by | 09 Feb 2022

လူဆိုတာ ရေဆို အင်မတန်မှ ကြိုက်တဲ့အတွက် ရေကူးတတ်သွားရင် ရေထဲကနေတောင် မထွက်ချင်ကြဘူးမလား။ ဒါ့အပြင် ရေလမ်းခရီးတွေ သွားရင် ကြိုမပြောနိုင်တဲ့ အန္တရာယ်တွေ ရှိတဲ့အတွက် ရေကူး တတ်ထားဖို့ ဆိုတာ လိုအပ်တဲ့ အရာတစ်ခုပါ။ ကျန်းမာရေးအတွက်လည်း ကောင်းကျိုးပေး၊ ကိုယ့်အသက်ကိုလည်း ကယ်တင်ပေးတတ်တဲ့ ရေကူးခြင်း အားကစားဆိုတာ လူတိုင်းလိုက်စားသင့်တဲ့ အရာတစ်ခုပါ။ ဒီဆောင်းပါးလေးထဲမှာ ရေကူးခြင်းကနေရတဲ့ ကျန်းမာရေးအတွက် ကောင်းကျိုးတွေကို ဖော်ပြပေးချင်ပါတယ်။ • ရေကူးရင် တစ်ကိုယ်လုံးမှာရှိတဲ့ ကြွက်သားတွေကို အားပြု ရပါတယ်။ ။ အခြား အားကစားတွေလို တစ်နေရာတည်းအားပြုတာ မဟုတ်ဘဲ ရေကူးရင် တစ်ကိုယ်လုံးမှာ ရှိတဲ့ ကြွက်သားတွေ အားလုံးကို အသုံးပြုရတာ သင်သတိထားမိပါသလား။ တစ်ကိုယ်လုံးကို လှုပ်ရှားရတဲ့အတွက် cardio workout ကိုပါ လုပ်ပြီးသားဖြစ်သလို ရေထဲမှာ မိနစ် ၃၀ လောက်ရေကူးရင် gym မှာ ၄၅ မိနစ်လောက် လေ့ကျင့်ခန်းလုပ်တာနဲ့ ညီမျှတဲ့ ကယ်လိုရီလောင်ကျွမ်းပါတယ်။ ဒါကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက်လည်း ရေကူးခြင်း အားကစားက လုပ်သင့်တဲ့ အားကစားတစ်ခုပါ။ • သင့်နှလုံးအတွက် ရေကူး ခြင်းက အထောက်အကူပြုတဲ့ အရာတစ်ခုပါ။ လှုပ်လှုပ်ရှားရှားလုပ်ရလေ နှလုံးကပိုညှစ်ရလေ ဖြစ်တဲ့အတွက် ရေကူး ခြင်း အားကစားက နှလုံးကြွက်သားတွေရဲ့ ညှစ်အားကို ကောင်းစေပါတယ်။ လေ့လာချက်တွေအရ ရေကူးတတ်တဲ့သူတွေမှာ နှလုံးရောဂါဖြစ်နိုင်ချေ ၂၀ ရာခိုင်နှုန်းတောင် လျော့ကျတယ်လို့ ဆိုပါတယ်။ • အဆုတ်ကိုလည်း အားကောင်းစေပါတယ်။ ရေထဲက အပေါ်ပြန်တက်ပြီး အသက်ရှူရတဲ့အချိန်ဆို အဆုတ်က အောက်ဆီဂျင်ရအောင် အစွမ်းကုန် အလုပ်လုပ်တဲ့အတွက်ကြောင့် အဆုတ်ကြွက်သားတွေ အားကောင်းလာပါတယ်။ ဒါ့အပြင် လေတစ်ခါ ရှူထုတ်တိုင်း ကာဘွန်ဒိုင်အောက်ဆိုဒ် တွေ အများကြီးပါသွားပြီး ရှူသွင်းလိုက်တဲ့ အောက်ဆီဂျင်အတွက် နေရာလွတ်တွေ အများကြီးရှိသွားလို့ ကိုယ်တွင်းက မကောင်းတဲ့ ဓာတုပစ္စည်းတွေကို ပိုပြီး ချေဖျက်အားကောင်းလာပါတယ်။ • သက်လုံကောင်းစေတယ်။ မြေပြင်ပေါ်မှာ အားကစားလုပ်မှ သက်လုံ ကောင်းစေတာ မဟုတ်ပါဘူး။ ရေကူးတယ်ဆိုတာကလည်း သက်လုံကောင်းအောင် လုပ်ပေးနိုင်တဲ့ အရာတစ်ခုပါ။ အပြင်မှာ ပြေးရင်တောင် ချွေးတွေထွက်ပြီး လူက နုန်းတတ်ပါသေးတယ်။ ရေထဲမှာဆို ချွေးမထွက်တဲ့အပြင် လူကလည်း ရေနဲ့ထိနေရတော့ နုန်းတယ်ဆိုတာ ဘာမှန်းတောင် မသိလောက်အောင် ရေကူး နည်း အားကစားက ကျန်းမာရေးအတွက် အထောက်အကူပြုတဲ့ အရာတစ်ခုပါ။ • စိတ်ဖိစီးမှုကို လျော့ပါးစေတဲ့ အပန်းဖြေနည်း တစ်ခုပါ။ ရေထဲမှာဆို ပျော်တတ်ကြတာ လူတွေရဲ့ သဘာဝပဲမို့ ရေကူး ခြင်း အားကစားဟာ စိတ်ဖိစီးမှု၊ စိုးရိမ်ပူပန်မှုတွေနဲ့ စိတ်ဓာတ်ကျတာတွေ ကို လျော့ပါးစေပါတယ်။ လေ့လာချက်တွေ သေချာ မထွက်သေးပေမယ့်လည်း ကိုယ်စိတ်ညစ်နေတဲ့အချိန် ရေသွားကူးလိုက်ရင် ဖိစီးနေတဲ့ စိတ်တွေ ပြေလျော့ပြီး စိတ်လန်းဆန်းသွားတတ်ကြတာ လူတိုင်းပဲလေ။ • ကယ်လိုရီတွေကို လောင်ကျွမ်းစေပါတယ်။ တစ်ကိုယ်လုံးကို အားသုံးပြီး လုပ်ရတဲ့ ကစားနည်းဖြစ်တာကြောင့် ဝိတ်ချချင်တဲ့သူတွေ အတွက် ရေကူး ခြင်း အားကစားက ချွေးလည်းမထွက်၊ မောပန်းတာလည်း သိပ်မရှိစေဘဲ ကယ်လိုရီတွေကို အများကြီးလောင်ကျွမ်းစေတဲ့ ကိုယ်လက်လှုပ်ရှားမှု တစ်ခုပါ။ တစ်နာရီလောက် ရေထဲမှာ ကူးခတ်လိုက်ရင် ကယ်လိုရီ ၂၀၀ လောက် လောင်ကျွမ်းသွားတဲ့အတွက် ဒါဟာ တစ်နာရီလမ်းလျှောက်လိုက်လို့ လောင်ကျွမ်းသွားတဲ့ ကယ်လိုရီရဲ့ နှစ်ဆပါ။ • စားဝင် အိပ်ပျော်စေတဲ့ အားကစားနည်းတစ်ခုပါ။ ရေကူးပြီး ရေထဲက တက်လာရင် သုံးလိုက်တဲ့ energy တွေ ပြန်ပြည့်ဖို့ အတွက် ကိုယ်ခန္ဓာက အစားတွေ ပိုတောင့်တနေတတ်တာကြောင့် ပိုပြီး စားဝင်ပါတယ်။ ဒါ့အပြင် တစ်ကိုယ်လုံး အားသုံးထားတဲ့အတွက် ညဆို ပိုပြီး အိပ်ကောင်းတတ်ပါတယ်။ • ကလေးတွေ ဖွံ့ဖြိုးဖို့ အတွက်လည်း အထောက်အကူပြုတဲ့ ကစားနည်းတစ်ခုပါ။ ဖုန်းတွေ၊ အင်တာနက်တွေ ပေါ်လာတဲ့အတွက် ကလေးတွေ တစ်နေကုန် အိမ်တွင်းပဲအောင်းနေလို့ သူတို့ရဲ့ အရိုးအဆစ်နဲ့ ကြွက်သားတွေ ဖွံ့ဖြိုးမှု နှောင့်နှေးနေတတ်ပါတယ်။ ဒီလို ဂိမ်းတွေပဲ ဆော့နေတဲ့ ကိုယ့်ကလေးကို ထွားစေချင်တယ်၊ ကိုယ်လက်လှုပ်ရှားမှုလည်း ရှိစေချင်တယ်ဆိုရင်တော့ အားကစားနည်းတစ်ခုခု သင်ပေးလိုက်ပါ။ သက်လုံကိုလည်း ကောင်းစေတယ်၊ ကျန်းမာရေးအတွက် အကျိုးပြုတဲ့ အရာတွေ အများကြီးရှိတယ်၊ ရေလမ်းခရီးသွားရင်လည်း ကိုယ့်အသက်ကို ကာကွယ်ပေးနိုင်တဲ့ ရေကူးနည်း သင်ပေးရင် အကောင်းဆုံးပေ့ါ။ ။ ကဲ ဒီလောက်ဆို ရေကူးခြင်း အားကစားဟာ လူတိုင်းအတွက် သင့်တော် ကောင်းမွန်ပြီး ကျန်းမာရေးအတွက် အကျိုးပြုတဲ့ ကစားနည်းတစ်ခုဆိုတာ ယုံမှားဖွယ်မရှိပါဘူးနော်။ တခြား လေ့ကျင့်ခန်းတွေလို စက်ကိရိယာတွေ ဈေးကြီးပေး မဝယ်ရတဲ့အတွက် လူတိုင်းလည်း တတ်နိုင်၊ ကျန်းမာရေးအတွက်လည်း အကျိုးရှိတဲ့ အားကစားတစ်မျိုးပါ။


