by | 22 Feb 2022

လည်ချောင်းနာတယ်၊ အာသီးရောင်တယ်ဆိုတာ နေပူလိုက်၊ မိုးရွာလိုက်ဖြစ်နေတဲ့ ခုလိုရာသီမျိုးမှာ ဖြစ်လေ့ရှိကြပါတယ်။ ခုကာလမှာဆိုရင်တော့ Omicron ကြောင့်လည်း နာတာဖြစ်နိုင်ပါတယ်။ မျက်စိနဲ့ကြည့်ရင် အာသီးက ကြီးနေတတ်ပြီး နီရဲနေတာကို တွေ့နိုင်ပါတယ်။ အဲလိုအခါမျိုးမှာ ရေသောက် ထမင်းစားလို့ မျိုချရင်တောင် နာနေတတ်အတွက်ကြောင့် စိတ်ကို အတော်လေး အနှောင့်အယှက်ဖြစ်စေပါတယ်။ ဒါကြောင့် ဆေးသောက်ရမှာ ဆေးခန်းသွားရမှာ ကြောက်နေတဲ့ သူတွေအတွက် လည်ချောင်းနာ၊ အာသီးရောင်ရင် လုပ်နိုင်တဲ့ အိမ်တွင်းဆေးနည်းလေးတွေ အကြောင်းပြောပြပေးချင်ပါတယ်။ ၁ ။ ဆားရည်နွေးနဲ့ ပလုတ်ကျင်းခြင်း။ ။ လည်ခေျာင်းနာ အာသီးရောင်ရင် ဆားရည်နွေးလေးနဲ့ ပလုတ်ကျင်းတာဟာ ရှေးလူကြီးတွေလက်ထက်ကတည်းက အသုံးပြုလာတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဆားရည်နွေးလေးဟာ လည်ချောင်းနာတာကို သက်သာစေပြီး ရောင်နေတဲ့ အာသီးကိုလည်းအရောင်လျော့စေတဲ့ အာနိသင်ရှိပါတယ်။ လည်ချောင်းနာ အာသီးရောင် ခြင်းကိုဖြစ်စေတဲ့ ပိုးများကို လည်းသေစေနိုင်ပါသေးတယ်။ ပြုလုပ်နည်း ။ အိမ်သုံးဆား လက်ဖက်ရည်ဇွန်းတစ်ဝက်လောက်ကို လက်ဖက်ရည် ပန်းကန်ထဲထည့် ရေနွေးလေးထည့်ပြီး ဆားများ အရည်ပျော်သွားတဲ့ အထိမွှေပေးပါ။ ရလာတဲ့ ဆားရည်နွေးနဲ့ လည်ချောင်းကို စက္ကန့် အနည်းငယ်လောက်ပလုတ်ကျင်းပေးပြီး ပြန်ထွေးထုတ်ပါ။ ပြီးရင် ရိုးရိုးရေနဲ့ ပြန်ပလုတ်ကျင်းပါ။ ၂ ။ ရေနွေးကြမ်းနဲ့ ပျားရည်သောက်ခြင်း။ ။ ရေနွေးကြမ်းက လည်ချောင်းနာခြင်းကို သက်သာစေပါတယ်။ ပျားရည်ကတော့ အရောင်ကျခြင်း အာနိသင်ကို ရှိစေတဲ့ အတွက်ကြောင့် အာသီးရောင်တာကို သက်သာစေပါတယ်။ ဒါပြင် ရေနွေးနဲ့ ပျားရည်ရောလိုက်မယ်ဆိုရင် အာသီးရောင် လည်ချောင်းနာတာကို ဖြစ်စေတဲ့ ပိုးတွေကို သေဆုံးနိုင်စေတဲ့ အစွမ်းရှိပါတယ်။ ဒီနည်းလေးဟာလည်း လည်ချောင်းနာ ၊ အာသီးရောင်တာကို သက်သာစေတဲ့ အစွမ်းထက် အိမ်တွင်းဆေးတစ်မျိုးဖြစ်ပါတယ်။ ပြုလုပ်နည်း။ ။ ရေပူပူကြီး မဟုတ်ဘဲ ရေနွေးနွေးလေးထဲကို ပျားရည်ပျော်ဝင်တဲ့ အထိ ထည့်မွှေပါ။ ရလာတဲ့ ဖျော်ရည်ကို သောက်ပေးခြင်းဖြင့် လည်ချောင်းနာ အာသီးရောင်ခြင်းကို သက်သာစေမှာပါ။ ၃။ ဂျင်းပြုတ်ရည်သောက်ခြင်း။ ။ ဂျင်းပြုတ်ရည်ကတော့ တုပ်ကွေးရာသီဆို အိမ်တွင်းဆေးမှာ ဆရာတစ်ဆူပါ။ သူ့ အစွမ်းတွေကတော့ ကိုယ်ခံအားကို မြင့်တက်စေတာကြောင့် ရောဂါပိုးတွေကို တိုက်ထုတ်နိုင်စွမ်းရှိတာ၊ ဂျင်းပြုတ်ရည် ပူပူလေးကိုသောက်လိုက်တာနဲ့ လည်ချောင်းနဲ့ အာသီးမှာဝင်နေတဲ့ ပိုးတွေ အကုန်သေစေတာ၊ ရောင်ရမ်းခြင်းကို လျော့ကျစေတဲ့ အစွမ်းရှိတာတွေဖြစ်ပါတယ်။ ဂျင်းပြုတ်ရည်ကို သောက်ပေးနိုင်သလို ၊ပလုတ်ကျင်းရည် အဖြစ်လည်း သုံးနိုင်ပါတယ်။ ပြုလုပ်နည်း။ ။ ဂျင်းကို ရေဆူဆူထဲထည့်ပြုတ်ပြီး ရလာတဲ့ အရည်ကို အအေးခံကာ နွေးနွေးလေးဖြစ်ပြီဆိုမှ ပျားရည်လေးရောပြီး သောက်ပေးပါ။ ဂျင်းပြုတ်ရည် ဒီတိုင်းနဲ့လည်း ပလုတ်ကျင်းပေးလို့ ရပါတယ်။ ၄ ။ နို့ပူပူလေး တစ်ခွက်သောက်ပါ။ ။ နို့ပူပူလေးတစ်ခွက်ကို ညအိပ်ရာဝင်ခါနီးသောက်ပေးတာဟာ အာသီးရောင်တာ၊ လည်ချောင်းနာတာ အတွက်သာမက ကျန်းမာရေးအတွက်ကောင်းတယ်ဆိုတာ အားလုံးအသိပါ။ နို့မှာပါတဲ့ အာဟာရဓါတ်တွေက ခုခံအားကို မြင့်တက်စေတဲ့ အပြင် ရောင်ရမ်းခြင်းကို သက်သာစေပါတယ်။ ၅ ။ ငုံဆေးပြားတွေ ငုံပေးခြင်း(ဒါမှမဟုတ်) ခံတွင်းဖြန်းဆေးရည်တွေ အသုံးပြုခြင်း။ ။ ငုံဆေးပြားတွေဟာ ရောဂါပိုးတွေကိုတော့ တိုက်ထုတ်နိုင်စွမ်းမရှိပေမယ့် အာသီးရောင်ခြင်းခံစားရတဲ့ ဝေဒနာတွေကို သက်သာစေပါတယ်။ ငုံဆေးပြား အများစုမှာ ရောင်ရမ်းခြင်းကို သက်သာစေတဲ့ အာနိသင်ပါရှိပါတယ်။ licorice ပါတဲ့ ငုံဆေးပြားတွေက ရောင်ရမ်းခြင်းကို သက်သာစေတဲ့ နေရာမှာ အလွန်အစွမ်းထက်လို့ အာသီးရောင်ခြင်းကို သက်သာစေပါတယ်။ ငုံဆေးပြား တွေကို ကလေးတွေမှာ မပေးသင့်ပါဘူး။ လည်ချောင်းမှာ တစ်သွားပြီး နင်နေတတ်လို့ပါ။ ကလေးတွေမှာဆို ငုံဆေးပြားတွေအစား ခံတွင်းဖြန်းဆေးရည် ( Spary) ဖြန်းပေးခြင်းကသာ ပိုသင့်တော်ပါတယ်။ ၆ ။ ရေများများသောက်ပေးပါ။ ။ ရေများများသောက်ပေးရင် လည်ချောင်းမှာရှိနေတဲ့ပိုးမွှားတွေ အကုန် ဗိုက်ထဲရောက်သွားပြီး သေကုန်ပါတယ်။ ရေများများသောက်ရင် လည်ချောင်းခြောက်တာကိုလည်း သက်သာစေတဲ့ အတွက် လည်ချောင်းခြောက်ခြင်းကြောင့် ရနိုင်တဲ့ လည်ချောင်းကွဲတာ၊ လည်ချောင်းနာတာတွေကိုလည်း သက်သာစေပါတယ်။ ရေများများသောက်ဆိုတဲ့ နေရာမှာ ရိုးရိုးရေ၊ ရေကျက်နွေးတွေကတော့ ပိုကောင်းပါတယ်။ ရေခဲရေကိုတော့ မသောက်တာ အကောင်းဆုံးပါ။ လည်ချောင်းနာ၊ အာသီးရောင်တာဟာ လူကြီးလူငယ်မရွေးဖြစ်နိုင်ပြီး ကလေးတွေမှာ ပိုအဖြစ်များပါတယ်။ တချို့ လည်ချောင်း ခဏခဏနာတတ်တဲ့ လူတွေဟာ လည်ချောင်းနာခြင်းကို ဖြစ်စေတဲ့ ပိုးကို သယ်ဆောင်ထားတတ်ပါတယ်။ သူတို့ကနေ ချောင်းဆိုးတာ၊ နှာချေတာတွေကနေတစ်ဆင့် ပိုးတွေပျံ့ နှံ့တတ်ပါတယ်။ ဒါကြောင့် နှာချေ၊ချောင်းဆိုးရင် လက်ကိုင်ပုဝါလေးနဲ့ အုပ်ဆိုးမယ်၊ လက်ကိုလည်း အစာမစားခင်ဆေးမယ် သန့်သန့်ရှင်းရှင်းထားမယ်ဆို လည်ချောင်းနာစေတဲ့ ပိုးတွေလည်း မဝင်နိုင်တော့သလို ကြိုတင်ကာကွယ်ပြီးသားလည်း ဖြစ်မှာပါ။ ။


