by | 12 Nov 2021

ကော်ဖီသောက်တဲ့ ယဉ်ကျေးမှုဟာ ၁၅ရာစုလောက်ကတည်းက စခဲ့တယ်လို့ ဆိုပါတယ်။ မူလကော်ဖီ စတင်ဖြစ်ပေါ်ရာနေရာက အာရတ်နိုင်ငံငယ်တစ်ခုဖြစ်တဲ့ “ ယီမင် ’’ ကလို့လည်း မှတ်တမ်းတွေက ဆိုပါတယ်။ မှတ်တမ်းတွေအရတော့ (၁၅)ရာစုလောက်က မက္ကာမြို့ကို ဘုရားဖူးသွားကြတဲ့ မွတ်စလင်ဘာသာဝင်တွေဟာ ညဘက် တရားအားထုတ်ချိန်မှာ အိပ်မငိုက်အောင် ကော်ဖီစေ့ကို လှော်ပြီး အမှုန့်ကြိတ်ကာ ရေနှင့်ဖျော်ပြီး သောက်ခဲ့ကြတာမျိုးရှိတယ်ဆိုတဲ့ မှတ်တမ်းတွေ ရှိပါတယ်။အဲ့ဒီယဉ်ကျေးမှုက တဖြည်းဖြည်း ပျံ့နှံ့ပြီး အဲဒီအချိန်က တရုတ်မှာ လက်ဖက်ရည်ကို နှစ်သက်စွာသောက်ကြသလို အဲ့ဒီမှာလည်း ကော်ဖီကို နှစ်နှစ်ခြိုက်ခြိုက် သောက်နေကြပြီလို့ ဆိုပါတယ်။ အဓိကပြောချင်တာကတော့ ကော်ဖီမှာပါတဲ့ ကဖင်း (Caffeine) အကြောင်းပါ။ အဲဒီ ဓာတ်က လက်ဖက်ခြောက်မှာပါတဲ့ Caffeine နဲ့ အတူတူပဲဆိုပေမဲ့ သူက ပိုပြင်းပါတယ်။ ကော်ဖီမှာပါတဲ့ Caffeine ဓာတ်ကို အားပျော့သွားအောင် အခြားတစ်ခုခုနဲ့ ရောစပ်ပြီး လိုသလို ချိန်ယူကြရပါတယ်။ သုတေသနရလဒ်တွေအရ ကော်ဖီဟာ ကျန်းမာရေးအတွက် အကျိုးပြုတာတွေ အများကြီးပါ။ သို့သော်လည်း သူ့ချည်းသက်သက်တော့ ဖြည့်စွက်အဟာရအနေနဲ့ မသုံးသင့်ပါဘူးတဲ့။ ကဖင်းဓာတ်က အလွန်အကျွံ သောက်ရင် သွေးတိုးတာ၊ ရင်တုန်တာ၊ ကတုန်ကယင်ဖြစ်တာ၊ စိတ်မငြိမ်မသက်ဖြစ်တာမျိုးတွေလည်းရှိလို့ ချင့်ချိန်သုံးစွဲဖို့တော့ လိုပါတယ်။ သူကတော့ ကော်ဖီမှာပါတဲ့ ကဖင်းဓာတ်ရဲ့ ကျန်းမာရေး အကျိုးပြုမှုတွေကို လေ့လာတွေ့ရှိမိသလောက် ရှာဖွေတင်ပြပေးလိုက်ပါတယ်။ ကဖင်းဓာတ်က အသားအရည်အတွက်ကောင်းတယ် ကဖင်းဓာတ်က သင့်ရဲ့အရေပြားကို တင်းရင်းစေလို့ ဆယ်လူးလို့စ်တွေ လျှော့ချပေးတယ်။ မျက်ကွင်းညိုခြင်း၊ မျက်ဝန်းတစ်ဝိုက် အရေးအကြောင်းများ ထင်ခြင်းကိုလည်း လျော့ပါးသွားအောင် အထောက်အပံ့ ပေးနိုင်ပါတယ်။ ကော်ဖီမှာ အရေပြားရောင်ရမ်းခြင်း၊ ဖူးရောင်ခြင်းတွေကို ဖြစ်ပေါ်စေတဲ့ သွေးကြောတွေကို ကန့်သတ်ပေးနိုင်စွမ်းရှိလို့ မျက်အိတ်ဖောင်းခြင်းကိုလည်း ကာကွယ်နိုင်ပါတယ်။ ကဖင်းမှာ antioxidants တွေပါလို့ ပါးရေတွန့်ခြင်း၊ နေလောင်ကွက်များနဲ့ သက်ကြီးအရေပြားကွက်တွေကိုလည်း လျော့ပါးစေပါတယ်။ အခုခေတ်မှာဆိုရင် ကော်ဖီမှုန့်ကို အသုံးပြုပြီး ဆပ်ပြာထုတ်တာ၊ scrub နဲ့ တခြား လူသုံးအလှကုန်ပစ္စည်းတွေ ထုတ်လုပ်အသုံးပြုလာတာက သက်သေပါပဲ။ ၁ ) အသည်းအတွက်ကောင်းတယ် ကော်ဖီမှာပါဝင်တဲ့ Caffeine ဓာတ်ဟာ သင့်အသည်းမှာ စုပုံနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်ပြီး အူမကြီးကို သန့်စင်စေနိုင်ပါတယ်။ Duke University က လေ့လာတွေ့ရှိချက်အရ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါတွေကို ကော်ဖီစေ့က ကာကွယ်ပေးနိုင်တယ်ဆိုတာ သိရှိခဲ့ရပါတယ်။ ၂ ) ဆီးချိုရောဂါဖြစ်နိုင်ချေကို လျှော့ချပေးတယ် နောက်ထပ်လေ့လာတွေ့ရှိမှုတစ်ခုအရ တစ်နေ့ကို ကော်ဖီငါးခွက်သောက်ခြင်းဟာ ဆီးချိုသွေးချိုဖြစ်ပွားမှုကို လျော့ကျစေနိုင်ပါသတဲ့၊ ကော်ဖီမှာပါဝင်တဲ့ antioxidant ဓာတ်ဟာ ဆီးချိုသွေးချို ဖြစ်ပွားမှုကို တိုက်ခိုက်ပေးလို့ပါတဲ့။ တစ်နေ့ ငါးခွက်သောက်တဲ့ ကော်ဖီဟာ သကြား ပါဝင်မှု မရှိရဘူးဆိုတာကိုတော့ သတိပြုစေချင်ပါတယ်။ ၃ ) ဉီးနှောက်စွမ်းဆောင်ရည်ကို မြှင့်တင်ပေးတယ်။ Caffeine ဓာတ်က ဉာဏ်ပိုကောင်းလာစေနိုင်ပါတယ်။ စာလုပ်တဲ့အချိန်ဆို ကော်ဖီပူပူလေးတစ်ခွက် ဘေးမှာထားသောက်ပြီး ကြည့်ခြင်းက သင့်ကို ပိုပြီး မှတ်ညဏ်အားကောင်းလာပြီး အာရုံစူးစိုက်မှုလည်း မြင့်တက်လာစေမှာ အသေအချာပါပဲ။အရမ်းအိပ်ချင်ထိုင်းမှိုင်းနေတဲ့အချိန်မှာ ကော်ဖီနံ့လေးရလိုက်ရင် တက်ကြွသွားစေနိုင်တာကို ကြည့်ရင်လည်း သိနိုင်ပါတယ်။ ဒါ့အပြင် စိတ်ဖိစီးမှုတွေလည်း လျှော့ချပေးနိုင်ပါသတဲ့။ ဟားဗာ့ထ်တက္ကသိုလ်ရဲ့ ရှာဖွေတွေ့ရှိမှုတွေအရ ကော်ဖီ တစ်နေ့ကို ၄ ခွက် သောက်ခြင်းဟာ Parkinson ရောဂါဖြစ်ပွားမှုကို ကာကွယ်ပေးနိုင်တယ်လို့ ပြောကြားထားပါတယ်။ ကဖင်းဓာတ်ဟာ ဒိုပါမင်း မော်လီကျူးတွေ လှုပ်ရှားမှုကို ထိန်းသိမ်းပေးနိုင်တာကြောင့် ဖြစ်တယ်လို့လည်း ပြောထားပါတယ်။ ၄ ) နှလုံးသွေးကြောကျန်းမာရေးအတွက် ကောင်းတယ် နှလုံးသွေးကြောကျန်းမာရေးအတွက် အထောက်အကူပေးတယ်။ သွေးဖိအား ကောင်းမွန်စေတယ်။ ဒါပေမဲ့ သောက်လေ့သောက်ထမရှိတဲ့သူတွေအတွက်တော့ ပြဿနာရှိနိုင်တယ်။ Brooklyn College ရဲ့ တွေ့ရှိချက်အရ တစ်နေ့ကို ကော်ဖီလေးခွက်သောက်သုံးသူတွေဟာ နှလုံးရောဂါဖြစ်နိုင်ခြေ လျော့နည်းတာကို တွေ့ရတယ်လို့ ဖော်ပြထားပါတယ်။ ပြီးတော့ ကော်ဖီသောက်ခြင်းဟာ လေဖြတ်ခြင်းကို ၂၂% အထိ လျှော့ချပေးနိုင်တာ တွေ့ရတယ်လို့လည်း ပြောကြားထားပါတယ်။ ၅) မျက်စိကျန်းမာရေး ကဖင်းဓာတ်ဟာ မျက်ကြောဆွဲခြင်းကို ကာကွယ်ပေးနိုင်ပြီး မျက်စိတိမ်စွဲခြင်းများကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၆) ကင်ဆာကာကွယ်ပေးတယ် ကင်ဆာဖြစ်ပွားမှုကို ဖြစ်စေတဲ့ အကြောင်းအရာတွေကို လျှော့ချပေးနိုင်တယ်။ နှေးကွေးစေတယ်။ ပါးစပ်နဲ့ လည်ချောင်းကင်ဆာဖြစ်ပွားမှုကို ငါးဆယ်ရာခိုင်နှုန်း လျှော့ချပေးနိုင်သလို အရေပြားကင်ဆာဖြစ်ပွားမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ၇ ) ခန္ဓာကိုယ်အား တက်ကြွစေတယ် ကဖင်းဓာတ်ဟာ သင့်ရဲ့နှလုံးနဲ့ အာရုံကြောစနစ်ကိုလည်း ဖွံ့ဖြိုးစေပါတယ်။ ဒါကြောင့် သင့်မှာ အားနည်းခြင်း၊ ခေါင်းမူးခြင်းတွေကို ကာကွယ်ပေးနိုင်ပါတယ်။ လေ့လာတွေ့ရှိမှုတစ်ခုအရ လေ့ကျင့်ခန်းမလုပ်ခင် မိနစ် ၃၀ တစ်နာရီလောက်အလိုမှာ ကဖင်း 140- 400 mg လောက်ကို စားသုံးပြီး လုပ်ရင်ကြွက်သားဖွံ့ဖြိုးမှုကို ပိုမိုအားပေးကြောင်း တွေ့ရှိခဲ့ရသလို အလုပ်ကိုလည်း လွယ်ကူအေးဆေးစွာ လုပ်နိုင်တယ်လို့ သိရပါတယ်။ ဒီမှာ သတိထားရမှာတစ်ခုက အထက်ဖော်ပြပါ အကျိုးကျေးဇူးတွေအားလုံးက သဘာဝကော်ဖီစေ့ကနေရတဲ့ ကော်ဖီကို သောက်သုံးမှသာ ရရှိနိုင်မှာ ဖြစ်ပါတယ်။ လက်ရှိစျေးကွက်ထဲမှာ ရောင်းချနေတဲ့ တန်ဖိုးနည်း ကော်ဖီတွေက အချိုဓာတ်လွန်ကဲပြီး အာနိသင်ကောင်းကောင်း မရှိတာကြောင့် ရေရှည်သောက်မယ်ဆိုရင် ဆီးချိုအပါအဝင် တခြားသော ဆက်စပ်ရောဂါတွေ ဝင်လာနိုင်ပါတယ်။ ဒါကြောင့် ကော်ဖီအစစ်ကိုပဲ ရံဖန်ရံခါ သောက်သုံးပေးတာက သင့်ကျန်းမာရေးအတွက် အကောင်းဆုံးဖြစ်ပါလိမ့်မယ်။