by | 08 Feb 2022

ခြေစွယ် လက်စွယ်ငုပ် တဲ့ ဝေဒနာဟာ အဖြစ်များပြီး ခံရခက်တဲ့ ဝေဒနာပါ။ ခဏခဏလည်း ပြန်ဖြစ်တတ်ပါတယ်။ ခြေစွယ်ငုပ်တာက လက်စွယ်ငုပ်တာထက် ပိုအဖြစ်များပါတယ်။ ခြေမမှာ ဖြစ်တာကို ပိုတွေ့ရပါတယ်။ ခြေစွယ် လက်စွယ်ငုပ်တာက သာမန်ပဲ၊ ပိုးဝင်ရောင်ရမ်းတာ မရှိဘူးဆိုရင် အောက်ကနည်းလမ်းတွေနဲ့ စမ်းကြည့်နိုင်ပါတယ်။ ​ထပ်ပြောရရင် ရောင်ရမ်းမှု မရှိဘူး။ ပြည်တည်မနေဘူး။ ကိုယ်က အနာကျက်ခဲတဲ့ ဆီးချိုရောဂါရှင် မဟုတ်ဘူးဆိုမှ ဒီနည်းတွေနဲ့ စမ်းကြည့်ပါ။ ခြေထောက်မှာ အဖြစ်များလို့ ခြေထောက်ကို ဦးစားပေးပြီး ပြောပါ့မယ်။ လက်ဆိုရင်လည်း တူတူပါပဲ။ ⭕️ ခြေထောက်ကို ရေနွေးနွေးလေးမှာ တစ်ခါစိမ် ၁၅မိနစ်၊ မိနစ် ၂၀လောက်ကို တစ်နေ့ ၃-၄ကြိမ် စိမ်ပေးပါ။ အနာလည်း သက်သာသလို ခြေသည်း လက်သည်းလည်း ပွလာပါတယ်။ ပြီးရင် ခြေထောက်ကို ခြောက်အောင်သုတ်ပြီး ဒီတိုင်းထားပါ။ ခြေအိတ်တွေ ဝတ်တာ၊ အဝတ်နဲ့ ပတ်တာတွေ မလုပ်ရပါ။ ပွနေတဲ့ ခြေသည်းအောက်ကို ဂွမ်းသန့်သန့်လေးကို လုံးပြီးဖြစ်ဖြစ်၊ သွားပွတ်ကြိုးစလေးကို ဖြစ်ဖြစ် ထည့်ထားပါ။ နေ့တိုင်း အသစ်လဲပေးပါ။ ခြေသည်းကို မ ထားတဲ့အတွက် ထပ်ရှည်လာမယ့် ခြေသည်းက အတွင်းကို ဝင်မယ့်အစား အပြင်ကို ထွက်လာပါလိမ့်မယ်။ ⭕️ ဆေးဆိုင်မှာ အလွယ်တကူ ဝယ်လို့ရတဲ့ ပိုးသတ်ဆေးကရင်မ် လိမ်းပေးပါ။ ဆေးလိမ်းပြီးရင် ပတ်တီးဖွဖွ စည်းပေးပါ။ ⭕️ ဖိနပ်ကို သတိထားပါ။ ခြေစွယ်ငုပ်နေတဲ့အချိန်မှာ ခြေချောင်းကို ဖိအားပေးမယ့်၊ ညှစ်ထားမယ့် ဖိနပ်တွေ မစည်းပါနဲ့။ ထိပ်ပိတ် ဖိနပ်၊ ရှူး၊ ဒေါက်ဖိနပ်တွေ မစီးသင့်ပါ။ လေဝင်လေထွက်ကောင်းတဲ့ ဖိနပ်တွေ၊ ခပ်ချောင်ချောင် ဖိနပ်တွေကို စီးပေးပါ။ ⭕️ ခြေချောင်းလေးတွေ ကိုက်တယ်ဆို အကိုက်အခဲပျောက်ဆေး သောက်ပေးပါ။ ပါရာစီတမောလောက်တော့ စိတ်ချလက်ချ သောက်လို့ ရပါတယ်။ ⭕️ခြေသည်းလေး တဖြည်းဖြည်း ရှည်လာပြီး အပြင်ကို ထွက်လာပြီဆိုတော့မှ ညှပ်ပေးပါ။ 🚫ဘာတွေ မလုပ်ရဘူးလဲဆိုတော့🚫 --- ငုပ်နေတဲ့ ခြေစွယ်၊ လက်စွယ်ကို အတင်းနှိုက်ပြီး မညှပ်ပါနဲ့။ --- ခြေသည်း လက်သည်းတွေကို ထိုးတာ၊ ဆွတာ၊ လှန်တာ မလုပ်ပါနဲ့။ --- ဖယောင်းစက်ချတာ၊ ဆီပူချတာလည်း မလုပ်ရပါဘူး။ အိမ်တွင်းနည်းလမ်းတွေက လူတိုင်းအတွက်တော့ အဆင်မပြေနိုင်ပါဘူး။ အထူးသဖြင့် 🔸 ခြေစွယ် လက်စွယ် ငုပ်ပြီး အထိမခံနိုင်လောက်အောင် နာတဲ့သူတွေ 🔸 နီရဲ ရောင်ကိုင်းနေတဲ့သူတွေ 🔸 ပြည်တည်တာ၊ ခြေသည်း လက်သည်းကနေ ပြည်ထွက်နေတာ 🔸 အရိုးထဲက ကိုက်တာ 🔸 ဆီးချိုလိုမျိုး အနာကျက်ခဲတဲ့ ရောဂါတွေ ရှိနေတာဆိုရင်တော့ ဆရာဝန်နဲ့ ပြပြီး စနစ်တကျ ကုသမှု ခံယူသင့်ပါတယ်။ ခြေစွယ် လက်စွယ်ငုပ် ခြင်းအတွက် ကုသနည်းတွေကတော့ ရောဂါအခြေအနေပေါ် မူတည်ပါတယ်။ ပိုးဝင်ပြီး ပြည်တည်နေတယ်ဆိုရင် ပိုးသတ်ဆေး လိုနိုင်ပါတယ်။ လိမ်းဆေးဖြစ်ဖြစ်၊ သောက်ဆေးဖြစ်ဖြစ် လိုနိုင်ပါတယ်။ အခြေအနေ သိပ်မဆိုးဘူး။ ပြည်လည်း မတည်ဘူးဆိုရင်တော့ ဆရာဝန်က အပေါ်ကလိုမျိုး ခြေသည်းအောက်မှာ တစ်ခုခုထည့်ပြီး ခြေသည်းအပြင်ကို ရှည်ထွက်လာတဲ့အထိ စောင့်ပါလိမ့်မယ်။ ပိုးဝင်ပြီး ပြည်တည်နာ ဖြစ်နေမယ်ဆိုရင်တော့ ဒီပိုးတွေ ထပ်ပြီး မပြန့်သွားအောင် ငုပ်နေတဲ့ ခြေသည်းအပိုင်းအစကို ထုတ်ပစ်ရမှာပါ။ ထုံဆေးထိုးပြီး ခြေသည်းကို ညှပ်ပစ်ရမှာပဲ ဖြစ်ပါတယ်။ ခဏခဏ ဖြစ်နေတယ်။ ဒီခြေချောင်း၊ လက်ချောင်းမှာပဲ ဖြစ်နေတယ်။ ဖြစ်တိုင်းလည်း ပိုးဝင် ပြည်တည်တဲ့အထိ ဆိုးတယ်ဆိုရင်တော့ ခြေသည်း၊ လက်သည်း တစ်ခုလုံး ထုတ်ပစ်ရမှာပါ။ ထုတ်ပြီး အရင်လို ပြန်ဖြစ်ဖို့ဆိုရင် ၄လလောက် စောင့်ရပါမယ်။ ပြန်ထွက်တဲ့အခါ တချို့တွေမှာ ခြေသည်း လက်သည်း မလှတော့တာတွေ ဖြစ်နိုင်ပါတယ်။ ခြေစွယ် လက်စွယ်ငုပ်တာကို မကုသဘူးဆိုရင် ဘာမှမလုပ်ဘူး။ ဒါမှမဟုတ် အိမ်တွင်းနည်းလမ်းတွေနဲ့ မသက်သာတာကို ဆရာဝန်နဲ့ မပြဘူးဆိုရင် ▪️ ပြည်တွေ ပြန့်သွားတာ ▪️ အရိုးထိရောက်ပြီး အရိုးပိုးဝင်တာ ▪️ခြေထောက်ပုပ်တာတွေ ဖြစ်တတ်ပါတယ်။ ခြေစွယ် လက်စွယ်ငုပ် တာကို ကာကွယ်ဖို့ တစ်ခါမှ မဖြစ်ဘူးတဲ့သူပဲဖြစ်ဖြစ်၊ ခဏခဏ ပြန်ဖြစ်လို့ နောက်ထပ် မဖြစ်အောင် ကာကွယ်ချင်ရင်ပဲ ဖြစ်ဖြစ် ၁ ။ ခြေသည်း လက်သည်း သေချာညှပ်ပါ။ တည့်တည့်တိတိ ညှပ်ပါ။ ဝိုက်ပြီး မညှပ်ပါနဲ့။ ထောင့်တွေကို မညှပ်ပါနဲ့။ ၂။ ခြေသည်း လက်သည်းကို တိုလွန်းအောင် မညှပ်ပါနဲ့။ ၃။ ဖိနပ် ကျပ်ကျပ်တွေကို မစီးပါနဲ့။ ၄။ ခြေတွေ လက်တွေ ဒဏ်ရာ မရအောင် ဂရုစိုက်ပါ။ ၅။ ခြေထောက်ကို ပုံမှန်စစ်ဆေးပါ။