by | 21 Feb 2022

Relationship တစ်ခုမှာ ကိုယ့်ဘက်ကနေ စိုးရိမ်စိတ်တွေ၊ ထားသွားမှာ ကြောက်တဲ့စိတ်တွေ၊ ဖြစ်မလာသေးတဲ့ အနာဂတ်ကို တွေးပူတဲ့စိတ်တွေ၊ စိတ်အတက်အကျ မြန်လွန်းနေတာတွေ၊ ကိုယ့်ဆီကနေ တစ်စုံတစ်ယောက်က လုယူသွားမှာ ကြောက်တဲ့စိတ်တွေ၊ လူတစ်ယောက်ကို ကိုယ်ပဲ အပိုင်စားလိုချင်တဲ့ စိတ်တွေဖြစ်လာတာမျိုး ခံစားရဖူးလား။ စိတ်မပူပါနဲ့.....ဒီလိုခံစားချက်မျိုးက လူငယ်တွေမှာ အရမ်းလည်းအဖြစ်များပြီး အချစ်ရေး၊ မေတ္တာရေးမှာ နောက်ကွယ်ကနေ ကောင်းကောင်းဒုက္ခပေးနေတဲ့ Borderline Personality Disorder – BPD လို့ခေါ်တဲ့ စိတ်ခံစားချက်ပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုပဲ ဖြစ်ပါတယ်။ BPD ဆိုတာ ဘာလဲ? ဆယ်ကျော်သက်အရွယ်နဲ့ အသက်ငယ်သေးတဲ့ အချိန်မှာ အစပျိုးလာတတ်တဲ့ စိတ်ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဆက်တိုက်ဆိုသလို စိတ်ခံစားချက် ပုံမှန်မဟုတ်တာ၊ စိတ်က တည်ငြိမ်မနေဘဲ အနိမ့်အမြင့် အတက်အကျ မြန်လွန်းတာ၊ စိတ်လိုက်မာန်ပါလုပ်တတ်တဲ့ အမူအကျင့်တွေ၊ စိတ်ခံစားချက် ပြင်းထန်လွန်းတာ၊ ပုံမှန်မဟုတ်တဲ့ အတွေးတွေ ခေါင်းထဲ ခဏခဏ ဝင်လာတဲ့ လက္ခဏာတွေ တွေ့ရပါတယ်။ ဒီစိတ်ရောဂါဟာ အချစ်ရေးကိစ္စတွေမှာ နှစ်ဦးနှစ်ဖက် ပဋိပက္ခဖြစ်စေသလို ကိုယ့်ရဲ့အမူအကျင့်တွေကြောင့်လည်း ကိုယ့်ချစ်သူရဲ့ အထင်အမြင်လွဲမှားတာ ခံရနိုင်တယ်။ ကိုယ်တိုင်ကိုရော ကိုယ့်ချစ်သူကိုရော စိတ်ပူလောင်စေတဲ့ ရောဂါဖြစ်ပါတယ်။ ခုခေတ်လူငယ်တော်တော်များများ အချစ်ရေးမတည်မြဲကြတာလည်း ဒီစိတ်ရောဂါကြောင့်လို့ပဲ ဆိုနိုင်ပါတယ်။ ဘာကြောင့် ဒီစိတ်ရောဂါဖြစ်လာရတာလဲ။ စိတ်ရောဂါတော်တော်များများက ရုတ်တရက်ကြီး ထဖြစ်တယ်ဆိုတာ ရှားပါတယ်။ အချိန်အတော်ကြာအောင် ရင်ထဲမှာ အမြစ်တွယ်နေပြီး ကိုယ့်ကိုယ်ကိုယ် ရောဂါရှိလို့ရှိမှန်းတောင် သတိမထားမိတတ်ကြပါဘူး။ အဖြစ်များတဲ့ အကြောင်းရင်းတွေကတော့ • မိဘမျိုးရိုးမှာ ဒီလိုစိတ်ဝေဒနာရှိနေတာ • နွေးထွေးကြင်နာတတ်တဲ့ မိသားစုရဲ့ အရိပ်အောက်မှာ ကြီးပြင်းခွင့်မရခဲ့တာ • မိဘတွေနဲ့ ငယ်စဉ်ကတည်းက ကွဲကွာနေတာ၊ စွန့်ပစ်ခံရတဲ့ ကလေးတွေ • အဖေနဲ့ အမေ အိမ်ထောင်ကွဲတာ • သေချာပြုစုပျိုးထောင်ခြင်း၊ ဂရုစိုက်ပေးခြင်း မရှိဘဲ ကြီးပြင်းလာခဲ့ရတာ • ဆွေမျိုး၊ မိဘတွေရဲ့ နှိပ်စက်ခြင်းခံရတာ • စိတ်ခံစားချက်တွေကို ချိုးနှိမ်ခံရတာ • ငယ်စဉ်ကတည်းက ဝမ်းနည်း၊ စိတ်ထိခိုက်လွယ်တာကြောင့်ပဲ ဖြစ်ပါတယ်။ BPD ရှိသူတွေမှာ ဘယ်လိုလက္ခဏာမျိုးတွေ တွေ့ရလဲ? ပုံမှန်အခြေအနေမှာ စိတ်အကောင်းကြီးဖြစ်နေတဲ့ သူတစ်ယောက်က ကိုယ်ချစ်တဲ့သူနဲ့ အတူရှိနေတဲ့အချိန်၊ သို့မဟုတ် တစ်ယောက်ယောက်နဲ့ မေတ္တာမျှနေတဲ့အချိန်ကျမှသာ ဒီလက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ • ကိုယ်ချစ်တဲ့သူက စွန့်ပစ်သွားမှာ တွေးလိုက်ရင်ကို သေမတတ်ကြောက်တာ၊ ဒီအခြေအနေကို လုံးဝလက်မခံနိုင်တာ • တွဲလိုက်သမျှ ရည်းစားတိုင်းနဲ့မမြဲတာ • တကယ်လူတစ်ယောက်နဲ့ တွဲမိတဲ့အခါ ကိုယ်ထင်ထားသလိုမျိုး ပျော်ရွှင်နေတဲ့စိတ်၊ သာယာစိတ်မဖြစ်တာ • စိတ်ခံစားချက်၊ အတွေးအခေါ်တွေက ပုံမှန်မဟုတ်တာ • ကိုယ့်စိတ်နဲ့ ခန္ဓါကို ထိခိုက်စေအောင် နည်းအမျိုးမျိုးနဲ့ ကိုယ့်ကိုယ်ကိုယ် ဒုက္ခပေးတာ • အတိတ်မှာ သတ်သေဖို့ ကြိုးစားဖူးတာ • ကိုယ့်အသားကို နာအောင်၊ သွေးထွက်အောင် မကြာခဏဆိုသလို လုပ်တတ်တာ • စိတ်ခံစားချက်တွေက ရက်ပိုင်းလောက်မကြာဘဲ နာရီပိုင်းနဲ့တင် အတက်အကျ မြန်လွန်းတာ • ကိုယ့်စိတ်ကို ထိန်းချုပ်ရခက်တာ • ဒေါသဖြစ်လာပြီ၊ ဝမ်းနည်းလာပြီဆိုရင်လည်း ဘယ်လိုမှ ဟန်ဆောင်လို့မရတာ • စိတ်ဖိစီးမှုကြောင့် တောင်တွေး မြောက်တွေး တွေးတတ်တဲ့ အကျင့်ရှိတာ • မဖြစ်လာသေးတဲ့ အရာတစ်ခုကို ကြိုတွေး၊ စိတ်ကူးထဲမှာ ပုံဖော်နေတတ်တာ • အသိစိတ်လွတ်နေတာ အစရှိတဲ့ လက္ခဏာတွေက BPD ရှိတဲ့သူတွေ အချစ်ရေးနဲ့ ကြုံလာတဲ့အခါမှာ ဖြစ်လာတတ်တဲ့ စိတ်ပုံမှန်မဟုတ် လက္ခဏာတွေပဲ ဖြစ်ပါတယ်။ အပေါ်မှာ ပြထားတဲ့ လက္ခဏာတွေထဲက အနည်းဆုံး ၅မျိုးလောက် ရှိနေတယ်လို့ သင့်ကိုယ်သင် သတိထားမိတယ်ဆိုရင်တော့ ဒီရောဂါရှိနိုင်ဖို့ သေချာသလောက်ဖြစ်နေပါပြီ။ BPD ကို ဘယ်လိုကုသလို့ရမလဲ။ BPD ဆိုတာ လူငယ်တွေမှာ အရမ်းအဖြစ်များပြီး တော်တော်လေးကို ကုရခက်တဲ့ စိတ်ရောဂါတွေထဲမှာ ပါဝင်ပါတယ်။ ပုံမှန်အချိန်မှာ စိတ်ပျော်ပျော်ရွှင်ရွှင်နဲ့ အေးချမ်းနေတဲ့ လူတစ်ယောက်က တခြားသူစိမ်းတစ်ယောက်နဲ့ ချစ်မိလိုက်တော့မှပဲ အသိစိတ်နဲ့ လူနဲ့မကပ်၊ အမြဲလိုလို ပူလောင်နေပြီး ကိုယ်မသိလိုက်ခင်မှာ ကိုယ့်အပြုအမူတွေက ချစ်သူကို သွားပြီး ထိခိုက်စေမိတော့ အချစ်ရေးက မမြဲတော့ဘူးပေါ့။ ဒါကြောင့် ဒီလိုပြဿနာတွေနဲ့ ကြုံလာပြီဆိုရင် အကောင်းဆုံးက Mental Health Councellors တွေနဲ့ တိုင်ပင်ဆွေးနွေးကြည့်ဖို့ လိုအပ်တယ်လို့ပဲ အကြံပေးလိုက်ချင်ပါတယ်။


