by | 01 Apr 2022

၂၁ရာစုမှာ ချောလှတာမျိုးထက် အဖုအပိန့်ကင်းပြီး အသားအရည် ချော မွေ့တာကို လူ တော် တော်များများက ပိုပြီးသ ဘောကျလာကြပါတယ်။ ဝက်ခြံထွက်လာလို့ အ ရေပြားဆရာဝန်နဲ့ ပြသတာ ကောင်းတယ်ဆို ပေမယ့် နေ့စဉ် မိမိစား နေတဲ့အစားအစာတွေနဲ့ မိမိ မသိလိုက်ဘဲ အမှုမဲ့အမှတ်မဲ့ လုပ်မိတဲ့ အကျင့်တေွကြောင့် ဝက်ခြံ ကိုပိုဆိုးစေနေပြီလားဆိုတာကို သတိထားမိမှာမဟုတ်တဲ့အတွက် အောက်မှာ ဖော်ပြ ပေးသွားမယ့်အချက်လေး တွေကို တတ်နိုင်သ လောက် ရှောင် စေချင်ပါတယ်။ ၁. နို့နဲ့ နို့ထွက်ပစ္စည်းတွေကို ရှောင်ပါ။ နိုနှင့် နိုထွက်ပစ္စည်းများ အထူးသဖြင့် နွားနို မှာ ပါဝင်တဲ့ ဟော်မုန်း တချို က ဝက်ခြံကိုပိုဆိုး စေတယ်ဆိုပြီး ယူဆထားကြပါတယ်။ ဒါဆို အဆီထုတ်ထားတဲ့ နွားနို သောက်ရင် ကောအဆင် ပြေနိုင်မလား ❓ တကယ် တော့ အဆီထုတ်ထားတဲ့ နွားနိုမှာ ထည့်ထားတဲ့ နိုပရိုတိန်းတချိုဖြစ်တဲ့ whey နဲ့ casein တိုက ဝက်ခြံကို ပိုပြီးယောင်ရမ်း စေတဲ့အတွက် ကြောင့် မ သောက်သုံးသင့်ပါဘူး။ ၂. အရက်ဘီယာ အရက်ဘီယာအများကြီး သောက်သုံးမယ်ဆိုရင် ခန္ဓာကိုယ်ထဲကဟော်မုန်း တချိုဖြစ်တဲ့ ကျား/မ ဟော်မုန်း မညီမျှတာ တွေ ဖြစ်လာပြီး အဆီ၊ ပိုးမွှား တွေနဲ့ ချွေး ပေါက်ပိတ် စေနိုင်ကာ ဝက်ခြံ breakout ဖြစ် စေနိုင်ပါတယ်။ ၃. အချိုဓါတ်လွန်ကဲတဲ့ အစားအစာတွေနဲ့ အသင့်စားအစားအစာတွေကို ရှောင်ပါ။ အချိုဓါတ် တွေလွန်ကဲစွာပါဝင် နေတဲ့ အစားအစာ တွေက သွေးထဲက insulin ကို မြင့်တက် စေပါတယ်။ လိုတာထက်ပို နေတဲ့ insulin တွေက အ ရေပြားမှာရှိ နေတဲ့ အဆီ တွေကို ပိုထွက် စေကာ မွှေးညှင်း ပေါက် လေး တွေနဲ့ ချွေး ပေါက် တွေကို ပိတ် စေပြီး ဝက်ခြံဖြစ် စေနိုင်ပါတယ်။ အသင့်စား အစားအစာ တွေကလည်း ခန္ဓာကိုယ်အတွက် မ ကောင်း စေဘူးဆိုတာ အားလုံးပဲသိရှိပြီးသား ဖြစ်ပါလိမ့်မယ်။ ဆီ ကြော်မုန့် တွေ၊ ဟန်ဘာဂါ၊ ပီဇာ စတဲ့ အဆီများတဲ့ အစားအစာ တွေမှာ ကျန်းမာ ရေးကို ထိခိုက် စေနိုင်တဲ့ ပြည့်ဝဆီ (saturated fats) တွေ များစွာပါဝင်တဲ့အတွက် ဟော်မုန်း မညီမျှ တော့တာ တွေ၊ သွေးတွင်းသကြားဓါတ် မြင့်တက် စေတာ တွေ ဖြစ် စေနိုင်ပါတယ်။ ၄။ မျက်နှာကို ပုံမှန် သန့်စင်ပေးပါ။ မျက်နှာပေါ်မှာ ဝက်ခြံက မပြတ်ဘူး ဖြစ်နေမယ်ဆိုရင် တစ်နေ့ကို အနည်းဆုံး (၂) ကြိမ် မျက်နှာကို သေချာလေး သန့်စင်ပေးပါ။ မျက်နှာ ခဏခဏ သစ်တာကလည်း အသားအရေကို ထိခိုက်စေနိုင်ပြီး ဝက်ခြံဖြစ်စေနိုင်တာကြောင့် တစ်နေ့ကို (၂) ကြိမ်ကတော့ အကောင်းဆုံးပါ။ တိတိကျကျ ပြောပြရရင်တော့ ဝက်ခြံ ပျောက်ဖို့ဆိုရင် အခုလို အခြေအနေမျိုးမှာ မျက်နှာကို သန့်စင်ဖို့ လိုပါမယ်။ • မနက် အိပ်ရာထတဲ့အချိန် • ညဘက် အိပ်ရာ မဝင်ခင် • မျက်နှာမှာ ချွေးတွေအရမ်းထွက်နေတဲ့အခါမျိုးတွေမှာ မျက်နှာကို သေချာလေး သန့်စင်ပေးပါ။ ၅။ လက်နဲ့ ခဏခဏ မထိပါနဲ့။ မျက်နှာပေါ်မှာ ဝက်ခြံ မပြတ်ရတဲ့ အကြောင်းအရင်း တစ်ခုက မျက်နှာကို လက်နဲ့ ခဏခဏ ဆိတ်ဆွနေလို့ပါ။ လက်မှာ ကပ်နေတဲ့ ဘက်တီးရီးယားတွေ၊ ဖုန်မှုန့်တွေက ဝက်ခြံတွေကို ပိုဆိုးစေနိုင်ပါတယ်။ ကဲ ……ဝက်ခြံရယ်တဲ့ မပြတ်ဘူးဖြစ်နေရင် အခုပြောခဲ့တဲ့ နည်းလမ်းလေးတွေကို သေချာလေး လိုက်လုပ်ကြည့်လိုက်နော်။


