက်တွန်းချင်ပါတယ်။ Detox water သောက်ပါ။ ယခု ဝိတ်လျှော့တဲ့သူတွေကြားထဲမှာ နာမည်ကြီးလာတာကတော့ Detox water ပဲဖြစ်ပါတယ်။ detox water ဆိုတာကတော့ ရေထဲမှာ ဟင်းသီးဟင်းရွက်တွေကို စိမ်ထားပြီး သောက်ရတာပါ။ ဥပမာအားဖြင့် သခွားသီး၊ သခွားမွှေး၊ စတော်ဘယ်ရီ၊ ပူစီနံနဲ့ တခြားဆေးဖက်ဝင်အရွက်တွေကို ရောစိမ်ပြီး သောက်ပေးခြင်းက ကိုယ်အလေးချိန်ကျဆင်းဖို့အတွက် အထောက်အကူဖြစ်စေပါတယ်။ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပါ။ နောက်ဆုံးအဆင့်အနေနဲ့ ကိုယ့်ရဲ့ဆီးအရောင်ကို သတိထားကြည့်ပေးပါ။ ဆီးအဝါရင့်ရောင်ဆိုရင်တော့ ရေသောက်ဖို့လိုနေပါသေးတယ်။ ဆီးအဝါဖျော့ရောင်ဆိုရင်တော့ ရေကို ပြည့်ပြည့်ဝဝသောက်ပြီးပြီဆိုတဲ့ အဓိပ္ပာယ်ပါပဲ။ ဒါဆိုရင်တော့ အပေါ်ကအချက်လေးတွေကိုဖတ်ကြည့်ပြီး ခန္ဓာကိုယ်ပိန်သွယ်ပြီး လှချင်တဲ့ကိုကို မမတွေအတွက် ရေသောက်ပြီး ဘယ်လိုပိန်အောင်လုပ်ရမလဲဆိုတဲ့ နည်းလမ်းလေးတွေကိုဖတ်ကြည့်ပြီး လက်တွေ့လုပ်ကြည့်ဖို့ တိုက်တွန်းချင်ပါတယ်။ ဒီလို ဝိတ်လျှော့တဲ့အခါမှာလည်း အလွန်အကျွံမလျှော့ကြဖို့နဲ့ အစာအာဟာရလုံလောက်စွာစားသုံးပေးဖို့လည်း သတိပြုစေချင်ပါတယ်နော်။ ။