by | 18 Feb 2022

ခန္ဓာကိုယ်လေးအဆီကျလှအောင် လေ့ကျင့်ခန်းလုပ်ပါတယ်။ ဝက်ခြံထွက်လာတာပဲ အဖက်တင်တယ်ဆိုတဲ့ သူတွေ ရှိလား…….. ဒါဆိုရင်တော့ ဒီဆောင်းပါးလေးကို မဖြစ်မနေဖတ်ကြည့်ဖို့လိုနေပါပြီ။ ဝက်ခြံဆိုတာကလေ နာမည်လည်း မလှသလို အမြင်လည်း မလှဘူး။ ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှု မဲ့စေတယ်။ မတော်တဆ သွားထိမိလို့ ပွန်းပဲ့သွားခဲ့ရင်လည်း နောက်ထပ် ဝင်လာမယ့် အရေပြား ပြဿနာတွေက နည်းတာမဟုတ်ဘူးနော်။ လေ့ကျင့်ခန်းလုပ်တာက ချွေးတော်တော်လေး ထွက်စေနိုင်ပါတယ်။ ချွေးထွက်တာနဲ့အတူ အဆီတွေ၊ အညစ်အကြေးတွေနဲ့ ဘက်တီးရီးယားတွေလည်း အရေပြားပေါ်မှာ ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါတွေက သင့်ကို ဝက်ခြံထွက်စေရတဲ့ အဓိက အကြောင်းအရင်းတွေပါ။ ဒါကြောင့် လေ့ကျင့်ခန်း လုပ်နေချိန်မှာ အသားအရေကို သေချာလေး ဂရုမစိုက်မိဘူးဆိုရင် ဝက်ခြံတွေ ဖြစ်လာနိုင်ခြေက ပုံမှန်ထက် ပိုများနေနိုင်ပါတယ်။ ဒီတော့ လေ့ကျင့်ခန်းသာလုပ်ရတယ် ဝက်ခြံတွေပဲ အဖက်တင်လာတယ်ဆိုတဲ့ ဇာတ်လမ်းတွေ စလာတော့ တာပေါ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံပိုထွက်တယ်ဆိုတာ စိတ်ထင်နေတဲ့ကိစ္စ မဟုတ်သလို တိုက်ဆိုင်မှုသက်သက်လည်း မဟုတ်ပါဘူး။ ဒါက တကယ်ကို မှန်ကန်တဲ့ ဖြစ်ရပ်ပါ ဒီလိုဆိုတာနဲ့ ကျန်းမာရေးနဲ့ညီညွတ်အောင်လုပ်နေတဲ့ လေ့ကျင့်ခန်းကို မရပ်လိုက်ပါနဲ့။ လေ့ကျင့်ခန်းလုပ်ရင် ဝက်ခြံ မထွက်အောင် ဘာတွေ လုပ်ရမလဲ ပြောပြပေးပါမယ်။ လေ့ကျင့်ခန်းလုပ်ရင်း ဝက်ခြံ မထွက်စေဖို့ လေ့ကျင့်ခန်းလုပ်ရင် အသားအရေကို နည်းစနစ်မှန်မှန် ဂရုစိုက်မယ်ဆိုရင် အသားအရေလေးလည်း ကြည်လင်မယ်၊ ခန္ဓာကိုယ် အချိုးအစားလည်း လှပလာမယ်ဆိုတာ အသေအချာပါ။ ဒီတော့ လေ့ကျင့်ခန်း မလုပ်ခင်မှာ • မိတ်ကပ်တွေ လိမ်းထားရင်ဖျက်ပါ။ မျက်နှာကို မသစ်နိုင်ရင်တောင် oil-free makeup remover towel လေးနဲ့ မျက်နှာကို သန့်စင်ပါ။ • အဝတ်အစားတွေကို တစ်ခါဝတ်ပြီး တစ်ခါလျှော်ပါ။ လေ့ကျင့်ခန်းလုပ်တဲ့အခါ ဝတ်တဲ့ အဝတ်အစားတွေမှာ ကပ်တွယ်နေတဲ့ ဆဲလ်သေတွေ၊ ဘက်တီးရီးယားတွေနဲ့ အဆီတွေကြောင့် ဝက်ခြံတွေ မဖြစ်စေဖို့ တစ်ခါဝတ်ပြီးတိုင်း လျှော်ပါ • အပြင်ထွက်ပြီး အပြေးလေ့ကျင့်မယ်ဆိုရင် နေရောင်ကြောင့် အသားအရေ ထိခိုက်မှု နည်းစေဖို့ အဆီမပါတဲ့ နေလောင်ကာခရင်မ် လိမ်းပါ။ လေ့ကျင့်ခန်းလုပ်နေချိန်မှာ • ချွေးသုတ်ဖို့ တဘက်သန့်သန့်လေးတစ်ခု ဆောင်ထားပါ။ ချွေးထွက်လာတိုင်း သုတ်ပေးပါ။ နေ့စဉ် အသစ်လျှော်ဖွတ်ထားတာကိုပဲ အသုံးပြုပါ။ ခပ်ဖွဖွလေး သုပ်ပါ။ ကြမ်းကြမ်းတမ်းတမ်းပွတ်တိုက်တာက အသားအရေကို ထိခိုက်စေနိုင်ပါတယ်။ • လေ့ကျင့်ခန်းလုပ်ရာမှာ သုံးတဲ့ ကိရိယာတွေကို မသုံးခင်မှာ သန့်စင်ပါ။ အများနဲ့ မျှသုံးတယ်ဆိုရင်လည်း wet tissues သုံးလို့ သန့်စင်ပါ။ • မျက်နှာကို လက်နဲ့မကိုင်မိအောင် သတိထားပါ။ လေ့ကျင့်ခန်းလုပ်ပြီးတဲ့အခါမှာ • ချွေးတိတ်အောင်စောင့်လို့ ရေချိုးပါ။ ဒါက ဝက်ခြံဖြစ်စေတဲ့ ဘက်တီးရီးယားတွေကို အကောင်းဆုံး တိုက်ဖျက်ပေးနိုင်မှာပါ။ • လက်ကို သေချာစင်ကြယ်အောင်ဆေးပြီး မျက်နှာကို သန့်စင်ပါ။ • ရေများများသောက်ပါ။ ဒီအချက်တွေကို သေချာ ဂရုစိုက်မယ်။ အသားအရေနဲ့ လိုက်ဖက်မယ့် အသားအရေ ထိန်းသိမ်းမှု ပစ္စည်းတွေကို သေသေချာချာ အသုံးပြုလို့ အသားအရေကို ဂရုစိုက်မယ်ဆိုရင် လေ့ကျင့်ခန်းကြောင့်ဖြစ်တဲ့ ဝက်ခြံတွေကို ခပ်ဝေးဝေးမှာ ခေါက်ထားနိုင်မှာ အသေအချာပါ။