by | 07 Feb 2022

Omicron Variant ဆိုတာ ဘာလဲ? Omicron variant ဆိုတာ မျိုးဗီဇ ပြောင်းလဲမှုတွေ အဆင့်ဆင့် လုပ်ဆောင်ထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးပါ။ တောင်အာဖရိက ဒေသတွေမှာ စတင် တွေ့ရှိခဲ့တာဖြစ်ပြီး အခုထိ တွေ့ရှိခဲ့သမျှ ကိုဗစ် ဗိုင်းရပ်စ် မျိုးစိတ်တွေထဲမှာ မျိုးဗီဇ အများဆုံး ပြောင်းလဲထားတဲ့ မျိုးစိတ် တစ်ရပ်ပါ။ Alpha မျိုးစိတ်၊ Delta မျိုးစိတ်တွေတုန်းကတောင် မျိုးဗီဇ ပြောင်းလဲမှုက ၂ ကြိမ် ကနေ ၃ ကြိမ်လောက်သာ လုပ်ဆောင်ထားတာပါ။ အခု အသစ်တွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်က ဗီဇ ပြောင်းလဲမှု အကြိမ် ၅၀ လောက် လုပ်ဆောင်ထားပြီး Spike protein အမျိုး ၃၀ ကျော် ပါဝင်နေတဲ့ coronavirus မျိုးစိတ် B.1.1.529 ပါ။ Alpha၊ Delta၊ Gamma မျိုးစိတ်တွေ နောက်မှ ထွက်ရှိလာတဲ့ မျိုးစိတ် တစ်ရပ်ပါ။ အခုတွေ့ရှိတဲ့ ကိုဗစ် မျိုးစိတ်သစ်က ပုံမှန်တွေ့ရှိနေကျ မျိုးဗီဇ ပြောင်းလဲမှုတွေနဲ့ မတူသလို အခြား ဗိုင်းရပ်စ် မျိုးစိတ်တွေနဲ့လည်း အတော် ကွဲပြားနေပါတယ်။ ကိုယ်ခံအားဆဲလ်တွေကို အကောင်းဆုံး ရှောင်တိမ်းနိုင်ဖွယ် ရှိပါတယ်။ Omicron ဘယ်လို ကူးစက်သလဲ? Omicron ဆိုတာက မျိုးဗီဇ ပြောင်းလဲထားတဲ့ ကိုဗစ် မျိုးစိတ်သစ် တစ်မျိုးဖြစ်တာကြောင့် ကူးစက်ပုံကတော့ အရင် ကိုဗစ်ဗိုင်းရပ်စ်တွေ ကူးစက်သလိုပဲ • ရောဂါပိုးရှိသူ နှာချေ၊ ချောင်းဆိုးတာကနေ ထွက်လာတဲ့ တံထွေး အစအနတွေ • ရောဂါပိုးရှိသူ ကိုင်တွယ်ထိတွေ့ထားတဲ့ ပစ္စည်းတွေ • အများသုံး ဘတ်စ်ကား၊ သယ်ယူပို့ဆောင်ရေးယာဉ်တွေ • အများသုံး အသုံးအဆောင်တွေ • ရောဂါပိုးရှိသူနဲ့ အနီးကပ် ထိတွေ့မိတာတွေကနေတဆင့် ကူးစက်နိုင်ပါတယ်။ • ကူးစက်နှုန်းကတော့ အရင် Delta မျိုးစိတ်ထက် ကူးစက်နှုန်း တော်တော်လေး မြန်ပါတယ်။ Omicron ရဲ့ လက္ခဏာတွေက ဘာတွေများလဲ? Omicron နဲ့ ပတ်သက်ပြီး အချက်အလက်တွေကို အများကြီး မသိရသေးပေမယ့် လေ့လာတွေ့ရှိရသလောက်တော့ Omicron မျိုးစိတ်က အရင်က တွေ့ရှိခဲ့ ကိုဗစ် မျိုးစိတ်တွေနဲ့ အနည်းငယ် ကွာခြားမှု ရှိပါတယ်။ လက္ခဏာတွေက သိပ်ပြီး ပြင်းထန်တာမျိုးတော့ မရှိပါဘူး။ Omicron က ကိုဗစ် မျိုးစိတ် အသစ်တစ်ရပ်ဖြစ်ပြီး လတ်တလောမှာလည်း ဖြစ်ပွားမှုတွေရှိနေပါတယ်။ လက်ရှိကာလအထိ အမေရိကန်ပြည်ထောင်စု ရောဂါကာကွယ်ထိန်းချုပ်ရေး စင်တာက စိစစ်တွေ့ရှိခဲ့တဲ့ အချက်အလက်တွေအရ Omicron ကူးစက်ခံရသူတွေမှာ အရင် ကိုဗစ်ဗိုင်းရပ်စ်မျိုးစိတ်တွေ ကူးစက်ခံရတဲ့ လက္ခဏာတွေနဲ့ မတူဘဲ အခုလို လက္ခဏာလေးတွေ ခံစားရပါတယ်။ သတိထားရမယ့် Omicron ရဲ့ လက္ခဏာရပ်တွေက • ချောင်းဆိုးမယ် • လည်ချောင်းနာမယ် • ဖျားမယ် • ခြေကုန်လက်ပမ်း ကျမယ် • နှာခေါင်းပိတ်မယ် • နှာစေးမယ် စတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ နိုဝင်ဘာလ နှောင်းပိုင်းတုန်းက တောင်အာဖရိက နိုင်ငံတွေက Omicron မျိုးစိတ် ကူးစက်ခံရသူတွေမှာ လက္ခဏာတွေက ပြင်းထန်တာမျိုး မရှိဘဲ သာမန် နှာစေးဖျားနာမှုလိုမျိုး ခပ်ပျော့ပျော့ လက္ခဏာတွေကိုပဲ ခံစားရတာကို တွေ့ရှိခဲ့ရပါတယ်။ ကျွမ်းကျင်သူတွေ စိတ်ပူနေတဲ့ အချက်တစ်ရပ်က ဒီမျိုးစိတ်က လူငယ်တွေ တစ်နည်းအားဖြင့်ပြောရရင် ကျန်းမာသန်စွမ်းတဲ့သူတွေမှာလည်း အလွယ်တကူ ကူးစက်ဖြစ်ပွားနေတာပါ။ စဖြစ်စမှာ သိပ်မပြင်းထန်တဲ့ လက္ခဏာတွေကို ခံစားရပါတယ်။ နောက်တစ်ချက်က ဒီ မျိုးစိတ် ကူးစက်ခံရသူတွေထဲက ၇၉ ရာခိုင်နှုန်းလောက်က ကာကွယ်ဆေး (၂) ကြိမ်လုံး ပြည့်မီအောင် ထိုးထားပြီးသူတွေ ဖြစ်နေတာပါပဲ။ ဒီမျိုးစိတ်က လက္ခဏာ သိပ်မပြင်းထန်ဘူးဆိုပေမယ့် ဒီလို မပြင်းထန်တာက ရောဂါအခံရှိသူတွေရော ဘိုးဘိုးဘွားဘွားတွေမှာရော အတူတူပဲလားဆိုတာကို ကောက်ချက်ချဖို့ စောနေသေးတာပါ။ လက်ရှိကာလအထိ သိရသလောက်တော့ omicron ကူးစက်ခံရသူတွေမှာ အနံ့ပျောက်တာ၊ အရသာပျောက်တာမျိုး မတွေ့ရသေးပါဘူး။ လက္ခဏာတွေက သိပ်မပြင်းထန်ဘူး ဆိုပေမယ့်လည်း သူက covid ရဲ့ မျိုးစိတ် တစ်ခု ဖြစ်တာကြောင့် အသက်ရှူရတာ ပြတ်တောင်းပြတ်တောင်း ဖြစ်တာ နဲ့ အခြားသော ကိုဗစ် လက္ခဏာတွေကို ဖြစ်စေနိုင်ပါတယ်။ ကာကွယ်ဆေး မထိုးရသေးဘဲ Omicron ကူးစက်ခံရတဲ့သူတွေမှာ အသက်ရှူရခက်တာလိုမျိုး လက္ခဏာတွေကို တွေ့ရနိုင်ပါတယ်။ ဒီမျိုးစိတ်က လက္ခဏာ ပြင်းပြင်းထန်ထန် မပြဘူးဆိုပေမယ့် သေချာလေး ဂရုစိုက်ဖို့ လိုပါမယ်။ ဒီလိုမှ မဟုတ်ဘူးဆိုရင် ထိန်းရခက်တဲ့ အခြေအနေ တစ်ရပ်ကို မရောက်သွားဘူးလို့ တထစ်ချ ဆိုလို့ မရသေးပါဘူး။ Omicron ကို ကာကွယ်ဖို့ ကာကွယ်ဆေး ၂ ကြိမ်ပြည့်အောင် ထိုးပြီသူတွေမှာလည်း Booster ထပ်ထိုးတာမျိုး လုပ်ဖို့ လိုပါမယ်။ Omicronက ကူးစက်ခံရပြီး ဘယ်လောက်ကြာရင် လက္ခဏာ ပြတတ်လဲ? အရင် ကိုဗစ် မျိုးစိတ်တွေတုန်းကတော့ ရောဂါပိုး ကူးစက်ခံရပြီး ၂ ရက်ကနေ ၁၄ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုး ရှိသလို ကူးစက်ခံရပြီး ၄ ရက်ကနေ ၇ ရက်အတွင်းမှာ လက္ခဏာ ပြတာမျိုးလည်း ရှိပါတယ်။ Omicron ကတော့ ကူးစက်မြန်တာကြောင့် အခြား ကိုဗစ် မျိုးစိတ်တွေထက် အချိန်တိုတိုအတွင်းမှာ လက္ခဏာ ပြနိုင်သလို လူတစ်ဦး ကနေ တစ်ဦးကို ကူးစက်နှုန်းကလည်း အခြား ကိုဗစ်ဗိုင်းရပ်စ်တွေထက် ပိုမြန်နေနိုင်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ဘာတွေ ပြင်ဆင်ကြမလဲ? လက်ရှိမှာ ဖြစ်နေတဲ့ အားနည်းချက်က ကိုဗစ်စည်းကမ်းတွေ ပေါ့လျော့လာတာရယ်၊ ကာကွယ်ဆေး လွှမ်းခြုံမှု အားနည်းတာရယ်က အဓိကပါ။ ဒါ့ပြင် ကုသနိုင်တဲ့နေရာတွေကလည်း နည်းနေတော့ ဖြစ်လာရင် တတိယလှိုင်းလိုမျိုး ထပ်ဖြစ်သွားနိုင်ပါတယ်။ အစွန်းနှစ်ဖက် ကင်းဖို့တော့လိုပါတယ် သိပ်လည်း မကြောက်ပါနဲ့။ ပေါ့လည်း မပေါ့ပါနဲ့။လက်ရှိမှာ ကိုယ့်အားကိုယ်ကိုးပြီး လုပ်နိုင်တာတွေကတော့ • ကာကွယ်ဆေးတွေကို ထိုးဖြစ်အောင် ထိုးပါ။ အိုမီခရွန်က ဆေးတိုးပါ့မလားဆိုတာကို စဉ်းစားမနေပါနဲ့။ ကိုဗစ်မှာ တခြားဗီဇပြောင်းပိုးတွေ ရှိသေးတာကြောင့် ထိုးထားပါ။ • မဖြစ်သေးတဲ့သူရော၊ ကိုဗစ်ဖြစ်ပြီး နာလန်ထ ကောင်းကောင်းသက်သာတဲ့သူရော ထိုးထားပါ။ • ၂ကြိမ်ပြည့်ပြီးသား ၃ကြိမ်မြောက် ထိုးမယ်ဆို အသက်၆၀အထက်၊ ရောဂါအခံရှိတဲ့သူတွေကို ဦးစားပေးပါ။ ပြီးမှ သာမန်လူတွေ ထိုးပါ။ • ပွဲတွေ လျှော့ပါ။ လူစုလူဝေးတွေ လျှော့ပါ။ • နှာခေါင်းစည်းတပ်ပါ။ • လက်ဆေးပါ။ ခုနေပြင်ဆင်ရင် မီပါသေးတယ်။ မတော်တဆ တကယ်ဆိုးတဲ့ ပိုးဖြစ်နေရင် ဒုက္ခများနိုင်လို့ ခုကစပြီး ပြင်ဆင်ဖို့လိုပါတယ်။