by | 11 Nov 2021

ငိုကြွေးခြင်းဟာ စိတ်ဓာတ်ပိုင်းဆိုင်ရာ ပျော့ညံ့အားနည်းခြင်းရဲ့လက္ခဏာလို့ လူအများစုက လက်ခံထားကြပါတယ်။ ဒါဟာ တကယ်ပဲလား။ သုတေသနပြုချက်တွေအရ ငိုကြွေးခြင်းဟာ လူတွေအတွက်အတွက် မထင်မှတ်ထားတဲ့ အကျိုးရလာဒ်တွေကို ဖြစ်ပေါ်စေတယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ငိုကြွေးခြင်းဟာ မကောင်းတဲ့ ခံစားချက်တွေကို ရှင်းလင်းပစ်လိုက်သလို ဖြစ်တဲ့အပြင် စိတ်ကျန်းမာရေးအတွက် အကျိုးထူးများစွာကိုလည်း ရရှိစေတယ်လို့ ဆိုပါတယ်။ လူတွေ ဘာလို့ငိုရတာလဲ။ ဝမ်းနည်းလို့ပဲဖြစ်ဖြစ် ဝမ်းသာလို့ပဲဖြစ်ဖြစ် လူတွေ ငိုကြွေးကြပါတယ်။ ဒါကတော့ ကလေးတောင်သိပါတယ်လို့ သင်တွေးကောင်းတွေးနေပါလိမ့်မယ်။ ဟုတ်ပါတယ်။ ဒီထက် ပိုတဲ့အကြောင်းအရာလေးတွေလည်း ရှိနေပါသေးတယ်။ ကိုယ် စိတ်အားတင်းထားသမျှအားတွေချွတ်ခြုံကျသွားပြီး လူရောစိတ်ပါ ချုံးချုံးကျသွားတဲ့ အခြေအနေမျိုးတွေ ရှိတတ်ပါတယ်။ ဥပမာ လူတွေက ဝမ်းနည်းတာ၊နာကျင်ခံစားရတာကြောင့် ငိုကြွေးရလေ့ရှိပေမယ့် တခြားလှပတဲ့ အကြောင်းရာတွေကြောင့်လည်း ငိုရတာမျိုး ရှိတတ်ပါတယ်။ ကိုရီးယားကားတွေမှာဆိုလည်း တွေ့ဖူးမှာပါ။ လူတွေအများကြီးရှေ့မှာ မင်းသားဆီကနေ လက်ထပ်ခွင့်တောင်းခံရတဲ့ အခါမျိုးမှာ အရမ်းစိတ်လှုပ်ရှားပျော်ရွှင်သွားတာကြောင့်လည်း မျက်ရည်ကျတတ်ပါတယ်၊ ဒါ့အပြင် ခံစားချက်တွေ ပွင့်ထွက်သွားတဲ့အခါ၊ မချင့်မရဲဖြစ်တဲ့အခါ ဒါမှမဟုတ် အခြားတယောက်ယောက်ရဲ့ အာရုံစိုက်တာ၊ ဂရုစိုက်တာကို အရမ်းလိုချင်နေတဲ့ အခါမျိုးမှာလည်း ငိုကြွေးကြပြန်ပါတယ်။ တခြားသူတွေ သနားအောင်၊ ဇာတ်နာအောင် ငိုပြရတာမျိုးတွေလည်း ရှိပါသေးတယ်။ ငိုကြွေးတာကို အသုံးချလို့ရတဲ့ နေရာတွေ အစုံပါပဲ။ ဟုတ်ပြီ၊ ဒါတွေထားတော့။ ငိုရခြင်းရဲ့အကြောင်းရင်းခံတွေ အများကြီးရှိပေမယ့် အခုပြောချင်တာက လူတွေရဲ့စိတ်ကျန်းမာရေးကို ပိုကောင်းလာစေနိုင်တဲ့ ငိုကြွေးခြင်းအကြောင်းပဲ ဖြစ်ပါတယ်။ ငိုကြွေးခြင်းနဲ့ စိတ်ကျန်းမာရေး ငိုကြွေးခြင်းဟာ ကျွန်မတို့ရဲ့ ဦးနှောက်အပေါ် (စိတ်ပိုင်းဆိုင်ရာ အရ) အကျိုးသက်ရောက်မှုတွေ အများကြီး ရှိစေပါတယ်။ သိပ္ပံနည်းကျစဉ်းစားမယ်ဆိုရင် ကျွန်မတို့ လူတွေဟာ စိတ်ဖိစီးမှုတွေကြောင့် ဒါမှမဟုတ် စိတ်ခံစားချက်ကို ထိခိုက်စေတဲ့ အကြောင်းတစုံတရာကြောင့် ငိုကြွေးခဲ့မယ်ဆိုရင် ထွက်လာတဲ့ မျက်ရည်တွေဟာ ရေချည်းပဲ ဆိုတာထက် အများကြီး ပိုပါသတဲ့။ စိတ်ဖိစီးမှုကြောင့် ငိုကြွေးတဲ့အခါ ထွက်လာတဲ့ မျက်ရည်တွေထဲမှာ Stress hormones လို့ခေါ်တဲ့ စိတ်ဖိစီးချိန်မှာ ထွက်လာတဲ့ဟော်မုန်းတွေအပြင် အဆိပ်အတောက်ဖြစ်စေတဲ့ ဓာတ်တွေပါ ပါဝင်တယ်ဆိုတာ တွေ့ရှိခဲ့ရပါတယ်။ ဒါ့အပြင် ငိုကြွေးတဲ့အခါ endorphins ဟော်မုန်းလည်း ထွက်ရှိလာပါသေးတယ်။ ဒီဟော်မုန်းဟာ ကျွန်မတို့တွေကို နေလို့ထိုင်လို့ ကောင်းစေတဲ့ ဟော်မုန်းဖြစ်ပြီး သဘာဝအကိုက်အခဲပျောက်ဆေးလည်း ဖြစ်ပါတယ်။ ဒီတော့ ငိုကြွေးခြင်းဟာ ကိုယ့်ရဲ့ စိတ်အခြေအနေကို ကောင်းလာစေပါတယ်။ စိတ်ကျရောဂါပျောက်ဆေးတွေ သောက်တာထက် ငိုကြွေးလိုက်ရတာက ပိုပြီးနေလို့ထိုင်လို့ကောင်းစေတယ်လို့ ၂ဝဝ၈ ခုနှစ်အတွင်းက ပြုလုပ်ခဲ့တဲ့ တောင်ဖလော်ရီဒါ တက္ကသိုလ်ရဲ့လေ့လာချက်တခုမှာ ပါဝင်ခဲ့ကြသူတွေရဲ့ ၉ဝ ရာခိုင်နှုန်းက အတည်ပြုပြောဆိုခဲ့ပါတယ်။ နောက်ထပ်စိတ်ဝင်စားစရာ အချက်တခုက ငိုကြွေးခြင်းဟာ လူသားနှစ်ဦးကို ပိုမိုနီးကပ် ရင်းနှီးစေတယ်လို့ ဆိုပါတယ်။ ငိုကြွေးတယ်ဆိုတာဟာ လူတယောက်ရဲ့စိတ်ခံစားမှုအရ အားအငယ်ဆုံး အချိန်ဖြစ်ပါတယ်။ ဒီအချိန်မှာ သင်ငိုနေတာကို တစ်ယောက်ယောက်က တွေ့ခဲ့တယ်ဆိုရင် သင်ဘယ်လိုခံစားရမလဲ။ တကယ်လို့ ဒီလူကသာ သင့်ကို ဂရုတစိုက်ဖေးမနှစ်သိမ့်ခဲ့မယ်ဆိုရင် ငိုကြွေးပြီးတဲ့အခါ သင်တို့နှစ်ဦးကြားမှာရှိတဲ့ နားလည်ရင်းနှီးမှုက ပိုတိုးလာမယ်ဆိုတာ အင်မတန်မှကို သိသာထင်ရှားလှပါတယ်။ ငိုကြွေးခြင်းဟာ အရေးကြီးပါသလား။ ဟုတ်ကဲ့၊ အရမ်းကို အရေးကြီးပါတယ်။ ငိုချင်တာကို မြိုသိပ်အောင့်အီးထားရတာဟာ သင့်ခံစားချက်တွေကို ဖိသိပ်ချိုးနှိမ်ထားရတာပဲ ဖြစ်ပါတယ်။ သင့်အနေနဲ့ အကြောင်းတခုခုကြောင့် အရမ်းဒေါသတွေ ပေါက်ကွဲပြီး နံရံကို လက်သီးနဲ့ ပိတ်ထိုးပစ်ချင်နေပေမယ့် တကယ်တမ်းကျတော့လည်း သင်မလုပ်နိုင်ပါဘူး။ ဒေါသစိတ်တွေကို ဒီလိုမြိုသိပ်ထားရတာတွေ များလာတဲ့အခါ သင့်အနေနဲ့ စိတ်တိုလွယ်၊ ဒေါသထွက်လွယ်တဲ့ စိတ်ဆတ်သူ ကိုဒေါသအိုးကြီး ဖြစ်လာပါတော့တယ်။ ဒီအဓိပ္ပာယ်မျိုးပါပဲ၊ ငိုချင်နေတာကို ကျိတ်မှိတ်မြိုသိပ်ထားရတာတွေ သိပ်များလွန်းလာရင် ခံစားချက်တွေစုပုံပြီး စိတ်ကျရောဂါဆီကို ဦးတည်လာပါတော့တယ်။ မှန်ပါတယ်၊ စိတ်ဓာတ်ကျတာကို သက်သာစေတဲ့ နည်းလမ်းတွေ အများကြီးရှိပါတယ်။ ဒါပေမယ့် သင်ယုံကြည်အားကိုးရတဲ့သူရှေ့မှာ ရင်ဖွင့်ပြီး အားပါးတရ ငိုကြွေးလိုက်ရတာမျိုးဟာ သင့်စိတ်ကျန်းမာရေးအတွက် အကျိုးရှိတယ်ဆိုတာထက်ကို အများကြီးပိုပါတယ်။ ဒါကြောင့် သင်စိတ်ဓာတ်ကျ အားငယ်တဲ့အခါ ငိုကြွေးဖို့ ရင်ခွင်တစုံ ဒါမှမဟုတ် နှစ်သိမ့်ပေးမယ့် ပုခုံးတဖက်တော့ လိုပါလိမ့်မယ်။ အဓိက ပြောချင်တာက ငိုတယ်ဆိုတာ လူ့သဘာဝဖြစ်ပြီး ထိန်းချုပ်ထားစရာလည်း မလိုတဲ့အပြင် ရှက်စရာလည်း မဟုတ်ပါဘူး။ ဒါကြောင့် ကိုယ့်ခံစားချက်တွေကို ဖုံးကွယ်ထားပြီး စိတ်ကျန်းမာရေးကို လျစ်လျူရှုမယ့်အစား လွတ်လွတ်လပ်လပ် ငိုကြွေးလိုက်ပါ။ ပြီးတော့ ငိုကြွေးခြင်းဆိုတာ အားငယ်တတ်သူ၊ အားနည်းသူတွေရဲ့အလုပ်ပဲဆိုတဲ့ မမှန်ကန်တဲ့ အတွေးအခေါ်ကြီးကိုပါ မြေမြှုပ်လိုက်ပါတော့။