by | 17 Feb 2022

Depression ဆိုတဲ့ စကားလုံးကို အခုနောက်ပိုင်းမှာ တွင်တွင်ကျယ်ကျယ် ပြောဆိုသုံးနှုန်းနေတာကို တွေ့ရပါတယ်။ စိတ်ကျရောဂါဝေဒနာဆိုတာ စိတ်ဓာတ်ကျဆင်း၊ ဝမ်းနည်းပူဆွေး၊ မျှော်လင့်ချက်မဲ့ စတဲ့ ခံစားချက်အတော်များများရှိနေတဲ့ အခြေအနေကိုခေါ်ပါတယ်။ ဒါပေမယ့် ဘယ်လိုအရာတွေကသင့်ကို စိတ်ဓာတ်ကျစပြီး စိတ်ဓာတ်ကျတယ်ဆိုတဲ့ လက္ခဏာတွေက ဘာတွေလဲဆိုတာကိုရော တိတိကျကျသိထားကြရဲ့လား။ စိတ်ကျရောဂါ ဝေဒနာဖြစ်နေတယ်ဆိုတာကို သတ်မှတ်ထားတဲ့ အချက်ဆယ်ချက်ထဲက အနည်းဆုံး ငါးချက်နဲ့အထက် ရက်သတ္တနှစ်ပတ်ကျော် ခံစားနေရပြီဆိုရင် စိတ်ဓာတ်ကျဆင်းနေတယ် ဒါမှမဟုတ် စိတ်ကျတဲ့ဝေဒနာ ခံစားနေရတယ်ဆိုပြီး အမည်တပ်ပါတယ်။ ဘယ်လို လက္ခဏာတွေက စိတ်ဖိစီးမှုဝေဒနာလက္ခဏာတွေလဲဆိုတာကို လေ့လာကြည့်ကြရအောင်။ • ၁။ စိတ်ဓာတ်တက်ကြွမှု လျော့နည်းလာတာ – စိတ်ဓာတ်ကျလာရင် လူတိုင်းအတွက် ပုံမှန်သူတို့ကို ပျော်ရွှင်စေတဲ့ အရာတွေကတောင် ပျော်ရွှင်တယ်လို့ မခံစားရတော့ပါဘူး။ ပျော်ရွှင်မှုကင်းမဲ့လာတာနဲ့အမျှ စိတ်အားတက်ကြွမှုလည်း လျော့နည်းလာမှာပါ။ • ၂။ မပြတ်သားတော့တာ – လေ့လာချက်တွေအရဆိုရင် စိတ်ဓာတ်ကျနေသူတွေဟာ ဆုံးဖြတ်ချက်တွေချမှတ်ဖို့ ဖင့်နှေးကြလေ့ရှိတယ်လို့ ဆိုပါတယ်။ ပုံမှန်လူတစ်ယောက်ဟာ တစ်နာရီမှာ ဆုံးဖြတ်ချက် ၄ ခုကနေ ၅ ခုလောက်အထိ ချမှတ်နိုင်ကြပေမယ့် စိတ်ဓာတ်ကျနေရင် သေးငယ်တဲ့ ဆုံးဖြတ်ချက်တစ်ခုချမှတ်နိုင်ဖို့အတွက်ကိုတောင် မလွယ်ကူတော့ပါဘူး။ • ၃။ ကိုယ့်ကိုယ်ကို တန်ဖိုးထားမှု ကင်းမဲ့လာတာ – ကိုယ့်ရဲ့ တန်ဖိုး၊ ကိုယ့်ရဲ့ အရည်အသွေးကို သံသယဝင်လာပြီး အရာရာကို အဆိုးမြင်လာတာကလည်း စိတ်ဓာတ်ကျနေလို့ပါ။ • ၄။ အပြစ်ရှိသလို ခံစားနေရတာ – စိတ်ဓာတ်ကနေရင် မိမိကိုယ်ကို အပြစ်ရှိနေသူတစ်ဦးလို အမြဲခံစားနေတတ်ပါတယ်။ အကျိုးအကြောင်းသင့်လျော်တဲ့ အကြောင်းပြချက်ရှိနေခဲ့မယ်ဆိုရင်တောင်မှ သူတို့ရဲ့ အပြစ်ရှိသလို ခံစားချက်ကို ဖယ်ရှားဖို့ မလွယ်ကူပါဘူး။ • ၅။ စိတ်ဆိုးဒေါသထွက်လွယ်တာ – စိတ်ဓာတ်ကျလေလေ စိတ်မရှည်လေ၊ စိတ်ဆိုးဒေါသထွက်လွယ်လေလေပါပဲ။ နေ့စဉ်လူမှုဘဝရဲ့ စိတ်ခေါ်မှုတွေကို ရင်ဆိုင်ရာမှာ အခက်အခဲတွေပိုမိုများလာပြီး အဆိုပါ အဆင်မပြေမှုတွေကြောင့်ပဲ ပိုပိုစိတ်တိုလာကာ သံသရာလည်နေတတ်ပါတယ်။ • ၆။ ပူပင်သောကများတာ – သောကများတာက စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ စိတ်ဓာတ်ကျရင် သောကပိုပွားပါတယ်။ ဒီရောဂါ ၂ ခုက ဆက်စပ်နေတာပါ။ ပြဿနာတွေအပေါ် အလွန်အမင်း အာရုံစိုက်နေမိမယ်၊ အစာစားချင်စိတ်ပျောက်ဆုံးနေမယ်၊ ရုပ်ပိုင်းဆိုင်ရာအရ နာကျင်မှုတွေ ကြုံနေရမယ်၊ စိတ်ရောကိုယ်ပါ ပင်ပန်းနွမ်းနယ်နေမယ်။ ဒါတွေက သင်ပူပန်သောကများနေပြီဆိုတဲ့ လက္ခဏာတွေပါပဲ။ • ၇။ သေချင်စိတ်ပေါ်နေတာ – စိတ်ဓာတ်ကျတာ ပြင်းထန်လာရင် ဘဝကို လက်လျှော့ အရှုံးပေးလိုက်ချင်စိတ်က အမြဲလိုလိုကပ်ပါလာတတ်ပါတယ်။ ဘဝဟာနေပျော်စရာမရှိတော့ဘူးလို့ ထင်မြင်ယူဆလာပြီး ဘဝကို အဆုံးသတ်ချင်စိတ် မကြာခနပေါ်လာနေပြီဆိုရင် ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ညှိနှိုင်းဖို့ မဖြစ်မနေလိုအပ်နေပြီဖြစ်ပါတယ်။ • ၈။ ရာသီသွေးဆင်းချိန် မမှန်တော့တာ – အမျိုးသမီးတွေ စိတ်ဓာတ်ကျလာရင် ရာသီသွေးဆင်းမှု အချိန်မမှန်တာမျိုး ပုံမှန်ဖြစ်ပျက်လေ့ရှိတယ်လို့ လေ့လာချက်တွေကဆိုပါတယ်။ စိတ်ဖိစီးမှုကြောင့် ခန္တာကိုယ်တွင်းမှာ လိုအပ်တဲ့ မဟိုမုန်းထုတ်လွှတ်မှု မူမမှန်ဖြစ်ပြီး ခုလို သွေးဆင်းချိန်မမှန်ဖြစ်ရတာဖြစ်ပါတယ်။ • ၉။ အိပ်မပျော်တာ – စိတ်ဝေဒနာအမျိုးအစားပေါင်းများစွာရဲ့ ရောဂါလက္ခဏာတွေထဲမှာ အိပ်မပျော်တာ၊ အိပ်စက်ချိန်စိတ်မရှိတာနဲ့ အိပ်ချိန်မမှန်တာတွေဟာ အမြဲတစေ တွေမြင်ရတတ်တဲ့ လက္ခဏာတစ်မျိုးဖြစ်ပါတယ် • ၁၀။ ပုံမှန်မဟုတ်ပဲ နာကျင်လာတာ – ဘာထိခိုက်မှုမှ မရှိပါပဲနဲ့ စိတ်ထဲမှာ ဟိုနေရာ နာနေသလိုလို ဒီနေရာက ကိုက်နေသလိုလို ခံစားချက်မျိုးဖြစ်ပေါ်နေတာကလည်း စိတ်ဓာတ်ကျနေတာကြောင့်ပါ။ ခေါင်းကိုက်တာ၊ ကြွက်သားနာကျင်တာ နဲ့ ရင်ဘတ်အောင့်တာတွေလည်း ခံစားရတတ်ပါတယ်။ အထက်ပါ လက္ခဏာတွေထဲက တစ်ချို့ကို ပြသလာနေပြီဆိုရင် သင်စိတ်ဓာတ်ကနေတာဖြစ်နိုင်ပါတယ် စိတ်ကျရောဂါဝေဒနာ ဘာကြောင့် ဖြစ်တာလဲ ဘာကြောင့်ဖြစ်ရတာလဲဆိုတာကတော့ ပြောဖို့ခက်တယ်၊ အချက်အလက်တွေ အများကြီးပေါင်းဆုံပြီး ဖြစ်လာတတ်တယ်။ မျိုးရိုးဗီဇကြောင့်လည်း ဖြစ်နိုင်တယ်။ အဲဒါအပြင် အထူးသဖြင့် ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုဒဏ်တွေကြောင့် ဖြစ်တာလည်းရှိတယ်။ ပြောခဲ့သလိုပဲ မူးယစ်ဆေးတို့ အရက်တို့ အပါအဝင် ဆေးဝါးတွေ သုံးစွဲတာတွေအပြင် ခန္ဓာကိုယ်မှာဖြစ်လာတဲ့ ရောဂါဝေဒနာတွေကြောင့် စိတ်ကျရောဂါဝေဒနာ ဖြစ်ပေါ်လာတာတွေလည်း ရှိတယ်။ ဖြစ်နိုင်ခြေအကြောင်းအရာပေါင်းများစွာရဲ့ နောက်ဆက်တွဲအနေနဲ့ ဖြစ်တတ်တယ်။ စိတ်ကျရောဂါဝေဒနာ ခံစားနေရသူတွေအနေနဲ့ ဘယ်လိုပြုမူနေထိုင်သင့်ပါသလဲ အချင်းချင်းနီးစပ်တဲ့သူတွေကို ခံစားနေရတာတွေ ရင်ဖွင့်မယ်၊ ပြောပြမယ်၊ တိုင်ပင်ဆွေးနွေးမယ်၊ အကူအညီလိုရင် အကူအညီတောင်းခံမယ်။ ဒီလိုမှ မသက်သာဘူးဆိုရင် စိတ်ကျန်းမာရေးအတွက် ပြုစုစောင့်ရှောက်ပေးတဲ့ တတ်ကျွမ်းနားလည်တဲ့ သူတွေနဲ့ ပြသပြီးတော့ ကုသမှုခံယူရမှာ ဖြစ်ပါတယ်။ တစ်နေ့တာအတွက် ပုံမှန်အစာအာဟာရ မျှတအောင်စားဖို့ လိုသလို ပုံမှန်ပေါ့ပါးတဲ့ လေ့ကျင့်ခန်းတွေ လုပ်ဖို့လိုပါတယ်။ လူမှုရေးကိစ္စတွေ၊ သာသနာရေးတွေမှာ ဝင်ရောက်ကူညီတာမျိုးတွေ လုပ်ပြီးတော့ တစ်ခုခုခံစားလာရရင် ရင်ဖွင့်ပြီး တိုင်ပင်ပြောကြားတာ၊ လိုအပ်ရင်လည်း အကူအညီ ယူစရာရှိတာကို ယူမယ်ဆိုရင် စိတ်ကျဝေဒနာမဖြစ်အောင် ကာကွယ်နိုင်မှာဖြစ်ပါတယ်။ စိတ်ကျရောဂါက သေချာကုသရင် ပျောက်ကင်းနိုင်ပါတယ်။ ရောဂါမပြင်းထန်ဘူး။ ဖိစီးမှုကလည်း နည်းတယ်။ မိသားစုရဲ့ ပံ့ပိုးမှုကလည်း ကောင်းတယ်ဆိုရင် အချိန်တိုအတွင်းမှာ ပျောက်ကင်းနိုင်ပါတယ်။