by | 31 Mar 2022

ညဘက် ၁၀ နာရီ ၁၁ နာရီလောက် လူအိပ်ချိန်ကျမှ အစားထစားတဲ့ အဖွဲ့က သပ်သပ်ကိုရှိတာ။ ညသန်းခေါင်မှာ ထပြုတ်တဲ့ ခေါက်ဆွဲပြုတ်ကမှ ပိုပြီးအရသာရှိတယ်လို့ ထင်ကြတဲ့သူတွေပေါ့။ တကယ်တော့ ညဘက်ကြီး အစားထစားတာ၊ အစာစားချိန် နောက်ကျတာကသင့်ကျန်းမာရေးအတွက် ကောင်းကျိုးမရှိပါဘူး။ ဒါပေမယ့် ကမ္ဘာပေါ်က လူအများစုဟာ ညနေ ၆ နာရီနောက်ပိုင်းမှာ ညစာစား ကြတာများပါတယ်။ လေ့လာချက်တွေကတော့ အစာစားချိန်နောက်ကျပြီး ညဉ့်နက်တာ၊ မိုးချုပ်တာတွေဟာ ကိုယ်အလေးချိန် ပိုပြီး မြင့်တက်လာအောင် တွန်းအားပေးတယ်လို့ ဆိုကြပါတယ်။ အိပ်ရာဝင်ခါနီး ဒါမှမဟုတ် ညဘက်ရောက်မှ ညစာစားသူတွေဟာ အချိန်စောစော ညစာစားသူတွေထက် BMI ရမှတ်မှာ ၁.၃ မှတ်အထိ ကွာဟနေတတ်ပါတယ်။ BMI ၁.၃ အထိကွာဟတယ်ဆိုတာက အရပ် ၁၇၀ စင်တီမီတာရှိပြီး ညဘက် ညစာစောစောစားတဲ့လူတစ်ယောက်ဟာ ကိုယ်အလေးချိန် ပေါင် ၁၈၀ ပေါင်လေးမယ်ဆိုရင် သူနဲအရပ်တူ ညဘက်ညစာစားတဲ့သူတစ်ယောက်မှာတော့ သူ့ထက် ၇ ပေါင် ဝိတ်ပိုများနေမယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။ ညဉ့်နက်မှ ဒါမှမဟုတ် နောက်ကျမှ ညစာစားတဲ့အခါ အောက်ပါပြဿနာတွေကို ရင်ဆိုင်ရမှာဖြစ်ပါတယ်။ ဒါတွေကတော့ • ကယ်လိုရီ လောင်ကျွမ်းနိုင်စွမ်း နှေးကွေးမယ်၊ • အိပ်ရာဝင်ရာမှာ ကောင်းမွန်စွာ အိပ်မပျော်အောင် နှောင့်ယှက်မယ်၊ • ညညရင်ပူပြီး ပြန်ပြန်နိုးတာတွေ ဖြစ်မယ်၊ • ဂလူးကို့စ်၊ အင်ဆူလင်နဲ့ ကိုလက်စထရောတွေ သွေးထဲမှာ များပြားလာမယ်၊ • အစာခြေရခက်မယ်၊ • ကိုယ်အလေးချိန်တက်မယ်၊ • ခန္ဓာကိုယ် မလန်းဆန်းတဲ့အတွက် စိတ်ကျန်းမာရေးကိုပါ ထိခိုက်စေမယ်၊ • သွေးတိုးဆီးချိုဖြစ်နိုင်ခြေများမယ်။ ယေဘုယျအားဖြင့်ဆိုရင် ညမိုးချုပ်ချိန်မှာ အစားမစားတာက ကောင်းမွန်တဲ့ အလေ့အထဖြစ်ပါတယ်။ ကိုယ်အလေးချိန်လျှော့ချဖို့၊ တစ်နေကုန်လန်းဆန်းကျန်းမာနေဖို့နဲ့ အိပ်စက်ရာမှာ နှစ်ခြိုက်စွာ အိပ်စက်နိုင်စေဖို့ ညစာကို အိပ်ချိန်နဲ့ ခပ်ခွာခွာလေး စားသင့်ပါတယ်။ ဗီတာမင် C ပါဝင်တဲ့ သစ်သီးဝလံတွေကို အနည်းအကျဉ်းစားတာမျိုးကိုတော့ အတန်အသင့်ပြုလုပ်လို့ရပါတယ်။ ဒါပေမယ့် သတိထားသင့်တာကတော့ အလွန်အကျွံစားတာမျိုး မပြုမူမိဖို့နဲ့ အရမ်းချဉ်တာတွေ မစားမိဖို့လည်း လိုအပ်တယ်ဆိုတာပါပဲ။ အချဉ်ဓာတ်ကဲတဲ့ အစားအစာတွေရဲ့ အများစုမှာ Citric Acid ပါဝင်နေတတ်ပြီး အိပ်ချိန်နဲ့နီးကပ်နေချိန်မှာ အလွန်ချဉ်တဲ့ အစားအစာစာတွေကို မှီဝဲစားသောက်တာက အစာအိမ်အချဉ်ပေါက်တာမျိုးကို ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ညအိပ်ယာဝင်ခါနီးမှာ ဘာမှမစားဖြစ်အောင် နေတာက ပိုကောင်းတဲ့နည်းလမ်းဖြစ်ပါတယ်။ အိပ်ခါနီးမှာ အစာစားတာဟာ လည်ချောင်းအတွင်းမှာ ချွဲတွေကို ခဲနေစေတတ်တာကြောင့် ပင်ပန်းနွမ်းနယ်တာတွေ၊ မောပန်းနွမ်းလျတာတွေလည်း ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အာဟာရဗေဒပညာရှင်တွေက အိပ်ချိန်နားကပ်နေရင် ချို၊ ချဉ်၊ ငံ၊ ခါး ဘာမှမစားဖို့ လမ်းညွှန်ကြတာပါ။ အကြမ်းဖျဉ်းအားဖြင့် အိပ်ရာဝင်ချိန်နဲ့ ညစာစားချိန်ကို ၃ နာရီလောက် ခြားထားပေးတာက နည်းလမ်းကောင်းဖြစ်ပြီး အကောင်းဆုံးနည်းလမ်းကတော့ ညနေ ၆ နာရီမတိုင်ခင်မှာ ညစာမစားတာပဲဖြစ်ပါတယ်။ တကယ်လို့ စားဖြစ်တယ်ဆိုရင်တောင်မှ အနည်းအကျဉ်းသာ မှီဝဲသုံးဆောင်စေချင်ပါတယ်။ ခုလိုပြုမူမယ်ဆိုရင် ဒါမှသာ အိပ်စက်ရာမှာလည်း အထောက်အကူဖြစ်စေမှာဖြစ်စေပြီး အိပ်ရာထချိန်မှာလည်း လန်းဆန်းတက်ကြွနေမှာ ဖြစ်ပါတယ်။


by | 30 Mar 2022

ဒီဘက်ခေတ်မှာ လူငယ် အများစု လက်သည်းအရှည် ထားလာတတ်ကြပါတယ်။ အဓိက မိန်းကလေးတွေအပြင် တချို့ ယောက်ျားလေးတွေလည်း တချို့ လက်ချောင်းတွေမှာ လက်သည်းမညှပ်ဘဲ အလှအပအနေနဲ့ သို့မဟုတ် ခေတ်စတိုင် အနေနဲ့ အရှည်ထားလာကြပါတယ်။ တချို့ကျတော့ လက်သည်း ညှပ်ရမှာ ပျင်းလို့ကို တမင် မညှပ်ကြတာမျိုးတွေလည်း ရှိတာပေါ့။ လက်သည်း အရှည်တွေဆိုတာ ကြည့်ရတာလည်း အရမ်း ရုပ်ဆိုးသလို တစ်ကိုယ်ရေ သန့်ရှင်းမှုအတွက်ရော ကျန်းမာရေးအတွက်ပါ ဘာကောင်းကျိုးမှ မရှိနိုင်ပါဘူး။ လက်သည်း အရှည်ထားခြင်းရဲ့ နောက်ဆက်တွဲ ဆိုးကျိုးများ ၁။ လက်သည်းဟာ လက်ချောင်းထက် ပိုရှည်ပြီး အရှေ့ကို ထွက်နေတဲ့အတွက် ကျိုးပဲ့ထိခိုက်မိဖို့ အရမ်းလွယ်ပါတယ်။ လက်သည်း ကျိုးတယ်ဆိုတာ အနာကသာ သေးသေးလေး၊ တကယ် ဖြစ်လာပြီဆိုရင် ခံစားရတဲ့ ဝေဒနာက လုံးဝ မသက်သာပါဘူးနော်။ ၂။ လက်သည်းက ရှည်လွန်းနေတဲ့အခါ အပြင်က အညစ်အကြေးတွေဟာ အထဲမှာသွားပြီး ကပ်ငြိနေနိုင်ပါတယ်။ အထူးသဖြင့် အိမ်သာတက်ပြီး အလေးစွန့်ပြီးတဲ့အခါ သန့်ရှင်းရေးလုပ်ရင် လက်သည်းထဲမှာ မစင် အညစ်အကြေးတွေ ကပ်ကျန်နေနိုင်ပါတယ်။ ၃။ လူတော်တော်များများသည် လက်သည်းညှပ်ရမှာလည်း ပျင်းသလို အစာမစားခင် လက်ဆေးရမှာလည်း ပျင်းတတ်ကြပါတယ်။ အဲ့တော့ နည်းနည်းပဲ စားတာပဲလေဆိုပြီး လက်မဆေးဘဲ အစာကို ကိုင်ပြီး စားလိုက်တဲ့အခါ လက်သည်းကြားမှာ ကပ်ငြိနေတဲ့ အညစ်အကြေးတွေ၊ ရောဂါပိုးမွှား မှန်သမျှ ဗိုက်ထဲကို ရောက်သွားပြီး အစာအဆိပ်သင့်တာ၊ ဝမ်းပျက်ဝမ်းလျှော ဖြစ်တာ၊ ဗိုက်အောင့် ဗိုက်နာတာ၊ သန်ထတာမျိုး ဖြစ်စေနိုင်ပါတယ်။ ၄။ ရှည်လွန်းတဲ့ လက်သည်းတွေဟာ အချွန်အထက် လက်နက်တစ်မျိုးပါပဲ။ ကိုယ့်ကိုယ်ကိုယ်လည်း ထိခိုက်အောင် လုပ်မိနိုင်သလို တခြားသူကိုလည်း ဒဏ်ရာ အနာတရ ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် ကိုယ်ခန္ဓာမှာ ဖြစ်နေတဲ့ အနာဆိုရင် ကုတ်မိလိုက်တဲ့အခါ လက်သည်းရှည်ကြောင့် ပြန်ပွန်းပဲ့ သွေးထွက်ပြီး အနာကျက်ဖို့ ခဲယဉ်းသွားတတ်သလို လက်သည်းကြားထဲက ရောဂါပိုးဟာလည်း အနာထဲ ဝင်သွားပြီး ပြည်တည်ကာ ပိုဆိုးသွားစေနိုင်ပါတယ်။ ၅။ လက်သည်းထဲမှာ ရောဂါပိုးပေါင်းစုံ အောင်းနေနိုင်ပါတယ်။ ရောဂါပိုးဆိုတာ မျက်လုံးနဲ့ ကြည့်လို့ လုံးဝ မမြင်ရနိုင်ပါဘူး။ လက်ဆိုတာကလည်း အရာဝတ္ထု ပေါင်းစုံ၊ လူပေါင်းစုံနဲ့ ထိတွေ့ ကိုင်တွယ်နေရတာ ဖြစ်တဲ့အတွက် ရောဂါပိုးကတော့ အမြဲလိုလို ကပ်နေနိုင်ပါတယ်။ ၆။ အရေပြား မှိုစွဲခြင်းကို ဖြစ်စေနိုင်ပါတယ်။ လက်သည်းထဲမှာ ရောဂါပိုးတွေအပြင် မှိုရောဂါပိုးတွေပါ အောင်းနေပြီး ပွားလာတဲ့အခါ ပွေး၊ ဝဲ၊ ညှင်း၊ နှင်းခူအပြင် တခြား အရေပြားမှိုစွဲတဲ့ ပြဿနာတွေ ကြုံလာရနိုင်ပါတယ်။ ၇။ လက်သည်း ကိုက်တတ်သူတွေဆိုရင်လည်း လက်သည်း ကြားထဲက ရောဂါပိုးတွေကို ဗိုက်ထဲ အလိုလို ရောက်အောင် တွန်းပို့လိုက်တာနဲ့ အတူတူပါပဲ။ ၈။ လက်သည်း အရှည်ထားခြင်းဟာ တစ်ကိုယ်ရေ သန့်ရှင်းမှု မရှိတဲ့ လူတွေမှာသာ တွေ့ရတတ်တဲ့ လက္ခဏာဖြစ်တာကြောင့် အရမ်း ကြည့်ရဆိုးစေသလို တခြားသူတွေရဲ့ အထင်သေးကဲ့ရဲ့ခြင်းကိုလည်း ခံရနိုင်ပါတယ် ဒါကြောင့် လက်သည်းနဲ့ ပတ်သက်လာရင် အရမ်း အလှအပ မက်နေတာ၊ အပျင်းကြီးနေတာမျိုး မလုပ်ဘဲ ပုံမှန်လေး ညှပ်ပေးဖို့တော့ လိုမယ်နော်။ လက်သည်းလေးက ရှည်နေလေလေ အထဲမှာ ရောဂါပိုးတွေ အများကြီး အောင်းနေနိုင်ပြီး ကိုယ့်ကျန်းမာရေးကို ပြန် ဒုက္ခပေးလာနိုင်တယ်ဆိုတာကို လုံးဝ မမေ့ဖို့ ထပ်ပြီး အကြံပေးလိုက်ချင်ပါတယ်။


by | 29 Mar 2022

မနက်ခင်း အိပ်ရာနိုးလာတဲ့အချိန် ခေါင်းအုံးမှာ သွားရည်တွေ ပေကျံနေတာမျိုးကို လူတော်တော်များများ ကြုံဖူးကြပါလိမ့်မယ်။ သူငယ်ချင်းအပေါင်းအသင်းတွေနဲ့ ခရီးသွားလို့ပဲဖြစ်ဖြစ် တွေ့သွားရင် အနည်းနဲ့အများရှက်စရာကောင်းသလို ကျန်းမာရေးရှုထောင့်ကကြည့်ရင်လည်း ခွျတ်ယွင်းနေတယ်လို့ ယေဘုယျအားဖြင့် ယူဆလို့ရပါတယ်။ တစ်ညတစ်လေလောက် ဖြစ်တာဆိုရင် ပြဿနာမရှိပေမဲ့ ဒီအခြေအနေက ညတိုင်း နဲ့ အလွန်အကျွံဖြစ်လာမယ်ဆိုရင်တော့ ရောဂါတစ်ခုခုကြောင့် ဖြစ်နေနိုင်သလို အိပ်စက်မှုဆိုင်ရာ ပြဿနာတစ်ခုခုရှိနေနိုင်တာဖြစ်နိုင်ပါတယ်။ ဒီတော့ ဘာတွေကြောင့် အိပ်နေတုန်း သွားရည်ကျရတာလဲ။ ဘယ်လို သက်သာအောင် လုပ်ရမလဲဆိုတာကို ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်နော်။ အိပ်နေစဉ် သွားရည်ကျရတာက ဘာကြောင့် ဖြစ်ရတာလဲ? အိပ်နေတဲ့အခါ မျက်နှာက ကြွက်သားတွေက ပြေလျော့သွားပါတယ်။ ဒီလို ပြေလျော့တာကြောင့် မျိုချတာတွေ၊ ထွေးထုတ်တာတွေကို မလုပ်တော့သလို ပါးစပ်ကို အနည်းငယ် ပွင့်စေပြီး သွားရည်တွေ ပါးစပ် အပြင်ဘက် ထွက်ကျမလာအောင် ထိန်းပေးတာမျိုးလည်း မရှိတော့ပါဘူး။ဒီတော့ အိပ်ပျော်နေစဉ်အတွင်း ပါးစပ်ထဲမှာ သွားရည်တွေ စုပုံလာပြီး ထိန်းထားနိုင်တဲ့ ပမာဏ ကျော်လာတဲ့အခါ ပါးစပ်ကနေတဆင့် ပြင်ပကို စီးကျလာတာပါ။ အိပ်နေစဉ် သွားရည်ကျစေရတဲ့ အကြောင်းအရင်းများ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ တအားအိပ်မောကျသွားလို့လို့ ယူဆကြတာ များပေမယ့် တကယ်တမ်းကတော့ အိပ်နေစဉ်မှာ သွားရည်ကျတာဟာ ဒီအချက်တွေကြောင့်လည်း ဖြစ်နေနိုင်ပါတယ်။ • တံထွေးတွေ အလွန်အကျွံထွက်တဲ့ ပြဿနာ ခံစားနေရတာ • အာရုံကြောဆိုင်ရာ ရောဂါတစ်ခုခု ခံစားနေရတာ • နှာခေါင်းပိတ်တာ • အိပ်နေစဉ် အသက်ရှူရပ်တန့်တာ • လေဖြတ်တာလိုမျိုး ကျန်းမာရေး ပြဿနာတွေ ရှိနေတာကြောင့်ပါ။ အိပ်နေစဉ်မှာ သွားရည်ကျတာကို သက်သာစေဖို့ဆိုရင် ခေါင်းအုံးမြင့်မြင့် အုံးပါ။ အိပ်နေစဉ်မှာ ခေါင်းကို ခေါင်းအုံးမြင့်မြင့်လေး အုံးတာက အိပ်နေစဉ် သွားရည်ကျတာကို သက်သာစေနိုင်ပါတယ်။ ခေါင်းအုံးကို မအိပ်ခင်ကတည်းက ခပ်မြင့်မြင့်လေးဖြစ်အောင် ဂရုစိုက်ပြီး သက်တောင့်သက်သာဖြစ်အောင် အိပ်စက်ပါ။ အိပ်စက်မှုပုံစံ ပြောင်းလဲပါ။ အိပ်စက်မှုပုံစံ မမှန်တာကလည်း အိပ်နေစဉ်မှာ သွားရည်ကျတာကို ဖြစ်စေနိုင်ပါတယ်။ များသောအားဖြင့် မှောက်အိပ်သူတွေမှာ သွားရည်ကျတာက အဖြစ်များပါတယ်။ ဒါကြောင့် မှောက်မအိပ်ဘဲ ဘေးစောင်းအိပ်တာ၊ ပက်လက်အိပ်တာမျိုး အိပ်စက်ကြည့်ပါ။ နှာခေါင်းပိတ် မနေစေဖို့ ဂရုပြုပါ။ နှာခေါင်းပိတ်တာက သွားရည်ကျစေတဲ့ အကြောင်းအရင်းတွေထဲက တစ်ခုပါ။ နှာခေါင်းပိတ်တဲ့အခါ ပါးစပ်ကနေ အသက်ရှူရင်း သွားရည်ကျတာကို ဖြစ်စေပါတယ်။ ဒါကြောင့် နှာခေါင်းပိတ်နေတယ်ဆိုရင် • ရေနွေးနဲ့ ရေချိုးတာ • ဆားရည်နဲ့ နှာခေါင်းထဲ အစက်ချတာ • ရေနွေးငွေ့ရှူတာမျိုး လုပ်ပေးပါ။ ကိုယ်အလေးချိန် ထိန်းပါ။ ရှိသင့်တဲ့ ကိုယ်အလေးချိန်ထက် ပိုများနေတာက အိပ်စက်မှုကို အနှောင့်အယှက်ဖြစ်စေပါတယ်။ အဝလွန်နေသူတွေက အိပ်နေစဉ်မှာ ပုံမှန်ထက် သွားရည်ပိုကျတတ်ပါတယ်။ ဒါကြောင့် ကိုယ်အလေးချိန်ကို ပုံမှန် အခြေအနေမှာ ထိန်းသိမ်းပါ။