by | 10 Nov 2021

မိန်းကလေးတွေရဲ့တစ်သက်တာမှာရှောင်လွှဲမရဘဲ အရွယ်ရောက်တာနဲ့ကြုံလာရတဲ့ အရာကတော့ ဓမ္မတာလာခြင်း ဖြစ်ပါတယ်။ အသက် ၅၀ ကျော် သွေးဆုံးတဲ့အချိန်ထိ လစဉ်ကြုံတွေ့နေရမယ့်ကိစ္စဖြစ်သလို အမျိုးသမီးကျန်းမာရေးမှာအရေးပါပါတယ်။ ရာသီလာခြင်းက အမျိုးသမီးတွေနဲ့ခွဲခြားမရတဲ့ သဘာဝတစ်ခုမို့ လစဉ်သုံးပစ္စည်းတွေနဲ့ မကင်းနိုင်ကြပါဘူး။ ဒါပေမယ့် လစဉ်သုံးပစ္စည်းတောင် သုံးဖို့မလိုလောက်အောင် ရာသီသွေးဆင်းနည်းလွန်းတဲ့ အမျိုးသမီးတွေ၊ ရာသီလာရက်တိုနေတဲ့ အမျိုးသမီးတွေနဲ့ ရာသီလာရက် မမှန်တဲ့ နောက်ကျတတ်တဲ့ အမျိုးသမီးတွေလည်း ရှိနေပါသေးတယ်။ တချို့ဆို တစ်ရက်၊ တစ်ညပဲ ရာသီလာတာ ဒါမှမဟုတ် နည်းလွန်းလို့ မသိသာတာကြောင့် လစဉ်သုံးတောင် မလိုဘဲနေ့စဉ်သုံးအပါးစားလေးတွေနဲ့တင် အဆင်ပြေပါတယ်။ ဒါဆို ဘာကြောင့် နည်းရတာလဲ အများအားဖြင့်တော့ တစ်ရက်ကနေ နှစ်ရက်အထိပဲ ရာသီသွေးဆင်းတာက အက်စထရိုဂျင်ဟော်မုန်းနည်းပါးမှု ဒါမှမဟုတ် သံဓာတ်အားနည်းခြင်းကြောင့်ဖြစ်နိုင်ပါတယ်။ သားအိမ်နံရံမြှေးဖြစ်တည်ဖို့ အက်စထရိုဂျင်မလုံလောက်တဲ့အခါ ရာသီသွေးနည်းတာ၊ အရောင်ဖျော့တာ၊ ရက်တိုလွန်းတာတွေဖြစ်လာတတ်ပါတယ်။ အက်စထရိုဂျင်နည်းစေနိုင်တဲ့ဖြစ်နိုင်ခြေအကြောင်းရင်းတွေ အများကြီးရှိပါတယ် – • ဟော်မုန်းပါတဲ့ တားဆေးတွေ သောက်သုံးတာ • စိတ်ဖိစီးမှုအရမ်းများတာ • ကိုယ်လက်လှုပ်ရှား ပြင်းပြင်းထန်ထန်လုပ်ပြီး အစားအရမ်းလျှော့လိုက်တာ • သံဓာတ်အားနည်းတာ • ဗီတာမင်နဲ့ သတ္ထုဓာတ်တွေ ချို့တဲ့နေတာတွေကြောင့်လည်း နည်းစေနိုင်ပါတယ်။ ပုံမှန်အခြေအနေဆိုတာ မိန်းကလေးတစ်ယောက်နဲ့ တစ်ယောက် ရာသီလာတဲ့ပမာဏနဲ့ရက်အပိုင်းအခြားချင်းမတူကြပါဘူး။ ဓမ္မတာသွေးဆင်းခြင်းဟာ ၂၁ရက် ကနေ ၃၅ ရက်ခြားတစ်ကြိမ်ဖြစ်ပေါ်တတ်ပြီး တစ်ကြိမ်ကို ၂ ရက်မှ ၇ ရက်အတွင်း ကြာမြင့်တတ်ပါတယ်။ပျိုဖော်ဝင်ခါစနှစ်တွေမှာ ရာသီလာတဲ့ရက်က ရှည်ကြာတတ်ပေမယ့် အရွယ်ရောက်လာတာနဲ့အမျှ ရက်တိုလာပြီး ပုံမှန်ဖြစ်သွားလေ့ရှိပါတယ်။ ရာသီစက်ဝန်းဟာ ရက်အနည်းအများ၊သွေးဆင်းတဲ့ပမာဏအနည်းအများနဲ့ လာချိန်တွေဟာ တစ်လနဲ့တစ်လ ပုံမှန်ရှိကြပါတယ်။ တချို့မှာ ရာသီသွေးဆင်းနည်းတယ်၊များတယ်၊ ကိုက်ခဲမှုခံစားရသူ၊မခံစားရသူ၊ ရက်ရှည်သူ၊ ရက်တိုသူတွေရှိတတ်ပေမယ့် တခြားလက္ခဏာတွေ မဖြစ်ခဲ့ရင် ပုံမှန်အခြေအနေအဖြစ် ယူဆလို့ရနိုင်ပါသေးတယ်။ ရာသီ ဘာလို့ ရက်မမှန်ရသလဲ • ရာသီသွေးမမှန်ရတဲ့ အကြောင်းအရင်းတွေအများကြီးရှိပါတယ်။ • စိတ်ဖိစီးတာ • အစားနည်းတာ • သန္ဓေတားဆေးသောက်နေတာ • ကိုယ်အလေးချိန်ကျနေတာ • ဟော်မုန်းဆေးထိုးထားတဲ့ အသားတွေအစားများတာမျိုး • ကိုယ်အလေးချိန်အရမ်းများနေတာ • လေ့ကျင့်ခန်းတွေအလွန်အကျွံလုပ်ထားတာ • ကျန်းမာရေးအခြေအနေတစ်ရပ်ရပ်ခံစားနေရတာတွေကြောင့်လည်းရာသီသွေးမမှန်တာမျိုးဖြစ်နိုင်ပါတယ်။ ရာသီသွေးမမှန်တာက အမျိုးသမီးတွေမှာ အသက်အရွယ်ကြီးရင့်လာတဲ့အခါ အမျိးသမီးရောဂါတွေခံစားရတာမျိုးဖြစ်နိုင်ပါတယ်။ ဒီလို ပြသနာတွေကနေ ကင်းဝေးဖို့ ဘာတွေလုပ်ရမလဲဆိုတာ အမျိုးသမီးလေးတို့ကို ပြောပြချင်ပါတယ်။ (၁) ယောဂဆော့ပါ ယောဂက ရာသီထိန်တာ မမှန်တာစတဲ့ ပြသနာအမျိုးမျိုးအတွက် အကောင်းဆုံး အဖြေဖြစ်ပါတယ်။ ဒါအပြင် ရာသီလာချိန်မှာ ဖြစ်ပေါ်တတ်တဲ့ နာကျင်မှုတွေ၊ စိတ်တိုလွယ်တာ စိတ်ဆက်တာ စတဲ့ စိတ်ခံစားချက်တွေကိုပါ နည်းပါးအောင် ပြုလုပ်ပေးနိုင်ပါတယ်။ (၂) သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိအောင် နေပါ။ ကိုယ်အလေးချိန် ပြောင်းလဲမှုရှိတာကလည်း ရာသီလာခြင်းကို ထိခိုက်နိုင်ပါသည်။ တကယ်လို့ သင်က လိုအပ်တာထက် ပိုဝနေမယ်ဆိုရင် အနည်းငယ် ဝိတ်ချလိုက်တာက ရာသီမှန်အောင် ကူညီပေးနိုင်ပါတယ်။ အလွန်အမင်း ဝိတ်မချဖို့တော့ လိုပါလိမ့်မယ်။ အလားတူပဲ အရမ်းပိန်လွန်းပြီး အစားအသောက်မှန်မှန် မစားရင်လည်း ပုံမှန်မလာဘဲ နေတတ်တာကြောင့် သင့်တင့်မျှတတဲ့ ကိုယ်အလေးချိန်ရှိခြင်းက အကောင်းဆုံးပါ။ (၃) ချင်းစားပေးပါ။ ချင်းကတော့ရောဂါတော်တော်များများအတွက် အသုံးဝင်တဲ့မီးဖိုချောင်ထဲကဆေးတစ်လက်လို့ဆိုရပါမယ်။ ချင်းက ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေကြွယ်ဝစွာပါဝင်ပြီးရောင်ရမ်းမှုကိုလျော့ပါးသက်သာစေနိုင်သလို နာကျင်မှုကိုသက်သာစေနိုင်တဲ့ အာနိသင်လည်းရှိပါတယ်။ ရယသီသွေးပေါ်ရမယ့်ရက်ထက်နောက်ကျနေခဲ့ရင် ချင်းတစ်ပြားလောက်ကို ပျားရည်လေးနဲ့စိမ်ပြီးစားပေးပါ။ ဒါမှမဟုတ် ဂျင်းတက်လေးတစ်ခုကို ထန်းလျက်တစ်လုံးလောက်နဲ့ ကျိုပြီး သောက်ရင်လည်း ရာသီမှန်စေပြီး ကိုက်ခဲမှုတွေကိုလည်း အချိန်တိုအတွင်း သက်သာစေပါတယ်။ အရသာလည်း ကောင်းတာမလို့ မသောက်ဖူးသေးရင် စမ်းကြည့်ဖို့ ပြောချင်ပါတယ်။ (၄) Apple cider vinegar ကို နေ့တိုင်းသောက်ပေးပါ။ တစ်နေ့ကို ပန်းသီးရှာလကာရည် ၁၅ မီလီလီတာလောက် သောက်ပေးခြင်းက ခန္ဓာကိုယ်က အက်စထရိုဂျင် ထုတ်လုပ်ပေးမှုကို လှုံ့ဆော်ပေးပြီး သားဉကြွေအောင် ပြလုပ်ပေးနိုင်တာကြောင့် ရာသီမှန်စေပါတယ်။ ပန်းသီးရှာလကာရည်က ဝိတ်ကျစေပြီး အင်ဆူလင်ထုတ်လုပ်မှုကို အားပေးတာကြောင့် ဝတဲ့သူတွေနဲ့ ဆီးချိုရှိတဲ့ လူတွေ သောက်သုံးရင် တစ်ချက်ခုတ် နှစ်ချက်ပြတ်ပါပဲရှင်။ သူ့အရသာ နည်းနည်းတော့ ချဉ်တာမလို့ တချို့လူတွေအတွက်တော့ သောက်ရတာ ခက်ကောင်းခက်နိုင်ပါတယ်။ တကယ်လို့ ကိုယ်က အချဉ်မသောက်နိုင်ရင် ရေနည်းနည်းရောပြီး ဖြစ်ဖြစ် ပျားရည်လေးနဲ့ တွဲစပ်ပြီး ဖြစ်ဖြစ် သောက်သုံးလို့ ရပါသေးတယ်။ (၅)နနွင်းမှုန်း သုံးပါ။ နနွင်းမှုန့်ကရောင်ရမ်းနာကျင်မှုတွေကို သက်သာစေနိုင်မယ့်အကောင်းဆုံးဆေးတစ်လက်ပါ။ ခန္ဓါကိုယ်ကို အပူဓါတ်ရရှိစေနိုင်ပြီး ဓါတ်တိုးဆန့်ကျင်ပစ္စည်းတွေလည်း ကြွယ်ဝစွာပါဝင်နေပါတယ်။ နနွင်းက ကိုယ်တွင်းကဟော်မုန်းတွေကို ညီမျှအောင် ထိန်းညှိပေးပြီး ရာသီသွေးဆင်းတာကို မှန်အောင်လုပ်ဆောင်ပေးပါတယ်။ ဒါကြောင့် ရာသီသွေးမပေါ်ခင်မှာ နနွင်းနည်းနည်းလောက်စားပေးပါ။ ဘယ်အချိန်မှာ ဆရာဝန်ပြရမလဲ • ရုတ်တရက်ကြီး ရာသီမမှန်ခဲ့ရင် • သုံးလအတွင်း တစ်ခါမှ မလာရင် • ၂၁ရက်အတွင်းမှ တစ်ကြိမ်ထက် ပိုလာခဲ့ရင် • ၃၅ ရက်အတွင်းမှ တစ်ကြိမ်မှ မလာရင် • ပုံမှန်ထက် များပြီး တစ်ပတ်ကေျာ်ကြာနေမယ်ဆိုရင်တော့ ဒီထက် ပြင်းထန်တဲ့ ရောဂါ ဖြစ်ကောင်းဖြစ်နိုင်တာမလို့ စောစောစီးစီး ဆရာဝန်ဆီပြဖို့ အကြံပြုပါရစေ။ ဒီလောက်ဆိုရင် ရာသီမှန်အောင် ဘာတွေလုပ်ရမယ်ဆိုတာ သိသွားကြပြီလို့ ထင်ပါတယ်။ အထက်ပါ နည်းလမ်းတွေနဲ့ အစားအစာတွေကို အသုံးချပြီးတော့ ကျန်းမာလှပတဲ့ အမျိုးသမီးဘဝကို ပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်ရှင်။