by | 16 Feb 2022

ဒီပြဿနာကို တစ်ခါမှ လေ့ကျင့်ခန်းမလုပ်ဖူးသူတွေ Gym စဆော့လိုက်တဲ့အခါမျိုး၊ ပုံမှန်အားကစားတွေလုပ်ပြီး အကြောင်းအမျိုးမျိုးကြောင့် ကြားထဲမှာ ရက်အနည်းငယ်နားလိုက်တယ်၊ ပြီးမှ ပြန်ဆော့ဖြစ်တဲ့အခါမျိုးမှာ တွေ့ရတတ်ပါတယ်။ ကိုယ်အဓိက ဆော့လိုက်တဲ့ ကြွက်သားနေရာများအပြင် ခန္ဓာကိုယ်တစ်ခုလုံး ကိုင်ရိုက်ခံထားရသလို မလှုပ်ချင်မကိုင်ချင်ဖြစ်ပြီး ညောင်းကိုက်နေတဲ့ ခံစားချက်မျိုးကို အဓိကတွေ့ရပါတယ်။ ပိန်တဲ့သူတွေ၊ ဝတဲ့သူတွေ၊ ကြွက်သားရှိခြင်း၊ မရှိခြင်းနဲ့ မသက်ဆိုင်ဘဲ လူတိုင်းလိုလို ကြုံတွေ့ရတတ်ပါတယ်။ လူအများစုက ဒီလိုမျိုး နာနေတဲ့အချိန်အတွင်းမှာ လေ့ကျင့်ခန်းလုပ်တာကို လုံးဝရပ်ပစ်လိုက်တာမျိုး၊ ခဏနားလိုက်တာ၊ လေ့ကျင့်ခန်းကို အားစိုက်ပြီးမလုပ်တော့တာ၊ အစားစားချင်စိတ်နည်းသွားလို့ လိုအပ်သလောက် မစားဘဲနေလိုက်တာမျိုး လုပ်တတ်ပါတယ်။ ဘယ်လိုအချိန်မှာ တွေ့ရတတ်လဲ။ လေ့ကျင့်ခန်းကို ပထမဆုံးအကြိမ်ဆော့တာဖြစ်စေ၊ အချိန်တစ်ခုနားပြီးတော့မှ ပြန်ဆော့တာဖြစ်စေ ဒီလိုကြွက်သားနာကျင်ကိုက်ခဲမှုမျိုး ခံစားရပါတယ်။ ကိုယ်လုပ်တဲ့ လေ့ကျင့်ခန်းအမျိုးအစားနဲ့ အားစိုက်ထုတ်မှုအပေါ် မူတည်ပြီး လေ့ကျင့်ခန်း စလုပ်တဲ့ရက်ကနေ ၃ရက်အတွင်း ကိုက်ခဲနာကျင်လာတတ်ပါတယ်။ တချို့အခြေအနေမှာ ကိုယ်ပုံမှန်လုပ်နေကျထက် လေ့ကျင့်ခန်းအချိန်ကို တိုးမြှင့်လိုက်တာ၊ အလေးတိုးဆော့တဲ့အခါမှာလည်း နာကျင်ကိုက်ခဲတတ်ပါတယ်။ ဒါဟာ ပုံမှန်ဖြစ်စဉ်တစ်ခုပဲလား။ ဟုတ်ပါတယ်။ ပုံမှန် လူတိုင်းမှာဖြစ်တတ်တဲ့ လက္ခဏာတစ်ခုပါ။ ကြွက်သားတွေအနေနဲ့ အလုပ်မပေးဘဲ ငြိမ်နေတာကြာရာကနေ ရုတ်တရက် အလေးအပင်တွေ မလိုက်တာ၊ လှုပ်ရှားလိုက်တဲ့အခါ အသားမကျသေးတဲ့အတွက် နာကျင်ကိုက်ခဲမှုဖြစ်ရတာပါ။ ဒီလိုနာကျင်ကိုက်ခဲနေစဉ်မှာ အနားယူဖို့ လိုအပ်လား။ လုံးဝအနားမယူသင့်ပါဘူး။ ဒီလိုနာကျင်ကိုက်ခဲမှုဖြစ်ပေါ်တာဟာ ကြွက်သားတွေအနေနဲ့ ပြင်ပက အားသက်ရောက်မှုနဲ့ အလုပ်လုပ်မှုကို အသားမကျသေးတာကြောင့် ဖြစ်ရတာပါ။ ကိုယ်က နေ့တိုင်းပုံမှန်လေး လေ့ကျင့်ခန်းလုပ်ပေးသွားတဲ့အခါမှသာ နာကျင်မှုက တဖြည်းဖြည်းနည်းသွားပြီး ပုံမှန်လိုပဲ ဆော့ကစားသွားနိုင်မှာပါ။ ဒါ့အပြင် ကိုယ်ဆော့နေတဲ့အလေးနဲ့ ဟန်ချက်ထိန်းနိုင်သွားပြီဆိုရင် အလေးတိုးဆော့ပေးခြင်းဖြင့် အဆီလောင်ကျွမ်းမှုနဲ့ ကြွက်သားထုတက်စေဖို့ကိုလည်း လျင်မြန်သွားစေနိုင်ပါတယ်။ နာကျင်ကိုက်ခဲမှုဟာ ဘယ်လောက်ထိ ကြာနိုင်လဲ။ အခြေအနေပေါ်မူတည်ပြီး ၃ရက်ကနေ ၅ရက်ထိသာ ကြာနိုင်ပါတယ်။ ဒီကြားထဲမှာ လေ့ကျင့်ခန်းကိုလည်း ပုံမှန်ဆော့ကစားပေးနေဖို့ အရေးကြီးပါတယ်။ ဒီတော့မှ နာကျင်ကိုက်ခဲတာ သက်သာသွားတဲ့အခါ ကိုယ်က အလေးကို ကောင်းကောင်းမပြီး ကစားပေးနိုင်မှာပါ။ အဲ့လို မဟုတ်ဘဲ နားလိုက်ရင် ပြန်ကစားတဲ့အခါ နဂိုအတိုင်း ဆက်ပြီးနာနေတော့မှာပါ။ ဘယ်လို ကုသလို့ ရမလဲ။ သက်သာအောင် လုပ်ပေးနိုင်မလဲ။ ကြီးကြီးမားမား ကျန်းမာရေးပြဿနာမဟုတ်တဲ့အတွက် ကုသပေးစရာ မလိုပါဘူး။ အိမ်တွင်းနည်းလမ်းများနဲ့ ကိုယ့်ဘာသာ သက်သာအောင် လုပ်ပေးနိုင်ပါတယ်။ ဘာတွေ လုပ်ပေးလို့ရမလဲဆိုရင် ၁။ ရေအေးအေး လောင်းချိုးပါ ၂။ နာကျင်ကိုက်ခဲနေတဲ့ နေရာကို ရေခဲဝတ်ကပ်ပေးပါ ၃။ အကိုက်အခဲပျောက်ဆေးကို နီးစပ်ရာဆေးဆိုင်မှာ ဝယ်သောက်ပါ (အလွန်အမင်း နာကျင်ကိုက်ခဲတဲ့အချိန်မှသာ သောက်သင့်ပြီး တစ်ရက်၊ နှစ်ရက်ထက် ပိုမသောက်သင့်ပါဘူး) ၄။ မိသားစုဝင်တစ်ဦးဦးကို နှိပ်နယ်ခိုင်းပါ နောက်ထပ် ဂရုပြုသင့်တဲ့အရာတွေကတော့ လေ့ကျင့်ခန်း လုပ်နေစဉ် ကာလတစ်လျှောက်လုံးမှာ နာကျင်သည်ဖြစ်စေ၊ မနာကျင်သည်ဖြစ်စေ အိပ်ရေးဝအောင် အိပ်စက်အနားယူပါ။ တစ်နေ့ကို ညအိပ်ချိန် ၇-၈နာရီ အနည်းဆုံးရှိဖို့ လိုအပ်ပါတယ်။ အစာအာဟာရကို မျှတစွာ စားသုံးပေးပါ။ ပရိုတင်းဓာတ်နဲ့ ကစီဓာတ်ကို များများစားပေးပြီး အဆီဓာတ်ကို ပါဝင်ရုံ စားပေးပါ။ လေ့ကျင့်ခန်းမလုပ်တဲ့ တခြားအချိန်တွေမှာလည်း တတ်နိုင်သလောက် လှုပ်လှုပ်ရှားရှားနေပေးပါ။ နောက်ဆုံးအနေနဲ့ အကြံပေးလိုတာက လေ့ကျင့်ခန်း စစလုပ်ချင်းဖြစ်စေ၊ ပြန်ပြီး လေ့ကျင့်ခန်းလုပ်တာဖြစ်စေ၊ ကြွက်သားနာကျင်ကိုက်ခဲမှုဆိုတာ ရှောင်လွဲလို့မရတဲ့ ပြဿနာပါ။ ဒါကြောင့် လုံးဝဇွဲလျှော့ပြီး ရပ်လိုက်တာမျိုးမလုပ်ဘဲ ၅ရက်၊ တစ်ပတ်လောက်ကို သေချာသည်းခံပြီး လုပ်ပေးကြပါနော်။


by | 15 Feb 2022

ဆံပင်ထိပ်ဖျားလေးတွေ ကွဲထွက်လာခြင်းကို ဆံပင် ၂-ခွဖြစ်တယ်လို့အလွယ်ခေါ်လေ့ ရှိပါတယ်။ သေသေချာချာကြည့်တဲ့အခါ၊ ၂-ခွမကဘဲ ၄-ခွ/၅-ခွ လောက်ထိ ကွဲထွက် တတ်ကြပါတယ်။ ဆံစထိပ်ဖျားကို ကတ်ကြေးနဲ့တိညှပ်ပေးရုံမှတပါး တခြားဘယ်လို နည်းနဲ့မှ ကွဲနေတဲ့ဆံပင်ထိပ်ဖျားကို မူလအတိုင်းပြန်ကောင်းအောင်လုပ်လို့မရနိုင်ပါ။ သို့သော် စိတ်မပျက်ပါနဲ့။ ညှပ်ပြီးတဲ့ ဆံ ပင်ထိပ်ဖျားတွေ နောက်ထပ်ကွဲမ ထွက် လာအောင်အောက်ပါနည်းလမ်းကောင်းများဖြင့် ထိန်းသိမ်းလို့ရပါတယ်။ (၁) ဆံပင် ၂-ခွဖြစ်နေရင်၊ သူဆက်လက်ကွဲထွက်နိုင်တဲ့အပေါ်ပိုင်းရောက်တဲ့အထိ(ဥပမာ.. ဆံပင်ထိပ်ဖျားကနေ လက်တဆစ် လောက်အထိ) ကို ကတ်ကြေးနဲ့ညှပ်ပေး လိုက်ပါ။ မကြာခဏ ဆံသားခြောက်သွေ့ကွဲထွက်လေ့ရှိသူများအဖို့၊ ရက်သတ္တ ၆-ပတ် (သို့မဟုတ်) ၂-လ တစ်ကြိမ်လောက် ဆံပင်ထိပ်ဖျားကို ညှပ်ပေးပါ။ (၂) နေပူပူထဲ ထွက်တော့မယ်ဆိုရင်၊ ဆံပင်ကို ဖားလျားချမသွားဘဲ ခေါင်းစည်းကြိုးဖြင့် စည်းနှောင်ထားသင့်ပါတယ်။ နောက်ပြီး ခေါင်းစည်းပုဝါ(သို့မဟုတ်)ဦးထုပ်(သို့မဟုတ်)ထီး စသည်တို့ကို အကာအကွယ်ယူ၍ နေပူထဲထွက်ပါ။ (၃) ခေါင်းလျှော်ပြီးတဲ့အခါ conditionerဆံပင်ပျော့ဆေး သုံးတဲ့အလေ့ကျင့်ကောင်းကိုမွေးမြူပါ။ ဒီနည်း က ဆံပင်ထိပ် ၂-ခွဖြစ်မလာအောင် အ ကောင်းဆုံးကာကွယ်နည်းဖြစ်ပါတယ်။ (conditioner သုံးတဲ့အခါမှာ၊ ရှမ်ပူတွေသုံးသလိုမျိုး ဦးရေပြားအထိရောက်အောင် လိမ်းပေးဖို့မလိုအပ်ပါဘူး။ conditioner ကို နားရွက်အောက်ဖက်မှစ၍ မိမိဆံပင် ရှည်အောက်ခြေထိပ်ဖျားအထိ လိမ်းပေးရမှာဖြစ် ပါတယ်) (၄) ဆံပင် ၂-ခွဖြစ်ခြင်းအတွက် အကြောင်းအမျိုးမျိူးကြောင့် ဆံပင်ညှပ်ဆိုင်ကို မသွားနိုင်သေးတဲ့အခါ၊ မိမိဖာသာအိမ်မှာ ကတ်ကြေးနဲ့ညှပ်လို့ရပါတယ်။ (သို့သော် ကပ်ကြေးအတုံးတွေ နဲ့ စက္ကူညှပ် ကတ်ကြေးတွေက ဆံသားကိုနာစေလို့ ထိုကပ်ကြေးမျိုး တွေကို မသုံးသင့်ပါဘူး) (၅) ရှမ်ပူတွေနဲ့ခေါင်းလျှော်တဲ့အခါတိုင်း ထိုရှမ်ပူအမွှေးရနံ့တွေ ပျောက်တဲ့အထိ ဦးရေပြားကနေပြီး ရေများများလောင်းချပေး ပါ။ (၆) ဓာတုပစ္စည်းတွေများများပါတဲ့ ရှမ်ပူခေါင်းလျှော်ရည်အမျိုးအစားကို (အထူး) ရှောင်ပါ။ (၇) ဆံပင်ရေစိုနေတဲ့အချိန်မှာ ဘီးဖြင့် ခပ်ကြမ်းကြမ်းမဖြီးပါနဲ့။ (၈) တစ်နေ့ကို အနည်းဆုံး ၃-ကြိမ်မှ အများဆုံး ၆-ကြိမ်အထိသာခေါင်းဖြီးပါ။ မကြာခဏဆိုသလို ဆံပင်တွေကို မလိုအပ်ဘဲ လက်နဲ့ပွတ်သက်ခြင်း၊ ဘီး- ဘရက် ရှ် တွေနဲ့ ဖြီးခြင်းက ဆံပင် ၂-ခွဖြစ်လာစေရုံမှျှမက၊ ဆံပင် ကျွတ်စေနိုင် ပါတယ်။ (၉) ဆံပင်ဖြီးတဲ့အခါ ဦးရေပြားမှနေ၍ ဆံစထိပ်ဖျားသို့သာ အပေါ်မှအောက်ဖက် သို့ အသာအယာဆွဲချ ဖြီးပေးရမှာဖြစ်ပြီး၊ ၎င်း နဲ့ပြောင်းပြန် အောက်မှအပေါ်သို့ လှန်ဖြီးခြင်း မျိူးကို ရှောင်ပါ။ (၁၀) ဆံသားတွေကို ဘီးနဲ့ခုတ်၍ ဆံပင်အမောက်ထောင်ခြင်းကလည်း ဆံသား ပျက်စီး ကာ ဆံပင် ၂-ခွ ဖြစ်လာစေလို့ သတိပြု သင့်ပါတယ်။ ခြောက်သွေ့ပျက်စီးနေသော ဆံကေသာကို သဘာဝနည်းဖြင့် ထိန်းသိမ်းနည်း သင့်ဆံပင်သားကို ဖြောင့်လိုက်၊ ကောက်လိုက် မကြာခဏ ပြုလုပ်တာ ကြောင့်ရော၊ သဘာဝ နေပူဒဏ်နဲ့ ထိ တွေ့မှုကြောင့်ပါ ဆံပင်သား ပျက်စီးထိ ခိုက်နေရင် သင့်အိမ်မီးဖိုချောင်ရှိ အိမ်သုံးပစ္စည်းတွေ ကို သုံးပြီး အောက်ပါအတိုင်း ထိန်းသိမ်းပြုပြင် ပေးနိုင်ပါတယ်။ သံလွင်ဆီသုံးပြီး ဆံကေသာကို ပုံမှန်ထိန်းသိမ်းနည်း ခေါင်းလျှော်ခါနီးတိုင်း လုပ်ဆောင် နိုင်တဲ့နည်း ဖြစ်ပါတယ်။ အမြဲပုံမှန်ပြု လုပ်သွားမယ်ဆိုရင်ဆံကေသာ တောက် ပြောင်သန်စွမ်းနေပါလိမ့်မယ်။ (၁) ဆံပင်သားအနှံ့ သံလွင်ဆီလိမ်းကာ ဦးရေပြားကို နှိပ်နယ်ပေးပါ။ (၂) သင့်ဦးခေါင်းကို ခေါင်းစွပ်(Shower Cap)နဲ့ မိနစ် ၉၀ ခန့် ဖုံးအုပ်ထားပါ။ ဒါဆိုရင် သင့်ဦးခေါင်းက အပူတွေ ဖျာ ထွက်မှု မရှိဘဲ ဆံပင်သားကို နက်နက်နဲနဲ ချောမွေ့စေမှာ ဖြစ်ပါတယ်။ ပင်လယ် ကမ်းခြေမှာ ဒီနည်းလမ်းကို လိုက်နာလုပ် ဆောင်မယ်ဆိုရင် နေရောင်ခြည်က အပူတွေဟာ သင့်ဆံကေသာကို သံလွင်ဆီကနေ အာဟာရ ဓာတ်တွေ စုပ်ယူနိုင်အောင် ကူညီပါလိမ့်မယ်။ (၃) ပြီးရင် သံလွင်ဆီတွေ ကင်းစင်သွား အောင် ခေါင်းလျှော်ပေးပါ။ ဆံကေသာကို ပေါင်းတင်နည်း ထိခိုက်ပျက်စီးနေတဲ့ သင့်ဆံပင်သားတွေ နူးညံ့ချောမွေ့နေစေဖို့ တစ်ပတ်တစ်ကြိမ် ပြုလုပ်နိုင်တဲ့ ပေါင်းတင်နည်း ဖြစ်ပါတယ်။ လိုအပ်သော ပစ္စည်းများ- ပျားရည်၊ သံလွင်ဆီ၊ ကြက်ဥ/ဘဲဥအနှစ် (၁) ကြက်ဥ/ဘဲဥအနှစ်တစ်လုံး၊ သံလွင် ဆီ ထမင်းစားဇွန်း သုံးဇွန်းနဲ့ ပျားရည် ထမင်းစားဇွန်းတစ်ဇွန်းတို့ကို သမအောင် ရောမွှေပြီး ဦးရေပြားအနှံ့ သုတ်လိမ်းပေး ပါ။ (၂) ပျားရည်ဟာ ရေဓာတ်ကို ထိန်းထား နိုင်စွမ်း ရှိတာကြောင့် ဆံကေသာကို စို ပြည်စေပါတယ်။ (၃) ပြီးရင် ခေါင်းစွပ်(Shower Cap) စွပ်ထားပြီး မိနစ် ၃၀ ခန့် ကြာမှ ရေနဲ့ ဆေးကြောပေးပါ။ ဆံကေသာ ပျော့ပျောင်း သန်စွမ်းသွားတာကို တွေ့ရပါလိမ့်မယ်။


