by | 01 Nov 2021

သူငယ်ချင်းတွေကြားထဲမှာ ကိုယ်တစ်ယောက်တည်း အရပ်ပုနေလို့ အားငယ်သလို ခံစားနေရပါသလား? ဘောင်းဘီရှည်တွေ၊ ဂါဝန်ရှည်တွေ စမတ်ကျကျ ဝတ်ချင်ပေမဲ့ အရပ်ပုနေတော့ မလိုက်မှာစိုးလို့ လိုချင်ရက်နဲ့ မဝယ်ဘဲ နေခဲ့ဖူးလား? တချို့ အလုပ်တွေ ဉပမာ လေယာဉ်မယ် လေယာဉ်မောင် လျှောက်တဲ့အခါမှာ သတ်မှတ်ထားတဲ့ အရပ်မပြည့်လို့ ကိုယ့်အိပ်မက်တွေ စွန့်လွှတ်ခဲ့ရဖူးလား? အခုခေတ် နာမည်ကြီး Celebrity တွေ၊ Motivational speaker တွေက "Accept Yourself" ကိုယ့် အရှိအတိုင်းကို လက်ခံပါလို့ ပြောကြတာကို မကြာခဏ ကြားဖူးမှာပါ။ အဲဒါနဲ့ပဲ ကိုယ်က သဘာဝကို ဆန့်ကျင်ပြီး ကိုယ့်ကိုယ်ကို လက်မခံတဲ့သူလိုလို၊ မဖြစ်နိုင်တာကြီးကိုပဲ လိုချင်နေတဲ့သူလိုလို ပြောခံရတတ်ပါတယ်။ ဒါပေမဲ့ အရပ်ရှည်ချင်တာက အပစ်မဟုတ်ပါဘူး။ သင့် ခန္ဓာကိုယ်ကို သင်ဖြစ်ချင်တဲ့အတိုင်း ပြောင်းလဲနိုင်ခွင့်ရှိပါတယ်။ ဒီဆောင်းပါးလေးထဲမှာ အရပ်ရှည်အောင် ဘာတွေလုပ်ရမယ်ဆိုတာ ပြောပြပေးသွားပါမယ်။ လူတိုင်း အရပ်ရှည်နိုင်လား။ အရပ်ရှည်ဖို့အတွက် ကလေးဘဝမှာကတည်းက နေထိုင်စားသောက်မှုပုံစံကို ဖြည်းဖြည်းချင်း လေ့ကျင့်သွားရမှာဖြစ်ပြီး ချက်ချင်းလုပ်၊ ချက်ချင်းရှည်ထွက်လာနိုင်တာမျိုး မဟုတ်ပါဘူး။ နောက်တစ်ချက်က မိဘမျိုးရိုးနဲ့လည်း သက်ဆိုင်ပါတယ်။ ကိုယ့်မိဘက အရပ်သိပ်မရှည်ဘူးဆိုရင်တော့ ကိုယ့်အတွက် အရပ်ရှည်လာနိုင်ဖို့က တော်တော်လေးကို ကြိုးစားရမှာဖြစ်ပါတယ်။ လူတော်တော်များများ သိထားတာကတော့ အသက် ၁၈ ပြည့်ပြီးသွားရင် အရပ်က ဆက်ပြီးရှည်မထွက်နိုင်တော့ဘူးဆိုတာပါပဲ။ တကယ်တော့ အသက် ၂၅ အထိ အရပ်ရှည်ဖို့ အခွင့်အလမ်းရှိပါသေးတယ်။ တကယ်က Growth plate တွေ ပိတ်မပိတ်က အဓိက အရေးကြီးပါတယ်။ တချို့လူတွေဆို အပျိုလူပျိုဖော်ဝင်တာ နောက်ကျတဲ့အတွက် အသက် ၃၀ ထိ အရပ်ထွက်တာမျိုးလည်းရှိပါတယ်။ Growth plate ဆိုတာက ကွျန်တော်တို့ ခန္ဓာကိုယ် အရိုးအဆစ်တွေ ဆက်တဲ့နေရာကို ခေါ်တာပါ။ ဘယ်လောက်ပဲ လေ့ကျင့်ခန်းလုပ်လုပ် Growth plate တွေ ပိတ်သွားပြီဆိုရင်တော့ အရပ်မရှည်နိုင်တော့ပါဘူး။ Growth plate တွေ ပိတ်မပိတ်ကို ဆေးရုံမှာ ဓာတ်မှန်သွားရိုက်ပြီး စစ်ဆေးလို့ရပါတယ်။ တကယ်လို့ ကိုယ်က မပိတ်သေးဘူးဆိုရင် အစားအသောက် အနေအထိုင် ပြောင်းလဲလိုက်ရင် အသက်အရွယ်ဘယ်လောက်ပဲဖြစ်ဖြစ် ရှည်နိုင်သေးတာမလို့ အရပ်ရှည်ချင်တဲ့သူတွေအတွက် အဆင်ပြေစေမယ့် နည်းလမ်းတွေကို ဒီဆောင်းပါးလေးမှာ ပြောပြပေးချင်ပါတယ်။ ၁။ ကိုယ်စားတဲ့အစားအစာက အာဟာရပြည့်ဝပါစေ။ အရပ်ရှည်ထွက်ဖို့အတွက် အစာအာဟာရပြည့်ဝစုံလင်စွာ စားပေးဖို့ လိုပါတယ်။ အဲ့ဒါကြောင့် နေ့စဉ်နေ့တိုင်း အသား၊ငါး၊ ဟင်းသီးဟင်းရွက် ဥ၊ အသီးအနှံ၊ ပဲ၊ ဂျုံပြောင်း၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးပါ။ သင်စားတဲ့ အစားအစာ တစ်ပန်းကန်မှာ အသီးအရွက် ၂ ပုံ ၁ ပုံ။ အသား ၄ ပုံ ၁ ပုံ နဲ့ ကျန်တဲ့ ပေါင်မုန့်ကြမ်းတို့လို အာဟာရဖြစ်တဲ့အစာ ၄ ပုံ ၁ ပုံခန့် ပါဝင်သင့်ပါတယ်။ အာဟာရမဖြစ်စေတဲ့ အသင့်စား အစားအစာတွေ၊ အကင်တွေ၊ အကြော်အလှော်တွေကို တတ်နိုင်သလောက်ရှောင်ပါ။ အဲ့လို အစားအစာတွေက အဆီဖြစ်စေတာကြောင့် အရိုးကို ဖိထားသလိုဖြစ်ပြီး အရပ်ရှည်ဖို့ အဟန့်အတား ဖြစ်စေပါတယ်။ ၂။ ပရိုတင်းဓာတ်က အရမ်းအရေးကြီးပါတယ်။ ပရိုတင်းလို့ ခေါ်တဲ့ အသားဓာတ်က ခန္ဓာကိုယ်ရဲ့ ကြွက်သားထုကို တည်ဆောက်ပေးတယ်။ ကိုယ်အလေးချိန်တက်ဖို့၊ ကျဖို့ ကူညီပေးသလို အရိုးအဆစ်တွေကိုလည်း သန်မာစေတယ်။ လေ့လာတွေ့ရှိချက်တွေအရ အသက် ၁၈ မတိုင်ခင်အထိ ပရိုတင်းဓာတ်ကို နေ့တိုင်းလုံလုံလောက်လောက် စားပေးနိုင်မယ်ဆိုရင် အရပ်ရှည်ထွက်လာတယ်ဆိုတာ တွေ့ခဲ့ပါတယ်။ ဒါကြောင့် အဓိကပရိုတင်းဓာတ်ကြွယ်ဝတဲ့ အသား၊ ငါး၊ ဥ၊ ပဲအမျိုးမျိုး၊ နို့ထွက်ပစ္စည်းတွေကို များများစားပေးသင့်တယ်နော်။ တကယ်လို့ ကိုယ်က ခုကာလမှာ ပိုက်ဆံအများကြီး မသုံးချင်ဘူးဆိုရင် အသားနေ့တိုင်းစားမယ့်အစား ကြက်ဉကို အစားထိုးစားလို့ရပါတယ်။ မနက်စာမှာ တစ်လုံး ညစာမှာ တစ်လုံးစားပေးမယ်ဆိုရင် အရပ်ရှည်လာနိုင်ပါတယ်။ ဒါ့အပြင် အုတ်ဂျုံစားပေးခြင်းကလည်း အထောက်အကူဖြစ်ပါတယ်။ စေျးကွက်ထဲမှာ အလွယ်တကူရှာလို့ရပြီး စေျးလည်းသက်သာပါတယ်။ အုတ်ဂျုံက ဝိတ်ချနေတဲ့သူတွေ အစားများတာမလို့ သင်က အရပ်လည်းရှည်ချင် ဝိတ်လည်းကျချင်တယ်ဆိုရင်တော့ အုတ်ဂျုံက အသင့်တော်ဆုံးပါပဲ။ ၃။ ဗီတာမင် ဒီ ကိုလည်း မေ့မထားလိုက်ပါနဲ့။ ဗီတာမင် ဒီ ဟာ အရိုးအဆစ်တွေကို ကျန်းမာစေပြီး ကလေးတွေအတွက် ကြွက်သား ကြီးထွားမှုကို ဖြစ်စေတယ်။ ဒီအခါ ကိုယ်ခန္ဓာကပါ အရပ်ရှည်ထွက်လာပြီး လူကောင်ကြီးလာတာဖြစ်ပါတယ်။ ဗီတာမင်ဒီကို နေရောင်ခြည်ကနေ အများဆုံး ရရှိတာကြောင့် ၉ နာရီမထိုးခင် မနက်စောစော နေရောင်ခံပေးတာကလည်း သင့်ရဲ့ အရိုးတွေက ရှည်လျားသန်မာလာစေမှာပါ။ ၄။ ကယ်လ်စီယမ်ဓာတ် ကြွယ်ဝတဲ့ အစားအစာတွေကိုလည်း စားပေးပါ။ ကယ်လ်စီယမ်ဓာတ်ဟာ နွားနို့ကနေ အများဆုံးရရှိပြီး အသက်အရွယ်မရွေး အကျိုးရှိစေနိုင်ပါတယ်။ အရိုးအဆစ်တွေကို ကြံ့ခိုင်စေလို့ အရပ်ရှည်ထွက်လာအောင် အားဖြည့်ပေးတယ်။ ကလေးတွေနဲ့ လူကြီးအရွယ်မှာ သွားနဲ့ သွားဖုံးကိုလည်း ကောင်းစေလို့ မာတဲ့အစာတွေကို