by | 28 Mar 2022

နွေရာသီရဲ့ တကယ့်ကို အပူပြင်းဆုံးအချိန်ကာလကို တဖြည်းဖြည်း ချဉ်းနင်းဝင်ရောက်လာနေပါပြီ။ အပူရှိန်ဟာ တဖြည်းဖြည်းမြင့်တက်လာနေပြီမို့ နေအိမ်မှာ နေရထိုင်ရတာကလည်း သက်သောင့်သက်သာ အနေအထားတော့ မဟုတ်လှပါဘူး။ ဒီလိုပူပြင်းတဲ့နွေရာသီမှာ ကျန်းမာရေးနဲ့ ညီညွတ်စွာနေထိုင်နိုင်ဖို့ အလွန်လိုအပ်ပါတယ်။ ရာသီဥတုပူပြင်းတာမို့ ရောဂါဘယကူးစက်နိုင်ခြေမြင့်မားပြီး အရေပြားရောဂါတွေ၊ နေလောင်တာ၊ လေဖြတ်တာနဲ့ ရေဓာတ်ဆုံးရှုံးနိုင်တာတွေ ဖြစ်နိုင်ခြေမြင့်မားလှပါတယ်။ ဒီအခြေအနေတွေကို ရှောင်လွှဲနိုင်ဖို့ဆိုရင် အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကျန်းမာအောင် ကိုယ့်ကိုယ်ကို စောင့်ရှောက်ပြုစုနိုင်ပါတယ်။ ၁။ ရေဓာတ်မဆုံးရှုံးပါစေနဲ့ နွေရာသီမှာ ရေဓာတ်မဆုံးရှုံးဖို့က အဓိကပါပဲ။ ရေများများသောက်ပေးဖို့ ဂရုစိုက်ပါ။ အထူးသဖြင့် မိုးလင်းတာနဲ့ ရေ ၂ ဖန်ခွက် ကနေ ၄ ဖန်ခွက်လောက်အထိ သောက်ထားပေးပါ။ လေ့ကျင့်ခန်းလုပ်ပြီးတိုင်းလည်း အဆိုပါပမာဏအတိုင်း သောက်ပေးပါ။ တစ်နေ့တာအတွက် ရေ ၈ ခွက်ကနေ ၉ ခွက်ဝန်းကျင်အထိ သောက်ပေးဖို့ လိုအပ်ပါတယ်။ ဘယ်သွားသွား ရေဘူးဆောင်သွားဖို့လဲ မမေ့ပါနဲ့။ ၂။ လေ့ကျင့်ခန်းအလွန်အကျွံမလုပ်ပါနဲ့ အေရိုးဗစ်လို လေ့ကျင့်ခန်းမျိုးတွေ ကိုယ်တွင်း အပူချိန် ထိန်းညှိဖို့နဲ့ နှလုံးကျန်းမာဖို့အတွက် အရမ်းကို အထောက်အကူပြုတဲ့ နည်းလမ်းတွေဖြစ်ပါတယ်။ ကိုယ်က နေ့စဉ်လေ့ကျင့်ခန်းလုပ်နေကြလူမျိုးဆိုရင် ပေါ့ပါးတဲ့လေ့ကျင့်ခန်းမျိုးတွေ၊ ယောဂလိုလေ့ကျင့်ခန်းမျိုးတွေပဲ လုပ်ပါ။ အလွန်အမင်းပြင်းထန်တဲ့ေ့လကျင့်ခန်းတွေဟာ ပူပြင်းတဲ့ရာသီဥတုတွေနဲ့ မသင့်လျော်ပါဘူး။ ၃။ အာဟာရပြည့်ဝအောင် စားသောက်ပါ အစားအသောက် မှီဝဲရာမှာ အာဟာရပြည့်ဝစေဖို့ အဓိကထားရပါမယ်။ ကိုယ်အလေးချိန် လျှော့ချနေသူတွေအနေနဲ့ Diet စတိုင်နဲ့ စားသောက်တာမျိုးတွေကို တတ်နိုင်သမျှ လျှော့ချပြီး အာဟာရမျှတစွာစွားသောက်သင့်တဲ့အချိန်ဖြစ်ပါတယ်။ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အသင့်စားအစားအသောက်တွေထက် အသီးအနှံတွေကို ပိုမိုမှီဝဲတာကလည်း ကောင်းမွန်တဲ့ နည်းလမ်းဖြစ်ပါတယ်။ ၄။ အသားအရည် ထိမ်းသိမ်းပါ ကိုယ်က လှလှပပမနေတတ်ရင်တောင်မှ အရေပြားခြောက်သွေ့ပြီး အရေပြားရောဂါတွေ မဖြစ်ပေါ်စေဖို့ Sun Cream လို Moisturizer လို အရာမျိုးတွေ သုံးပေးဖို့ လိုအပ်မှာပါ။ ခုလို ပူပြင်းခြောက်သွေ့တဲ့ရာသီမျိုးမှာ တစ်နေ့ကို ၃ ကြိမ်လောက် အရေပြားစိုစွတ်အေးမြစေမယ့် ခရင်မ်မျိုးတွေ လိမ်းပေးဖို့ လိုအပ်မှာဖြစ်ပါတယ်။ ၅။ ပေါ့ပေါ့ပါးပါး အဝတ်အစားများကို ဝတ်ဆင်ပါ။ အင်္ကျီအရောင်ဖျော့ဖျော့၊ ပွပွချောင်ချောင်တွေ ဝတ်ပါ၊ အနက်ရောင်တို့လို အရောင်ရင့်ရင့်တွေက အပူစုပ်တာကြော့် အဖြူရောင်၊ အပြာဖေျာ့ဖျော့တို့လို အရောင်ဖေျာ့ဖျော့အကျီတွေ ဝတ်ဆင်ပေးပါ။ အင်္ကျီတွေကို ခပ်ကျပ်ကျပ်ဝတ်ဆင်တာက ခန္ဓာကိုယ်အပူချိန်ကို တိုးစေနိုင်ပါတယ်။ ၆။ ထိခိုက်ဒါဏ်ရာ ရရင် ဂရုစိုက်ပါ ပူတဲ့ကာလတွေမှာ ထိခိုက်ဒါဏ်ရာတွေ၊ အနာတွေကို ကုသရတာ ပိုပြီး လက်ဝင်ပါတယ်။ သွေးပိုထွက်လာနိုင်တာမျိုးဖြစ်နိုင်သလို ပိုးမွှားတွေ ကူးစက်နိုင်ခြေလည်းများပါတယ်။ first aid kit တွေကို ကြိုတင်ဆောင်ထားသင့်သလို လိုအပ်မယ့် ဆေးဝါးမျိုးတွေကိုလည်း ကြိုတင်စုဆောင်းသိမ်းဆည်းထားသင့်ပါတယ်။