by | 31 Jan 2022

အသားအရည်က မွဲခြောက်ခြောက်ဖြစ်နေတယ်။ ဝက်ခြံတွေကလည်းနေ့တိုင်းကိုဖြစ်နေတယ်။ ကိုယ့်အသားအရေကိုကြည့်ပြီး စိတ်ညစ်လိုက်တာလို့ဖြစ်နေပြီလား။ အသားအရေညစ်တာ၊ ဝက်ခြံထွက်ရတာက တစ်ခါတလေမှာ အနေအထိုင်အစားအသောက်တွေကြောင့်ဖြစ်နိုင်သလို ကိုယ်တွင်းမှာ အဆိပ်အတောက်တွေ များနေတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဒီတော့ ကြည်လင်ပြီး ဝက်ခြံကင်းတဲ့ အသားအရေလေးဖြစ်စေဖို့ Detox Waterသောက်ကြည့်ရအောင်လား။ Detox Water ဆိုတာ? Detox Water ဆိုတာကရေထဲမှာ လတ်ဆတ်တဲ့ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေ နဲ့ဆေးဖက်ဝင်အပင်တွေကိုရောစပ်ထားတဲ့သောက်စရာတစ်မျိုးပါ။ Detox Water ကိုအိမ်မှာပဲ အလွယ်တကူလုပ်နိုင်ပြီး Detox Water လုပ်နည်းကလည်း အမျိုးမျိုးရှိပါတယ်။ Detox Water က သစ်သီးဖျော်ရည်တွေလောက် အရသာမရှိပေမယ့် ကယ်လ်လိုရီပါဝင်မှုကတော့တော်တော်လေးနည်းပါတယ်။ ကိုယ်အလေးချိန်ကျချင်သူတွေအနေနဲ့ Detox Water ကိုပုံမှန်သောက်သုံးပေးမယ်ဆိုရင် ခန္ဓာကိုယ်က အဆီပိုတွေကျသွားမှာသေချာပါပဲ။ Detox Water ဘယ်လိုလုပ်မလဲ? Detox Water ကိုအိမ်မှာတင် အလွယ်တကူလုပ်လို့ရပါတယ်။ လိုအပ်မှာကတော့ ရေ၊ သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေနဲ့ ဆေးဖက်ဝင်အပင်တွေပါ။ အရင်ဆုံးလုပ်ရမှာက ကိုယ်ထည့်ချင်တဲ့ သစ်သီးတွေ၊ ဟင်းသီးဟင်းရွက်ကို အရင်ဆုံး ခပ်ပါးပါးလေးလှီးဖို့ပါ။ ပြီးရင်တော့ Detox water စပ်မယ့်ဗူးထဲကို ထည့်ရပါမယ်။ အပေါ်ကနေ ရေခဲတုံးလေးနည်းနည်းထည့်ပြီး ရေတစ်ဘူးပြည့်အောင်ထည့်လိုက်ပါ။ အရသာကတော့ ကိုယ်အသုံးပြုမယ့် ပါဝင်ပစ္စည်းတွေအပေါ်မှာပဲ မူတည်ပါတယ်။ အသောက်များတဲ့ Detox Water အမျိုးအစားတွေကတော့ – • သခွားသီးနဲ့ပူစီနံ • သံပရိုသီးနဲ့ချင်း • ဘလက်ဘယ်ရီနဲ့လိမ္မော်သီး • ဖရဲသီးနဲ့ပူစီနံ • လိမ္မော်သီးနဲ့သံပရိုသီး • သံပရာသီးနဲ့သံပရိုသီး • စတော်ဘယ်ရီနဲ့ ပင်စိမ်း • ပန်းသီးနဲ့သစ်ကြံပိုးခေါက် တို့ကိုရောစပ်ထားတဲ့ Detox Waterတွေပဲဖြစ်ပါတယ်။ Detox Waterတွေက ခန္ဓာကိုယ်အတွက် ဒီလိုအကျိုးပြုပါတယ် ၁။ စွမ်းအင်တိုးစေနိုင်တယ် Detox Water ကလတ်ဆတ်တဲ့သစ်သီးတွေ၊ဟင်းသီးဟင်းရွက်တွေကို စိမ်ပြီးသောက်ရတာဖြစ်တာကြောင့် ခန္ဓာကိုယ်အတွက် မရှိမဖြစ်လိုအပ်တဲ့ သတ္တုဓာတ်တွေ၊ ဗီတာမင်တွေ နဲ့ အခြားအာဟာရဓာတ်တွေကိုရရှိစေနိုင်ပါတယ်။ အန္တရာယ်ဖြစ်စေနိုင်တဲ့ အရာတွေမပါဝင်တာကြောင့် ကိုယ်အလေးချိန်ကို မတက်စေဘဲနေ့စဉ်လှုပ်ရှားမှုအတွက် လိုအပ်တဲ့ စွမ်းအင်တွေကိုရရှိစေမှာဖြစ်ပါတယ်။ ၂။ ကိုယ်တွင်းက အဆိပ်အတောက်တွေကိုဖယ်ရှားပေးတယ် Detox Water က ကိုယ်တွင်းအင်္ဂါထဲမှာ ခိုအောင်းနေတဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပြီး ခန္ဓာကိုယ်ရဲ့ လုပ်ငန်းဆောင်တာတွေကိုကောင်းကောင်းမွန်မွန်လုပ်ဆောင်နိုင်အောင် လှုံ့ဆော်ပေးပါတယ်။ အူမကြီး နဲ့ကျောက်ကပ်တို့ကို သန့်စင်စေနိုင်ပါတယ်။ ၃။ ကိုယ်အလေးချိန်ကျစေနိုင်ပါတယ် လှုပ်ရှားမှုနည်းလာတဲ့ ဘဝနေထိုင်မှုပုံစံ နဲ့ အမြန်စား၊ အသင့်စား အစားအသောက်တွေကို နှစ်နှစ်ခြိုက်ခြိုက်စားသုံးလာမှုတွေကြောင့် အဝလွန်တာတွေ များလာကြပါတယ်။ ကိုယ်အလေးချိန်ကျချင်ပေမယ့် လေ့ကျင့်ခန်းလုပ်ဖို့အချိန်မရှိတဲ့သူတွေအတွက် သတင်းကောင်းတစ်ခု ကတော့ Detox Waterသောက်တာပါပဲ။ Detox Water ကခန္ဓာကိုယ်တွင်းက မလိုအပ်တဲ့အဆီတွေနဲ့ အဆိပ်အတောက်တွေကို ဖယ်ရှားပေးပါတယ်။ ရေရှည်သောက်သုံးဖို့တော့လိုပါမယ်။ အစားအသောက်အနေအထိုင်ကို ဆင်ခြင်ဖို့ကိုလည်းမေ့ထားလို့မဖြစ်ပါဘူး။ ၄။ ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေနိုင်တယ် ခန္ဓာကိုယ်ရဲ့ ပုံမှန်လုပ်ဆောင်မှုတွေကောင်းကောင်းလုပ်ဆောင်နိုင်မှ ကိုယ်ခံအားစနစ်လည်း ကောင်းမွန်မယ်ဆိုတာကို သိထားပြီးဖြစ်ကြမှာပါ။ ကိုယ်ခံအားစနစ်ကောင်းမွန်အောင် လုပ်ဆောင်တယ်ဆိုတဲ့နေရာမှာ ဗိုင်းရပ်စ်တွေ၊ ဘက်တီးရီးယားတွေကြောင့် ကျန်းမာရေးထိခိုက်တာမျိုးမဖြစ်အောင် ကာကွယ်ဖို့ကလည်း အရေးကြီးပါတယ်။ ဒီပြဿနာတွေကိုပြေလည်အောင် Detox Water ကလုပ်ပေးနိုင်တယ်ဆိုရင် ယုံမလား။ ဘာကြောင့်ဒီလိုပြောရတာလဲဆိုတော့ Detox Water က ကိုယ်တွင်းအင်္ဂါအစိတ်အပိုင်းတွေကို free radicalတွေ၊ ဗိုင်းရပ်စ်တွေ၊ဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကြောင့် ထိခိုက်တာမျိုးတွေမဖြစ်အောင်ကာကွယ်ပေးတဲ့အတွက် ဖျားနာတွေမဖြစ်အောင် ကာကွယ်ပြီးသားဖြစ်သွားပါတယ်။ ၅။ အသားအရေကို ကျန်းမာစေနိုင်ပါတယ် Detox Water ကခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်သလို အသားအရေ ကျန်းမာကောင်းမွန်ဖို့ လိုအပ်တဲ့ ဗီတာမင် C ကိုလည်းဖြည့်တင်းပေးပါတယ်။ ဗီတာမင် C ကကော်လာဂျင်ထုတ်လုပ်မှုကိုတိုးစေပြီး အသားအရေမှာ အရေးအကြောင်းတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။ အသားအရေကို နုပျိုကျန်းမာစေနိုင်စွမ်းရှိပါတယ်။ ၆။ အစာခြေစနစ်ကိုကောင်းမွန်စေနိုင်တယ် သံပရိုသီးနဲ့ လုပ်ထားတဲ့ Detox Water က အစာတွေကို ကြေညက်စေပြီး အစာခြေစနစ်ကိုကောင်းမွန်စေနိုင်ပါတယ်။လေပွတာ၊ အစာမကြေတာနဲ့ ရင်ပူတာတွေအတွက်လည်း သံပရိုသီးနဲ့လုပ်ထားတဲ့ Detox Water ကိုသုံးဆောင်ပေးလို့ရပါတယ်။ ၇။ အနာကျက် မြန်စေနိုင်ပါတယ် Detox Water မှာ အရွယ်တင်စေနိုင်တဲ့ အာနိသင်ရှိသလို ဓာတ်တိုးဆန့်ကျင်အာနိသင်တွေလည်း ပါဝင်ပါတယ်။ ဒီလိုအာနိသင်တွေပါဝင် တာကြောင့် အရေပြားဆဲလ်အသစ်တွေဖြစ်ပေါ်မှုကို တိုးတက်စေနိုင်ပါတယ်။ သံပရိုသီး၊ လိမ္မော်သီး၊ စပျစ်သီးတို့နဲ့ လုပ်ထားတဲ့ Detox Water ကကော်လာဂျင်ထုတ်လုပ်မှုကို တိုးတက်စေပြီး အသားအရေတွေကို တင်းရင်းစေတဲ့အပြင်နေလောင်ဒဏ်ကြောင့်အရေပြားပျက်စီးတာကိုလည်း ကာကွယ်ပေးပါတယ်။ ထိခိုက်ဒဏ်ရာရတဲ့ဒဏ်ရာတွေကိုလည်း အနာကျက်မြန်စေနိုင်ပါတယ်။ ၈။ ဆီးလမ်းကြောင်း သန့်စင်စေနိုင်ပါတယ် Detox Water က ဆီးရွှင်စေနိုင်တဲ့ သဘာဝသောက်စရာတစ်ခုပါ။ Detox Waterသောက်ပေးမယ်ဆိုရင် ဆီးမကြာခဏ သွားစေနိုင်တာကြောင့် ဆီးလမ်းကြောင်းကိုသန့်စင်စေနိုင်ပါတယ်။ ဆီးသွားတာနဲ့အတူ ခန္ဓာကိုယ်တွင်းက အဆိပ်အတောက်ဖြစ်စေတဲ့အရာတွေကို ဆီးကနေ တဆင့်စွန့်ထုတ်လိုက်ပါတယ်။ ဒီလိုလုပ်ပေးခြင်းဖြင့် ဆီးလမ်းကြောင်းမှာ ပိုးဝင်တာနဲ့ အခြားရောဂါတွေဖြစ်နိုင်ခြေကိုလျှော့ချပေးပါတယ်။ ၉။ အသည်းကိုသန့်စင်စေတယ် ခန္ဓာကိုယ် အတွင်းပိုင်းအင်္ဂါတွေသန့်စင်စေဖို့ အဓိကတာဝန်ယူထားတာက အသည်းပါ။ ဒါကြောင့် အသည်းက ခန္ဓာကိုယ် ကျန်းမာဖို့အတွက် အရေးပါတဲ့အခန်းကဏ္ဍကနေပါဝင်နေပါတယ်။ နေ့စဉ်နေထိုင်မှုဘဝပုံစံက ကျန်းမာရေးနဲ့ မညီညွတ်တဲ့အခါ ကိုယ်တွင်းက အဆိပ်အတောက်တွေကို ဖယ်ရှားဖို့ အသည်းက ပိုအလုပ်လုပ်ရပါတယ်။ Detox Waterသောက်ပေးမယ်ဆိုရင် သည်းခြေရည်ထုတ်လုပ်မှုကိုတိုးစေနိုင်ပြီး အစာကြေချက်မှုကောင်းအောင်လုပ်ဆောင်ပေးပါတယ်။ ဒါတင်မကသေးပါဘူး၊ Detox water က အစာခြေရည်အလွန်အကျွံထွက်တာကြောင့် အစာအိမ်ထိခိုက်တာတွေမဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။ Detox Water သောက်သုံးပေးမယ်ဆိုရင် ကျန်းမာရေးနဲ့ မညီညွတ်တဲ့စားသောက်နေထိုင်မှု ပုံစံကြောင့် ကိုယ်တွင်းမှာ အဆိပ်အတောက်ဖြစ်တာမျိုးတွေရှိလာတဲ့အခါမှာလည်း အသည်းကကောင်းကောင်းဖြေရှင်းနိုင်အောင် အထောက်အကူပြုပေးမှာဖြစ်ပါတယ်။ ၁၀။ ခံတွင်းအနံ့ဆိုးတွေကို သက်သာစေနိုင်ပါတယ် ခံတွင်းနံ့ဆိုးရတဲ့ အဓိကအကြောင်းအရင်းက အူမကြီးထဲမှာဘက်တီးရီးယားတွေနဲ့ အဆိပ်အတောက်တွေရှိနေတာကြောင့်ပါ။ Detox Waterသောက်သုံးပေးတာက အူမကြီးကို သန့်စင်စေပြီး ကိုယ်တွင်းအဆိပ်အတောက်တွေကို ဖယ်ရှားပေးနိုင်တာကြောင့် ခံတွင်းနံ့ဆိုးတွေကိုပျောက်ကင်းစေမှာသေချာပါတယ်။ ဒါတွေတင်ပဲလားဆိုတော့မဟုတ်သေးပါဘူး။ Detox Water က အာရုံစိုက်နိုင်စွမ်းကိုတိုးစေနိုင်သလို မှတ်မိနိုင်စွမ်းကိုလည်း တိုးတက်ကောင်းမွန်စေနိုင်ပါတယ်။ ဆံသားတွေကို ကျန်းမာသန်စွမ်းစေပြီး အသားအရေကိုတင်းရင်းလှပစေနိုင်ပါတယ်။ ကိုယ်တွင်းအဆိပ်အတောက်တွေကိုဖယ်ရှားပေးတာကြောင့် ကိုယ်တွင်းအင်္ဂါတွေကိုလည်း ကျန်းမာစေနိုင်ပါတယ်။ ဆံပင်ကျဲတာ၊ပါးတာတွေမဖြစ်အောင်လို့လည်း Detox Water ကိုသောက်ပေးလို့ရပါတယ်။ ဒီလိုမျိုးခေါင်းအစခြေအဆုံး အကျိုးကျေးဇူးတွေရစေနိုင်တဲ့ Detox Water ကိုသောက်ကြည့်ကြဖို့ ပျိုမေတို့ကို အကြံပြုချင်ပါတယ်ရှင့်။