ကောင်းကောင်းဝါးစားနိုင်အောအင် ကူညီပေးပါတယ်။ အဓိက နွားနို့၊ ဒိန်ချဉ်တွေကို သောက်ပေးပါ။ ဒီမှာ ပြောချင်တာက နွားနို့နဲ့ ဒိန်ချဉ်က ညဘက် အိပ်ခါနီးသောက်မှသာ အရပ်ရှည်ဖို့ အထောက်အကူ ပိုဖြစ်မှာပါ။ အရိုးပါ ဝါးစားလို့ရတဲ့ ငါးလေးတွေ၊ ဟင်းသီးဟင်းရွက်၊ ပဲအမျိုးမျိုးကိုလည်း စားပေးပါ။ ၅။ ပြည့်ဝစွာ အိပ်စက်အနားယူပါ။ ကလေးနဲ့ လူငယ်တွေဆိုရင် တစ်နေ့တာအိပ်ချိန်ကို လုံလုံလောက်လောက်ရဖို့ လိုပါတယ်။ အသက် ၈ နှစ်ကနေ ၁၄ နှစ်အတွင်း ကလေးတွေက တစ်နေ့ကို ၈ နာရီကနေ ၉ နာရီကြာအောင် အိပ်သင့်ပြီး ၁၄ ကနေ ၂၀ လောက်အထိက ၈နာရီလောက်ထိ ရှိမှသာ ကိုယ်ခန္ဓာက ကောင်းစွာသွေးလည်ပတ်၊ အလုပ်လုပ်နိုင်မှာဖြစ်ပြီး ဆက်ပြီး ကြီးထွားဖွံ့ဖြိုးနေဦးမှာပါ။ ၆။ လေ့ကျင့်ခန်းလုပ်ပါ။ အရပ်ရှည်ချင်တဲ့သူတွေ အဓိကလုပ်ပေးလို့ရတာကတော့ ဘားခိုတာနဲ့ ရေကူးတာပါပဲ။ သူတို့ ၂ ခုက တခြားလေ့ကျင့်ခန်းတွေနဲ့စာရင် ရှည်လာတာ မြန်ပြီး သိသာပါတယ်။ တန်းဘားခိုလိုက်တဲ့အခါ ခန္ဓာကိုယ်အလယ်ပိုင်းနဲ့ လက်မှာရှိတဲ့ ကြွက်သားတွေကို ဆွဲဆန့်ပေးသလို ဖြစ်ပြီး အရပ်ရှည်ထွက်လာဖို့ ကူညီပေးပါတယ်။ ဒါပေမဲ့ သူက ခါးကအဆစ်လေးတွေကို ဆွဲဆန့်လိုက်တာမလို့ တစ်ကိုယ်လုံး အချိုးညီညီ ရှည်မယ့်အစား ခါးလျားပဲ သိသိသာသာ ရှည်လာမှာ ဖြစ်ပါတယ်။ ခါးမရှည်ချင်ဘူး ခြေထောက်ရှည်ချင်တာ ဆိုတဲ့လူတွေအတွက်ဆို ထိုင်ခုံမြှင့်ပြီး စက်ဘီးစီးတာ၊ ဘတ်စကတ်ဘောဆော့တာ၊ ကြက်တောင်ရိုက်တာနဲ့ လမ်းအမြန်လျှောက်တာတို့ လုပ်လို့ရပါတယ်။ ပုံမှန်ရေကူးတဲ့သူတွေမှာလည်း သက်လုံကောင်းစေသလို လက်မောင်း၊ လက်ဖျံ၊ ရင်အုပ်၊ ဝမ်းဗိုက်၊ ခြေသလုံး အစရှိတဲ့ ကြွက်သားတွေအကုန်လုံးကို ကြီးထွားလာစေတာကြောင့် အရပ်ရှည်ထွက်လာနိုင်ပါတယ်။ ဒီတော့ အရပ်ရှည်ချင်တဲ့သူတိုင်း ဒီလေ့ကျင့်ခန်းတွေကို မဖြစ်မနေ လုပ်ပေးဖို့ လိုပါတယ်။ ၇။ အကြောအချဉ် ဆန့်ပါ။ အားကစားမလုပ်ခင်၊ လုပ်ပြီး ဒါမှမဟုတ် အရမ်းညောင်းနေတဲ့အချိန်ဆို အကြောအချဉ်တွေ ပြေလျော့သွားအောင် ဆန့်ထုတ်တတ်ကြတယ်မလား။ အဲ့လိုလုပ်ပေးခြင်းကလည်း အရပ်ရှည်စေနိုင်ဖို့ အထောက်အကူဖြစ်စေနိုင်တယ်နော်။ ဒါကြောင့် အရင်ဆုံး ထိုင်ချပြီး ခြေထောက်နှစ်ဖက်လုံးကို အရှေ့ဘက်ကားထားပါ။ ပြီးရင် လက်နှစ်ဖက်ကို ခြေချောင်းတွေနဲ့ထိသွားတဲ့အထိ ဆန့်ထုတ်ပေးရပါမယ်။ ၅ စက္ကန့်လောက်ထိပြီးသွားမှ ခါးကို ပြန်မတ်ပြီး နောက်တစ်ကြိမ် ထပ်လုပ်ပေးပါ။ နောက်တစ်မျိုးအနေနဲ့ ခြေနှစ်ဖက်ကို ဘေးကားပြီး ခါးကိုဆောင်းကာ လက်နဲ့ခြေထောက်ထိအောင် ဆန့်တန်းပေးရမှာပါ။ အမြဲယူသုံးလေ့ရှိတဲ့ပစ္စည်းတွေကို