by | 09 Nov 2021

ဒီနေ့ခေတ်မှာဆိုရင် လူငယ်နဲ့ သီချင်းက ခွဲထားလို့ မရတဲ့ အရာတစ်ခုပါ။ နည်းပညာတွေကလည်း တစ်နေ့တခြားတိုးတက်လာပြီး အသစ်အသစ်သော နောက်ဆုံးပေါ် ဇိမ်ခံပစ္စည်းတွေ၊ အသုံးပြုရ လွယ်ကူပြီး နှစ်လိုဖွယ်ကောင်းတဲ့ လူကြီးလူငယ်အကြိုက် မိုဘိုင်းဖုန်းတွေနဲ့ တခြားသော နည်းပညာဆိုင်ရာ ပစ္စည်းတွေလည်း မရိုးရအောင် ထွက်ရှိလာကြပါတယ်။ အဲဒီထဲမှာမှ Headphone နဲ့ နားကြပ်တွေဟာလည်း နောက်ကွယ်ကဆိုးကျိုးတွေကို မသိကြဘဲ ယနေ့ခေတ်လူငယ်တွေ အသုံးများတဲ့ နည်းပညာပစ္စည်းတွေဖြစ်ပါတယ်။ ကျွန်တော်တို့ ပတ်ဝန်းကျင်မှာဆိုရင် နားကြပ်လေးတပ်ပြီး ရထားပေါ်၊ ဘတ်စ်ကားပေါ်မှ သီချင်းနားထောင်ကြတဲ့သူတွေရယ် မနက်စောစော အပြေးလေ့ကျင့်ရင်း နားကြပ်လေးတပ်ထားတဲ့ သူတွေရယ်၊ ကားမောင်းနေရင်း လက်မအားလို့ နားကြပ်တပ်ပြီး ဖုန်းပြောကြတဲ့ သူတွေကို နေ့စဉ်နဲ့အမျှ တွေ့ဖူးကြမှာပါ။ ကိုယ်ကိုယ်တိုင်လည်း စိတ်အပန်းပြေဖို့၊ပြင်ပအသံတွေမကြားချင်လို့၊ စိတ်ဖိစီးမှုပြေလျော့စေဖို့၊သီချင်းနှစ်သက်လို့ စသည်ဖြင့် အကြောင်းအမျိုးမျိုးကြောင့်နားကြပ်နဲ့ သွားရင်းလာရင်း နားထောင်လေ့ရှိပါတယ်။ အိမ်မှာနေလည်း အနားယူရင်းနားထောင်၊ အိပ်ရာဝင်နားထောင်တာတွေ ရှိကြပေမယ့် ကျန်းမာရေးအတွက်ကျတော့ သတိထားမိကြပါရဲ့လား။ တကယ်တော့ နားကြပ်တွေ၊ Headphones တွေနဲ့ Earbuds တွေဟာ သင့်ရဲ့ အကြားအာရုံကို ဆိုးဆိုးရွားရွား ချို့ယွင်းသွားလောက်တဲ့အထိ အန္တရာယ် ပေးနိုင်ပါတယ်။ တကယ်ကို ဂရုတစိုက် အသုံးပြုသင့်တဲ့ ပစ္စည်းတွေဖြစ်ပါတယ်။ နားရဲ့အတွင်းပိုင်းမှာရှိတဲ့ ဆဲလ်လေးတွေက အရမ်းကို နူးညံ့ပြီး ထိခိုက်လွယ်ကြပါတယ်။ လေ့လာချက်တွေအရ အဆိုပါ ဆဲလ်လေးတွေဟာ ထိခိုက်ပျက်ဆီးသွားပြီဆိုရင် ပြန်လည်ကောင်းမွန်လာခြင်းမရှိတော့ပဲ လုံးဝပျက်စီးသွားတတ်တယ်လို့ ဆိုပါတယ်။ ဒီကနေ့ကမ္ဘာပေါ်မှာ အကြားအာရုံချို့ယွင်းတဲ့ လူငယ်အရေအတွက် တိုးပွားလာနေပြီး ပြီးခဲ့တဲ့ ၁၉၈၈ ခုနှစ်ဝန်းကျင်ကနဲ့ နှိုင်းစာရင် ၃ ပုံ တစ်ပုံလောက် တိုးပွားလာတာဖြစ်တယ်လို့ Journal of American Medicine က ဖော်ပြဖူးပါတယ်။ Headphones နဲ့ နားကြပ်တွေအသုံးများခြင်းရဲ့ဘေးထွက်ဆိုးကျိုးများ • အကြားအာရုံဆုံးရှုံးခြင်း / အကြားအာရုံပိုင်းနောက်ဆက်တွဲပြဿနာများ headphones သို့မဟုတ် နားကြပ်ကိုသုံးတဲ့အခါ သင့်ရဲ့နားထဲကို အသံကတိုက်ရိုက် အနီးကပ်ဝင်ရောက်လာတာဖြစ်ပါတယ်။90 decibels ထက်ကျော်တဲ့အသံအတိုင်းအတာက အကြားအာရုံမှာနောက်ဆက်တွဲထိခိုက်မှုတွေဖြစ်လာစေနိုင်ပြီး နားမကြားတော့တဲ့ အထိဖြစ်စေနိုင်ပါတယ်။headphones နဲ့နားကြပ်တပ်ပြီး နားထောင်လေ့ရှိသူတွေဟာ အကြားအာရုံဆုံးရှုံးဖို့ရာခိုင်နှုန်းများပါတယ်။100 decibels ထက်ကျော်တဲအသံနှုန်းနဲ့၁၅ မိနစ် လောက် နားထောင်ရုံနဲ့ပဲ ဒီအန္တရာယ်ကို စိတ်ပူရပါတယ်။ ဒါ့ကြောင့် ကိုယ်က ဒီလိုအလေ့အကျင့်မျိုးရှိနေသူဖြစ်ရင် ကိုယ့်ရဲ့နားကို နည်းနည်းလောက်အနားပေးပြီး အသံအကျယ်ကြီးဖွင့်နားမထောင်ဖို့ သတိပြုပါ။ • နားပိုးဝင်ခြင်း သင်က ကိုယ့်နားကြပ်ကိုပဲ သုံးလေ့ရှိသူလား။ ဒါမှမဟုတ် တခြားသူဆီက ငှားသုံးတတ်သလား။ သူငယ်ချင်းမိတ်ဆွေတွေ၊ မိသားစုတွေဆီက တစ်ခါတစ်ရံတော့ ငှားသုံးမိမှာပါပဲ။ ဒါပေမယ့် ဒီလိုတစ်ကြိမ်တစ်ခါတည်းကနေပဲ လွယ်လွယ်နဲ့ နားပိုးဝင်ခြင်းဖြစ်နိုင်ပါတယ်။ နားထဲက ဘက်တီးရီးယားတွေက နားကြပ်တွေကတဆင့် တစ်ယောက်နဲ့တစ်ယောက်ကူးစက်ဖို့လွယ်ပါတယ်။ ဒါ့ကြောင့် တခြားသူဆီကို ငှားပေးရတော့မယ်ဆိုရင် သန့်စင်ဆေးရည်နဲ့ပိုးသတ်တာမျိုး၊ ဒါမှမဟုတ် လုံးဝမငှားတာမျိုး၊ ငှားမသုံးတာမျိုး သတိထားသင့်ပါတယ်။ • လေလမ်းကြောင်းပိတ်စေခြင်း ထုတ်လုပ်တဲ့ကုမ္ပဏီတွေကတော့ အသံစနစ်ကောင်းမွန်ကြောင်းကြော်ငြာကြမှာပါပဲ။ ဒါပေမယ့် အသံဘယ်လောက်ကောင်းကောင်း ကျန်းမာရေးရှုထောင့်မှာတော့ ကိုယ့်ရဲ့အသုံးပြုမှုကိုမူတည်ပြီး ထိခိုက်မှုအနည်းနဲ့အများရှိလာစေနိုင်ပါတယ်။ နားထဲကို နားကြပ်ထိုးထည့်ထားရင်ပဲ လေလမ်းကြောင်းပိတ်ဆို့စေနိုင်ပါတယ်။လေအဝင်အထွက်မရှိရင် သိချင်းသံပိုနားထောင်ကောင်းတယ်ဆိုပေမယ့် နားပိုးဝင်ခြင်းတွေဖြစ်လာနိုင်ခြေများပါတယ်။ အများဆုံးဖြစ်လေ့ရှိတာက နားကြပ်နဲ့headphones တွေကို အမြဲပုံမှန်သုံးလေ့ရှိတဲ့သူတွေဟာ နားအူခြင်း၊ နားပိုးဝင်ခြင်းနဲ့ နားလေးခြင်းတို့ဖြစ်လာတတ်ပါတယ်။ • အကြားအာရုံခေတ္တပျောက်ဆုံးခြင်း တစ်နေ့လုံး အသံအကျယ်ကြီးနဲ့ နားကြပ်အသုံးများတဲ့သူတွေဟာ အကြားအာရုံခေတ္တပျောက်ဆုံးတတ်ပါတယ်။ ဒီလိုမျိုး ခေတ္တ အကြားအာရုံ ပျောက်ဆုံးသွားပြီးရင် ခဏနေတာနဲ့ပုံမှန်ပြန်ဖြစ်လာပါတယ်။ ဒါပေမယ့် ဒီအခြေအနေက အန္တရာယ်များတဲ့အပြင် တကယ်နားမကြားတော့တဲ့အထိဖြစ်စေနိုင်ပါတယ်။ • နားကိုက်ခြင်း နားကြပ်သုံးတဲ့သူတွေမှာ နားကိုက်တဲ့ပြဿနာခဏခဏကြားရပါတယ်။ နားထဲမှာ တဝီဝီနဲ့အသံတွေကြားနေရတာ ဒါမှမဟုတ် ဟိုးအတွင်းက စူးကနဲနာကျင်ကိုက်ခဲတာတွေ ခံစားရတတ်ကြပါတယ်။ • ဦးနှောက်ကို ဆိုးကျိုးသက်ရောက်စေခြင်း နားကြပ်တွေ၊ headphoneတွေဆီကထုတ်လွှတ်တဲ့ လျှပ်စစ်သံလိုက်လှိုင်းတွေက ဦးနှောက်ကိုပြင်းထန်တဲ့အန္တရာယ်တွေဖြစ်လာစေနိုင်ပါတယ်။ ဒါပေမယ့် ဒါကိုသက်သေပြဖို့တော့ လုံလောက်တဲ့ဆေးပညာအထောက်အထားတော့မရှိသေးပါဘူး။ ဒါပေမယ့်Bluetooth ၊ headphone နဲ့ နားကြပ်ကိုနေ့စဉ်သုံးသူတွေဟာ ဦးနှောက်နဲ့ ပတ်သက်တဲ့ရောဂါတွေ ပိုအဖြစ်များတာတွေ့ရပါတယ်။ နားအတွင်းပိုင်းဟာ ဦးနှောက်နဲ့တိုက်ရိုက်ချိတ်ဆက်နေတာဖြစ်ပြီး နည်းနည်းလောက်ပိုးဝင်ရင်တောင် ဦးနှောက်ကိုတိုက်ရိုက် ထိခိုက်စေနိုင်ပါတယ်။ • အသက်အန္တရာယ်နီးတဲ့ မတော်တဆမှုတွေ အခုနောက်ပိုင်းမှာ နားကြပ်တပ်ရင်း လမ်းသွားလမ်းလာတွေ မတော်တဆဖြစ်မှုတွေများလာပါတယ်။ ကားဟွန်းသံမကြား၊ ရထားသံ မကြားနိုင်တဲ့သူတွေဟာဖြစ်ရပ်ဆိုးရဲ့သားကောင်ဖြစ်သွားနိုင်ပါတယ်။ တစ်ခါတစ်ရံ နားကြပ်တပ်ထားသူရဲ့အသက်ကို ကယ်တင်နိုင်ဖို့ ကြိုးစားရင်း တခြားသူတွေရဲ့အသက် အန္တရာယ်ဖြစ်ရတာတွေတောင် ရှိပါတယ်။ နားကိုမထိခိုက်စေဘဲ နားကြပ် ဆက်သုံးနိုင်ဖို့ ဘယ်လိုဆင်ခြင်မလဲ နားကြပ်အသုံးပြုခြင်းရဲ့ကျန်းမာရေးအန္တရာယ်တွေကို သိထားပြီးပြီဆိုရင်တော့ စိုးရိမ်နေမှာပါပဲ။ ဒါပေမယ့် ဒီအတိုင်းတော့ မသုံးတော့ဘဲ လက်မလျှော့လိုက်ပါနဲ့။ နားကိုလည်း မထိခိုက်စေဘဲ headphone နဲ့ နားကြပ်တွေကို သုံးနိုင်မယ့် နည်းလမ်းတွေရှိပါသေးတယ်။ • နားထဲကို ထည့်သွင်းရတဲ့ နားကြပ်သေးသေးလေးတွေကိုမသုံးပါနဲ့။ နားအပြင်မှာတပ်ဆင်ရတဲ့ ဆိုဒ်ပိုကြီးတဲ့ headphone တွေကိုသုံးပါ။ • ကိုယ့်နားကြပ် သို့မဟုတ် headphone ကို တခြားသူတွေနဲ့ မျှဝေမသုံးပါနဲ့။ မငှားပါနဲ့။ • နားကြပ်ရဲ့ရော်ဘာအစွပ်လေးတွေကို တစ်လတစ်ကြိမ်လောက် လဲပေးပါ။ နားကြပ်မှာ အစွပ်မပါဘူးဆိုရင် သန့်စင်ဆေးရည်နဲ့ ပိုးသတ်ပေးပါ။ • ကား၊ရထား၊ အမြန်ရထားနဲ့သွားရင် ဒါမှမဟုတ် လမ်းလျှောက်သွားရင်း နားကြပ်မတပ်ထားပါနဲ့။ • နားကြပ်/headphone တပ်ထားရင် အသံအကျယ်ကြီးမထားပါနဲ့။ အချိန်အကြာကြီးလည်း တပ်မထားပါနဲ့။ • အိမ်မှာပဲ နားထောင်မယ်ဆိုရင် ဘလူးတု စပီကာ သို့မဟုတ် ဖုန်းမှာပါတဲ့ အော်ရီဂျင်နယ် စပီကာကိုပဲ အသုံးပြုဖို့ အကြံပြုချင်ပါတယ်။