by | 28 Jan 2022

ကိုဗစ်ရောဂါခံစားရပြီး ပြန်လည်ကောင်းမွန်လာတဲ့သူတွေမှာ ရောဂါအကျိုးဆက်အနေနဲ့ မေ့တတ်လာတာ၊ အာရုံစိုက်နိုင်စွမ်း ကျလာတာတွေ ခံစားကြရတာမျိုး ရှိပါတယ်။ မေ့တတ်တာမှ ဘယ်လောက်တောင်လဲဆိုရင် ပစ္စည်းတစ်ခုခုထားပြီး မိနစ်တောင် မခြားဘူး မေ့တလာတယ်။ ကိန်းဂဏန်းတွေဆိုရင် ပိုဆိုးတယ်။ စိတ်လည်းမရှည်တော့ဘူး။ တစ်ခုခုဆို စိတ်မြန်လက်မြန် ပြောချလုပ်ချလိုက်တယ်။ စိတ်ဓာတ်ကလည်း တက်လိုက်ကျလိုက်နဲ့ အထီးကျန်သလို ခံစားရတယ် အစရှိသဖြင့် ဉီးနှောက်ကို ထိန်းချုပ်နိုင်စွမ်းနည်းလာတာတွေကို ကိုဗစ်ဖြစ်ပြီး လူတော်တော်များများ ခံစားနေရတတ်ပါတယ်။ ပြင်းထန်တဲ့ အခြေအနေတွေမှာ အာရုံရှုပ်ထွေးတာ၊ လေဖြတ်တာ၊ တက်တာတွေ ခံစားရနိုင်ပါတယ်။ ဒီလို ပြဿနာတွေ ခံစားရတဲ့အခါ ဦးနှောက်စွမ်းဆောင်ရည် ပြန်လည် မြင့်တက်လာစေဖို့ လုပ်ဆောင်ပေးနိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ လေ့ကျင့်ခန်းလေးတွ ရှိပါတယ်။ ဒါတွေက ဘာတွေက ဘာတွေများ ဖြစ်မလဲ……. ♦️အရုပ်ဆက်ပါ♦️ ဒီနည်းဟာ ကလေးကလားနိုင်တယ်လို့ ထင်နိုင်ပါတယ်။ ဒါပေမယ့် တကယ်ပဲ ဦးနှောက်အတွက် အကျိုးဖြစ်စေတဲ့ နည်းလမ်းဖြစ်ပါတယ်။ တကွဲတပြားစီဖြစ်နေတဲ့ အပိုင်းအစလေးတွေကို သူလိုချင်တဲ့ရုပ်ပုံကိုရအောင် စီနေချိန်မှာ သင့်ဦးနှောက်ဟာ အမြင်အာရုံကိုရော သိမြင်မှတ်သားမှုကိုပါ အသုံးချနေရပါတယ်။ ဦးနှောက်ကို အလုပ်ပေးရုံသာမကဘဲ သင့်စိတ်ကိုပါ လန်းဆန်းစေနိုင်မယ့် နည်းလမ်းတခုလို့ ဖြစ်ပါတယ်။ ♦️ဖဲချပ်ဂိမ်းများဆော့ပါ♦️ ကွန်ပျူတာဝင်းဒိုးတိုင်းမှာပါဝင်တဲ့ ဂိမ်းလေးတွေကို သင်သိမှာပါ။ ဖဲချပ်ဂိမ်း၊ အရုပ်ဆက်ဂိမ်း၊ UNO စသဖြင့် မျိုးစုံရှိပါတယ်။ ဒီကစားနည်းလေးတွေဟာ သိပ်ပြီးကြီးကျယ်တယ်မထင်ရပေမယ့် သင့်ဦးနှောက်ကို နှိုးဆွနိုင်တာတော့ အမှန်ပါပဲ။ ♦️ဝေါဟာရများမှတ်သားပါ♦️ ဝေါဟာရကြွယ်ဝခြင်းဟာ ကိုယ်ရည်ကိုယ်သွေးအားသာတဲ့ အချက်တချက်လည်း ဖြစ်ပါတယ်။ ဝေါဟာရအသစ်များကို လေ့လာခြင်းဟာ သင့်ဦးနှောက်ကို နှိုးဆွပေးရာရောက်ပါတယ်။ သုတေသနတွေအရ ဝေါဟာရအသစ်ကို မှတ်သားတည်ဆောင်ဖို့အတွက် ဦးနှောက်ရဲ့ အစိတ်အပိုင်း အတော်များများကို အလုပ်ပေးရပါတယ်။ သင် မကြားဖူးတဲ့ စကားလုံး အသစ်အဆန်းဆိုရင် ရေးမှတ်ပါ။ ဘယ်နေရာမှာ သုံးသလဲ လေ့လာပါ။ ကိုယ်တိုင် အသုံးချနိုင်အောင် ကြိုးစားပါ။ ဒါဟာ သင့်ဦးနှောက်အတွက် လေ့ကျင့်ခန်းပါပဲ။ ♦️ကခုန်ပါ♦️ သီချင်းသံများနဲ့ ကခုန်လှုပ်ရှားချိန်မှာ သင့်ဦးနှောက်ဟာ သင့်ရဲ့အမြန်နှုန်း၊ လှုပ်ရှားပုံ၊ ယခင်က ကခုန်ဖူးတဲ့ မှတ်ဉာဏ် စတာတွေအားလုံးအတွက် အလုပ်လုပ်ရပါတယ်။ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးအတွက်ရော ဦးနှောက်ပိုင်းဆိုင်ရာအတွက်ပါ တိုးတက်ကောင်းမွန်စေပါတယ်။ ♦️ဆိုပါတီးပါ♦️ ဂီတကို ကျွမ်းဝင်အောင် လေ့လာခြင်းဟာလည်း သင့်ဦးနှောက်ကို ထက်မြက်စေမယ့် နည်းလမ်းတခုဖြစ်ပါတယ်။ သီချင်းကို စိတ်ပါလက်ပါ ဆိုညဉ်းခြင်းဟာ သင့်ကို စိတ်ပိုင်းဆိုင်ရာအရလည်း စိတ်ဖိစီးမှု လျော့ပါးစေပါတယ်။ တူရိယာများကို တီးမှုတ်တတ်အောင်ပါ လေ့ကျင့်ခြင်းဟာလည်း သိမြင်မှတ်သားမှု၊ ခြေလက်များလှုပ်ရှားမှု၊ မှတ်ဉာဏ် စတာတွေအားလုံးကို အလုပ်ပေးရတာကြောင့် ဦးနှောက်အတွက် အကောင်းဆုံး လေ့ကျင့်ခန်းတခု ဖြစ်ပါတယ်။ ♦️စွမ်းရည်အသစ်တမျိုးရအောင်လုပ်ပါ♦️ ရှိရင်စွဲစွမ်းရည်များအပြင် တခါမှ မတတ်မြောက်ဖူးတဲ့ အရာတခုခုကို ကျွမ်းကျင်အောင် လေ့ကျင့်သင်ကြားခြင်းဟာ သင့်ဦးနှောက်ကို ထက်မြက်စေပါတယ်။ ဒီနည်းလမ်းဟာ လူကြီးပိုင်းတွေအတွက်လည်း အကျိုးရှိစေပါတယ်။ ကားပြင်တာမျိုး၊ ဆော့ဖ်ဝဲအသစ်ကို သုံးကြည့်တာမျိုး၊ ဆိုင်ကယ်စီးတာမျိုး စတဲ့ကိစ္စတွေကို လေ့ကျင့်သင်ကြားခြင်းဟာ သင့်ကိုယ်သင် ဦးနှောက်လေ့ကျင့်ခန်းပြုလုပ်ရာလည်း ရောက်ပါတယ်။ ♦️ဘာသာစကားအသစ်လေ့လာပါ♦️ ဘာသာစကားအသစ်တမျိုးမျိုးကို လေ့လာဖို့ ဘယ်တော့မှ နောက်မကျပါဘူး။ ဘာသာစကားအသစ်ကို သင်ယူခြင်းဟာ သိမြင်မှတ်သားမှုစွမ်းရည်ကို တိုးတက်စေတဲ့အပြင် ဖန်တီးမှုစွမ်းရည်ကိုပါ တိုးတက်စေပါတယ်။ အသက်အရွယ်ကြီးလို့ဖြစ်လာတဲ့ မှတ်ဉာဏ်ပိုင်းနဲ့ စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတွေကို ဖြစ်နိုင်ခြေ လျော့စေပါတယ်။ ♦️လမ်းကြောင်းအသစ်သုံးပါ♦️ သင့်ရဲ့တနေ့တာလှုပ်ရှားသွားလာမှုကို ပုံစံအသစ်နဲ့ ဆောင်ရွက်ကြည့်ပါ။ ဥပမာ ရုံးသွားနေကြလမ်းကြောင်းကို ပြောင်းကြည့်ပါ။ ကားစီးနေရာကနေ ရထားပြောင်းစီးကြည့်ပါ။ လမ်းကြောင်းအသစ်မှာ တွေ့ကြုံရတာကို မြင်တွေ့ရတာကို မှတ်သားပါ။ ဒီနည်းဟာ ရိုးရှင်းတယ်ထင်ရပေမယ့် သင့်ဦးနှောက်ကို လေ့ကျင့်ခန်းလုပ်ရာရောက်သလို တွေးခေါ်သိမြင်ပုံမှာလည်း အပြောင်းအလဲ ရှိနိုင်ပါတယ်။ ♦️တရားထိုင်ပါ♦️ တရားထိုင်ခြင်းဟာ သင့်ကို စိတ်တည်ငြိမ်အေးချမ်းစေပါတယ်။ မှတ်ဉာဏ်ကိုလည်း ရင့်သန်စေပြီး ဦးနှောက်လုပ်ငန်းစဉ်တွေကိုလည်း ပိုမိုချောမွေ့စေပါလိမ့်မယ်။ အေးချမ်းဆိတ်ငြိမ်တဲ့ တနေရာရာမှာ နေ့စဉ် ဆယ့်ငါးမိနစ်ခန့် တရားထိုင်သင့်ပါတယ်။ ♦️သင့်ပတ်ဝန်းကျင်ကို အာရုံစိုက်ပါ♦️ သင်ဘယ်နေရာကိုရောက်ရောက် ဘယ်သူနဲ့ စကားပြောပြော သင့်ဝန်းကျင်ကို ဂရုစိုက်ပါ။ တံခါးဘယ်နှပေါက်ရှိသလဲ၊ ခန်းဆီး ဘာအရောင်လဲ စသဖြင့် မှတ်သားပါ။ သင်နဲ့ စကားပြောနေသူဟာ အကျီၤဘာအရောင်ဝတ်ထားသလဲ၊ မျက်မှန်ပါသလား စသဖြင့် မှတ်သားပါ။ ဒီနည်းလမ်းဟာ ရေရှည်မှာ သင့်ဦးနှောက်ကို နှိုးဆွပေးပြီး ဉီးနှောက်စွမ်းရည် ပြန်လည်ကောင်းမွန်လာမယ့် နည်းလမ်းဖြစ်ပါတယ်။