by | 25 Mar 2022

လူတိုင်းကတော့ ဘာမှလုပ်စရာ မရှိရင် တစ်ခုခုကို ထိုင်တွေးနေတာပါပဲ။ အဲဒီအတွေးတွေက တစ်ခုပြီး တစ်ခု ဆင့်ပွားလာရာကနေ ကိုယ့်စိတ်ကို ဒုက္ခဖြစ်စေနိုင်လောက်တဲ့ မကောင်းတဲ့ အတွေးတွေဘက်ကို ရောက်သွားတတ်ပါတယ်။ လူဆိုတဲ့ အမျိုးက ကောင်းတာတွေဆိုရင် သိပ်သတိမထားမိပေမဲ့ မကောင်းတဲ့ အတွေးတွေဆိုရင်တော့ ခေါင်းထဲက ဆွဲထုတ်မရအောင် သိမ်းထားတတ်ပါတယ်။ ဒီလိုအခြေအနေကိုတော့ အတွေးလွန်ခြင်း(Overthinking) လို့ ခေါ်ပါတယ်။ Overthinking ဖြစ်တဲ့သူတွေဟာ များသောအားဖြင့် ဝမ်းနည်းပူဆွေးစရာ၊ ကြောက်မက်ဖွယ်ရာ၊ ဖြစ်ဖူးခဲ့တဲ့ အတိတ်တွေနဲ့ မဖြစ်လာသေးတဲ့ အကြောင်းအရာတွေကိုပဲ စိတ်ထဲက တွေးနေမိပြီး ဒီအတွေးထဲကနေလည်း ဘယ်လိုမှ ရုန်းမထွက်နိုင်တော့တာ၊ တခြားအရာတွေကို မစဉ်းစားမိတော့တာ၊ အလုပ်ပျက်၊ အအိပ်ပျက်၊ အစားပျက်နဲ့ တဖြည်းဖြည်း စိတ်ရော ကိုယ်ပါ ကျန်းမာရေးအခြေအနေ ဆိုးရွားလာနိုင်ပါတယ်။ ဘယ်လိုအခြေအနေကြောင့် ဖြစ်လာရတာလဲ အတိတ်မှာ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာမှာ ပြင်းထန်တဲ့ ထိခိုက်တုန်လှုပ်မှုကြီး ဖြစ်ခဲ့ဖူးတာ၊ နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှုကို ဖြစ်စေတဲ့ အရာတွေ၊ လူတွေနဲ့ နေ့စဉ် ရင်ဆိုင်ဆက်ဆံနေရတာ၊ အရာရာကို ပြီးပြည့်စုံဖို့၊ စင်းလုံးချော မှန်စေချင်တဲ့ ပင်ကိုယ်စရိုက်ရှိတာနဲ့ တခြားသူတွေရဲ့ ဘဝဇာတ်ကြောင်းကို အလွန်စိတ်ဝင်စားခြင်း၊ တခြားသူအစား ပူပန်ပေးတတ်တာလိုမျိုး အမူအကျင့်တွေ ရှိတဲ့သူတွေမှာ လိုတာထက်ပိုပြီး တွေးတာ၊ အတွေးထဲမှာ ချောင်ပိတ်မိတဲ့ အကျင့်တွေ ဖြစ်လာမယ်။ တဖြည်းဖြည်း မကုသဘဲ ထားထားမယ်ဆိုရင် ကိုယ့်ရဲ့ အလုပ်ခွင်မှာရော လူမှုရေး၊ မိသားစုမှာပါ အဆင်မပြေမှုတွေ ကြုံလာမယ်။ နောက်ဆက်တွဲအနေနဲ့ စိတ်ကျရောဂါအပြင် စိတ်ကျန်းမာရေးမှာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။ အတွေးလွန်တတ်တဲ့ သူတွေမှာ အတွေ့များတဲ့ အမူအကျင့်တွေ • တစ်ခုခုကိုတွေးနေရင်း ပိုပြီးဝမ်းနည်းပူဆွေးလာတာ၊ ဒေါသထွက်တာ၊ စိတ်ဓာတ်ကျလာတာ • အရာရာကို မကောင်းမြင်လာတာ၊ အပြစ်မြင်စိတ်တွေ ပိုများလာတာ • ဖြစ်နေတဲ့ ပြဿနာကို အဖြေရှာမရဘဲ အတွေးထဲမှာပဲ အချိန်ကုန်ဆုံးသွားတာ • အတွေးထဲ စိတ်ရောက်နေပြီး လက်တွေ့ဖြေရှင်းဖို့ စိတ်အားထက်သန်မှု မရှိတော့တာ • ကိုယ့်ရှေ့မှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို အာရုံမစိုက်နိုင်တော့တာ • အတွေးလွန်မှုကြောင့် စိတ်ဖိစီးမှုတွေ ပိုခံစားလာရတာ၊ ပြဿနာတွေ ပိုဖြစ်လာတာ စတဲ့ ပြဿနာတွေကို တွေ့နိုင်ပါတယ်။ အတွေးလွန်ခြင်းကို ဘယ်လို ထိန်းချုပ်ကြမလဲ။ ကိုယ့်ကိုယ်ကိုယ် မရပ်မနား တွေးနေမိတယ်၊ ကိုယ်တွေးနေတဲ့ အရာတွေကလည်း ကိုယ့်စိတ်နဲ့ ခန္ဓာကိုယ်ကို ဒုက္ခဖြစ်စေနိုင်တဲ့အရာတွေမှန်း ရိပ်မိလာပြီဆိုရင် ဒါကိုပဲ ထိန်းချုပ်ဖို့ လိုအပ်ပါတယ်။ အဲ့အတွက် အကောင်းဆုံးနည်းလမ်းတွေကတော့ ၁။ ကိုယ်တစ်ခုခုကို စတွေးမိပြီဆိုတာနဲ့ တွေ့ရာအလုပ်တစ်ခုလုပ်ပါ။ ရုံးအလုပ်မှ မဟုတ်ပါဘူး။ အိမ်အလုပ်ပဲဖြစ်ဖြစ်၊ ဖုန်းသုံးတာဖြစ်ဖြစ်၊ အိပ်လိုက်တာ၊ လမ်းထလျှောက်တာ၊ ပြေးလိုက်တာ အကုန်လုပ်လို့ ရပါတယ်။ အဓိက တွေးနေမယ့်ကိုယ့်စိတ်ကို အလုပ်တစ်ခုခု ပေးခြင်းဖြင့် အာရုံလွှဲလိုက်တာပါပဲ။ ၂။ ပြဿနာတစ်ခုခု ဖြစ်ရင် ဒါကိုထပ်တလဲလဲ မတွေးပါနဲ့။ ဘယ်လိုဖြေရှင်းရမလဲဆိုတာကိုသာ လက်တွေ့စဉ်းစားပါ။ ပြဿနာတိုင်းဟာ ရှောင်ပြေးရင်၊ စိတ်ထဲမှာ ကျိတ်ခံစားနေရုံနဲ့ မပြီးသွားပါဘူး။ ဖြေရှင်းလိုက်မှ၊ အမှားကို တောင်းပန်လိုက်မှသာ ဒီဝန်ထုပ်ဝန်ပိုးစိတ်က ငြိမ်းအေးသွားမှာပါ။ ၃။ ကိုယ်တွေးနေတဲ့အရာတွေက ကိုယ့်စိတ်ကို ပင်ပန်းစေတဲ့ မကောင်းတဲ့အရာတွေကို လက်ခံပါ။ ဒီအချက်ကို မငြင်းပါနဲ့။ အတိတ်မှာ မှားခဲ့တာတွေ ရှိရင်လည်း ကိုယ်မှားခဲ့သူကို တောင်းပန်ပါ။ စိတ်ထဲမှာ ကိန်းအောင်းနေတဲ့ နောင်တတွေ၊ အပြစ်တင်စိတ်တွေ၊ ယူကြုံးမရဖြစ်တဲ့စိတ်တွေ အကုန်လုံးကို သင်ပုန်းချေနိုင်ဖို့ ကြိုးစားပါ။ ၄။ စိတ်က မကောင်းတဲ့အရာတွေကို တွေးဖို့ စတင်လိုက်ပြီဆိုတာနဲ့ ဒီအတွေးတွေကို အမြန်ဖျောက်ပြီး လက်ရှိအချိန်၊ အနာဂတ်အချိန်တွေကို ပြန်လည်မှန်းဆကြည့်ပါ။ ပြီးသွားခဲ့တဲ့ အတိတ်တွေကို တမ်းတပူဆွေးနေရတာထက် လက်ရှိအချိန်ကို အကောင်းဆုံးဖြစ်အောင် ကြိုးစားမှ သာယာအေးချမ်းတဲ့ အနာဂတ်ကို ပိုင်ဆိုင်ရမှာပါ။ ၅။ အမြဲတမ်း ကိုယ့်ကိုယ်ကိုယ် မကောင်းမြင်တဲ့ စိတ်ကို လျှော့ပါ။ ကိုယ့်မှာ ရှိတဲ့ ကောင်းတဲ့အရာတွေ၊ မိသားစုဝင်တွေ၊ သူငယ်ချင်းတွေ၊ ကိုယ်အကူအညီလိုအပ်တိုင်း ဘေးမှာ ရှိခဲ့တဲ့သူတွေအားလုံးကို ပြန်သတိရပါ။ ဘယ်သူမှမရှိခဲ့ရင်လည်း ကိုယ့်ဆီမှာ ကိုယ်တစ်ယောက်လုံး ရှိနေတာကို ပြန်တွေးပြီး ဘဝကို ရှေ့ဆက်လှမ်းပါ။ ၆။ စိတ်ထဲမှာ အတွေးတစ်ခုခု ဖြစ်လာပြီဆိုရင် ကိုယ့်မိသားစုဝင် ဒါမှမဟုတ် ကိုယ်ယုံကြည်ရတဲ့ သူငယ်ချင်းမိတ်ဆွေတွေကို ပြောပြကြည့်ပါ။ အနည်းဆုံးတော့ အဖြေရှာမရခဲ့ရင်တောင် ကိုယ်တစ်ယောက်တည်း စိတ်ထဲမှာ ကြိတ်ခံစားနေရတာ မဟုတ်တဲ့အတွက် ရင်ထဲ နည်းနည်းတော့ ပေါ့သွားမှာပါ။ ၇။ စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြန်စုစည်းဖို့ တရားထိုင်တာ၊ ယောဂကျင့်တာ၊ အသက်ရှူလေ့ကျင့်ခန်းလုပ်တာ စတဲ့ လေ့ကျင့်ခန်းတွေကို လုပ်ပေးလို့ ရပါတယ်။ မိမိရဲ့ စိတ်နဲ့ အမူအကျင့်ကို ကိုယ်တိုင် ပြင်ဆင်နိုင်မှ ကိုယ့်ရဲ့ မလိုလားအပ်တဲ့ စိတ်ကျန်းမာရေးပြဿနာတွေ မဖြစ်ရတော့ဘူးပေါ့။ ကိုယ့်ကိုယ်ကိုယ် ဖျောက်လို့ မရဘူး၊ အကူအညီလိုအပ်တယ်လို့ ဆုံးဖြတ်ချက်ချထားရင်တော့ နားလည်တတ်ကျွမ်းတဲ့ စိတ်ရောဂါကုထုံးပညာရှင်တွေနဲ့ တိုင်ပင်ပြီး စိတ်ကုထုံး လုပ်ကြည့်တာ အကောင်းဆုံးပါပဲ။