by | 08 Nov 2021

မြောက်မြားလှစွာသော အရေပြားပြဿနာတွေထဲမှာ မကြာခဏကြုံရ၊ တွေ့ရတဲ့ ကိစ္စကတော့ အရေပြားအကြောပြတ်ရာတွေပါပဲ။ ပေါ်လာတာမြန်ပေမယ့် ပြန်ကောင်းသွားဖို့ကျတော့ အချိန်အတော်ယူရပါတယ်။ ဘောင်းဘီအတိုလေးတေွ ဝတ်ချင်ရင်တောင် ပေါင်တွေ ခြေသလုံးတွေမှာ အကြောပြတ်အစင်းရာကြီးတွေနဲ့ဆို အပြောခံရမှာစိုးလို့ ကာယကံရှင်တွေခမျာ ဖုံးရ၊ ဖိရတာက တစ်မျိုး၊ ပြန်ပျောက်သွားအောင် ဟိုဆေးလိမ်းရ၊ ဒီဆေးလိမ်းရတာ တစ်မျိုးနဲ့ စိတ်မချမ်းမသာဖြစ်ကြရပါတယ်။ အန္တရာယ်မရှိပေမယ့် အနည်းနဲ့ အများတော့ စိတ်မသက်မသာဖြစ်ကြရတဲ့ အရေပြားပြဿနာပါ။ ဘာကြောင့် အကြောပြတ်ကြတာလဲ? အရေပြားရဲ့ အလယ်လွှာထဲမှာ အလွန်အားကောင်းမောင်းသန်ရှိလှတဲ့ ကိုလာဂျင်နဲ့ အီလက်စတင်အမျှင်တွေ ရှိပါတယ်။ ဒီတစ်သျှူးတွေကို ဖိုက်ဖရိုဘလက်(စ်) ဆိုတဲ့ ကလာပ်စည်းက ထုတ်လုပ်ပေးတာပါ။ ကိုလာဂျင်နဲ့ အီလက်စတင်တွေဟာ အရေပြားကို မာကျောကျစ်လျစ်အောင် အထောက်အကူပြုပေးတဲ့ အမာခံ တစ်သျှူးတွေပါ။ သူတို့အင်အားကောင်းနေရင် အရေပြားမှာ အတွန့်အခေါက်၊ အရေပြားအကြောင်းတွေ မဖြစ်ပါဘူး။ အရေပြားဟာ တင်းတင်းရင်းရင်း၊ ပြည့်ပြည့်ဖြိုးဖြိုးနဲ့ပေါ့။ ဒါပေမယ့် အကြောင်းတစ်ခုခုကြောင့် ဒီအမျှင်တွေ ပြတ်ကုန်ရင်တော့ အရေပြားမှာ အကြောပြတ်ရာတွေ ပေါ်လာတော့တာပါပဲ။ ရုတ်တရက် ဝလာသူတွေ၊ ကိုယ်ဝန်ဆောင်သူတွေ၊ ကြွက်သားတွေတင်းရင်းအောင် ဆေးသောက်သူတွေ၊ အားကစားလေ့ကျင့်သူမှာ မကြာခဏကြုံရတဲ့ ပြဿနာပါ။ စောစောက ပြောခဲ့တဲ့ ကိုလာဂျင်နဲ့ အီလက်စတင် အမွေးအမှင်တွေဟာ ဘယ်လောက်ပဲ အားသန်ပါစေ သူတို့စွမ်းနိုင်တဲ့ ဆွဲဆန့်အားထက် လွန်သွားခဲ့ရင် ပြတ်ကုန်တော့တာပါပဲ။ ဒါကြောင့် အကြောပြတ်ရာကို Stretch Mark လို့ ခေါ်ကြတာပါ။ ကိုယ်ဝန်ဆောင် မိခင်တွေခမျာ ဗိုက်ကြောပြတ်ရာတွေကို ၅၀ ရာခိုင်နှုန်းကနေ ၉၀ ရာခိုင်နှုန်းအထိ ကြုံကြရတာပါ။ ကိုယ်ဝန်ရင့်လာလေ အကြောပြတ်ရာတွေ ပိုပေါ်လာလေပါပဲ။ ဒီလိုပါပဲ လူပျို၊ အပျိုဖော်ဝင်ခါစ ဟော်မုန်းအပြောင်းအလဲကြောင့် ရုတ်တရက် ဝလာသူတွေ၊ ထွားကျိုင်းလာသူတွေမှာလည်း ဒီအဖြစ်မျိုးကြုံရတာပါပဲ။ ကိုလာဂျင်နဲ့ အီလတ်စတင် တစ်သျှူးတွေရဲ့ ဆန့်အားကုန်သွားလို့ပါ။ ကာယဗလမောင်၊ မယ်တွေလည်း ကြွက်သားတွေ ဖုထစ်ဖောင်းကြွလာတော့ အရေပြားထဲက ကိုလာဂျင်တွေ ပြဲကုန်တော့တာပါပဲ။ တဖြည်းဖြည်းတင်းရင်းလာရင် မသိသာပေမယ့် ရုတ်တရက်ကြီး ဖောင်းကြွတင်းရင်းခဲ့ရင်တော့ ဟန်ချက်မညီဘဲ အကြောပြတ်ကုန်တာပါ။ အံ့သြစရာကတော့ တချို့ “ဝ” နေတဲ့သူတွေမှာ ဘာအကြောပြတ်ရာ၊ အစင်းရာမှ မရှိပေမယ့် ရုတ်တရက် ဝိတ်ချလိုက်လို့ ပိန်သွားခါမှ အကြောပြတ်ရာတွေ ထင်းခနဲ ပေါ်လာတာပါပဲ။ အချိန်တိုအတွင်းမှာ ဟန်ချက်မညီတဲ့ သဘောပေါ့။ ဘယ်သူမှတော့ အကြောပြတ်ရာ အစင်းကြောင်းကြီးကို လှတယ်မထင်လောက်ပါဘူးနော်။ ဘယ်လိုပဲပြောပြော အရေပြားကို ဂရုစိုက်တာကလည်း ကိုယ့်ကိုယ်ကို ချစ်ပုံချစ်နည်းတစ်မျိုးမလို့ အိမ်မှာတင်ပဲ အလွယ်တကူ အကြောပြတ်ရာတွေကို ပျောက်အောင် ဘယ်လိုလုပ်လို့ရတယ်ဆိုတာကို ဒီဆောင်းပါးလေးထဲမှာ ဖတ်ရှုကြည့်ကြရအောင်။ (၁) ရေများများသောက်ခြင်း ရေဓာတ်လုံလောက်စွာရရှိမှသာ အရေပြားနူးညံ့ပျော့ပြောင်းစေပြီး အသားအရေကို စိုပြေစေတဲ့အတွက် ရေများများသောက်ပေးဖို့ လိုပါတယ်။ ဘာကြောင့်လဲဆိုတော့ ခြောက်သွေ့တဲ့အရေပြားဟာ အကြောပြတ်ခြင်း၊ အနာရွတ်ဖြစ်လွယ်ခြင်း၊ အရေပြားတွန့်ခြင်းကို ဖြစ်လွယ်ပါတယ်။ လေ့လာချက်များအရ တစ်နေ့ကို ရေ ၈ဖန်ခွက်မှ ၉ဖန်ခွက်လောက် သောက်သုံးဖို့ လိုအပ်ပါတယ်။ (၂) သံပုရာရည်လိမ်းခြင်း သံပုရာရည်တွင်ပါဝင်သော ဗီတာမင်စီသည် ကိုယ်ခန္ဓာအရေပြားတင်းရင်းစေသော ကော်လဂျင်(Collage)ဓာတ်ကို ဖြည့်စွမ်းပေးပါတယ်။ ဒါ့အပြင် သံပုရာရည်သည် သဘာဝအတိုင်း ရရှိနိုင်သော အက်ဆစ်ဓာတ်ဖြစ်သည့်အတွက် ပျက်စီးသွားသော အရေပြားဆဲလ်အသေများကို ဖယ်ရှားပေးပါတယ်။ ထို့ကြောင့် သံပုရာရည်ကို အကြောပြတ်ရာများပေါ် ပွတ်လိမ်းပြီး ၁၀မိနစ်အကြာတွင် ရေဆေးချလိုက်ပါက အကြောပြတ်ရာများကို အရောင်ဖျော့သွားစေရန် ထိရောက်စွာ ကုသနိုင်ပါတယ်။ ၃) ရှားစောင်းလက်ပက်ကိုအသုံးပြုခြင်း ရှားစောင်းလက်ပက်တွင်ပါဝင်သော ဓာတ်တိုးဆန့်ကျင်မှုပစ္စည်းသည် အရေပြားဆဲလ်အသေများကို ပြုပြင်ပေးပြီး အရေပြားတစ်ရှူး(tissue)ကို နဂိုမူလအတိုင်း ပြန်ဖြစ်အောင် ကုသမှုပေးနိုင်သော သဘာဝဆေးတစ်မျိုးပဲဖြစ်ပါတယ်။ ရှားစောင်းလက်ပက်တွင် အရေပြားကို နူးညံ့ပြီး တင်းတင်းရင်းရင်းဖြစ်သော ကော်လဂျင်(Collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ရှားစောင်းလက်ပက်အနစ်ကို တည့်၊မတည့်စမ်းသပ်ရန် လက်ကောက်ဝတ်ပေါ် စမ်းလိမ်းကြည့်ပါ။ ဓာတ်မတည့်သော လက္ခဏာများဖြစ်သည့် ယားယံခြင်း၊ အင်ပြင်ထခြင်း မရှိပါက အကြောပြတ်ရာများပေါ်တွင် ရှားစောင်းလက်ပက်အနစ်ကိုလိမ်းပြီး ၁၀-၁၅မိနစ်အကြာတွင် ရေနွေးဖြင့် ဆေးချလိုက်ပါ။ ၄) မုန်ညှင်းဆီ(သို့မဟုတ်) အုန်းဆီလိမ်းခြင်း မုန်ညှင်းဆီတွင် အကြောပြတ်ရာများကို ကုသပေးနိုင်သော Ricinoleic acid ပါဝင်သည့်အပြင် Fattyအက်ဆစ်လုံလောက်စွာပါဝင်လို့ အရေပြားစိုစွတ်စေရန် ပြီးပြည့်စုံသော သဘာဝဆေးဝါးပဲ ဖြစ်ပါတယ်။ အုန်းဆီတွင်လည်း ပျက်စီးနေသောအရေပြားကို ပြုပြင်ပေးနိုင်သည့် Lauric acidပါဝင်ပါတယ်။ အကြောပြတ်ရာများပေါ်တွင် မုန်ညှင်းဆီ(သို့) အုန်းဆီကိုလိမ်းပြီး ညှင်သာစွာနှိပ်နယ်ပေးပါ။ ပြီးလျှင် အဝတ်ပါးတစ်ခုကို အုပ်ပြီး ရေနွေးကပ်ပေးပါ။ ဒီနည်းလမ်းကို နေ့စဉ်ဆက်တိုက် တစ်ပတ်လောက် လုပ်ပေးပါက သိသာတဲ့ရလာဒ်ကို တွေ့ရမှာ ဖြစ်ပါတယ်။ (၅) ဗီတာမင်အေ ဗီတာမင်အေသည် အရေပြားကိုချောမွေ့ပြီး နုပျိုတဲ့အသားအရေကို ဖန်တီးပေးနိုင်တဲ့အတွက် အကြောပြတ်ရာများကို သက်သာစေပါတယ်။ ဗီတာမင်အေကို ဖြည့်စွက်အားဆေးအနေနဲ့ သောက်သုံးနိုင်သလို အစိမ်းရောင်၊အဝါရောင်ရှိသော အသီးအနှံများ (ဥပမာ- မုန်လာဥနီ)၊ ကြက်ဥ၊ ငါးနှင့် နို့ထွက်ပစ္စည်းများ စားသုံးခြင်းဖြင့်လည်း ဗီတာမင်အေဓာတ်ကို ရရှိနိုင်ပါတယ်။ (၆) ကြက်ဥအကာ ကြက်ဥအကာတွင် အရေပြားဆဲလ်အသစ်များထွက်ပေါ်လာရန် ကူညီပေးသည့် အသားဓာတ် (Protein) ပါဝင်ပြီး အရေပြားတင်းရင်းစေသော ကော်လဂျင်(collagen)ဓာတ်လည်း ပါဝင်ပါတယ်။ ကြက်ဥအကာကိုခေါက်ပြီး အကြောပြတ်ရာများပေါ်လိမ်းကာ အခြောက်ခံထားပါ။ ပြီးလျှင် ရေနွေးဖြင့်ဆေးချပြီးနောက် Moisturizerအစိုဓာတ်ထိန်းခရင်မ်ကို လိမ်းပေးပါ။ ရလာဒ်ကောင်းရရှိစေဖို့ ဒီနည်းလမ်းကို တစ်နေ့လျှင် ၂ကြိမ်-၃ကြိမ် ပြုလုပ်ပေးနိုင်ပါတယ်။ အထက်ဖော်ပြပါနည်းလမ်းများသည် ကိုယ်ခန္ဓာအကြောပြတ်ရာများကို သက်သာစေနိုင်သည့် သဘာဝနည်းများဖြစ်ပါတယ်။ ကဲ.....အမျိုးသမီးလေးတို့ရေ ဒီနည်းလမ်းလေးတွေက အကုန်အကျလည်းနည်းသလို အချိန်လည်း သိပ်မပေးရတာကြောင့် လိုက်လုပ်ကြည့်ပြီးတော့ မိမိကိုယ်ကို ယုံကြည်မှုနည်းအောင် ပြုလုပ်နေတဲ့ အကြောပြတ်ရာတွေကို ကုသလိုက်ကြရအောင်နော်။