by | 27 Jan 2022

ယဉ်ကျေးမှုဆိုင်ရာ အကြောင်းရင်း၊ သားယောက်ျားလေး၊ မိန်းကလေးကို ကြီးပြင်းအောင် စောင့်ရှောက်တဲ့ စိတ်ကူးယဉ်ခြင်းတွေ အစရှိတဲ့ အကြောင်းရင်းတွေကြောင့် ကလေးရဲ့ လိင်ကို ရွေးချယ်တတ်ကြပါတယ်။ စုံတွဲတိုင်းမှာ သဘာဝအတိုင်း ယောက်ျားလေး၊ မိန်းကလေး ရရှိဖို့ ဖြစ်နိုင်ချေ ၅၀/၅၀ ရှိပါတယ်။ မိဘတွေကတော့ သားသားလေးဖြစ်ဖြစ် မီးမီးလေးဖြစ်ဖြစ် ကိုယ့်သားသမီးကို ချစ်မှာဆိုပေမဲ့ ရွေးချယ်လို့ရရင် ရွေးချယ်ချင်သေးတယ်ဆိုသူတွေအတွက် အောက်ပါနည်းလမ်းတွေကတော့ သင်လိုချင်တဲ့ ကလေးကို ရရှိဖို့ ကူညီပေးနိုင်တဲ့ နည်းလမ်းတွေပဲ ဖြစ်ပါတယ်။ သဘာဝနည်းလမ်းများ Shettles နည်းလမ်းဟာ ကလေးရဲ့ လိင်ကို ရွေးချယ်မှုအတွက် လူသိအများဆုံး သဘာဝနည်းလမ်း တစ်ခု ဖြစ်ပါတယ်။ ယောက်ျားလေး လိုချင်လျှင် • သားဥကြွေခြင်းနဲ့ တတ်နိုင်သမျှ နီးကပ်အောင် လိင်ဆက်ဆံပါ။ သဘောတရားကတော့ Y ခရိုမိုဆုန်းပါတဲ့ သုက်ပိုးဟာ X ခရိုမိုဆုန်းပါတဲ့ သုက်ပိုးထက် ပိုမြန်တာကြောင့် သားဥအိမ်ဆီကို မြန်မြန်ရောက်နိုင်တာကြောင့် ဖြစ်ပါတယ်။ • နက်နဲတဲ့ ထိုးသွင်းမှုပါတဲ့ လိင်ဆက်ဆံမှုပြုပါ။ နီးကပ်တဲ့ အကွာအဝေးဟာ Y ခရိုမိုဆုန်း သုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။ • အမျိုးသားတွေနဲ့ တစ်ချိန်တည်း (သို့) စောပြီး လိင်စိတ်အထွတ်အထိပ် ရောက်တဲ့ အမျိုးသမီးတွေဟာ မိန်းမကိုယ်အတွင်းမှာ အယ်လ်ကာလီအရည်တွေ ပိုထွက်ပြီး Y ခရိုမိုဆုန်းသုက်ပိုးအတွက် ပိုအကျိုးရှိပါတယ်။ သားလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ? Male sperms တွေက မိန်းမကိုယ်တွင်း pHကို အက်ဆစ်ပြင်းပြင်းအစား alkaline pH ( အယ်ကာလီ pH) ကို ပိုကြိုက်တာကြောင့် အက်ဆစ်ဓာတ်နည်းစေမယ့် အစားအသောက်တွေစားပေးဖို့လိုပါတယ်။ • အယ်ကာလီဓာတ်ကြွယ်ဝတဲ့ အစားအစာတွေကိုစားပါ – ချယ်ရီသီး၊ သံပယိုသီး၊ ထောပတ်သီး၊ ပျားသလပ်၊ ဗန်ဒါစေ့၊ မုန်လာဥနီ၊ လိမ္မော်ရည်၊ မုန်လာဥဖြူ၊ ပဲပင်ပေါက်၊ ခရမ်းချဉ်သီးတို့ကို စားပေးလို့ရပါတယ်။ • မနက်စာကို တစ်ဝကြီးစားပါ – ကယ်လိုရီအများကြီးပါတဲ့ မနက်စာတစ်ခွက်ဟာ အားအင်ပြည့်ဝစေလို့ သားယောက်ျားလေးရဖို့ အခွင့်အလမ်းကပိုများစေတယ်လို့ ဆိုပါတယ်။ • ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်များတဲ့ အစားအစာတွေစားပါ။ – အပေါ်မှာ ပြောခဲ့သလို မျိုးဥကြွေချိန်နဲ့ ချိန်ကိုက်ပြီး လိင်ဆက်ဆံမယ်၊ ဆိုဒီယမ်ပိုတက်ဆီယမ်များတဲ့ အစားအသောက်တွေစားမယ်၊ ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်ဓာတ်များတဲ့ အစားအစာတွေကို လျှော့စားမယ်ဆိုရင် သားလေးရနိုင်ချေပိုများပါတယ်။ • ပိုတက်ဆီယမ်များတဲ့အစားအစာဆိုတော့ ငှက်ပျောသီးများများစားရမှာပေါ့။ ဆိုဒီယမ်များတဲ့ အစားအစာဆိုတာ ငန်တဲ့အစားအသောက်တွေပါ။ ကယ်လ်ဆီမယ် မဂ္ဂနီဆီယမ်များတဲ့ အစားအသောက်တွေဆိုတာ နို့နဲ့နို့ထွက်ပစ္စည်းတွေနဲ့ သူတို့ပါတဲ့ ဖြည့်စွက်အားဆေးတွေပါ။ မိန်းကလေး လိုချင်လျှင်ရော? • သားဥမကြွေခင် ၂-၃ရက် စောပြီး လိင်ဆက်ဆံခြင်း၊ သားဥမကြွေခင်အချိန်လေးကနေပြီး သားဥကြွေအပြီး ၂ ရက်အထိ လိင်ဆက်ဆံမှုကို ရှောင်ကြဉ်ခြင်း • တိမ်သော ထိုးသွင်းမှု လုပ်ခြင်း • အမျိုးသမီးတွေဟာ လိင်စိတ်အထွတ်အထိပ် မရောက်ခြင်း • ဒါပေမယ့် ကျွမ်းကျင်ပညာရှင် အတော်များများက သဘာဝအတိုင်း လိင်ရွေးချယ်တဲ့ နည်းလမ်းတွေ ဖြစ်တဲ့ Shettles နည်းလမ်းလိုမျိုးရဲ့ အစွမ်းထက်မှုကို မေးခွန်းထုတ်ကြပါတယ်။ မီးမီးလေး လိုချင်ရင် ဘယ်လို စားသောက်နေထိုင်ရလဲ? မေမေဆို အက်ဆစ်ပြောင်းစေမယ့် အစားအစာတွေစားပါ။ အက်ဆစ်ဓါတ်များတဲ့ အစားအစာတွေစားသင့်တယ်ဆိုပေမယ့် များကြီးစားဖို့တော့ မလိုအပ်ပါဘူး။ အက်ဆစ်ဓါတ်များတဲ့ အစားအစာဆိုတိုင်း ချဉ်တဲ့အစားအစာတွေ အချဉ်ဖောက်ထားတဲ့ အစားအစာတွေကို ပြောတာမဟုတ်ပါဘူး။ ကိုယ်ထဲကို ရောက်သွားတာနဲ့ အက်ဆစ်ဓါတ်ဘက်ကို ရောက်သွားမယ့် အစးအစာတွေကို ပြောတာဖြစ်ပါတယ်။ ကိုယ်တွင်း အက်ဆစ်ဓါတ်အပြောင်းအလဲကိုဖြစ်စေမယ့် အစားအစာတွေကတော့ • နေ့စဉ်စားနေတဲ့ အသားငါး ၊နို့နဲ့နို့ထွက်ပစ္စည်းတွေ၊ ထမင်း၊ ဂျုံ၊ ပြောင်းဖူး၊ ကြက်ဥ အကာ၊ ချော့ကလက်နဲ့ အခြား ချဉ်တဲ့အသီးတွေဖြစ်တဲ့ ခရမ်းချဉ်သီး၊ လိမ္မော်သီး၊စတော်ဘယ်ရီ၊ စပျစ်သီးနဲ့ နာနတ်သီးတို့စားပေးလို့ရပါတယ်။ ဖေဖေကတော့ အယ်ကာလီများတာစားပါ။ အယ်ကာလီလဘက်ကို ရောက်တဲ့ အစားအစာတွေဖြစ်တဲ့ အသီးအရွက်တွေ၊ နို့တွေ၊ လက်ဖက်ရည်၊ ရေညှိ၊ ကယ်လ်ဆီယမ်၊ ဗီတာမင် D ကြွယ်ဝတဲ့ အစားအစာတွေစားပေးဖို့လိုပါတယ်။ နှစ်ဦးလုံး အသီးအရွက်များများစားပါ။ အစိမ်းရောင်အသီးအရွက်တွေမှာပါတဲ့ကယ်လ်ဆီယမ်နဲ့ မဂ္ဂနီဆီယမ်တို့ဟာ မီးမီးလေးရဖို့ အခွင့်အလမ်းကို ပိုများစေမှာပါ။ နည်းပညာအသစ်အဆန်းများ Microsort technique ဟာ flow cytometer ဆိုတဲ့ လေဆာ ရောင်ခြည်၊ ဆိုးဆေး နဲ့ စက်တွေကို အသုံးပြုပြီး အမျိုးသားတွေရဲ့ သုက်ပိုးကို အမျိုးသမီးတွေဆီက ခွဲထုတ်ကြပါတယ်။ သုက်ပိုးကို ခွဲအပြီးမှာ ယူထားတဲ့အရည်ကို အမျိုးသမီးထဲကို ပြန်ထည့်လိုက်ပါတယ် (ဥပမာ ဖန်ပြွန်သန္ဓေသား) ၂၀၀၂ ခုနှစ်မှာတော့ မိန်းကလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာ ၉၁ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပြီး ယောက်ျားလေးလိုချင်တဲ့ စုံတွဲတွေ ကြားမှာတော့ ၇၃ ရာခိုင်နှုန်း အောင်မြင်မှု ရှိခဲ့ပါတယ်။ Microsoft အပြင် သန္ဓေသားမတွယ်ခင် မျိုးရိုးဗီဇစစ်ဆေးခြင်း နဲ့ အချင်းနမူနာစစ်ဆေးခြင်း ကိုလည်း ကလေးရဲ့ လိင်ရွေးချယ်ဖို့ အသုံးပြုနိုင်ပါတယ်။ ဒါပေမယ့် ဒီနည်းလမ်းနှစ်မျိုးလုံးကို အမေရိကန်မျိုးဆက်ပွားဆေးပညာအဖွဲ့အစည်းက မိသားစုအတွင်း ကလေးလိင်အရေအတွက် မျှစေဖို့ ရည်ရွယ်တဲ့ စုံတွဲတွေမှာ လိင်ရွေးချယ်ရန်အတွက် အကြံပေးခြင်း မပြုပါဘူး။ သေချာတာကတော့ ကလေးတစ်ယောက်ရဲ့ လိင်ဟာ လူတိုင်းအတွက် အရေးကြီးပေမယ့် သူတို့ရဲ့ ကျန်းမာရေးကို အဓိက ထားသင့်ပါတယ်။ ပိုမိုသိရှိလိုတယ်ဆိုရင် သင့်အတွက် သင့်ဆရာဝန်က အကောင်းဆုံးအကြံဉာဏ်တွေကို ပေးနိုင်မှာ ဖြစ်ပါတယ်။