by | 23 Mar 2022

ခုလိုမျိုး မိုးတွေ သည်းသည်းမည်းမည်းရွာပြီဆိုရင် ငယ်ငယ်တည်းက မိုးရေထဲ ပြေးလွှားကြ၊ ပျော်ခဲ့ကြတယ် မဟုတ်လား။ တချို့မိဘတွေကတော့ အအေးမိမှာစိုး၊ ထိခိုက်မှာစိုးပြီး ပေးမထွက်ကြဘူးလေ။ အနောက်နိုင်ငံတွေမှာတော့ မိုးရေကို အိမ်သုံးအဖြစ် သုံးတဲ့ အလေ့အထရှိပေမယ့် မိုးရေထွက်ချိုးတဲ့ အလေ့အထမျိုးတော့ နည်းပါးလှပါတယ်။ ဒါပေမယ့် အာရှဒေတွေမှာတော့ မိုးရေထွက်ချိုးတယ်ဆိုတာဟာ ငယ်ဘဝအမှတ်တရတွေကြားထဲက ရှင်းလင်းပြတ်သားလွန်းလှတဲ့ ပုံရိပ်တချို့လို့တောင်ဆိုလို့ရပါတယ်။ ဒါ့ကြောင့်မို့ မိုးရေကနေ ရမယ့် အကျိုးကျေးဇူးတွေ အကြောင်းကို ပိုပြီးသိချင်လာမိတာပေါ့။ မိုးရာသီ ရဲ့ ပျော်စရာ တစ်ခုအဖြစ် မိုးရေချိုးခြင်းက ထိပ်ဆုံးက ပါဝင်နေတာပဲလေ။ မိုးရေချိုးတယ် ဆိုတာ မိုးထဲ ပြေးထွက်ပြီး ချိုးတာချည်းပဲ မဟုတ်ပါဘူး။ ရေတံလျှောက်နဲ့ ရေခံထားတဲ့ မိုးရေကို ချိုးတာလည်း အတူတူပါပဲ။ ဘယ်လိုပဲ ချိုးချိုး မိုးရေ ကြောင့် ရရှိလာမယ့် အကျိုးကျေးဇူး တချို့ကို လက်လှမ်းမီသလောက် ဖော်ပြပေးလိုက်ပါတယ်။ မိတ် ပျောက်တယ် ဒါက လူသိအများဆုံး အကျိုးကျေးဇူးတစ်ခုပါ။ နွေတုန်းက အပူဒဏ်ကြောင့် အရေပြားမှာ ဖြစ်နေတဲ့ မိတ်တွေကို အမြန်ဆုံး သက်သာသွားစေတာ မိုးရေ ပါပဲ။ မိုးရေချိုးလိုက်ရင် မိတ်ကြောင့် ယားယံနေတာတွေ သက်သာပြီး ချပ်ရပ်စေမယ်၊ အသားအေးသွားပါလိမ့်မယ်။မိတ်ဖုတွေ ကနေ ကျန်ရစ်ခဲ့တဲ့ အမာရွတ်တွေကိုလည်း မိုးရေ ကြောင့် တဖြည်းဖြည်း လျော့ပါး သက်သာသွားစေနိုင်ပါတယ်။ အရေပြား ကို သန့်စင်စေတယ် မိုးရေ ရဲ့ မူလသဘာဝ ကိုက soft water ဖြစ်တဲ့ အပျော့စားရေ ဖြစ်ပြီး ရေထုညစ်ညမ်းမှု ပိုနည်းပါတယ်။ မိုးရေနဲ့ ချိုးတဲ့အခါ အသားအရေမှာ ပိုပြီး သန့်စင်တာ၊ ပိုလန်းဆန်းစေတာ ခံစားမိမှာပါ။ ပန်းကန် ဆေးကြော၊ အဝတ်လျှော်တဲ့ အခါပဲ အရင်စမ်းကြည့်ပါ၊ ဆပ်ပြာ သိပ်မလိုဘဲ ပိုသန့်စင်လွယ်တာ ကို သတိထားမိပါလိမ့်မယ်။ မိုးရေနဲ့ မျက်နှာသစ်ရင် ဘက်တီးရီးယားတွေ ဖယ်ရှားနိုင်ပြီး ဝက်ခြံတောင် ကာကွယ်နိုင်တယ် လို့ သိရပါတယ်။ အကြောအခြင် ပြေစေတယ် အကြောတက်နေရင် ခြေထောက် ကို ရေလောင်း ကြတယ် မဟုတ်လား။ မိုးရေချိုးပြီးတဲ့ အခါ အကြောတွေ ပြေပြီး တစ်ကိုယ်လုံး အေးအေးလေး နဲ့ နေလို့ ကောင်းသွားပါလိမ့်မယ်။ ဒါလည်း မိုးရေချိုးခြင်း ရဲ့ ကောင်းကျိုး တစ်ခု ပါပဲ။ စိတ်ဖိစီးမှု ကို ပြေလျော့စေတယ် စိတ်တွေ ညစ်ရင် ထီး မပါဘဲ မိုးရေထဲ လျှောက်သွားကြတာ တွေ့ဖူးတယ် ဟုတ်။ မိုးရွာထဲ လမ်းလျှောက်ကြတာ တွေ ရုပ်ရှင်ထဲတော့ တွေ့ရတာ ပိုများတာပေါ့။ မိုးရေချိုးတဲ့ အခါ စိတ်ထဲ ပေါ့ပါးပြီး လန်းဆန်းစေပါတယ်။ သတိထားသင့်တဲ့ အချက်တွေက – • မုတ်သုံ ရဲ့ ပထမဆုံး မိုးကို သတိထားရပါမယ်။ ပထမဆုံး ရွာသွန်းတဲ့ မိုးရေဟာ လေထုတွင်း ညစ်ညမ်းမှုတွေ အများကြီးပါနေနိုင်ပါတယ်။ ဒီလို မိုးရေကို မသောက်သုံးသင့်၊ မချိုးသင့်ပါဘူး။ • မုန်တိုင်းကြောင့် ရွာတဲ့မိုးဆိုရင် မိုးနဲ့အတူ လေပါ ပါနိုင်တာကြောင့် သစ်ပင်ကြီးတွေနဲ့နီးတဲ့နေရာ သို့မဟုတ် ဆွေးမြေ့နေတဲ့အဆောက်အအုံတွေနားမှာ ရေမချိုးသင့်ပါဘူး။ • မိုးရေခံတဲ့ စနစ်ကို သန့်ရှင်းအောင် စနစ်တကျ စီမံထားသင့်ပါတယ်။ မိုးရေ က သန့်နေလည်း ခေါင်မိုးပေါ်နဲ့ ရေတံလျှောက်တွေမှာ အမှိုက်တွေ ရှိနေတာမျိုးက ရသမျှ မိုးရေတွေကို ညစ်ညမ်းစေပါတယ်။ • ရာသီ အကူးအပြောင်း မှာ ဖြစ်တတ်တဲ့ အအေးမိခြင်း ကို သတိပြုပါ။ မိုးရေ ချိုးချင်ပေမယ့် ကိုယ်က အအေးမိမှာ စိုးတယ်ဆိုရင် မိုးရေကို ကျိုထားတဲ့ ရေနွေးလေး နဲ့ စပ်ပြီး ချိုးလို့ ရပါတယ်။ • ဒီတိုင်း ချိုးလည်း သိပ်အကြာကြီး မချိုးဘူးဆိုရင် အအေးမမိလောက်ပါဘူး။ ပြီးရင် မိုးရေနဲ့ကျိုချက်ထားတဲ့ ရေနွေးကြမ်း ပူပူလေး သောက်လိုက်ပေါ့။ သဘာဝကပေးတဲ့ ရေအရင်းအမြစ်ကို နည်းလမ်းမှန်နဲ့ ကောင်းကောင်း အသုံးချနိုင်ကြပါစေရှင့်။