by | 14 Feb 2022

ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းပဲဖြစ်ဖြစ် အဆီပိုတွေရှိနေရင် ကြည့်မကောင်းပါဘူးနော်။ ဒီလိုပါပဲ မျက်နှာမှာ အဆီပိုတွေရှိနေရင်လည်းကြည့်ရဆိုးပါတယ်နော်။ ဒီအဆီပိုတွေက ကိုယ်နေ့စဉ်စားသုံးနေတဲ့ အစားအသောက်တွေနဲ့ လုပ်ဆောင်နေကျ အလေ့အထတွေကြောင့်ဖြစ်လာရတာပါ။ တချို့ဆို လူလည်းသိပ်မဝပါဘဲ မေးအောက်မှာ အဆီလေးနဲ့လေ။ ဘာလုပ်ရမှန်းမသိ ဖြစ်နေရင်တော့ ဒီလေ့ကျင့်ခန်းလေးတွေ လုပ်ကြည့်ပါ။ သိပ်လွယ်ပါတယ်နော်။ မျက်နှာလေ့ကျင့်ခန်းပဲ ဆိုတော့ ကိုယ့်ဘာသာ အလုပ်လုပ်ရင်း၊ ဖုန်းသုံးနေရင်း၊ ဂိမ်းဆော့နေရင်း ၊ စာဖတ်နေရင်း လုပ်လို့ရတာပဲလေ (၁) အာခေါင် လျှာထောက် လေ့ကျင့်ခန်း ဦးခေါင်း နည်းနည်းမော့ပြီး အပေါ်အာခေါင်ကို လျှာနဲ့တွန်းထောက်ပေးပါ။ တစ်ခါလုပ်ရင် ငါးကြိမ်နဲ့ သုံးကျော့ လုပ်ပေးပါ။ လုပ်ကြည့်လိုက်ရင် မေးစေ့အစိတ်အပိုင်းကိုပါ လှုပ်ရှားစေတာ သတိထားမိမှာပါ။ (၂) X နဲ့ O လေ့ကျင့်ခန်း အလွယ်ဆုံးပါပဲ။ မေးစေ့ကြွက်သား၊ ပါး နဲ့ လည်ပင်းကို လှုပ်ရှားစေတဲ့အထိ X နဲ့ O ကို ဖြည်းဖြည်း ရွတ်ဆိုပါ။ အသံမထွက်ဘဲ ဒီအစိတ်အပိုင်းတွေ လှုပ်ရှားမှုဖြစ်ရုံ ရွတ်ရင်ရပါတယ်။ X – O လေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် အနည်းဆုံး ၁၂ ကြိမ် သုံးကျော့လုပ်ပါ။ (၃) မျက်နှာမော့ လေ့ကျင့်ခန်း မျက်နှာကို အပေါ် နည်းနည်းမော့ပြီး O စာလုံးကို ဖြည်းဖြည်း ရွတ်ဆိုပါ။ မေးစေ့ကြွက်သားတွေကို လှုပ်ရှားစေတဲ့ လေ့ကျင့်ခန်းဖြစ်လို့ မေးနှစ်ထပ် အဆီတွေကို လောင်ကျွမ်းစေပါလိမ့်မယ်။ ဒီလေ့ကျင့်ခန်း ကိုတော့ တစ်ခါလုပ်ရင် ၅ ကြိမ် လုပ်ပေးပါ။ (၄) လည်ပင်း ဘေးစောင်း လေ့ကျင့်ခန်း မတ်မတ်ထိုင်ပြီး လည်ပင်းကို ကိုယ်တတ်နိုင်သလောက် ဘေးဘက် ဖြည်းဖြည်းချင်းစောင်းချပါ။ ဘယ်နဲ့ညာ တစ်ဖက်စီကို တစ်လှည့်စီ လုပ်ပါ။ ဒီလေ့ကျင့်ခန်းကို တစ်ခါလုပ်ရင် ၁၀ ကြိမ် လုပ်ပေးပါ။ (၅) လျှာထုတ် လေ့ကျင့်ခန်း လူများကြားထဲတော့ မလုပ်မိစေနဲ့ပေါ့နော်။ သူများကို ပြောင်ပြသလို ဖြစ်နေပါလိမ့်မယ်။ လျှာကို တတ်နိုင်သလောက် ရှေ့ကိုဆန့်ထုတ်ပါ၊ ဘေးတစ်ဖက်စီ ကိုလည်း လျှာကို လွှဲပြီး ထုတ်ပါ။ လျှာလေ့ကျင့်ခန်း လုပ်ရင်း မေးစေ့တစ်ဝိုက် ကိုပါ လှုပ်ရှားမှု ဖြစ်စေပါတယ်။ ဒါကိုတော့ ၁၂ စက္ကန့်လောက်ပဲ လုပ်ပါ။ (၆) အောက်မေးရိုး လေ့ကျင့်ခန်း ဦးခေါင်းကို နည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်ပိုင်း ဆန့်ထုတ်ထားသလို ခံစားရတဲ့အထိ အောက်မေးရိုးကို ရှေ့ဘက်ဆန့်ထုတ်ပါ (မေးငေါ့ထားပါ)။ ဒီအတိုင်း ၁၀ စက္ကန့်နေပါ။ မေးရိုးကို ဖြည်းဖြည်းချင်း ပြန်ဖြေလျှော့ပြီး ဦးခေါင်းကို နဂိုအနေအထားအတိုင်း ပြန်နေပါ။ (၇) နှုတ်ခမ်းစူ လေ့ကျင့်ခန်း အပေါ်မှာ လုပ်ခဲ့သလိုပဲ ခေါင်းနည်းနည်းမော့ပြီး မျက်နှာကျက်ကို ကြည့်ပါ။ မေးစေ့အောက်နားက မေးနှစ်ထပ် အရေပြားတွေ ဆန့်ထုတ်မိတဲ့ အထိ နှုတ်ခမ်းကို စူထုတ်ပါ။ နှုတ်ခမ်းကို ပုံမှန်အနေအထား ပြန်သွင်းပြီးမှ ဦးခေါင်းကို နဂိုအတိုင်း ပြန်ထားပါ။ ဒါတွေ လုပ်တယ် ဆိုပေမယ့် ချက်ချင်းကြီး ဖတ်ခနဲ အဆီကျသွားဖို့၊ သွယ်လျသွားဖို့ စိတ်ကူးမယဉ်ပါနဲ့ဦး။ လေ့ကျင့်ခန်း မှန်သမျှဟာ သူ့အချိန်ကာလ နဲ့ သူ ပုံမှန်လုပ်သွားရင်းမှ ရလဒ် သိသာတတ်တာပါ။ ခန္ဓာကိုယ်ရဲ့ ဘယ်အစိတ်အပိုင်းက အဆီမဆို ကိုယ်လျှော့ချချင်သလို လောင်ကျွမ်းသွားဖို့က လေ့ကျင့်ခန်းနဲ့တင် မလုံလောက်သလို အစားလျှော့တာနဲ့တင် အဆင်မပြေနိုင်ပါဘူး။ ကျန်းမာလှပတဲ့ ကိုယ်အလေးချိန်နဲ့ အချိုးအစားတွေကို ထိန်းထားနိုင်ဖို့က အစားလည်း ဆင်ခြင်၊ လေ့ကျင့်ခန်းလေးတွေ လည်း လုပ်မှ ကိုယ်လိုချင်တဲ့ အလှတရား ကို ပိုင်ဆိုင်နိုင်မှာပေါ့။ မေးနှစ်ထပ် ကို ပျောက်ချင်ရင်တော့ စိတ်ရှည်ရပါမယ်။ အလှပြုပြင်တဲ့ ဆေးခန်းတွေမှာ အဆီစုပ်ထုတ်တာ၊ ကုထုံး အကူအညီ ယူတာ၊ V Shape ဆေးတွေသုံးတာတို့လို နည်းလမ်းတွေကလွဲလို့ အချိန်တိုအတွင်း သိသာထင်ရှားတဲ့ ပြောင်းလဲမှုကို မရနိုင်ပါဘူး။ လေ့ကျင့်ခန်းလေးတွေ လုပ်ရင်း အနည်းဆုံး တစ်လလောက်တော့ စောင့်ရပါလိမ့်မယ်။