by | 26 Jan 2022

ရင်တွေ တုန်လိုက်တာ နှလုံးရောဂါ ဖြစ်နေပြီထင်တယ်။ အခုတလော ရင်တွေ အရမ်းတုန်တာပဲ ဆိုသူလေးတွေရှိလား.....? ဒါဆိုရင် ရင်တုန်နေတာ နှလုံးရောဂါ ရှိနေလို့လား? တကယ်ကတော့ နှလုံးရောဂါဖြစ်တိုင်း ရုပ်ရှင်တွေထဲကလို ရင်ဘတ်ပဲ အောင့်တာ မဟုတ်ပါဘူး။ နှလုံးလေး ထိခိုက်နေတယ်လို့ ဆက်စပ် ယူဆလို့ မထင်ရလောက်တဲ့ လက္ခဏာတွေလည်း ရှိနိုင်ပါတယ်။ ဘယ်လို လက္ခဏာတွေလဲဆိုတာက သတိထားလို့ရအောင် ဆောင်းပါးလေးထဲမှာ ဖတ်ကြည့်လိုက်စို့နော်။ နှလုံးရောဂါ နှလုံးသွေးကြောဆိုင်ရာ ရောဂါတွေကြောင့် ကမ္ဘာတလွှားမှာ အသက်ဆုံးရှုံးမှုတွေ အတော်များလာပါတယ်။ အကြောင်းကတော့ ကျန်းမာတဲ့ ဘဝနေထိုင်မှုပုံစံ မရှိသလောက် နည်းလာတာ၊ အလုပ်တွေ အရမ်းလုပ်ပြီး အအိပ်နည်းတာ၊ အိပ်ရေးပျက်တာများတာ၊ လေ့ကျင့်ခန်းတွေ မလုပ်တာ၊ ကျန်းမာရေးနဲ့ မညီညွတ်တဲ့ အစားအစာတွေကို စားသုံးမှု များလာတာကြောင့်လည်း နှလုံးကျန်းမာရေးကို ထိခိုက်တာတွေ ရှိလာရတာပါ။ ရင်ဘတ်အောင့်မှ မဟုတ်ဘဲ အခုလို လက္ခဏာတွေ ခံစားနေရပြီဆိုရင်လည်း နှလုံးလေး ကျန်းမာရေး ထိခိုက်တာ ဖြစ်နိုင်ပါတယ်။ ၁။ ခြေကုန်လက်ပမ်းကျတာ ခြေကုန်လက်ပမ်းကျတာက ကောင်းကောင်း မအိပ်ရတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါရဲ့ အစောပိုင်း လက္ခဏာ တစ်ရက်လည်း ဖြစ်နိုင်ပါတယ်။ အကြောင်းကတော့ ခန္ဓာကိုယ်ထဲမှာ သွေးပမာဏ နည်းလာတာကြောင့် နှလုံးစည်းချက်မမှန်တာ၊ နှလုံးက ပုံမှန်ထက် ပိုပြီး အလုပ်လုပ်ရတာမျိုးတွေ ခံစားရနိုင်ပါတယ်။ ဒီလိုဖြစ်တဲ့အခါ နေ့ရောညပါ ပင်ပန်းနွမ်းနယ်မှုကို ခံစားရတာမျိုး ဖြစ်နိုင်ပါတယ်။ ၂။ မိုက်ခနဲ မူးတာ မကြာခဏဆိုသလို မိုက်ခနဲ မူးမယ်ဆိုရင် နှလုံးသွေးကြောကျန်းမာရေး ထိခိုက်နေတာပါ။ ဒါပေမယ့် တစ်ခါတလေမှာ ကိုယ်လက်လှုပ်ရှားမှု ပြင်းပြင်းထန်ထန် လုပ်တာ၊ နာကျင်မှု နဲ့ ရေဓာတ်နည်းတာတွေကြောင့်လည်း မိုက်ခနဲ မူးတာ၊ သတိလစ်တာတွေ ဖြစ်လာနိုင်ပါတယ်။ သွေးပေါင်ကျတာ၊ သွေးတွင်းအောက်ဆီဂျင်နည်းတာတွေကြောင့်လည်း မူးလဲတာမျိုး ဖြစ်နိုင်ပါတယ်။ ဒါကြောင့် မိုက်ခနဲမူးတယ်။ သတိလစ်တယ်ဆိုရင် ဆေးခန်းပြကြည့်ဖို့ အကြံပြုပါရစေ။ ၃။ ရုတ်တရက် ကိုယ်အလေးချိန် တက်လာတာ ရုတ်တရက် အချိန်တိုအတွင်းမှာ ကိုယ်အလေးချိန် တအားတက်လာတာက အစားတွေ အများကြီးစားတာကြောင့် ဖြစ်နိုင်သလို နှလုံးရောဂါကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ အရည်တွေ စုပုံနေတာကလည်း နှလုံးရောဂါရဲ့ လက္ခဏာ တစ်ရပ်ပါ။ ဒီလိုဖြစ်တဲ့အခါ အစားအသောက် ဂရုစိုက်ဖို့ လိုသလို လိုအပ်တဲ့ စစ်ဆေးမှုကို ခံယူဖို့လည်း လိုပါမယ်။ ၄။ မအီမသာဖြစ်မယ်။ အစားပျက်မယ်။ မအီမသာဖြစ်မယ်။ အစာမကြေဖြစ်မယ်။ အစားစားချင်စိတ် ပျောက်မယ်ဆိုရင် နှလုံးထိခိုက်နေတာ ဖြစ်နိုင်ပါတယ်။ ကျန်းမာရေး စစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ တစ်ခါတလေမှာ မအီမသာဖြစ်တာ၊ အစားပျက်တာတွေက အစာအိမ်ရောဂါကြောင့် ဖြစ်နိုင်သလို ကိုယ်ဝန်ရှိနေတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ၅။ နှလုံးစည်းချက် မမှန်တာ နှလုံးခုန်သံက ပုံမှန် မဟုတ်တာ၊ နှလုံးခုန်နှုန်းမမှန်တာတွေ ခံစားရမယ်ဆိုရင် လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို ခံယူဖို့ လိုပါမယ်။ နှလုံးခုန်နှုန်း မမှန်တာက သေချာ ကုသမှု မခံယူဘူးဆိုရင် လေဖြတ်တာမျိုး ဖြစ်နိုင်ပါတယ်။ ၆။ ချောင်းဆိုးတာ အဆုတ်ထဲမှာ အရည်တွေ ဖြစ်တာကြောင့် ချောင်းဆိုးတာ၊ အသက်ရှူရခက်တာ၊ အသက်ရှူရင် တရွှီရွှီမြည်တာတွေ ခံစားရနိုင်ပါတယ်။ ချောင်းဆိုးတာကို သက်သာအောင် နည်းလမ်းမျိုးစုံ လုပ်ဆောင်နေပေမယ့် မသက်သာဘူးဆိုရင် နှလုံးစစ်ဆေးမှု ခံယူဖို့ လိုပါမယ်။ ၇။ အဆစ်တွေရောင်တာ နှလုံးက သွေးတွေကို ထိထိရောက်ရောက် မညှစ်ထုတ်နိုင်တဲ့အခါ သွေးတွေက ခန္ဓာကိုယ် အောက်ပိုင်းဆီကနေ နှလုံးဆီကို ရောက်ရှိဖို့ ခက်ခဲသွားနိုင်ပါတယ်။ ဒီလို ခက်ခဲတဲ့အခါ ခြေထောက်၊ ဝမ်းဗိုက်၊ ပေါင်၊ ခြေချင်းဝတ်၊ လက်ကောက်ဝတ်တွေမှာ အရည်တွေ စုပြီး ရောင်တာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ ကဲ …… အခုလို လက္ခဏာတွေ ရှိနေရင် နှလုံးလေးကို ဂရုစိုက်ဖို့ လိုနေပါပြီ။ လိုအပ်တဲ့ ကျန်းမာရေး စစ်ဆေးမှုကို အမြန်ဆုံး ခံယူပါ။


by | 25 Jan 2022

ကြို့ထိုးတာနဲ့ စိမ်းတဲ့သူ ရှိမယ် မထင်ပါဘူး။ ကြို့ထိုးတယ်ဆိုတာ လူကိုလည်း ပင်ပန်းစေပြီး နေရလည်း ခက်စေတဲ့ အရာတစ်ခုပါ။ ခက်တာက သူ့ဘာသူ ဖြစ်ချင်တဲ့အချိန်ဖြစ် ပျောက်ချင်တဲ့အချိန် ပျောက်နေတော့ ကိုယ်က လိုက်ပြီး ထိန်းချုပ်လို့ မရတာကတော့ စိတ်ပျက်စရာပါ။ ကြို့ထိုးတယ်ဆိုတာ ဖြစ်တတ်တဲ့ သဘာဝတစ်ခုဖြစ်ပေမယ့် တစ်ချို့ရောဂါ ကြီးကြီးမားမား အခံကြောင့်လည်း ကြို့ထိုးနိုင်ပါတယ်။ ဒါတွေက ကြို့ထိုးစေနိုင်ပါတယ်။ • အစားအများကြီးစားတဲ့အခါ၊ • ပီကေဝါးတာ သကြားလုံးစုပ်တာ၊ • အရက်ဘီယာသောက်တဲ့အခါ ၊ • အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေသောက်တဲ့အခါနဲ့ • စိတ်လှုပ်ရှားတဲ့အခါတွေမှာ အဖြစ်များတယ်။ အရှေ့မှာဖော်ပြခဲ့သလို စိတ်ခံစားချက်တွေနဲ့ အစားအသောက်စတာတွေကြောင့်လည်း ကြို့ထိုးတာကို ဖြစ်စေနိုင်တဲ့အပြင် အချို့သော ရောဂါတွေကြောင့်လည်း ကြို့ထိုးတာတွေ ဖြစ်နိုင်ပါတယ်။ • ဥပမာ- လေဖြတ်ခြင်း၊ ဦးနှောက် အကျိတ်ဖြစ်ခြင်း၊ ဦးနှောက် အမြှေးပါးရောင်ခြင်း၊ အတက်ရောဂါ စတဲ့ ဦးနှောက်နှင့်အာရုံကြော ရောဂါများ • အူကျွံခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာရေမျိုကင်ဆာ စတဲ့ အစာလမ်းကြောင်း ဆိုင်ရာရောဂါများ • အဆုတ်ပိုးဝင်ခြင်း၊ အဆုတ်ကင်ဆာ၊ TB ပိုးဝင်ခြင်း • ကျောက်ကပ်၊ အသည်းရောဂါတွေ နဲ့ အချို့သော ဆေးဝါးတွေကြောင့်လည်း ကျို့ထိုးနိုင်ပါတယ်။ • စိတ်ခံစားမှုတွေ၊ အစားသောက်တွေကြောင့် ကြို့ထိုးသလို ခဏတာ မဟုတ်ဘဲ အကြာကြီးဖြစ်လာပြီဆိုရင်တော့ ရောဂါအခံတစ်ခုခုကြောင့် ဖြစ်နိုင်တာကြောင့် မပေါ့ဆသင့်ပါဘူး။ နှစ်ရက်ထက်ကြာတဲ့ ကြို့ထိုးတာဖြစ်နေပြီဆိုရင်တော့ ရင်ဝမ်းခြားကြွက်သားကိုထိန်းချုပ်ထားတဲ့ အာရုံကြောတွေမှာ လှုံ့ဆော်မှုတစ်ခုခုဖြစ်နေလို့ပါ။ ဖြစ်နိုင်တာတွေအများကြီးထဲက ပိုပြီးဆိုးတဲ့အခြေအနေတွေမှာ ဦးနှောက်အမှေးပါးရောင်တာ၊ ဦးနှောက်ရောင်တာေတွကြောင့်လည်းဖြစ်နိုင်ပါတယ်။ ဆေးတွေနဲ့ အရက်ကိုနှစ်ရှည်လများသောက်လာသူတွေမှာလည်းဖြစ်တတ်ပါတယ်။ ယောက်ျားတွေမှာ ပိုအဖြစ်များပြီး ကြာရှည်လည်းဖြစ်တတ်ပါတယ်။ ကြို့ထိုးတာက ခံရခက်တာကတော့ လူတိုင်းသိပြီးသားပါ။ ကာလကြာရှည်ကြို့ထိုးတဲ့အခါ အိပ်ရတာ၊ စားရတာ၊ စကားပြောရတာနဲ့ ဝမ်းဗိုက်မှာရှိတဲ့အနာတွေမကျက်တာမျိုး ဆိုးကျိုးတွေရှိလာနိုင်ပါတယ်။ ဘယ်လိုပျောက်အောင်လုပ်မလဲ? ကြို့ထိုးတာက ကုသစရာမလိုဘဲ သူ့အလိုအလျောက်ကောင်းသွားတာပါပဲ။ ကိုယ်တိုင်ကြို့ထိုးတဲ့အခါလည်း ဘယ်အချိန်ပျောက်လို့ပျောက်သွားမှန်းတောင် သိလိုက်တာမဟုတ်ဘူး။ သာမန်ထက်ကြာနေရင်တော့ ရောဂါတစ်ခုခုဆိုတာ သိနိုင်ပါလိမ့်မယ်။ ကြို့ထိုးတာကိုပျောက်ကင်းစေနိုင်တဲ့နည်းလမ်းတွေရှိပါတယ်။ ဘယ်နည်းက အလုပ်အဖြစ်ဆုံးလဲဆိုတာတော့ သေချာအတည်ပြုမှုတွေမရှိထားဘူး။ • ရေသောက်ပါ။ • အိတ်တစ်အိတ်ထဲကို အသက်ရှူသွင်းရှူထုတ်လုပ်ပါ။ • ရေခဲရေနဲ့ပလုပ်ကျင်းပါ။ • အသက်ရှူအောင့်ပါ။ • သံပရာသီးကိုက်ပါ။ မကြာခဏ ကြို့ထိုးတတ်တယ်ဆိုရင်တော့ • အရက်နဲ့ အမြှုပ်ထပြီးစူးရှတဲ့ အချိုရည်တွေကိုရှောင်ပါ။ လေထစေတဲ့ အစားအသောက်တွေရှောင်ပါ။ • အစားကို အများကြီးတခါတည်းမစားဘဲ နည်းနည်းစီခွဲစားပါ။ ကြို့ထိုးတာကြောင့် သေနိုင်လား? အချို့လူကြီးတွေက ကြို့အကြာကြီးထိုးရင် သေတတ်တယ်ဆိုပြီး ပြောကြတာ ကြားဖူးကြမှာပါ။ အမှန်တကယ်ကတော့ ကြို့ထိုးတာကြောင့် သေတယ်ဆိုတာထက် ကြို့အကြာကြီးထိုးတဲ့ သူတွေမှာ အရှေ့မှာ ဖော်ပြထားသလို ရောဂါအခံတွေနဲ့ ရောဂါလက္ခဏာတွေ ရှိနိုင်တာကြောင့် အသက်အန္တရာယ်ရှိနိုင်ပါတယ်။ ဘယ်အချိန်မှာ ဆရာဝန်ကို ပြသသင့်လဲ? ပုံမှန်အားဖြင့်တော့ ခဏတာ ကြို့ထိုးတာကြောင့် ဆရာဝန်ပြစရာ လိုလေ့မရှိပါဘူး။ ဒါပေမယ့် ကြို့ထိုးတာက နှစ်ရက်ထပ်ပိုကြာလာပြီး အသက်ရှုရတာ ခက်ခဲလာရင်၊ ကြို့ထိုးတဲ့ ပြသနာကြောင့် အိပ်ရေးပျက်လာရင်၊ အစားအသောက်ပျက်ပြီး ကိုယ်အလေးချိန်ကျလာရင်၊ ဗိုက်နာတာ၊ ပင်ပန်းနွမ်းနယ်လာတာ၊ မောလာတာ၊၊ အန်တာ စတဲ့ လက္ခဏာတွေ ဖြစ်လာရင်တော့ ဆရာဝန်နဲ့ အမြန်ဆုံးပြသသင့်ပါတယ်။