by | 05 Nov 2021

ငယ်ငယ်ကဆို လူကြီးတွေပြောတာ ကြားဖူးကြမယ် ထင်တယ်၊ “အရမ်းမတွေးနဲ့ ဆံပင်တွေဖြူကုန်မယ်ဆိုတာမျိုး” ၊ “ဆံပင်တွေ ဖြူမှာပေါ့ လျှောက်တွေးနေတာကိုး” ဆိုတာမျိုးတွေပေါ့။ ဟုတ်လည်း ဟုတ်တယ်လေ။ တစ်ချို့တွေက ငယ်ငယ်ရွယ်ရွယ်မှာ ဆံပင်တွေဖြူကုန်ကြတယ်။ တွေးခေါ်စဉ်းစားရတဲ့အလုပ်မျိုးတွေ၊ သူများနဲ့မတူတဲ့ တီထွင်ဆန်းသစ် အိုင်ဒီယာတွေ အမြဲစဉ်းစားနေရတဲ့ အလုပ်မျိုးတွေ လုပ်ကိုင်သူတွေဟာ သာမန်လူတွေထက်ပိုပြီး ဆံပင်ဖြူတာပိုမြန်ကြတယ်။ ဒါကြောင့်လည်း ရှေးလူတွေက အရမ်းတွေးလွန်းရင် ဆံပင်ဖြူတယ်လို့ ဆိုခဲ့ကြတာဖြစ်နိုင်ပါတယ်။ အသက်အရွယ်ရလာလို့ ဆံပင်ဖြူတာ အကြောင်းမဟုတ်ပေမယ့် ငယ်ငယ်ရွယ်ရွယ် အစိတ်သုံးဆယ် အရွယ်လောက်မှာ မြင်သာထင်သာအောင် ဖြူရင်တော့ စိတ်ညစ်စရာပါ။ Premature Grey Hair တဲ့။ ငယ်ငယ်ရွယ်ရွယ်နဲ့ အိုရုပ်ဆင်သွားတော့တာပါပဲ။ ဆံပင်ဖြူစေတာ မျိုးရိုးဗီဇကြောင့် အဓိကဖြစ်ရပေမယ့် တခြားအကြောင်းကိစ္စတွေလည်း အများကြီးပါ။ အာဟာရ (အထူးသဖြင့် ဗီတာမင် ဘီ) ချို့တဲ့ရင်၊ ဆေးလိပ်အသောက်များရင်၊ စိတ်ဖိစီးမှုများရင် လျှပ်စစ်ဆံပင်အခြောက်ခံစက် အသုံးများရင်၊ ကင်ဆာဆေးတွေ မှီဝဲနေ ရရင် ဒါမှမဟုတ် ဓာတ်ရောင်ခြည်ကုထုံးကုသမှု ခံယူနေရရင် ဆံပင်တွေရဲ့အရောင်ကို ထိခိုက်ပြောင်းလဲစေပါတယ်။ လည်ပင်းအရှေ့မှာရှိတဲ့ သိုင်းရွိုက်အကျိတ်များမှာ ရောဂါတစ်စုံတစ်ရာရှိရင်လည်း ဆံပင်တွေ စောစောစီးစီးဖြူတတ်ပါတယ်။ ဆံပင်တွေကျွတ်ပြီး သိသိသာသာကို ဆံပင်တွေပါးတတ်ပါတယ်။ ဒါပေမယ့် များသောအားဖြင့် ဆံပင်စောစောဖြူတဲ့ သူတွေဟာ စိတ်ဖိစီးမှုကြောင့် ဖြစ်ရတာပါ။ အရမ်းတွေလွန်းရင်၊ အစိုးရိမ်လွန်ရင်၊ ပူပင်သောကများရင်၊ စိတ်ဖိစီးရင် တကယ် ဆံပင်ဖြူသလား? သိပ္ပံလေ့လာချက်တွေအရဆိုရင်တော့ ဒီအချက်ဟာ မှန်ကန်တယ်လို့ ဆိုပါတယ်။ အလွန်အမင်း အလုပ်ပေးနေရင် ဆံပင်တွေဖြူစေနိုင်ပါတယ်။ ငယ်ငယ်က လူကြီးတွေပြောဆိုဆုံးမခဲ့ဖူးတဲ့ စကားတွေဟာ မှန်ကန်တယ်ဆိုတာကို ဒီနေ့ခေတ်မှာ သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘာကြောင့် ဆံပင်တွေဖြူကုန်တာလဲ? ဒါပေမယ့် ဘယ်လိုအကြောင်းတရားကြောင့် ခုလို ဆံပင်တွေ ဖြူကုန်ရတာလဲ? လူ့ခန္တာကိုယ်က မဲလ်နိုဆိုဒ်နဲ့ စတမ်ဆဲလ်တွေဟာ အရေပြားနဲ့ ဆံပင်ရဲ့ အရောင်အသွေးကို အထောက်အကူပြုတဲ့ ဆဲလ်စ်အမျိုးအစားတစ်မျိုးဖြစ်ပါတယ်။ အလွန်အမင်း စိတ်ဖိစီးမှုများတာမျိုး၊ ဦးနှောက်အလွန်အမင်း အလုပ်လုပ်ရတာမျိုးတွေ ဖြစ်လာတဲ့အခါမှာ အဲဒီ ဆဲလ်တွေ ပျက်ဆီးသွားတာမျိုး၊ မဲလ်နင် ထုတ်လုပ်မှုကျဆင်းသွားတာမျိုးတွေ ဖြစ်ပေါ်စေလေ့ရှိပါတယ်။ ဒါက ဆံပင်တွေ အရောင်ပြောင်းလဲသွားစေတဲ့ အဓိက အကြောင်းတရားပါပဲ။ တကယ်တမ်းအားဖြင့် ဆံပင်ဖြူတာဟာ အမျိုးသားရော အမျိုးသမီးတွေမှာပါ ဖြစ်နိုင်တဲ့ ကိစ္စတစ်ခုဖြစ်ပြီး ပုံမှန်အခြေအနေမှာ အသက် ၃၀ ကျော်အရွယ်ရောက်ရင် စတင်ဖြစ်ပေါ်လေ့ရှိပါတယ်။ ဒီအခြေအနေမျိုးဟာ သဘာဝအတိုင်း အိုမင်းရင့်ရော်မှုကို ဖော်ပြတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ဒါပေမဲ့ စိတ်ပိုင်းဆိုင်ရာ မပြေလည်မှုတွေ၊ စိတ်ရှပ်ရတာတွေကြောင့် ဆံပင်ဖြူချိန် ပိုစောတာ၊ ပိုမြန်တာတွေဖြစ်ပေါ်လာရပါတော့တယ်။ လက်ရှိအချိန်အထိ ရှိနေတဲ့ နည်းလမ်းတွေအရဆိုရင်တော့ ဆံပင်ဖြူခြင်းကို တားဆီးနိုင်ခြင်းမရှိသေးပါဘူး။ ဒါပေမယ့် ဒီကိစ္စကို ဖြေရှင်းနိုင်ဖို့ နီးစပ်လာနေပြီဖြစ်ပါတယ်။ ဒါပေမယ့် ဘယ်လောက်အချိန်ထပ်ယူရဦးမယ်ဆိုတာကို ဘယ်သူမှ အတိအကျမပြောနိုင်ကြသေးပါဘူး။ ဆံပင်မဖြူအောင် ကာကွယ်ကြမယ် ဆံပင်ဖြူပြီးသွားရင် သဘာဝအတိုင်း ပြန်မနက်လာနိုင်တော့ဘူးဆိုပေမယ့် ကိုယ့်မှာ ဆံပင်ဖြူတွေ မထွက်သေးရင်၊ များများစားစားမပေါက်သေးဘူးဆိုရင် ကြိုတင်ကာကွယ်လို့ရတဲ့ နည်းလမ်းလေးတွေတော့ ရှိပါတယ်။ ကိုယ့်ရဲ့ဆံကေသာလေး လှပသန်စွမ်းနေဖို့၊ ဆံပင်ဖြူတွေ မပေါက်လာစေဖို့ အောက်ပါနည်းလမ်းတွေကို အသုံးပြုပြီး ကြိုတင် ကာကွယ်ထားသင့်ပါတယ်။ • ၁။ အာဟာရပြည့်ဝအောင်စားပါ • ၂။ စိတ်ဖိစီးမှုတွေကို လျှော့ချပါ • ၃။ ဆံပင်ဆိုးဆေးတွေ မသုံးပါနဲ့ • ၄။ တတ်နိုင်သမျှ ဆံပင်နဲ့ နေရောင်နဲ့တိုက်ရိုက်ထိတွေ့မှုမရှိအောင် ထားပါ • ၅။ ဆေးလိပ်သောက်တာကို ဖြတ်မယ် • ၆။ ဆံသားကို အာဟာရဖြည့်တင်းဖို့အတွက်သဘာဝပစ္စည်းတွေကို သုံးပါ ဒီနည်းလမ်းတွေကို အသုံးပြုမယ်ဆိုရင် အရွယ်မတိုင်ခင်မှာ ဆံပင်ဖြူတာမျိုးနဲ့ အတွေးလွန်ပြီး ဆံပင်ဖြူတာမျိုးတွေကို ကာကွယ်နိုင်မှာဖြစ်ပါတယ်။


by | 04 Nov 2021

မနက်မိုးလင်း မျက်စိနှစ်လုံးပွင့်တာနဲ့ မျက်နှာမသစ်၊ သွားမတိုက်သေးဘူး အိပ်ရာလည်းမထသေးဘဲ ပထမဆုံးတန်းလုပ်တာက မိုဘိုင်းဖုန်း အသုံးပြုခြင်းလား? ညဘက် အိပ်ရာဝင်ခါနီး နောက်ဆုံး ပြုလုပ်ခဲ့တာကလည်း ဖုန်းသုံးနေတာပဲလား? ဘတ်စ်ကားပေါ်မှာ ဖုန်းတကြည့်ကြည့်၊ ကျောင်းမှာလည်း ဆဲလ်ဖီ တဆွဲဆွဲ၊ ရုံးမှာလည်း Facebook တပွတ်ပွတ်ဖြစ်နေပြီလား? အိပ်ယာဝင်ချိန်မှာတောင် ဖုန်းလေး ဘေးချပြီးမှ အိပ်နေပြီလား? ဘယ်အချိန်မဆို ဖုန်းကို တကိုင်ကိုင်နဲ့ ဖြစ်နေတယ်ဆိုရင် ဒါက မိုဘိုင်းလ်ဖုန်းကို နှစ်သက်တဲ့အခြေအနေမျိုးမဟုတ်တော့ပါဘူး။ စွဲလမ်းတဲ့အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။ ခုလို Work from home, stay home အစီအစဉ်တွေနဲ့ နေအိမ်တွေမှာနေထိုင်နေရတဲ့အချိန်ကာလမျိုးမှာဆိုရင် မိုဘိုင်းလ်ဖုန်းအသုံးပြုတဲ့အချိန်ပမာဏက ပိုမြင့်တက်လာသလို ဆိုရှယ်မီဒီယာတွေမှာ အချိန်ဖြုန်းတဲ့နှုန်းကလည်း ပိုများလာနေပါတယ်။ ပျင်းလို့၊ စိတ်ပျော်ရွှင်ချင်လို့ ဖုန်းကိုပိုသုံးမိပြီး ဖုန်းပိုသုံးမိတော့ ပိုပြီးလက်က မချနိုင်ဖြစ်ရင်း သံသရာလည်နေတယ်ဆိုပါတော့။ ဒီလိုအခြေအနေတွေတင်မကပါဘူး အောက်ပါလက္ခဏာတွေသင့်မှာ ရှိနေပြီဆိုရင် သာမန်စွဲလမ်းမှုမျိုးမဟုတ်တော့ပါဘူး။ • ဖုန်းနဲ့ မကင်းကွာအောင် တမင်ဂရုစိုက်နေထိုင်တာ၊ • ဖုန်းမရှိချိန်တွေမှာ ဟိုဟာလုပ်မှာလိုလို ဒီဟာလုပ်မှာလိုလို ဂဏာမငြိမ်တာ • ဖုန်းမရှိရင် စိတ်တိုနေဒေါသထွက်နေတတ်တာ၊ • တစ်နေ့ကို ဖုန်းကြည့်ချိန် စခရင်တိုင်းမ် ၈ နာရီထက် ကျော်နေတာ • နေ့စဉ်လုပ်ငန်းဆောင်တာတွေမှာ လုပ်ငန်းခွင်မှာ အာရုံစိုက်မှုလျော့ကျလာတာ၊ • လူမှုဆက်ဆံရေးနယ်ပယ်မှာ အားနည်းချက်တွေ သိသာထင်ရှားစွာ ကျဆင်းလာတာမျိုးတွေ ဖြစ်ပေါ်လာပြီဆိုရင်တော့ သင့်မှာ ကျန်းမာရေးပြဿနာရင်ဆိုင်နေရတဲ့ အခြေအနေဖြစ်နေပြီလို့ ဆိုရမှာပါ။ ဒီလို ကျန်းမာရေးပြဿနာကို Nomophobia လို့ခေါ်ပြီး စိတ်ကျန်းမာရေးပြဿနာတစ်ခုဖြစ်ပါတယ်။ Nomophobia ဝေဒနာ စွဲကပ်လာပြီဆိုရင် လုပ်ငန်းခွင်မှာ အလုပ်ပြီးမြောက်မှုလျော့နည်းတာ၊ အခွင့်အရေးတွေကို မျက်ကွယ်ပြုတာတွေလည်း ပိုများတတ်ပါတယ်။ နောက်ပြီး Nomophobia ဖြစ်နေတဲ့ ကျောင်းသားတွေရဲ့ ၄၀% ဟာ ပညာရေးမှာ အဆင့်ကောင်းကောင်းမဝင်ကြဘူးလို့လည်း လေ့လာချက်တွေကဆိုပါတယ်။ Nomophobia ဆိုတာ ဘာလဲ ဘယ်လဲ? Nomophobia လို့ခေါ်တဲ့ စိတ်ဝေဒနာတစ်မျိုးကတော့ ကိုယ်လက်ထဲမှာ နေ့စဉ်နဲ့အမျှကိုင်ထားနေရတဲ့ ဖုန်းကြောင့်ဖြစ်တဲ့ စိတ်ဝေဒနာပါ။Nomophobia ဆိုတာက no–mobile-phone phobia ကို အတိုကောက်ရေးထားတာပါ။ ဒီရောဂါကို ၂၀၁၃ ခုနှစ်မှာ တရားဝင်ရောဂါတစ်မျိုးအဖြစ် စတင်သတ်မှတ်ခဲ့ပါတယ်။ ဖုန်းဟန်းသွားချိန်၊ ဘက်ထရီကုန်သွားချိန်၊ လိုင်းမမိချိန်၊ စိတ်တိုတာ၊ စိတ်မရှည်နိုင်တာ၊ စိတ်ဖိစီးတာမျိုးတွေ ဖြစ်ဖူးပါလား? ဒါမှမဟုတ် ဖုန်းကိုယ့်နားမှာမရှိရင် တစ်ခုခုလိုနေတာလိုလို၊ ဖုန်းမသုံးရရင် စိတ်ထဲ ကနာမငြိမ်ဖြစ်နေတာလို ခံစားချက်မျိုးတွေရော ခံစားနေရပြီလား? ဒါဆိုရင် ကိုယ့်မှာ Nomophobia ရှိနေပြီလား မဖြစ်မနေ ပြန်သုံးသပ်ရပါတော့မယ်။ Nomophobia ဟာ ဒီကနေ့ခေတ်မှာ အဖြစ်များတဲ့ ရောဂါတစ်ခုဖြစ်ပေမယ့် ကာယကံရှင်အများစုဟာ ဝေဒနာခံစားနေရမှန်း မသိရှိကြတာများပါတယ်။ ဒီဝေဒနာဟာ ပြင်းထန်တဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပြီး နှလုံးကိုလည်း ထိခိုက်နိုင်တယ်ဆိုတာကိုတော့ ပိုလို့တောင်လူသိနည်းပါသေးတယ်။ ရောဂါလက္ခဏာများ Nomophobia သမားတွေဟာ အဆင့်တစ်ခုကို ရောက်လာပြီဆိုရင် ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကိုပါ နောက်ဆက်တွဲအဖြစ် ခံစားလာရမှာ ဖြစ်ပါတယ်။ အောက်ပါ ဝေဒနာတွေကို ခံစားရနိုင်ပါတယ်။ • သွေးခုန်နှုန်းနဲ့ နှလုံးခုန်နှုန်းမမှန်တာ၊ • အသက်ရှူကျပ်တာ၊ • သောကများတာ၊ • အထီးကျန်တာ၊ • ကိုယ်လက်မအီမသာဖြစ်တာ (သို့) ထိုင်းမှိုင်းတာ၊ • ပျို့ချင်အန်ချင်တာ၊ • စိတ်ဖိစီးမှုများတာ • ကြောက်ရွံ့၊ ထိတ်လန့်တာတို့ဖြစ်ပါတယ်။ • အထူးသဖြင့် ဖုန်းမသုံးရချိန်၊ ဒါမှမဟုတ် ဖုန်းသုံးရအဆင်မပြေချိန်တွေမှာ ဒီလိုဝေဒနာတွေ ခံစားရနိုင်ပါတယ်။ Nomophobia ဟာ ဒီနေ့ခေတ် လူတွေကြားမှာ မသိမသာနဲ့ ကျယ်ပြန့်စွာ ကပ်ငြိနေတဲ့ ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ တချို့ ကျန်းမာရေးပညာရှင်တွေကဆိုရင် ကပ်ဘေးလို့တောင် ဆိုကြပါတယ်။လူတိုင်းနီးပါး စမတ်ဖုန်းတွေကို နေ့စဉ်လူနေမှုအသုံးအဆောင်တွေအဖြစ် အသုံးချနေကြတဲ့ဒီခေတ်မှာ ဒီသုံးသပ်ချက်က မှားယွင်းတယ်လို့ မဆိုသာပါဘူး။ လေ့လာချက်တွေအရလည်း မိုဘိုင်းလ်ဖုန်းသုံးစွဲသူအများစုဟာ သူတို့ရဲ့ ဖုန်းတွေအပေါ် စွဲလမ်းစိတ် အနည်းနဲ့အများဆိုသလို ရှိနေကြပါတယ်။ တစ်ချို့က Nomophobia အဆင့်အထိမရောက်သေးပေမယ့် ရောက်နိုင်ချေရှိနေပြီး တစ်ချို့ကတော့ မသိလိုက်ဘာသာနဲ့ကို စွဲလမ်းတဲ့အဆင့်ကို ရောက်နေပြီလို့ ဆိုပါတယ်။ တကယ်လို့များ ကိုယ်က စမတ်ဖုန်းတွေကို လိုတာထက်ပိုပြီး စွဲလမ်းနေတယ်လို့ခံစားနေရပြီဆိုရင် သေချာပြန်စဉ်းစားပါ။ သာမန်ထက် ပိုစွဲလမ်းနေပြီလား၊ Nomophobia ရှိနေပြီလား ဆိုတာကိုပေါ့။ ရှိနေခဲ့ပြီဆိုရင်တော့ ခန္ဓာကိုယ်ရော စိတ်ကျန်းမာရေးအတွက်ပါ မကောင်းတာကြောင့် ဖုန်းကြည့်ချိန်ကို လျေှာ့ချပြီး အချိန်မီလေး ကာကွယ်လိုက်ကြရအောင်နော်။