by | 11 Feb 2022

သာမန် မျက်စိနဲ့ မမြင်နိုင်တဲ့ ပိုးမွှားတွေဟာ အကြောင်း အမျိုးမျိုးနဲ့ ဆီးလမ်းကြောင်း ကနေတဆင့် ဝင်ရောက်သွားတတ်ပါတယ်။ ဒီလိုကနေ အစပြုပြီး ဆီးလမ်းကြောင့် ပိုးဝင်တာကို ခံစားရပါတယ်။ ဆီးလမ်းကြောင်း ကနေတဆင့် ဘက်တီးရီးယား နဲ့ မှိုပိုးတွေ ဝင်ရောက် ကူးစက်တာက များပါတယ်။ လေ့လာမှုတွေအရကတော့ အမျိုးသမီးတွေရဲ့ ဆီးလမ်းကြောင်းဟာ အမျိုးသားတွေရဲ့ ဆီးလမ်းကြောင်းထက် ပိုတိုတာကြောင့် ဆီးလမ်းကြောင်းပိုးဝင် ကူးစက်ခံရနိုင်ခြေက ၄ ဆ ပိုများနေပါတယ်။ ဗိုင်းရပ်စ်က ဆီးလမ်းကြောင်းထဲ ဝင်ရောက် ကူးစက်သွားတဲ့အခါ ကျောက်ကပ်နဲ့ သရက်ရွက်ကို ဝင်ရောက် ကူးစက်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းရဲ့ အတွေ့များတဲ့ လက္ခဏာတွေကတော့ ၁။ ဆီးသွားတဲ့အခါ ဆီးလမ်းကြောင်းတစ်လျှောက် ပူစပ်ပူလောင်ဖြစ်ခြင်း ၂။ မကြာခဏ ဆီးသွားချင်စိတ် ဖြစ်နေခြင်း ၃။ ဆီးအရောင်က အဖြူနောက်နောက် သို့မဟုတ် အညိုရောင်၊ လိမ္မော်ရောင်သမ်းနေခြင်း ၄။ ဆီးအနံ့အရမ်းပြင်းခြင်း ၅။ ဆီးသွားပြီးသွားတဲ့အခါ အထဲမှာဆီးကျန်နေသေးသလို ခံစားရခြင်း ၆။ တင်ပဆုံရိုးအောင့်ခြင်း၊ နာကျင်ကိုက်ခဲခြင်းတွေ ခံစားရနိုင်ပါတယ်။ တကယ်လို့ ဆီးလမ်းကြောင်းပိုးဝင်တာက အရမ်းပြင်းထန်မယ်၊ ဆီးပို့ပြွန် အတွင်းမှာ ဖြစ်မယ်ဆိုရင် • ခါး အောက်ပိုင်းက နာကျင်မယ် • ချမ်းတုန်မယ် • အဖျား တက်မယ် • မအီမသာဖြစ်မယ် • မူးဝေမယ် စတာတွေ ခံစားရနိုင်ပါတယ်။ မကုသဘဲ ထားတဲ့အခါ ဆီးလမ်းကြောင်း ပိုးဝင်တာက စောစောသိပြီး စောစော ကုသမယ်ဆိုရင် မြန်မြန် သက်သာမှာဖြစ်သလို ကုသရတာလည်း လွယ်ကူပါတယ်။ တကယ်လို့ မှိုပိုးဝင် ကူးစက်တာကို မကုသဘဲ ထားမယ်ဆိုရင် ကျောက်ကပ် ထိခိုက်တာမျိုး ဖြစ်စေနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တာက အခန့်မသင့်ရင် အသက်အန္တရာယ် ထိခိုက်စေနိုင်ပါတယ်။ တကယ်လို့ အပေါ်မှာ ပြောခဲ့တဲ့ လက္ခဏာတွေထဲက တစ်ခုလောက် ခံစားနေရမယ် ဆိုရင် ဆရာဝန်နဲ့ ချက်ချင်း ပြသဖို့ လိုပါမယ်။ ဆရာဝန်က ကျန်းမာရေး အခြေအနေကို စစ်ဆေးပါလိမ့်မယ်။ ဆီးစစ်ကြည့်ရမှာ ဖြစ်ပါတယ်။ ဆေးအပြင် တခြားလုပ်ပေးလို့ရမယ့် အိမ်တွင်းကုထုံးတွေအနေနဲ့ ၁။ အရည်များများသောက်ပေးပါ။ အရည်ဆိုတဲ့နေရာမှာ အဓိကက ရေကို များများသောက်ပေးရမှာဖြစ်ပြီး ပုံမှန်ထက်ကို ပိုသောက်ပေးဖို့ လိုပါတယ်။ အရည်တွေအနေနဲ့ သစ်သီးဖျော်ရည်၊ ကြက်စွပ်ပြုတ်၊ ဆန်ပြုတ်၊ ချင်းပြုတ်ရည်၊ ရေနွေးကြမ်းတွေကို သောက်လို့ရပါတယ်။ အရည်များများသောက်ပေးခြင်းဖြင့် ကိုယ်ခန္ဓာတွင်းရေဓာတ်ကို ဖြည့်တင်းပေးတဲ့အပြင် ဆီးသွားလိုက်တဲ့အတွက် ဆီးလမ်းကြောင်းထဲမှာရှိနေတဲ့ ဘက်တီးရီးယားပိုးတွေကို အပြင်ဘက်ကို ပိုထွက်လာစေပါတယ်။ ၂။ ဗီတာမင် စီ ပြည့်ဝနေပါစေ။ ဗီတာမင် စီ ကို အသားအရေလှစေဖို့၊ ကိုယ်ခံအားကောင်းစေဖို့၊ အဖျားတာတိုစေဖို့ အကျိုးရှိအာဟာရအဖြစ် သတ်မှတ်ထားကြပါတယ်။ ဒီနေရာမှာ ဗီတာမင် စီရဲ့ အလုပ်လုပ်ပုံကတော့ ဆီးရဲ့အက်စစ်ပါဝင်မှုနှုန်းကို မြှင့်တင်ပေးလို့ ဆီးလမ်းကြောင်းတွင်းရှိ ဘက်တီးရီးယားပိုးတွေကို သေစေပြီး ရောဂါကို လျင်မြန်စွာ သက်သာစေတာပဲ ဖြစ်ပါတယ်။ ဗီတာမင် စီ ကို အချဉ်ဓာတ်များတဲ့ အသီးအနှံတွေ၊ ဟင်းသီးဟင်းရွက်တွေမှာ အများဆုံး တွေ့ရပြီး ကိုယ့်အနေနဲ့ ဗီတာမင် စီမလုံလောက်ဘူးလို့ ခံစားရပါက ဆရာဝန်ရဲ့ ဆေးညွှန်းနဲ့ ဗီတာမင် စီ ဖြည့်စွက်အားဆေးတွေကို သောက်ပေးလို့ရပါတယ်။ ဗီတာမင် စီကို နေ့စဉ်ပြည့်ဝစွာ ရရှိတဲ့သူတွေမှာလည်း ဆီးလမ်းကြောင်းပိုးဝင်နိုင်ခြေ နည်းတာကို တွေ့ရပါတယ်။ ဆီးပိုးဝင်တာအပြင် ဆီးကျောက်ပါတည်နေရင်တော့ ကိုယ့်သဘောနဲ့ကိုယ် မသောက်သင့်ပါဘူး။ ၃။ သစ်သီးဖျော်ရည်တွေ သောက်ပေးပါ။ သဘာဝသစ်သီးတွေကို နို့ဆီ၊ သကြားအချိုတွေ လျှော့ထည့်ပြီး လက်နဲ့ဖြစ်စေ၊ စက်နဲ့ကြိတ်ပြီး သောက်သုံးပေးနိုင်ရင်လည်း အဆင်ပြေပါတယ်။ စတော်ဘယ်ရီသီးလို ဘယ်ရီသီးတွေ၊ လိမ္မော်သီး၊ ပန်းသီး၊ ဖရဲသီးလိုမျိုး အရည်ရွှမ်းပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအနှံတွေကို ကြိတ်ပြီးဖျောက်သောက်လို့လည်း အဆင်ပြေပါတယ်။ နေ့တိုင်း တစ်နေ့တစ်ခွက်သောက်ပေးရုံနဲ့ လုံလောက်ပါတယ်။ ၄။ ကိုယ်ခန္ဓာအကျိုးပြု ဘက်တီးရီးယား (Probiotic) တွေ များနေပါစေ။ Probiotic ဆိုတဲ့ ကိုယ်ခန္ဓာအကျိုးပြုဘက်တီးရီးယားတွေကို အချဉ်ဖောက်ထားတဲ့ အစားအစာတွေကနေ အများဆုံးရရှိပါတယ်။ သူ့ရဲ့အကျိုးပြုပုံကတော့ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပြီး အစာချေဖျက်နိုင်စွမ်းကို မြှင့်တင်ပေးတယ်။ မကောင်းတဲ့ ဘက်တီးရီးယားပိုးတွေကိုလည်း တိုက်ထုတ်ပေးတဲ့ ကိုယ်ခန္ဓာအတွက် မရှိမဖြစ် အကျိုးပြုဘက်တီးရီးယားဆိုလည်း မမှားပါဘူး။ ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာပျောက်သွားတဲ့အခါ နောက်တစ်ခါထပ်ပြီး မဖြစ်စေအောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။ Probiotic တွေကို ဒိန်ချဉ်၊ ကင်ချီတွေနဲ့ ကီဖာလို့ခေါ်တဲ့ အချဉ်ဖောက်ထားတဲ့အရည်တွေကနေ ရရှိနိုင်ပါတယ်။ ၅။ နေထိုင်မှုပုံစံကို ဂရုစိုက်ပါ။ ဆီးသွားချင်ပြီဆိုရင် ဆီးမအောင့်ထားပါနဲ့။ ဆီးအောင့်ထားတဲ့အခါ ဆီးလမ်းကြောင်းအတွင်း ဘက်တီးရီးယားပိုးတွေ လျင်မြန်စွာ ပေါက်ဖွားစေနိုင်တဲ့အတွက် ဆီးသွားချင်တဲ့ဆန္ဒဖြစ်ပေါ်လာပြီဆိုရင် ချက်ချင်းထသွားလိုက်ပါ။ အမျိုးသမီးတွေဆိုရင် ဆီးသွားပြီးလို့ သန့်ရှင်းရေးလုပ်တဲ့အခါ အရှေ့မှ အနောက်ဘက်သို့ သန့်ရှင်းတဲ့ တစ်ရှူးနဲ့သေချာသုတ်ပြီးမှ ဘောင်းဘီကို ပြန်ဝတ်ပါ။ လိင်ဆက်ဆံပြီး နာရီဝက်အတွင်း ဆီးတစ်ကြိမ်တော့ အနည်းဆုံးသွားပါ။ ရေသောက်ဖို့ မပျင်းပါနဲ့။ ဒီနည်းလမ်းတွေက ကိုယ့်အိမ်မှာ အလွယ်တကူပြုလုပ်လို့ရပြီး ဆီးလမ်းကြောင်းပိုးဝင်တဲ့ ပြဿနာကို အမြန်ဆုံးသက်သာပျောက်ကင်းစေဖို့ တစ်ဖက်တစ်လမ်းက ကူညီပေးနိုင်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်ခြင်းဆိုတာ မြန်မြန်သိပြီး ကုသမှုခံယူလေ ပျောက်ဖို့အရမ်းလွယ်ကူတာကြောင့် ကိုယ့်ကျန်းမာရေးကိုယ် မပေါ့ဆဖို့၊ အမြဲသတိရှိဖို့ ထပ်ပြီးတိုက်တွန်းပေးလိုက်ပါတယ်။


by | 10 Feb 2022

ခုခေတ်လူငယ်လေးတွေကို ကြည့်လိုက်ရင် ကုန်းကုန်း ကုန်းကုန်းနဲ့ သွားလာနေတာကို အများစုမှာ တွေ့ရပါတယ်။ လက်ကလေးတွေကို ကြည့်လိုက်ရင်လည်း ရှေ့လေးကို ကိုင်းလို့။ ဒါဟာ လက်ပြင်ကုန်း နေတာပါ။ တက်တက်ကြွကြွနဲ့ ရင်ဘတ်ကိုဖွင့်ပြီး သွားရမယ့် အရွယ်မှာ ဒီလိုသွားတာက တော်တော်ရုပ်ဆိုးပြီး ကိုယ့်ကိုယ်ကို ယုံကြည်မှုမရှိတဲ့ပုံ ပေါက်နေတာကြောင့် သတိထားပြီး တည့်တည့်မတ်မတ်ဖြစ်အောင် ပြုပြင်ကြည့်​သင့်ပါတယ်နော်။ စာဖတ်သူတွေထဲမှာလည်း စာဖတ်သူကိုယ်တိုင် ဒါမှမဟုတ် စာဖတ်သူရဲ့ ကလေးတွေမှာ လက်ပြင်ကုန်းနေတဲ့သူတွေ ရှိခဲ့ရင် ဒီဆောင်းပါးလေးက တစ်ခုခု အထောက်အကူပြုနိုင်ဖို့ မျှော်လင့်ပါတယ်။ လက်ပြင်ကုန်း တယ်ဆိုတာ လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ အလိုင်းမင်း (alignment) မတည့်တာပါပဲ။ ပုံမှန်ဆိုရင် ခန္ဓာကိုယ်က ကျောရိုးကို ဗဟိုပြုပြီး တည့်တည့်မတ်မတ် ရှိနေရမှာပါ။ လက်ပြင်ကုန်းတာကျတော့ ခန္ဓာကိုယ်က ရှေ့ကို ယိုင်နေပြီး လမ်းသွားရင် ရှေ့ကို ငိုက်စိုက်ငိုက်စိုက် ဖြစ်နေတာပါ။ လူက ရှေ့ကို ကုန်းနေတာပေါ့။ လက်ပြင်ကုန်း ရတဲ့ အကြောင်းအရင်းများ လက်ပြင်ကုန်းတယ်ဆိုတာ တကယ်တော့ ကိုယ်နေတဲ့ ကိုယ်နေဟန်ထား မမှန်လို့ပါပဲ။ ခါးနာတဲ့သူတွေ အလေးအပင်မလို့၊ ခွေခေါက်ပြီး နေလို့ ခါးနာရသလိုပဲ လက်ပြင်ကုန်းတယ်ဆိုတာလည်း ဒီသဘောပါပဲ။ ခန္ဓာကိုယ်ကို ရှေ့ကိုကိုင်းပြီး ငုံ့ရတဲ့ အလုပ်တွေကို အကြာကြီး လုပ်ရတဲ့အခါ ခန္ဓာကိုယ်က ရှေ့ကို ကိုင်းလာပြီး တဖြည်းဖြည်း လက်ပြင်ကုန်းလာတာပါ။ ဒီပုံစံနဲ့ အကြာကြီး နေတဲ့အခါ လည်ပင်း၊ နောက်ကျောနဲ့ ပုခုံးမှာရှိတဲ့ ကြွက်သားတွေ တဖြည်းဖြည်း ပုံစံပျက်လာပါတယ်။ ဒီကြွက်သားတွေဆိုတာက ခန္ဓာကိုယ် ကိုယ်နေဟန်ထားမှန်အောင် ထိန်းပေးနေတဲ့ အဓိကကြွက်သားတွေပါပဲ။ နေ့စဉ်လုပ်တဲ့ အလုပ်တွေထဲမှာလည်း လက်ပြင်ကုန်းတာကို ဖြစ်စေတဲ့ အလုပ်တွေ အများကြီး ရှိပါတယ်။ ဥပမာ ပြောရရင် • ဖုန်းတွေ၊ တက်ဘလက်တွေ အကြာကြီး သုံးတာ • ကွန်ပျူတာတွေ အကြာကြီး သုံးတာ • အထိုင်များတာ • ကားအကြာကြီး မောင်းရတာ • ရှေ့ကို ခဏခဏ ခါးကိုင်းရတာ • ပစ္စည်းအလေးအပင်တွေ မ ရတာ (ကလေးတွေမှာဆိုရင် ကျောပိုးအိတ်အလေးကြီး လွယ်ရတာ) စတာတွေပဲ ဖြစ်ပါတယ်။ လက်ပြင်ကုန်းတာရဲ့ နောက်ဆက်တွဲ ပြဿနာတွေက လက်ပြင်ကုန်း တာကို မကုဘဲ ထားမယ်ဆိုရင် ကြွက်သားတွေက ဒီလို ရှေ့ကိုကုန်းနေတာက သူတို့ရဲ့ ပုံမှန်ပုံစံပဲလို့ ထင်ပြီး အသားကျသွားပါလိမ့်မယ်။ နောက်ပြီး ပုခုံးဆစ်ပေါ် ဒဏ်ပိတဲ့အတွက် ဇက်ကြောနဲ့ နောက်ကျောက ကြွက်သားတွေ နာကျင်တာမျိုး ဖြစ်တတ်ပါတယ်။ နောက်ပိုင်းကျရင်တော့ အရိုးနဲ့ ကြွက်သားတွေ ထိခိုက်တာ၊ ကြည့်ရဆိုးတာကြောင့် ကိုယ့်ကိုယ်ကို ယုံကြည်မှု နည်းတာတွေ ဖြစ်လာနိုင်ပါတယ်။ ဘယ်လိုပျောက်အောင် ကုသနိုင်သလဲ။ ကံကောင်းတာက လက်ပြင်ကုန်းတာကို လေ့ကျင့်ခန်းတွေလုပ်၊ ကိုယ်နေဟန်ထားတွေ ပြင်ပြီး ကုသလို့ရပါတယ်။ ခုခေတ်မှာ ကိုယ်မှာ ဝတ်လို့ရတဲ့ braceတွေ ပေါ်နေပြီ ဆိုပေမယ့် သူက ဝတ်တုန်း ခဏပဲ ထိန်းပေးနိုင်တာပါ။ အဓိကကတော့ သတိထားပြီး ကိုယ်နေဟန်ထားကို ပြင်ပေးဖို့ပါပဲ။ ခါးလေးကုန်းနေပြီဆိုရင် ချက်ချင်းပဲ မတ်မတ်လေး ပြင်ထိုင်လိုက်ပါ။ လက်ပြင်ကုန်းတာ ပျောက်ဖို့အတွက် အဓိကကျတာ လေ့ကျင့်ခန်းလည်း မဟုတ်၊ braceဝတ်တာလည်း မဟုတ်ပါ။ ကိုယ်နေဟန်ထား ပြင်ပြီးနေတာက အဓိက အကျဆုံးပါပဲ။ ကျန်တာတွေက သက်သာရုံလောက်ပဲ တတ်နိုင်တာပါ။ နောက်ပြီး လက်ပြင်ကုန်းတာကို ကာကွယ်ဖို့ • ဖုန်းတွေ၊ ကွန်ပျူတာတွေကို တစ်ဆက်တည်း အကြာကြီး မသုံးပါနဲ့။ • ပစ္စည်းအလေးတွေကို အကြာကြီး မ မပါနဲ့။ ကလေးတွေဆိုလည်း လွယ်အိတ်မှာ ဝန်ပိမနေအောင် စာအုပ်တွေ ခွဲသယ်ပေးပါ။ • အကြာကြီး မထိုင်ပါနဲ့။ ထိုင်တဲ့အချိန်မှာလည်း ကိုယ်နေဟန်ထားကို သတိထားပါ။ သွားရင်းနဲ့ ဖြစ်ဖြစ်၊ ထိုင်ရင်းနဲ့ ဖြစ်ဖြစ် လက်ပြင်ကုန်း နေပြီဆိုရင် ချက်ချင်း ပုံစံပြင်လိုက်ပါ။ Youtube မှာလည်း လက်ပြင်ကုန်းတာပျောက်စေမယ့် လေ့ကျင့်ခန်းလေးတွေ ရှာဖွေပြီး လိုက်လုပ်ကြည့်လို့ ရပါတယ်။