by | 24 Jan 2022

တစ်နေ့တစ်နေ့ အလုပ်တွေနဲ့လုံးပန်းရင်း မခေါ်ဘဲရောက်လာတဲ့ ဧည့်သည်ကိုလည်းမောင်းထုတ်ရခက်နေတတ်တယ်နော်။ ဒါကတော့ ကိုယ်က မတောင့်တတောင် ကိုယ့်ဆီရောက်လာတတ်တဲ့ စိတ်ဖိစီးမှုလေ။ စိတ်ဖိစီးမှုက သိမ်းထားလို့ကောင်းတဲ့အရာမဟုတ်ပါဘူး။ ကြာကြာသိမ်းလေ ကိုယ့်မှာထိခိုက်ရတာတွေ များလာလေလေပါပဲ။ သောကများရင် ရောဂါပွါးတာပဲ အဖက်တင်ပါလိမ့်မယ်။ စိတ်ဖိစီးမှုဆိုတာက ခန္ဓာကိုယ်မှာပြောင်းလဲမှုတွေဖြစ်လာတဲ့အခါဖြစ်ပေါ်တတ်တဲ့ သာမန်တုံ့ပြန်မှုတစ်ခုပေါ့။ ဒီပြောင်းလဲမှုကို ခန္ဓာကိုယ်က ရုပ်ပိုင်းဆိုင်ရာ အရသော်လည်းကောင်း၊ စိတ်ပိုင်းဆိုင်ရာအရသော်လည်းကောင်းတုံ့ပြန်တတ်ပါတယ်။ စိတ်ဖိစီးမှုက စိတ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုနဲ့ ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုကို အပြောင်းအလဲတွေဖြစ်စေနိုင်ပါတယ်။ စိတ်ဖိစီးမှုဆိုတာမျိုးကနေ့စဉ်ဘဝရဲ့ အစိတ်အပိုင်းတစ်ခုလိုတောင်ဖြစ်နေတတ်ပါသေးတယ်။နေ့စဉ်ထိတွေ့ဆက်ဆံနေတဲ့ ပတ်ဝန်းကျင်ကြောင့်၊ ကိုယ်ရဲ့အတွေးတွေနဲ့ ကိုယ့်ရဲ့ အပြုအမူတွေကြောင့် စိတ်ဖိစီးမှုဝင်နိုင်ပါတယ်။ တကယ်တော့ စိတ်ဖိစီးမှုဆိုတာက ကိုယ်ကကြာကြာမွေးထားလို့ရှိနေတာပါ။ ဒါကြောင့် စိတ်ဖိစီးမှုကြောင့် ကိုယ်ရော စိတ်ပါ မထိခိုက်စေဖို့ ဒီနည်းလေးတွေသုံးပြီး စိတ်ဖိစီးမှုနဲ့ ခပ်ကင်းကင်းနေလိုက်ပါ။ (၁) ရေးချပါ သင်လုပ်စရာရှိတဲ့ အလုပ်တွေကို မေ့သွားမှာစိုးတဲ့ စိတ်ဖိစီးမှူမဖြစ်ရအောင် သင်လုပ်ဖို့ရှိနေတဲ့အလုပ်တွေကို စာရွက်ပေါ် မှာ.. ဒါမှမဟုတ် ဖုန်းမှတ်စုထဲမှာ ချက်ချင်းရေးချပါ။ (၂) ဦးစားပေးစာရင်းငါးခုလုပ်ပါ သင့်ရဲ့ဦးစားပေးစာရင်းထဲမှာ သင်လုပ်ဖို့ ကိစ္စအကုန်ပါဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ ဒါကြောင့် ထိပ်ဆုံးထားလုပ်သင့်တဲ့ ဦးစား ပေးစာရင်း ငါးခုသတ်မှတ်ထားလိုက်ပါ။ (၃) အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တာထက်စာရင် တစ်ဆင့်ပြီးမှတစ်ဆင့်လုပ်ပါ သုတေသနပြုချက်တွေအရ အလုပ်တွေအများကြီးကို တပြိုင်နက်တည်းလုပ်တဲ့လူတွေမှာ… အလုပ်တစ်ခုပြီးမှ တစ်ခုလုပ်တဲ့ လူတွေနဲ့ယှဉ်ရင် မှတ်ဉာဏ်စွမ်းအားကျဆင်းလာတတ်ပြီး ဦးနှောက်ရဲ့ သိပ်သည်းမှူကိုလည်း နည်းပါသတဲ့။ ဒါကြောင့် ခုချိန် ကစလို့ သင့်ကိုယ်သင် စက်ရုပ်လိုထင်နေတာတွေကို လျှော့ချပြီး တစ်ခုပြီးမှတစ်ခုလုပ်တဲ့ အကျင့်ကိုမွေးယူပါ။ (၄) တကယ်လို့ အလုပ်တွေမပြီးရင်ရော ဘာဖြစ်သေးလဲဆိုတဲ့အတွေးကိုစမ်းတွေးကြည့်ပါ သင်လုပ်စရာရှိတဲ့ ဒီနေ့အတွက် to do list ထဲကအလုပ်တွေကို သင်မပြီးရင်ရော ဘာဖြစ်သွားမလဲတွေးကြည့်ပါ။ ကမ္ဘာကြီး ရပ်တန့်သွားမှာတော့ မဟုတ်ဘူးမလား။ ဒါကြောင့် သင်အရမ်းစိတ်ဖိစီးတဲ့အခါ အသက်ကိုရှူသွင်းရှူထုတ်လုပ်ရင်း ဒါဟာ သင် ထင်ထားသလောက်ဆိုးမှာ မဟုတ်တဲ့အကြောင်းတွေးကြည့်ပါ။ (၅) TV ကြည့်ပြီး ခဏအနားယူပါ သင်သိပ်စိတ်ဖိစီးနေရင် သင်ကြိုက်တဲ့ reality show ဒါမှမဟုတ် ပျော်ရွှင်စရာကောင်းတဲ့ဇာတ်လမ်း ဒါမှမဟုတ် သင်သဘော ကျတဲ့ မင်းသားမင်းသမီးပါတဲ့ TV အစီအစဉ်တစ်ခုကို မိနစ်နှစ်ဆယ်လောက်ဖြစ်ဖြစ် ကြည့်လိုက်ပါ။ ပျော်ရွှင်စေတဲ့ hormone တွေက သင့်စိတ်ဖိစီးမှူကို အနည်းနဲ့အများ လျှော့ချပေးနိုင်မှာပါ။ (၆) တရားထိုင်ပါ တစ်နေ့ကို မိနစ်နှစ်ဆယ်လောက် တရားထိုင်တာဟာ သင့်ဦးနှောက်ကို ကျဆင်းနေတဲ့ charging တွေ ပြန်ဖြည့်ပေးနိုင်ပြီး စိတ်ဖိစီးမှူကို ပြောင်းပြန်ဖြစ်နိုင်တဲ့ အစွမ်းရှိပါတယ်။ ဒါကြောင့် သင်မနက် အိပ်ရာမထမီနဲ့ အိပ်ရာဝင်ခါနီး ဆယ်မိနစ်ကိုတရား ထိုင်ဖို့အတွက် အချိန်ပေးသင့်ပါတယ်။ တကယ်တရားထိုင်တဲ့ ပုံစံမဟုတ်လည်း မျက်လုံးမှိတ်လို့ ဝင်လေထွက်လေကိုမှတ် ရုံနဲ့ သင့်စိတ်ဖိစီးမှူတွေကို မောင်းထုတ်ပေးနိုင်မှာပါ။ (၇) လတ်ဆတိတဲ့လေကိုရှူပါ လတ်ဆတ်တဲ့လေအလုံအလောက်ရဖို့ဟာ သင့်ခန္ဓါကိုယ်အစိတ်အပိုင်းတွေအားလုံးအတွက်တင် အရေးပါတာမဟုတ်ဘဲ စိတ်ဖိစီးမှူကိုပါ လျှော့ချပေးမှာပါ။ ပြင်ပကရတဲ့ အနံ့တွေ.. ဥပမာ ထင်းရှူးနံ့ လိုမျိုးဟာ သင့်ခန္ဓါကိုယ်နဲ့ စိတ်ကို ပြေလျော့ စေမှာပါ။ (၈) လိမ္မော်ရည်သောက်ပါ၊ လိမ္မော်သီးစားပါ ဝါဖန့်ဖန့်လိမ္မော်သီးတွေမှာ ဗီတာမင် စီ ပမာဏ အများအပြားပါဝင်တာကြောင့် coffee သောက်တာလိုမျိုး စိတ်ဖိစီးမ့ူကို ဖြစ်စေတဲ့ cortisol လို ဟော်မုန်းမထွက်စေပါဘူးတဲ့။ ဒါကြောင့် သင့်စိတ်ဖိစီးမှူကို ခုနစ်ဆယ်ရာခိုင်နှူန်းလောက်ကို လျှော့ချ ပေးနိုင်ပါတယ်။ (၉) သီချင်းနားထောင်ပါ ဆယ်မိနစ်လောက်သီချင်းနားထောင်တာဟာ သင့်စိတ်ဖိစီးမှူကို တကယ်လျော့ကျစေမှာပါ။ ဒါကြောင့် ကြည့်နေတဲ့ သတင်း အစီအစဉ်တွေကို ပိတ်လိုက်ပါ။ ပြီးရင်တော့ ငြိမ့်ညောင်းတဲ့ သံစဉ်တွေကို နားထောင်လိုက်ပါ။ (၁၀) ရေများများသောက်ပါ စိတ်ဖိစီးမှူက ရေဓါတါခမ်းခြောက်စေပြီး ရေဓါတ်ခမ်းခြောက်တာကြောင့်လည်း စိဖိစီးမှူဖြစ်နိုင်ပါတယ်။ ဒါကြောင့် စိတ်ဖိစီးမှူ လျော့ကျချင်ရင် သင့်တစ်နေ့တာမှာ ရေကိုမကြာခဏသောက်ပေးဖို့ လိုပါလိမ့်မယ်။