by | 03 Nov 2021

Body Dysmorphic Disorder (BDD) ဆိုတာ စိတ်ပိုင်းဆိုင်ရာ ဝေဒနာ တစ်မျိုးပဲဖြစ် ပါတယ်... ဒီဝေဒနာ ခံစားရတဲ့သူတွေဟာ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်နေပေမယ့် သူတို့ရဲ့ စိတ်ထဲမှာ ရုပ်ရည်မပြည့်စုံဘူးလို့ထင်ပြီး မိမိကိုယ်ကို မကျေနပ် မနှစ်သက်တဲ့ ဝေဒနာ ခံစားရတာဖြစ်ပါတယ်... ရှင်းရှင်းပြောရရင် မိမိကိုယ်ကို ရုပ်ဆိုးတယ်လို့ သတ်မှတ်ကာ လူတွေနဲ့ အရောတဝင် မနေလိုတဲ့ စိတ်မျိုး ဖြစ်ပေါ်နေကြသူများ ဖြစ်ပါတယ်... Body Dysmorphic Disorder (BDD) ရောဂါရှိသူတွေဟာ အခြား အဝလွန်မှာ စိုးရိမ်စိတ်လွန်ကဲရောဂါ (Anorexia Narvosa)၊ စိုးရိမ်စိတ် လွန်ကဲရောဂါတမျိုးဖြစ်တဲ့ (Obsessive-Compulsive disorder) တို့နဲ့ ရောဂါလက္ခဏာပုံစံ ဆင်တူပါတယ်... ဘာကြောင့်လဲ ဆိုတော့ ဒီဝေဒနာရှင်တွေဟာ Anorexia Narvosa လိုပဲ မိမိရဲ့ ရုပ်ပိုင်းဆိုင်ရာ မကျေနပ်မှု စိတ်အခြေခံရှိနေတတ်သလို၊ Obsessive-Compulsive disorder လို မိမိမကျေနပ်မနှစ်သက်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို ပြုပြင်ဖို့ ပုံစံမျိုးစုံ ကြိုးစားတတ်ကြလို့ ဖြစ်ပါတယ်... ကွာခြားတာကတော့ BDD ဝေဒနာရှင်တွေက မိမိရဲ့ ကိုယ်ခန္ဓာ တစ်ခုလုံးကို စိတ်မနှစ်မြို့ခြင်းမဟုတ်ဘဲ ကိုယ်ခန္ဓာ အစိတ်အပိုင်း တစ်ခုခု (ဥပမာ- နှာခေါင်းမလှဘူးထင်တာ၊ နဖူးပြောင်နေတယ်ထင်တာ စသဖြင့်) ကိုသာ မနှစ်မြို့ခြင်း ဖြစ်တာ များပါတယ်... ဒီလို စိတ်ခံစားမှုကနေတဆင့် မိမိကိုယ်ကို ရုပ်ဆိုးတယ်လို့ သတ်မှတ်ကာ စိတ်ဓါတ်ကျလာပြီး ပတ်ဝန်းကျင်၊ အလုပ်အကိုင်၊ လူမှုဘဝတွေမှာပါ ထိခိုက်လာတတ်တဲ့ ရောဂါတစ်ခုဖြစ်ပါတယ်... BDD ရောဂါဟာ နာတာရှည် ရောဂါတစ်ခုဖြစ်ပြီး ကျား၊ မ မရွေးခံစားရနိုင်ပါတယ်... များသောအားဖြင့် ဆယ်ကျော်သက်အရွယ်နဲ့ လူပျို အပျို ဖြစ်စမှာ စတင်ခံစားရတတ်ပါ တယ်... ဒီဝေဒနာရှင်တွေ အများဆုံး စိတ်မနှစ်မြို့မှု ဖြစ်ပေါ်စေတဲ့ ကိုယ်ခန္ဓာ အစိတ် အပိုင်း၊ နေရာတွေကတော့- - အရေပြားဆိုင်ရာ လှပခြင်းမရှိဟု ခံစားရခြင်း - ဥပမာ မျက်နှာ အရေးအကြောင်း၊ အမာရွတ်၊ ဝက်ခြံ စသည်များ - မျက်နှာ လှပတင့်တယ်မှုမရှိဟု ခံစားရခြင်း- များသောအားဖြင့် နှာခေါင်းမလှဘူးလို့ ထင်တတ်ကြပါတယ်... နှာခေါင်း ကြီးနေတယ်ထင်တာ၊ ပုံစံ မလှဘူးထင်တာ စသဖြင့် - ကိုယ်ခန္ဓာ အလေးချိန်နှင့် ပတ်သက်ပြီး ခံစားရခြင်း- အဝလွန်နေတယ် သို့မဟုတ် ပိန်လွန်းတယ် စသဖြင့် ခံစားရခြင်း - ဆံပင်၊ ကိုယ်ခန္ဓာမှ အမွေးအမျှင်များနှင့် ပတ်သက်၍ ခံစားရခြင်း- ဥပမာ ထိပ်ပြောင်နေ သည်ဟု ထင်ခြင်း၊ ဆံပင်ကောက်လွန်းသည်ဟု ခံစားရခြင်းစတာတွေပဲ ဖြစ်ပါတယ်... ဒါက အတွေ့ရအများဆုံး ပြဿနာတွေပါ...တခြား တွေ့ရတတ်တာတွေက ကြွက်သား၊ ပေါင်၊ ရင်သား၊ တင်၊ လိင်အင်္ဂ ါ အရွယ်အစား၊ ကိုယ်ခန္ဓာမှ ထွက်သည့် အနံ့ စသဖြင့် တခုခုကို မနှစ်မြို့ခြင်း ခံစားရသူတွေလည်း ရှိပါတယ်... ရောဂါ လက္ခဏာများ BDD ရောဂါ ရှိတယ်လို့ ယူဆနိုင်တဲ့ လက္ခဏာတွေကတော့- - မကြာခဏ (သို့) အချိန်ကြာမြင့်စွာ မှန်ကြည့်ခြင်း၊ မိမိ မနှစ်မြို့သော နေရာကို ဖုံးကွယ်ခြင်း သို့မဟုတ် ပြုပြင်ရန် ကြိုးစားနေတတ်ခြင်း - ထိုမနှစ်မြို့သော အရာကို မသိသာဘူးမလား? အရမ်း ရုပ်မဆိုးဘူးမလား? မမြင်ရဘူးမလား ? စသည်ဖြင့် အနီးနားမှသူများကို မကြာခဏမေးမြန်းကာ စိတ်ဖြေသိမ့်တတ်ခြင်း - မကြာခဏ ထိုနေရာကို ထိကိုင်ခြင်း၊ စိတ်ရောက်နေခြင်း - အာရုံစူးစိုက်မရဖြစ်ပြီး ကျောင်း၊ အလုပ်၊ လူမှုဆက်ဆံရေးများတွင် အဆင်မပြေဖြစ်လာခြင်း - မိမိကိုယ်ကို အားမရမှုကြောင့် လူအများကြား မသွားဝံ့ခြင်း၊ ရှက်ရွံ့နေတတ်ခြင်း - ထို အင်္ဂ ါ အစိတ်အပိုင်းကို ပြုပြင်ရန် နည်းမျိုးစုံ ကြိုးစားခြင်း (ဥပမာ Plastic Surgeons, အရေပြားအထူးကု ဆရာဝန်များထံ မကြာခဏသွားတတ်ခြင်း) ရောဂါဖြစ်ပွားရသော အကြောင်းရင်း ဘာကြောင့် ဒီရောဂါ ဖြစ်ရသလဲဆိုပြီး တိကျသေချာတဲ့ အကြောင်းရင်းတော့ ခုချိန်ထိ မသိကြသေးပါဘူး... ဒါပေမယ့် သီအိုရီအဆိုတစ်ခုအရတော့ ဦးဏှောက်အစိတ်အပိုင်းတွေထဲက တစ်နေရာရာဟာ ကောင်းစွာ မဖွံ့ဖြိုးမှုကြောင့် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်... ဒီရောဂါဟာ အခြား စိတ်ရောဂါများဖြစ်တဲ့ စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ကဲရောဂါ၊ စတဲ့ရောဂါ ဖြစ်တတ်တဲ့သူတွေမှာ ပိုအတွေ့များပါတယ်... BDD ဝေဒနာကို ဖြစ်ပေါ်စေတဲ့ ဒါမှမဟုတ် ပိုဆိုးစေတဲ့ တခြားအချက်တွေကတော့- - ငယ်စဉ်ကလေးဘဝတွင် စိတ်ဒဏ်ရာ တမျိုးမျိုး ခံစားခဲ့ရဖူးခြင်း - မိမိကိုယ်ကို ယုံကြည်မှု မရှိခြင်း - မိဘနှင့် ပတ်ဝန်းကျင် အသိုင်းအဝိုင်းမှ ရုပ်ပိုင်းဆိုင်ရာ လှောင်ပြောင်မှုကို ခံစားရဖူးခြင်း စတဲ့ အရာတွေပဲ ဖြစ်ပါတယ်... ယနေ့ခေတ် လူမှု အသိုင်းအဝိုင်းရဲ့ ရုပ်ပိုင်းဆိုင်ရာ အမြင်နဲ့ ဆက်ဆံတတ်၊ လူကဲခတ်တတ်ကြတဲ့ အလေ့အကျင့်တွေကလည်း BDD ရောဂါ ဖြစ်ပေါ်စေတဲ့ အကြောင်းအရင်း တစ်ရပ်အဖြစ် သတ်မှတ်နိုင်ပါတယ်... ကုသခြင်း စိတ်ပိုင်းဆိုင်ရာ ကုသခြင်း (Psychotherapy) - ဝေဒနာရှင်ရဲ့ အတွေးအမြင်၊ အမူအကျင့်ကို ပြုပြင်ပြောင်းလဲလာအောင် (cognitive therapy, behavioral therapy)များဖြင့် နှစ်သိမ့်ဆွေးနွေး စကားပြောခြင်း (အဓိကအားဖြင့် မနှစ်မြို့ခြင်း ဖြစ်နေတဲ့ အပေါ် စိတ်သက်သာရာရအောင် ပြုလုပ်ပေးခြင်းမျိုးဖြစ်ပါတယ်...) ဆေးဝါးဖြင့် ကုသခြင်း (Medication) - selective serotonin reuptake inhibitors (SSRIs), olanzapine, aripiprazole, pimozide အစရှိတဲ့ ဆေးတွေဟာ BDD ကိုကုသရာမှာ အထိုက်အလျောက် အကျိုးရှိတဲ့ ဆေးတွေလို့ ဆိုပါတယ်... အသင်းအဖွဲ့၊ မိသားစုများနှင့် ဆွေးနွေးခြင်း (Group and/or family therapy) - မိသားစုရဲ့ အားပေးကူညီမှုဟာ ကုသရေးမှာ အောင်မြင်ဖို့ အလွန်အရေးပါပါတယ်... ဒါကြောင့် ဝေဒနာရှင်ရဲ့ မိသားစုဝင်တွေအနေနဲ့ BDD ရဲ့ လက္ခဏာတွေ ရောဂါအကြောင်းတွေကို နားလည်သိရှိထားဖို့ လိုအပ်ပါတယ်... ရောဂါ၏ နောက်ဆက်တွဲ ဆိုးကျိုးများ BDD မှာ အဓိကတွေ့ရတဲ့ နောက်ဆက်တွဲပြဿနာကတော့ မိမိကိုယ်ကို ယုံကြည်မှုလျော့နည်းပြီး လူအများကြားကို မသွားချင်ဘဲ အထီးကျန်ဆန်ဆန် ဖြစ်လာတတ်မှုပဲဖြစ်ပါတယ်... ဒါကြောင့် ကျောင်း၊ အလုပ် စတဲ့ နေရာတွေမှာပါ အကျဖက်ကို ရောက်ရှိလာတတ်ပါတယ်... နောက်ထပ် နောက်ဆက်တွဲပြဿနာကတော့ မကြာခဏ ခွဲစိတ်ခံခြင်းဖြစ်ပါတယ်... မိမိမနှစ်သက်တဲ့ ကိုယ်ခန္ဓာ အစိတ်အပိုင်းကို မကြာခဏ ပြုပြင်ဖို့ ကြိုးစားကြတတ်တာ ဖြစ်ပါတယ်... BDD ဝေဒနာရှင်တွေဟာ စိတ်ကျရောဂါ Major Depression ကိုခံစားရဖို့လည်း အခွင့်အလမ်းများပြီး ဒီလို ရောဂါ ၂ခုတွဲဖြစ်ခဲ့ရင် မိမိကိုယ်ကို သေကြောင်းကြံမှု Suicide ပြုလုပ်ကြတတ်တာကို သတိပြုရပါမယ်... နိဂုံးချုပ်အနေနဲ့ ပြောရရင် ဒီရောဂါဟာ ကြိုတင်ကာကွယ်လို့ မရပါဘူး... ရောဂါဖြစ်တဲ့ လက္ခဏာတွေကို တွေ့ရှိခဲ့ရင် စောစီးစွာ ပြသပြီး ကုသသင့်ပါတယ်... BDD ရောဂါဟာ ဆရာဝန်၊ မိသားစု၊ ဝေဒနာရှင်နဲ့ နီးစပ်တဲ့ အသိုင်းအဝိုင်းက ဝိုင်းဝန်းဖေးမကူညီပြီး ကုသရင် ရေရှည်မှာများစွာ အကျိုးရှိပါတယ်... ဒါကြောင့် ကိုယ့်ပတ်ဝန်းကျင်မှာ ရှိတဲ့ ဒီလိုဝေဒနာရှင်တွေကို စာနာနားလည်ပြီး ဝိုင်းဝန်းဖေးမကြပါလို့ တိုက်တွန်းလိုက် ရပါတယ်...