by | 22 Mar 2022

ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာကြားဖူးကြလား? Androphobia ဆိုတဲ့ စကားလုံးဟာ ‘မဟာ ဣတ္ထိယ’ ဝါဒီတွေ ( feminist ) လိင်တူချစ်သူ အမျိုးသမီးတွေရဲ့ အခွင့်အရေး လှုပ်ရှားမှုကနေ ပေါ်ပေါက်လာတဲ့ စကားစုတစ်ခုဖြစ်ပါတယ်။ မိန်းမကြောက်ရောဂါ (Gynophobia) ရဲ့ တိုက်ရိုက်ဆန့်ကျင်ဘက် သဘောဖြစ်ပါတယ်။ ဒါပေမဲ့ သိထားရမှာက ယောင်္ကျားကြောက်ရောဂါ (Androphobia) ဆိုတာဟာ အမျိုးသမီးတွေဆီမှာသာမကဘူး အမျိုးသားတွေမှာလည်း ဖြစ်နိုင်တဲ့ စိတ်ဝေဒနာတစ်မျိုးဆိုတာပါပဲ။ ယောင်္ကျားကြောက်ရောဂါ (Androphobia) ခံစားနေရသူတွေမှာ စိတ်ပိုင်းဆိုင်ရာ လက္ခဏာမျိုးစုံပြသနိုင်ပါတယ်။ အထူးသဖြင့်တော့ • အမျိုးသားတစ်စုံတစ်ယောက်ကို မြင်တွေ့ရတဲ့အခါ ဒါမှမဟုတ် တွေးတောမိတဲ့အခါမျိုးတွေမှာ ရုတ်ချည်းဆိုသလို အလွန်အမင်း ထိတ်လန့်တာ၊ ရှက်ရွံ့တာ၊ စိတ်သောကရောက်တာမျိုးတွေ ခံစားရမယ်၊ • ချဲ့ကားတွေးတောမိတာ၊ ယုတ္တိယုတ္တာမရှိကြောင်း သိပေမယ့် အဆိုပါ အခြေအနေကို ထိမ်းချုပ်နိုင်ခြင်းမရှိတာ၊ • ရုပ်ပိုင်းဆိုင်ရာအရ နီးကပ်နေချိန်မျိုးမှာ အလွန်အမင်း စိတ်သောကရောက်တာ၊ စိတ်ပင်ပန်းနေမိတာ၊ အဆိုပါစိတ်ခံစားချက်မျိုးတွေ ပိုပိုဆိုးရွားလာနေတာ၊ • အမျိုးသားတွေနဲ့ ကြုံဆုံရမယ့် အခြေအနေတွေကို တမင်တကာ ရှောင်လွှဲနေတတ်တာ၊ • အမျိုးသားတွေအပေါ် ကြောက်ရွံ့တဲ့၊ စိုးရိမ်တဲ့ စိတ်ကြောင့် နေ့စဉ်လူနေမှု ဘဝမှာ အခက်အခဲတွေ မကြာခဏ ရင်ဆိုင်နေရတာ၊ • အမျိုးသားတွေနဲ့ ကြုံဆုံရတိုင်း ဇောချွေးပျံတာ၊ နှလုံးခုန်နှုန်းမြန်တာ၊ အသက်ရှုကြပ်တာ၊ အသက်ရှုရခက်တာ၊ မအီမသာဖြစ်တာ၊ အန်ချင်တာလိုမျိုး ရုပ်ပိုင်းဆိုင်ရာ လက္ခဏာတွေ ပြသလာတတ်တာမျိုးတွေဖြစ်နိုင်ပါတယ်။ ဒီဝေဒနာမျိုးဟာ ငယ်ရွယ်စဉ်ကလေးဘဝမှာကတည်းက ရှိနေနိုင်ပြီး တစ်ချို့သော ကလေးငယ်တွေဟာ အမျိုးသားတွေ အနီးနားမှာရှိနေရင် မိခင်ဖြစ်သူအနားကနေ ခွာဖို့ ငြင်းဆန်တတ်တာ၊ တောက်တဲ့ကပ် ကပ်နေတတ်တာ၊ အပြင်းအထန် အော်ဟစ်ငိုကြွေးတတ်တာ၊ အကြီးအကျယ် ပေါက်ကွဲဒေါသထွက်တာမျိုး လက္ခဏာတွေပြသတတ်ပါတယ်။ ဘာကြောင့် ဒီဝေဒနာ ခံစားရတာလဲ ဒီဝေဒနာဘာကြောင့် ခံစားရလဲဆိုတာနဲ့ ပတ်သက်ပြီး တိကျရေရာတဲ့ အဖြေမရှိသေးပါဘူး။ လက်ရှိအချိန်အထိ သိပ္ပံဆိုင်ရာ ဆန်းစစ်မှုတွေ၊ လေ့လာချက်တွေအရဆိုရင်တော့ အောက်ပါအချက်တွေကြောင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) ဖြစ်နိုင်တယ်လို့ သိထားရပါတယ်။ ဒါတွေကတော့ • အတိတ်မှာ အမျိုးသားတွေနဲ့ အနှုတ်လက္ခဏာဆောင်တဲ့ အတွေ့အကြုံမျိုးတွေ ရှိခဲ့ဖူးတာ၊ • အလိုမတူပဲ အဓမ္မပြုကျင့်ခံခဲ့ရဖူးတာ၊ လိင်ပိုင်းဆိုင်ရာ နှောင့်ယှက်စော်ကားမှု ခံခဲ့ရဖူးတာ၊ • အမျိုးသားတွေရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ နှိပ်စက်မှုကို ကာလရှည်ခံစားခဲ့ရဖူးတာ၊ • မျိုးရိုးလိုက်တာ၊ • ပတ်ဝန်းကျင် အသိုင်းအဝိုင်းကြောင့် စိတ်အစွဲအလမ်းဖြစ်လာတာ၊ • ဦးနှောက်လုပ်ဆောင်ချက် ပြောင်းလဲသွားတာ စတဲ့ အကြောင်းအရင်းတွေကြောင့်ဖြစ်နိုင်ပါတယ်။ ဒီစိတ်ဝေဒနာမျိုးဟာ အမျိုးသမီးတွေမှာ အများဆုံး ခံစားရပြီး ငယ်ရွယ်တဲ့ အသက်အရွယ်မျိုးမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။ အထူးသဖြင့် ယောင်္ကျားကြောက်ရောဂါ (Androphobia) စတင်ဖြစ်ပွားတတ်တဲ့ အချိန်ဟာ အသက် ၁၀ နှစ်အောက် အရွယ်မှာဖြစ်ပါတယ်။ ဒါ့အပြင် သံသယလွန်ကဲတာ၊ ပတ်ဝန်းကျင်နဲ့ သဟဇာတမဖြစ်တ၊ အပြုသဘောမဆောင်တဲ့ စရိုက်လက္ခဏာမျိုးရှိတာ၊ မိသားစုရဲ့ အလွန်အမင်း ထိမ်းချုပ်မှုခံနေရသူတွေမှာ ဒီဝေဒနာ ဖြစ်နိုင်ချေပိုမြင့်မားပါတယ်။ ကုစားလို့ရနိုင်သလား အဖြေကတော့ အတန်ငယ် ရှုပ်ထွေးတယ်လို့ပဲ ဆိုရမှာပါ။ Androphobia ဖြစ်နေတယ်လို့ သံသယရှိနေရင် အလျှင်အမြန် ကုစားဖို့လိုအပ်ပါတယ်။ အကြောင်းကတော့ ဒီဝေဒနာခံစားနေရရင် နေ့စဉ်လူနေမှုဘဝနဲ့ ပေါင်းသင်းဆက်ဆံရေး နယ်ပယ်မှာ ထိခိုက်နစ်နာမှုတွေ၊ ရုံးကန်ရမှုတွေ ပိုမိုကြုံဆုံရနိုင်ဖို့ သေချာနေတာကြောင့်ဖြစ်ပါတယ်။ ဒါ့အပြင် လူမှုဆက်ဆံရေး အရည်အသွေးလည်း ကျဆင်းလာမှာဖြစ်သလို ပတ်ဝန်းကျင်နဲ့ ပိုမိုဝေးကွာသွားပြီး ကုသရပိုမိုခက်ခဲသွားနိုင်ပါတယ်။ အထူးသဖြင့် ကလေးငယ်တွေမှာ ဒီဝေဒနာစွဲကပ်နေရင် ငယ်ရွယ်စဉ်မှာတင် ကုသနိုင်ဖို့ ကြိုးပမ်းရမှာဖြစ်ပါတယ်။ ငယ်ရွယ်သူတွေအနေနဲ့ ဒီစိတ်ပိုင်းဆိုင်ရာပြဿနာကြီးကို ဘဝတစ်လျှောက်လုံး သယ်ဆောင်သွားရမယ်ဆိုရင် ကုသရာမှာ ပိုမိုခက်ခဲနိုင်တာကြောင့်ဖြစ်ပါတယ်။ ဘယ်လိုကုထုံးတွေနဲ့ ကုသမှုခံယူမလဲ။ လူမှုရေးရာဆိုင်ရာ ကြောက်ရွံ့မှုကို အခြေခံတဲ့ စိတ်ဝေဒနာဖြစ်တာကြောင့် ဒီကြောက်ရွံ့မှုနဲ့ပတ်သက်ပြီး ဝေဒနာရှင်ရဲ့ စိတ်ကိုထိန်းချုပ်နိုင်ဖို့၊ ကြောက်ရွံ့မှုကို ကျော်လွှားဖို့ စိတ်ကုထုံးတွေနဲ့ ကုသမှုခံယူရမှာဖြစ်ပါတယ်။ လူနာရဲ့ အခြေအနေကို သုံးသပ်ပြီးသွားတဲ့အခါမှာ စိတ်ကုထုံးဖြင့် စတင်ကုသပေးသွားမှာပါ။ ဒီကုထုံးတွေထဲမှာတော့ • Exposure Therapy (အမျိုးသား အသုံးအဆောင်များဖြင့် ရင်းနှီးစေခြင်း၊ ဓာတ်ပုံများကို ပြသခြင်း) • Cognitive Behavioral Therapy (ကြောက်ရွံ့မှုကို လက်တွေ့ရင်ဆိုင်ခြင်းဖြင့် ထိန်းချုပ်စေခြင်း) • Meditation ( စိတ်ငြိမ်အောင် တရားထိုင်ခြင်း ) ဖြင့် ကုသပေးနိုင်ပါတယ်။ များသောအားဖြင့် ကုသဖို့ ဆေးဝါးတွေမလိုအပ်ပါဘူး။ စိတ်ကိုငြိမ်အောင် ကိုယ်တိုင်ထိန်းချုပ်ပေးတဲ့ ကုထုံးနည်းလမ်းတွေကသာ အကောင်းဆုံးပါပဲ။ စိတ်ရှည်ပြီး ဆရာဝန်ပြောတဲ့လေ့ကျင့်ခန်းတွေ မှန်မှန်လုပ်မယ်၊ ရက်ချိန်းကို မှန်မှန်သွားပြီး ပြသမယ်ဆိုရင်တော့ ပျောက်ကင်းဖို့ ပိုလွယ်နိုင်ပါတယ်။


by | 21 Mar 2022

အစားစားပြီးချိန်မှာ အခုပြောမယ့် အပြုအမူတွေကို အလေ့အကျင့်တစ်ခုလို လုပ်မိနေလား၊ ဒါဆိုရင်တော့ အခုပဲပြင်လိုက်ပါလို့ပြောပါရစေနော်။ အကြောင်းကတော့ အမှတ်တမဲ့လုပ်မိနေတဲ့ အလေ့အထတွေကြောင့် ကျန်းမာရေးကိုထိခိုက်လာစေနိုင်တာကြောင့်ပါ။ အိပ်တာ အားလပ်ရက်နေ့လယ်နေ့ခင်းတွေမှာ ထမင်းစားပြီးတာနဲ့ တစ်ရေးလောက်ဆိုပြီး အိပ်မိနေတယ်ဆိုရင် မအိပ်ပါနဲ့။ ညဘက်တွေမှာလည်း ညစာကိုနောက်ကျမှစားပြီး အိပ်တာမျိုးမလုပ်ပါနဲ့။ ဒီလိုလုပ်တာက အစာခြေစနစ်ကို ဝန်ပိစေပြီး အစာမကြေတာမျိုးဖြစ်စေနိုင်တာကြောင့်ပါ။ ဒီလိုအိပ်လိုက်တဲ့အခါ အစာခြေအက်ဆစ်တွေက အစာအိမ်ထဲကနေတဆင့် အစာပြွန်ထဲကိုရောက်ရှိလာပြီး ရင်ပူတာမျိုးဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အကောင်းဆုံးက အစားစားပြီး ၂ နာရီကြာမှ အိပ်ဖို့ပါ။ ဆေးလိပ်သောက်တာ အစားတစ်ခုခုစားပြီးရင် ခံတွင်းချဉ်လို့ဆိုပြီးဆေးလိပ်လေးတစ်လိပ်လောက်သောက်လိုက်ရမှ စိတ်ကျေနပ်တယ်ဆိုရင်တော့ ဒီအလေ့အကျင့်ကိုဖျောက်ဖို့ပြောပါရစေနော်။ အကြောင်းကတော့ အစစားစားပြီးချိန်မှာဆေးလိပ်သောက်တာက ပုံမှန်ချိန်မှာဆေးလိပ်သောက်တာထက် ခန္ဓါကိုယ်ကို ထိခိုက်နိုင်ခြေ ၁၀ ဆလောက်ပိုများနေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးချိန်မှာဆေးလိပ်မသောက်ပါနဲ့။ ရေချိုးတာ အစားတစ်ခုခုစားပြီးမှရေချိုးတာက အစာခြေစနစ်ရဲ့လုပ်ဆောင်မှုကိုနှေးသွားစေနိုင်ပါတယ်။ အကြောင်းကတော့ရေချိုးချလိုက်တဲ့အခါ အစာအိမ်ဆီကိုရောက်ရှိရမယ့်သွေးတွေက အစာခြေစနစ်ကိုမရောက်ရှိဘဲ ခန္ဓါကိုယ် အပူချိန်ကိုထိန်းညှိဖို့အတွက် ခန္ဓါကိုယ်အနှံ့ကို စီးဆင်းသွားတာကြောင့် အစာခြေစနစ်ရဲ့ လုပ်ဆောင်နိုင်စွမ်းကျဆင်းသွားနိုင်တာကြောင့်ပါ။ သစ်သီးစားတာ အစာအစာတစ်ခုချင်းစီအလိုက် ခန္ဓါကိုယ်ရဲ့ အစာခြေမှုအရှိန်ကလည်းကွာခြားပါတယ်။ ထမင်းမစားခင် သစ်သီးစားတာက အစာကြေစေဖို့ လွယ်ကူနိုင်စေပေမယ့် အစားစားပြီးစမှာ သစ်သီးစားတာကတော့ အစာခြေစနစ်ကိုနှေးသွားစေနိုင်ပြီး အစာမကြေတာမျိုးဖြစ်နိုင်ပါတယ်။ ဒါကြောင့် သစ်သီးကို ကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး ၂ နာရီကြာမှ စားပေးပါ။ ရေနွေးကြမ်းသောက်တာ အစားတစ်ခုခုစားပြီးတိုင်းရေနွေးကြမ်းသောက်ရတာကို သဘောကျတယ်ဆိုရင်တော့ ဒီအချက်လေးကိုသေချာဖတ်ကြည့်ဖို့ိုမှာပါ။ စားလိုက်တဲ့ အစားအစာထဲမှာ ပရိုတင်းပါဝင်နေပြီး ထမင်းစားပြီးချိန်မှာရေနွေးကြမ်းသောက်သုံးတာက ပရိုတင်းကိုချေဖျက်နိုင်စွမ်းကျဆင်းစေနိုင်သလို ခန္ဓါကိုယ်ရဲ့ သံဓါတ်စုပ်ယူမှုကိုလည်း အဟန့်အတားဖြစ်စေနိုင်ပါတယ်။ ဒါကြောင့်ရေနွေးကြမ်းကြိုက်တယ်ဆိုရင်တောင် ထမင်းစားပြီး တစ်နာရီကြာမှသောက်စေချင်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာ ဒါကတော့ အထွေအထူးပြောနေစရာမလိုအောင်ပါ။ အစားတစ်ခုခုကိုပြည့်ပြည့်ဝဝစားပြီးလေ့ကျင့်ခန်းလုပ်တာက အစာခြေစနစ်ရဲ့ လုပ်ဆောင်မှုကို အနှောင့်အယှက်ဖြစ်စေပြီးအော့အန်တာ၊ ဗိုက်အောင့်တာမျိုးတွေကိုပါဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားတစ်ခုခုစားပြီးလို့ ၂ နာရီကနေ ၃နာရီလောက်ကြာမှလေ့ကျင့်ခန်းလုပ်သင့်ပါတယ်။ လမ်းလျှောက်တာ အများကလက်ခံထားတာက အစားတစ်ခုခုစားပြီးလို့ လမ်းလျှောက်လိုက်ရင် ရင်ချောင်သွားမယ်၊ အစာကြေသွားမယ်လို့ပေါ့။ တကယ်ကတော့ ဒီလိုမဟုတ်ပါဘူး။ အစားစားပြီးပြီးချင်း လမ်းလျှောက်တာက စားချဉ့်ရည်တွေကိုပြန်ဆန်တက်စေနိုင်ပြီး အစာမကြေပိုဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် အစားစားပြီးလို့ ၁ နာရီ ၁ နာရီခွဲလောက်နေမှ လမ်းလျှောက်ပေးပါ။ ဒါမှ အစာမကြေတာနဲ့ အခြားသော အစာခြေစနစ်ပြဿနာတွေ ကင်းစေမှာပါ။