by | 02 Nov 2021

အအိပ်လွန်ရောဂါဆိုတာ ပုံမှန်အိပ်ချိန်မှာမဟုတ်ဘဲ ရုတ်တရက် အိပ်ပျော်တတ်တဲ့ နာတာရှည်ဦးနှောက်ရောဂါ ဖြစ်ပါတယ်။ ဒီရောဂါဖြစ်နေတဲ့သူမှာ ဦးနှောက်ဟာ ပုံမှန် အိပ်ချိန်ထချိန်တို့ကို မှန်အောင်မထိန်းချုပ်နိုင်တော့ပါဘူး။ ဒါကြောင့် ညဘက်မှာ အိပ်မပျော်ဖြစ်ပြီး နေ့ဘက်မှာ အိပ်ငိုက်တာ၊ အိပ်ချင်စိတ်ကြောင့် အာရုံမစူးစိုက်နိုင်တာ၊ ရုတ်တရက် အိပ်ပျော်သွားတတ်တာ၊ ကြွက်သားတွေကို မထိန်းချုပ်နိုင်တော့ဘဲ ရုတ်တရက် ရယ်တာ၊ ဒေါသထွက်တာစတဲ့ မျက်နှာအမူအရာတွေကို မလုပ်နိုင်ဖြစ်တတ်ပါတယ်။ ဒါ့အပြင် ပြန်နိုးလာချိန်ခဏအတွင်း စကားမပြောနိုင်တာ၊ လှုပ်လို့မရတာ (sleep paralysis) လဲဖြစ်တတ်ပါတယ်။ အအိပ်လွန်ရောဂါဟာ ကိုယ်ခန္ဓာကိုရေရှည်ထိခိုက်စေတဲ့ ကျန်းမာရေးပြဿနာတော့ မဟုတ်ပေမယ့် ကြာလာရင် နေ့စဉ်အလုပ်တွေနဲ့ လူမှုဆက်ဆံရေးကို ထိခိုက်စေနိုင်ပါတယ်။ ရောဂါလက္ခဏာများ အအိပ်လွန်ရောဂါကို ခံစားနေရတဲ့သူတွေဟာ တစ်ဦးနဲ့တစ်ဦးရောဂါ လက္ခဏာတွေ တထပ်တည်းမတူညီနိုင်ပါဘူး။ ဒါပေမယ့် ရောဂါလက္ခဏာတစ်ခုတည်းကိုတော့ ထပ်ခါထပ်ခါ ခံစားရပါတယ်။ ရောဂါလက္ခဏာတွေဟာ နှစ်နဲ့ချီမှ တဖြည်းဖြည်းပေါ်လာနိုင်သလို ရက်သတ္တပတ်အတွင်းလဲ ရုတ်တရက်ပေါ်လာနိုင်ပါတယ်။ အသက်ကြီးလာလေ ပိုဆိုးလာလေဖြစ်နိုင်ပါတယ်။ အအိပ်လွန်ရောဂါရဲ့ လက္ခဏာတွေကတော့ - နေ့လည်ဘက်အလွန်အကျွံ အိပ်ငိုက်ခြင်း အများစုမှာတွေ့ရတဲ့ အအိပ်လွန်ခြင်းရဲ့ ရှေးဦးလက္ခဏာဖြစ်ပါတယ်။ နေ့လည်ခင်းမှာ အမြဲအိပ်ငိုက်နေပြီး အိပ်ချင်စိတ်ကို အမြဲတွန်းလှန်နေရတာကြောင့် ကျောင်းစာနဲ့အလုပ်တွေမှာ အာရုံမစိုက်နိုင်ဖြစ်လာတတ်ပါတယ်။ ဒီရောဂါရှင်တွေကို ပတ်ဝန်းကျင်နဲ့ သဟာဇာတမဖြစ်တဲ့သူ၊ စိတ်ဆိုးလွယ်တဲ့သူ၊ ငပျင်းတွေအဖြစ်တွေ့ရတတ်ပါတယ်။ - ရုတ်တရက်အိပ်ပျော်တတ်ခြင်း စကားပြောနေစဉ်၊ အစားစားနေစဉ်မှာတောင် အိပ်ပျော်သွားတတ်ကြပါတယ်။ တချို့မှာ အိပ်ငိုက်သွားသလို ခဏပဲဖြစ်တတ်ပြီး တချို့မှာ အကြာကြီး အိပ်ပျော်သွားတတ်တာတွေလည်းရှိပါတယ်။ ဒီရောဂါကို မကုသရင် တစ်နေ့တည်းမှာဘဲ ရုတ်တရက်အိပ်ပျော်ခြင်း ခဏခဏ ဖြစ်နေတတ်ပါတယ်။ လမ်းသွားရင်း၊ အလုပ်လုပ်ရင်း ဒီလိုအိပ်ပျော်နေရင်တော့ မတော်တဆ ထိခိုက်မှုတွေဖြစ်နိုင်လို့ အထူးသတိထားရပါမယ်။ - ရုတ်တရက် ကြွက်သားများအားနည်းခြင်း၊ မထိန်းချုပ်နိုင်ခြင်း ကြွက်သားများ အားနည်းခြင်းကြောင့် လှုပ်ရှားမှုများကို မထိန်းချုပ်နိုင်ဖြစ်ကာ ရုတ်တရက် စိတ်လှုပ်ရှားခြင်း၊ ရယ်ခြင်း၊ စိတ်ဆိုးခြင်းတို့ဖြစ်စဉ်တွင် ပါးစပ်စေ့၍မရခြင်း၊ ခေါင်းငိုက်စိုက်ကျခြင်း၊ ခြေထောက်များမသယ်နိုင်ခြင်း၊ စကား ပလုံးပထွေးပြောခြင်း၊ အမြင်များ မထင်ရှားခြင်း၊ နှစ်ထပ်မြင်ခြင်းတို့ ဖြစ်တတ်ပါတယ်။ ကြွက်သားမထိန်းချုပ်နိုင်ခြင်းဟာ ခဏအတွင်းပြန်ကောင်းနိုင်သလို အချိန်အနည်းငယ်ကြာမှ ပြန်ကောင်းတာတွေလဲ ရှိပါတယ်။ ဒီပြဿနာတွေကြောင့် ရောဂါသည်တွေဟာ စိတ်ဓာတ်ကျတာ၊ လူကြားသူကြားထဲ မသွားဘဲ တစ်ဦးထဲ သီးခြားဖြစ်လာတာတို့ကိုတွေ့ရပါတယ်။ - အိပ်ပျော်စဉ်နှင့် ပြန်နိုးလာချိန်တို့တွင် မလှုပ်နိုင်ခြင်း၊ စကားမပြောနိုင်ခြင်း လှုပ်မရတာ၊ စကားပြော၍မရတာတွေဟာ ခဏအတွင်းပြန်ကောင်းနိုင်ပေမယ့် ရုတ်တရက်တော့ လန့်သွားနိုင်ပါတယ်။ အခြားလက္ခဏာများအနေနဲ့ - တကယ်မရှိသော အရာများကို မြင်ယောင်ခြင်း၊ ကြားယောင်ခြင်း - မှတ်ဉာဏ်ချို့ယွင်းခြင်း - ခေါင်းကိုက်ခြင်း - အလွန်အမင်းပူခြင်း၊ အိမ်မက်ဆိုးများမက်ခြင်းတို့ကြောင့် ခဏခဏလန့်နိုးခြင်း - စိတ်ဖြင့် မထိန်းချုပ်ဘဲ အလိုအလျောက်ပြုမူခြင်း - စိတ်ဓာတ်ကျခြင်းတို့လဲ ဖြစ်နိုင်ပါတယ်။ အအိပ်လွန်ရောဂါ ဘာလို့ဖြစ်လဲ အအိပ်လွန်ရောဂါဟာ ဦးနှောက်အတွင်းရှိ ပုံမှန်အိပ်ချိန်ကို ထိန်းချုပ်ပေးတဲ့ အော်ရီဇင် (orexin) ဆိုတဲ့ ဓာတုပစ္စည်းကို ခန္ဓာကိုယ်ရဲ့ ခုခံအားအဖွဲ့အစည်းက မှားပြီးဖျက်ဆီးမိလို့ ဖြစ်ရတာပါ။ ဟော်မုန်းအပြောင်းအလဲဖြစ်တဲ့ အပျိုဖော်ဝင်အရွယ်နဲ့ သွေးဆုံးချိန်တွေမှာလဲ ဖြစ်တတ်ပါတယ်။ စိတ်ဖိစီးမှုများတာ၊ အိပ်ချိန်အပြောင်းအလဲဖြစ်တာနဲ့ တုပ်ကွေးဖြစ်ချိန်တို့နဲ့လည်း ဆိုင်ပါတယ်။ ဒါ့အပြင် ဦးခေါင်းကိုထိခိုက်မိခြင်း၊ ဦးနှောက်အတွင်း အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးရောင်ခြင်းတို့ကြောင့် ဦးနှောက်အတွင်း အောရီဇင်ထုတ်တဲ့ နေရာကိုထိခိုက်မိပြီး အအိပ်လွန်ရောဂါရနိုင်ပါတယ်။ အအိပ်လွန်ရောဂါကို ဘယ်လိုကုရမလဲ အအိပ်လွန်ရောဂါကို လုံးဝပျောက်အောင်တော့ ကုလို့မရပါဘူး။ အိပ်ချိန်တွေကိုုပြောင်းခြင်း၊ ဆေးသောက်ခြင်းဖြင့် ရောဂါ လက္ခဏာတွေကို သက်သာအောင် လုပ်နိုင်ပါတယ်။ တစ်နေ့လုံး အိပ်ငိုက်မနေအောင် နေ့လည်ခင်းမှာ တစ်ရေးအိပ်တဲ့အကျင့်ကိုလုပ်ပါ။ ဘာကိစ္စတွေပဲရှိရှိ ပုံမှန်အချိန်မှာ အိပ်ရာဝင်ပါ။ အရက်နှင့် ဆေးလိပ်တို့ကိုရှောင်ပါ။ လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ရောဂါရှိသူများအနေဖြင့် မိမိတွင ်အအိပ်လွန်ရောဂါရှိကြောင်း အလုပ်ရှင် သို့မဟုတ် ဆရာအားပြောထားပါ။ နားလည်မှုဖြင့်တရေးအိပ်ချိန်ရပါက အလုပ်ခွင်နှင့် ကျောင်းတို့တွင် မလိုလားအပ်သော ဆိုးကျိုးများကို လျှော့ချနိုင်ပါတယ်။ ကားမောင်းနေသူဖြစ်ပါက ကားမောင်းခြင်းကို ရပ်သင့်ပါတယ်။ မဖြစ်မနေ မောင်းရန်ရှိပါကလည်း ဆရာဝန်နှင့်တိုင်ပင်ပြီး ရောဂါအခြေအနေ သက်သာနေမှသာ မောင်းသင့်ပါတယ်။ ရုတ်တရက်ကြွက်သားအားနည်းခြင်း၊ နေ့လည်ခင်းအိပ်ငိုက်ခြင်း တို့ကိုလျှော့ချရန် ဆရာဝန်နဲ့ တိုင်ပင်ပြီး အာရုံကြောအဖွဲ့အစည်းကိုလှုံ့ဆော်သည့် ဆေးများဖြင့် ကုသမှုခံယူနိုင်ပါတယ်။