အမြင့်မှာထားပါ။ ကိုယ်မမီနိုင်လောက်တဲ့နေရာကို လှမ်းခုန်ပြီး ထိပါ။ ရေချိုးခါနီး အကြောလျှော့ပါ။ ၈။ ကိုယ်နေဟန်ထားကို ဂရုစိုက်ပါ။ လမ်းလျှောက်တဲ့အခါ ခါးကိုမတ်မတ်လျှောက်ပါ။ ခါးကုန်းကုန်းနဲ့ လျှောက်တတ်တဲ့အကျင့်ရှိရင် အချိန်ပေးပြီး သေချာဖျောက်ပါ။ ခါးကိုမတ်၊ ရင်ကို ကော့၊ မေးစေ့ကိုမော့ပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုအပြည့်နဲ့ လျှောက်ပါ။ အိမ်မှာနေရင်းနဲ့လည်း ခေါင်းပေါ်မှာ စာအုပ်တစ်အုပ်တင်ပြီး ခါးကိုမတ်မတ်ထားလျှောက်တတ်ဖို့ လေ့ကျင့်လို့ရပါတယ်။ ခြေထောက်ကို တည့်တည့်ရပ်ပါ။ တစ်ဖက်ကခြေထောက်ကွေးပြီး ရပ်နေတဲ့အကျင့်တွေ ဖျောက်ပါ။ ထိုင်ရင်လည်း အဲ့ဒီအတိုင်းပါပဲ။ ခုံနဲ့ ခါးနဲ့ တစ်သားတည်းဖြစ်နေအောင် ထိုင်ပြီး နောက်ကိုအရမ်းမီတာ၊ ရှေ့ကို အရမ်းကိုင်းလိုက်တာမျိုးတွေ မလုပ်ပါနဲ့။ ၉။အိပ်တဲ့ပုံစံဟာလည်း ခါးအတွက် အဆင်အပြေဆုံးဖြစ်ပါစေ။ အရပ်ရှည်ချင်တဲ့သူတိုင်းအတွက် ပက်လက်အိပ်တတ်တဲ့ အကျင့်ကို မွေးပါ။ အိပ်တဲ့အခါ ခြေထောက်ကို တန်းတန်းဆန့်ထားပါ။ ဘေးဘက်ကွေးတာတွေ၊ ဒူးထောင်ပြီး အိပ်တာတွေ မလုပ်ပါနဲ့။ လက်နှစ်ဖက်ကို ဗိုက်ပေါ်တင်တာ၊ ဒါမှမဟုတ် ဘေးဘက်ချထားလို့လည်းရပါတယ်။ ခုပြောပြသွားတဲ့ နည်းလမ်းတွေကို သေချာလိုက်လုပ်ကြည့်ဖို့ အကြံပေးလိုက်တယ်နော်။ လူတိုင်း အသက် ၂၅ မပြည့်ခင်မှာ အရပ်ရှည်ထွက်နိုင်ဖို့ အခွင့်အရေးရှိသေးတာမို့ ကိုယ့်ရဲ့ နေထိုင်စားသောက်မှုပုံစံကို သေချာဂရုစိုက်ဖို့ ထပ်ပြီး တိုက်တွန်းပေးလိုက်ချင်ပါတယ်။ ကိုယ့်ရဲ့ ခန္ဓာပြောင်းလဲမှုနဲ့ ကျန်းမာရေးသည် ကိုယ့်ရဲ့ လက်ထဲမှာပဲ ရှိပါတယ်။ ကိုယ်သာပြောင်းလဲချင်စိတ်၊ ကြိုးစားချင်စိတ်ရှိရင် အရာရာဖြစ်နိုင်ပါတယ်။


by | 29 Oct 2021

လူ့ခန္ဓာကိုယ်ရဲ့ ပင်မစွမ်းအင်အရင်းအမြစ်ကို စားသောက်ခြင်းကနေရရှိတာကြောင့် ဗိုက်ဆာတယ်ဆိုတာ သိပ်တော့မထူးဆန်းပါဘူး။ နာရီအနည်းငယ်ကြာတိုင်းဗိုက်ဆာတယ်၊ ဒါ့ကြောင့် အဆာပြေတစ်ခုခုဖြစ်ဖြစ်၊ ထမင်းဟင်းဖြစ်ဖြစ်စားသောက်တယ်ဆိုတာ ပုံမှန်ပါပဲ။ ဒါပေမဲ့လို့ "ခုနကပဲ ထမင်းစားလိုက်တယ် အခု ဗိုက်က ပြန်ဆာလာသလိုပဲ။ တစ်နေ့ ထမင်းသုံးနပ်ရယ် နေ့လည် ၂ နာရီလောက်မှာ အဆာပြေစားတာအပြင်ကို ဆိတ်ပါးစပ်လိုမျိုး တစွတ်စွတ် တစ်မျိုးပြီး တစ်မျိုး အချိန်ပြည့် စားနေမယ်ဆိုရင်တော့ ပုံမှန်မဟုတ်တော့ပါဘူး။ ကိုယ့်ကိုယ်ကို တစ်ခေါက်လောက် မေးကြည့်ပါလား။ တစ်နေ့ တစ်နေ့ စားနေတာတွေက တကယ်ဆာလို့ စားနေတာလား။ ဒါမှမဟုတ် စိတ်ပြေရာ ပြေကြောင်း စားနေတာလားလို့။ TGIF လည်း စား၊ အသည်းကွဲလည်းစား၊ ပျင်းလည်းစား၊ စိတ်ညစ်လည်းစား၊ နောက်ဆုံး မာလာရှမ်းကောလေး ဒစ်စကောင့်ချလို့ တန်တုန်း စားရမယ်ဆိုပြီးစား၊ စားပြီးရင်း စားနေမိတော့တာပဲ။ တကယ်တော့ အဲ့လို ခဏခဏစားနေကြခြင်းရဲ့ အဓိက အကြောင်းအရင်းက စိတ်ညစ်လို့ပါ။ ဟုတ်ပါတယ်။ ဒီဘက်ခေတ်မှာဆို အပြိုင်အဆိုင်တွေကလည်း အရမ်းများ၊ ကပ်ရောဂါကြောင့် အလုပ်တွေကလည်းရှား၊ အပြင်ခရီးဘာညာလည်း စိတ်ပြေလက်ပျောက်သွားလို့မရနဲ့ အမျိုးမျိုးသောအကြောင်းအရင်းတွေကြောင့် လူတွေက စိတ်ဖိစီးမှု ပိုပိုများလာတတ်ကြပါတယ်။ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ရချိန်မှာ လူတော်တော်များများက အစားအသောက်နှင့် စိတ်ဖြေလေ့ရှိကြပါတယ်။ အရင်တုန်းက စိတ်ညစ်လာရင် အရက်သောက်မယ်၊ ဆေးလိပ်သောက်မယ်၊ မူးယစ်ဆေးသုံးမယ်၊ အပျော်ရှာမယ် စသဖြင့်ပေါ့ စိတ်ထွက်ပေါက်ရှာကြတယ်။ အခုနောက်ပိုင်းကျ လူတွေက စားပါစားလာကြပြီ။ ရုတ်တရက်ကြည့်ရင်တော့ အရက်တွေသောက်တာနဲ့စာရင် စားတာက အားတောင်ရှိသေး ကောင်းတာပေါ့လို့ ထင်ချင်စရာပါပဲ။ ဒါပေမဲ့ သေချာစဉ်းစားကြည့်ရင် စိတ်ထဲမှာ ဖြစ်တဲ့ဝေဒနာ တစ်ခုကို အစားနဲ့ ဖုံးလိုက်ရုံနဲ့ ပြီးသွားတဲ့ ကိစ္စ မဟုတ်ဘူးလေ။ ပြီးတော့ စိတ်ညစ်တိုင်း စားမယ်ဆိုရင်တောင် ကျန်းမာရေးနဲ့ ညီညွတ်တာကို စားမယ်ဆိုရင် ပိုကောင်းတာပေါ့။ ~စိတ်ကြောင့် စားတာလား၊ ဆာလို့ စားတာလား။~ Physical hungerကျတော့ သူက တကယ်ဆာတာ။ ဗိုက်ထဲမှာ တကယ် အစာမရှိတော့လို့၊ စားရမယ့် အချိန်ကျော်သွားလို့ ဆာလာတာ။ ကြာလာလေလေ ဆာလာလေလေပဲ။ တစ်ခါတလေ အလုပ်မပြတ်သေးလို့ နောက်မှ စားမယ်ဆိုပြီး ရွှေ့ထားလို့ရသေးတယ်။ သိပ်ပြီး စိတ်ထဲမှာ တောင်းတမနေဘူး။ ဘာစားမှ ညာစားမှလည်း မရှိဘူး။ တစ်ခုခုစားလိုက်လို့ ဗိုက်ပြည့်သွားရင် ရပြီ။ Emotional hunger ဆိုရင်တော့ ခုပဲ ရည်းစားနဲ့ ရန်ဖြစ်တယ်။ သူငယ်ချင်းဆီ လှမ်းစာပို့လိုက်တယ် "ဟဲ့ မာလာရှမ်းကော သွားစားကြမယ်" တဲ့။ ချက်ချင်းနော် ဒီနေ့ကျော်သွားရင် မစားချင်တော့ဘူး။ စိတ်တိုနေတုန်းကို ဒေါသလွှဲတဲ့ အနေနဲ့ အစားစားချင်တာမျိုးပါ။ နောက်တစ်မျိုးက ဉပမာ စာလုပ်တယ်ပေါ့ သချ်ာပဲ ဖြစ်ဖြစ် တွက်မရဘူး၊ စာကျက်တာ မမှတ်မိဘူးဆိုပြီး စိတ်ညစ်ညစ်နဲ့ မုန့်စားဖြစ်သွားရော။ မုန့်သွားကုန်သွားမယ် စာကမရဘူး။ စိတ်ကြောင့်ဆိုရင် အဲ့ဒီလိုပါ။ ရုတ်တရက် အကြောင်းအရင်း မရှိဘဲ တစ်ခုခုကို စားချင်လာမယ်။ ပြီးတော့လည်း ဒါဆို ဒါမှ မာလာရှမ်းကောဆို မာလာရှမ်းကောပဲ။ စပိုင်စီခေါက်ဆွဲမရဘူး။ စိတ်ညစ်တာ၊ စိတ်ဖိစီးတာကြောင့်စားရင် နဂိုထက်လည်း ပိုစားနိုင်တာကြောင့် တစ်ညနေတည်းနဲ့ ပိုက်ဆံအိတ်ထဲက ၂၅၀၀၀ ၃၀၀၀၀ လောက် တောင်ပံတပ်ပြီး ထွက်သွားမှာပါ။ အကျိုးဆက်အနေနဲ့ ဘာဖြစ်လဲဆိုတော့ အပြင်သွားစားတတ်တဲ့သူတိုင်း သိကြမှာပါ။ အိမ်မှာတုန်းက စားမယ်စဉ်းစားထားတာတော့ တစ်ခုတည်းပဲ။ ဟိုကျ စိတ်မထိန်းနိုင်ဘဲ တခြားဟာတွေပါမှာစားရော။ စားပြီးတော့မှ အသိစိတ်ဝင်လာပြီး ငါတော့ စားတာ များသွားပြီ။ ဝိတ်တက်တော့မှာပဲတို့၊ ပိုက်ဆံတွေ ကုန်ပါပြီတို့ပေါ့။ ဒီလိုမျိုး ကိုယ့်ကိုယ်ကို guilty ဖြစ်လာပါတယ်။ ဒါတွေကို ဘယ်လို ကျော်လွှားမလဲ။ • တစ်နေ့တာ စာရင်းလုပ်ပါ။ ငါဒီနေ့ ဘာတွေစားလဲ။ ဘယ်အချိန်တွေမှာ စားလဲ။ ဆာလား မဆာဘူးလား။ စိတ်ညစ်နေလို့ စားတာလား စသဖြင့် ပွင့်ပွင့်လင်းလင်း မှတ်ထားပါ။ ဒီဒိုင်ယာရီက သင်တစ်ယောက်တည်း အတွက်ပါ။ စိတ်ညစ်တဲ့အချိန်ဆို ဘာတွေ စားထားလဲ။ စားနေတုန်းမှာ တကယ်ဗိုက်ဆာနေလား၊ စိတ်ခံစားမှုအခြေအနေက ဘယ်လိုရှိလဲ စသဖြင့်ပေါ့။ ဒီလို တစ်နေ့တာ ကုန်သွားလို့ ပြန်ကြည့်လိုက်ရင် တကယ် ဗိုက်ဆာလို့ စားတာ၊ စိတ်ညစ်လို့ စားတာ ဘယ်ဟာ ပိုများလဲ ထွက်လာပါလိမ့်မယ်။ ဘေးနားမှာ ကုန်ကျစရိတ်လေးတွေပါ ထည့်ထားရင် ပိုတောင် ကောင်းမလားပဲ။ တကယ်လို့ တခြားရောဂါတစ်ခုခုကြောင့် ဆေးခန်းပြရမယ်ဆိုလည်း ကိုယ့်တစ်နေ့တာ ဘာတွေစားလဲ စာရင်းလေးရှိနေတော့ လိုလိုမယ်မယ် အထောက်အကူပြုနိုင်ပါတယ်။ • စိတ်ဖိစီးမှု ဖြေရှင်းဖို့ တခြားနည်းလမ်း ရှာပါ။ စိတ်ညစ်လာရင် စားဖို့ပဲ စဉ်းစားမနေဘဲ တခြားတစ်ခုခုနဲ့ အာရုံပြောင်းကြည့်ပါ။ အခန်းထဲ သီချင်းဖွင့်ပြီး တစ်ယောက်တည်း စိတ်လွတ်ကိုယ်လွတ် ကချင်သလို ကလိုက်တာတို့၊သီချင်းအော်ဆိုတာတို့၊ ရေသွားချိုးတာတို့၊ ဟာသကားကြည့်တာတို့၊ နာရီဝက်လောက် လမ်းလျှောက်ပေးတာ၊ တရားထိုင်တာ ဖြစ်ဖြစ် ပြေရာပြေကြောင်း လုပ်နေကြည့်ပါ။ • ကျန်းမာရေးနဲ့ ညီညွတ်တဲ့ စားစရာတွေပဲ ထားပါ။ အသင့်စား ခေါက်ဆွဲခြောက်တွေ၊ အာလူးကြော်တွေ၊ ဘာဂါတွေ၊ အအေးတွေလိုမျိုး အသင့်စား အစားအသောက်တွေကို ကိုယ်မမြင်နိုင်မဲ့ နေရာမျိုးမှာထားပါ။ ကယ်လိုရီ နည်းတဲ့ အစားအစာလေးတွေ ရှာဝယ်ပါ။ ကိုကာကိုလာဆိုလည်း သကြားမပါတဲ့ဟာတို့၊ အချိုမပါတဲ့ ဆီးချိုကွတ်ကီးတို့နဲ့ အစားထိုးကြည့်ပါ။ ပြီးတော့ ရေခဲသေတ္တာဖွင့်လိုက်ရင် ကိုယ်နဲ့ မျက်စိတန်းတန်းနေရာလောက်မှာရှိမယ့်နေရာမှာ သစ်သီးလေးတွေကို လှီးပြီး ဘူးထဲထည့်ထားပါ။ အစေ့အဆန်လေးတွေကို တစ်ခါစားစာ အထုပ်လေးတွေ ထုတ်ထားပါ။ အုတ်ဂျုံဝယ်ထားပါ။ ညဘက်ဆိုရင် ဆလပ်ရွက်တို့လို ဂေါ်ဖီတို့ မုန်လာဉနီတို့ကို မယောနိစ်နဲ့ သုပ်စားပါ။ တစ်ခုခုစားမှ အဆင်ပြေမယ့်အချိန်ဆို ဒါတွေပဲ စားပါ။ • အာရုံပြောင်းပါ စိတ်ညစ်လို့ စားချင်နေပြီလား။ ကိုယ့်ကိုယ်ကို စိတ်ညစ်မှန်းလည်း သိတယ်၊ မစားသင့်ဘူးဆိုတာလည်း သိတယ်၊ ဒါပေမယ့် စားချင်စိတ်ကို ဖျောက်မရဘူးဆိုရင် အရင်ဆုံး ရေတစ်ခွက် အဝသောက်လိုက်ပါ။ တစ်ခါတလေ ရေဆာတာကို ဗိုက်ဆာတာနဲ့ မှားတတ်ပါတယ်။ အဆီမပါတဲ့ နွားနို့သောက်တာလည်း ကောင်းပါတယ်။ နို့ထွက်ပစ္စည်းတွေက ပရိုတင်းပါတာကြောင့် အစာခံပြီး ကယ်လိုရီနည်းတော့ ဝိတ်လည်း မတတ်တော့ အဆင်ပြေပါတယ်။ ပြီးရင် အသက်ပြင်းပြင်း ရှူသွင်းရှူထုတ်လုပ်ပါ။ တခြား အာရုံပြောင်းမယ့် အလုပ်တစ်ခုခု လုပ်လိုက်ပါ။ ဥပမာ လမ်းထွက်လျှောက်တာမျိုး၊ သူငယ်ချင်းနဲ့ ဖုန်းပြောတာမျိုးပေါ့။ • ဆရာဝန်နဲ့ ဆွေးနွေးပါ။ ဒီလိုစားတိုင်း ပြရမယ်တော့ မဟုတ်ပါဘူး။ ကိုယ်က ဒီနေ့ အများကြီး စားမိသွားတယ်။ ကိုယ်တိုင်လည်း မစားသင့်မှန်း သိတယ်။ အဲဒီခါကျ ကိုယ့်ကိုယ်ကိုလည်း အရမ်းအပစ်တင်စရာမလိုပါဘူး။ ဒါမျိုးက လူတိုင်း ဖြစ်တတ်ပါတယ်။ ဒါပေမယ့် ဒါက တရားလွန်ဖြစ်လာပြီဆိုရင်တော့ စိတ်ရောဂါအထူးကုနဲ့ ပြပြီး အကြောင်းရင်းကို ရှာဖွေကုသပါ။


by | 28 Oct 2021

လူတိုင်းမဟုတ်တောင် အများစုကတော့ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောတာတွေ လုပ်ဖူးကြမှာပါ။ တချို့တွေပြောကြတာရှိတယ်။ ဒီလူ တစ်ယောက်တည်း စကားပြောနေတယ်။ ရူးသွားပြီလားပေါ့။ အဲလို အပြောခံရတာတွေ ကြုံဖူးမှာပါ။ အဲဒါက လူတွေအများကြီး ကိုယ့်ဘေးမှာ ရှိနေတဲ့အချိန် အသံကျယ်ကျယ်ပြောမိလို့ပါ။ လူတွေအများကြီးရှိနေတဲ့အချိန်တော့ စိတ်ထဲကနေပဲ ပြောပေါ့နော်။ အိမ်မှာတစ်ယောက်တည်းရှိတဲ့အချိန်၊ အိမ်သာတက်နေတဲ့အချိန်၊ လူတွေအိပ်နေတဲ့အချိန် ကိုယ့်အခန်းထဲအိပ်ရာပေါ်မှာ တစ်ယောက်တည်း ကိုယ့်ဘာသာ စကားပြောနေတဲ့ အခိုက်အတန့်တွေ ရှိဖူးမှာပါ။ တစ်ချို့ဆို အဲလို တစ်ယောက်တည်းပြောနေတတ်တာ အကျင့်လိုကိုဖြစ်နေတာ။ သူများတွေပြောသလိုပဲ တစ်ယောက်တည်း စကားပြောတဲ့သူတွေက တကယ်ပဲ စိတ်ရောဂါဝေဒနာရှင်လား? သုတေသီတွေရဲ့ လေ့လာချက်အရ ကိုယ့်ကိုယ်ကို စကားပြောလေ့ရှိတဲ့ သူတွေက စိတ်ဝေဒနာရောဂါရှိလို့ မဟုတ်ဘဲ ဉာဏ်ရည်ထက်မြက်တဲ့ သူလေးတွေပဲ ဖြစ်ပါတယ်တဲ့။ နာမည်ကြီးသိပ္ပံညာရှင်ဖြစ်တဲ့ အိုင်းစတိုင်းဆိုရင်လည်း တစ်ယောက်တည်း စကားတိုးတိုးလေး ပြောနေတတ်တဲ့ သူပါတဲ့။ သင့်သူငယ်ချင်းတွေထဲမှာလည်း ဖွင့်မပြောကြတာသာရှိမယ်။ ကျိတ်ပြီး ကိုယ့်ကိုယ်ကို စကားပြောနေတတ်တဲ့ သူတွေ အများကြီး ရှိနိုင်ပါတယ်နော်။ တစ်ယောက်တည်း စကားပြောနေတတ်တာက ဘေးလူအနေနဲ့ ကြည့်ရင် ကြောင်တောင်တောင်နိုင်တယ်ဆိုပေမဲ့ တကယ်တော့ သူကလည်း ကောင်းကျိုးတော်တော်များများကို သင့်အတွက် ယူဆောင်လာပေးနိုင်ပါတယ်။ ဘယ်လိုမျိုး အကျိုးကျေးဇူးတွေ ရနိုင်လည်းဆိုတာ ဖတ်ကြည့်လိုက်ကြရအောင်။ ၁ ။ တစ်ယောက်တည်းစကားပြောခြင်းဖြင့် ကိုယ့်ကိုကိုယ် ပြန်ပြီးအားပေးရာရောက်တယ်။ အခက်အခဲတွေကြုံနေရတဲ့အချိန်၊ အားပေးမယ့် သူတွေမရှိတဲ့အချိန်၊ တစ်ယောက်တည်းရှိနေချိန်မှာ “ငါလုပ်နိုင်တယ် ငါကျော်ဖြတ်နိုင်တယ် အေးဆေးပဲ” ဆိုပြီး စိတ်ထဲမှာတင်ပြောတာမဟုတ်ဘဲ ပါးစပ်ကပါ ထုတ်ပြောလိုက်တော့ ကိုယ့်အသံကိုယ်ပြန်ကြားပြီး အားတက်သွားဖူးတယ်မလား။ ပြီးတော့ အဲ့လိုလုပ်ခြင်းက ကိုယ့်ကိုယ်ကို ယုံကြည်မှုတိုးစေပြီးတော့ အားကိုးတတ်လာစေပါတယ်။ ပြသနာတစ်ခုဖြစ်လာရင် သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းတွေကို သွားအကူအညီတောင်းမယ့်အစား သင်က မိမိကိုယ်ကို ပြန်အားပေးနိုင်တဲ့အရည်အချင်းရှိတာမလို့ တော်ရုံလူတွေထက် ပြသနာဖြေရှင်းနိုင်စွမ်းပိုကောင်းပြီး ဆုံးဖြတ်ချက်ကောင်းတွေ ချနိုင်လာတဲ့ လူတစ်ယောက်ဖြစ်ပါတယ်။ ၂ ။ ဦးနှောက်ကိုလည်း အဆက်မပြတ် အလုပ်ပေးနေတယ်။ သင်ဈေးသွားဝယ်တဲ့အခါမှာ ဝယ်ရမယ့်ပစ္စည်း၊ လုပ်စရာရှိတဲ့ကိစ္စတွေကို ထပ်တလဲလဲရွတ်ဖြစ်တာမျိုး ကြုံဖူးမှာပါ။ စျေးဝယ်ရတာတွေ များတဲ့အခါ ဝယ်ရမယ့်ပစ္စည်းကျန်ခဲ့တာ ရှာရခက်တာတွေ ဖြစ်တတ်ပါတယ်။ အဲ့လိုအခြေအနေမှာ စိတ်ထဲကနေ မှတ်ထားပြီး လိုက်ရှာနေမယ့်အစား ပါးစပ်ကနေ “ပေါင်မုန့် ပေါင်မုန့် ဘယ်နားမှာလဲ ဟော တွေ့ပြီ” “ ဆပ်ပြာမှုန့်လည်း ဝယ်ရဦးမယ် တေ်ာသေးလို့ မေ့တော့မလို့” ဆိုပြီး တစ်ကိုယ်တည်းကြားရုံ တိုးတိုးပြောလိုက်တာက ဦးနှောက်ကို အဆက်မပြတ် အလုပ်ပေးရာရောက်တယ်။ ကျောင်းနေတုန်းက စာကျက်ရင် ပါးစပ်က အသံထွက်ပြီး ကျက်ရင် ပိုမှတ်မိသလိုပေါ့။ ၃ ။ စိတ်ခံစားချက်တွေကို ဖွင့်ချနိုင်လို့ ပေါ့ပါးသွားစေတယ်။ တစ်ယောက်ယောက်က ကိုယ့်အပေါ် အနိုင်ကျင့် ဆူဆဲတယ်ဆိုပါစို့။ အဲ့ဒီလူကလည်း ကိုယ်ပြန်ခံပြောလို့မရတဲ့ လူတစ်ယောက် ဉပမာ ကိုယ့်အထက်လူကြီး ဖြစ်နေမယ်ဆိုရင် ကိုယ်ကတစ်နေရာကိုသွားပြီး အဲ့လူအပေါ် မကျေနပ်ချက်တွေကို တစ်ယောက်တည်း ပွစိပွစိ ပြောပစ်လိုက်တာမျိုး လုပ်ဖူးကြတယ်မလား။ ပြီးတော့ လိုင်းပေါ်မှာပဲဖြစ်ဖြစ် အပြင်မှာပဲဖြစ်ဖြစ် အကြိတ်အနယ် ငြင်းကြခုန်ကြတဲ့အချိန်တုန်းက ကိုယ်က စိတ်တိုနေတာကြောင့် ကောင်းကောင်းမွန်မွန် ထိထိမိမိ မပြောလိုက်နိုင်တာတွေကို ရေချိုးခန်းထဲမှာ ရေချိုးနေတုန်း ငါ ဘယ်လိုနိုင်အောင် ပြန်ပြောလိုက်ရမှာဆိုပြီး တစ်ယောက်တည်း ဆက်ပြောနေတတ်မယ်မလား။ အဲလို လုပ်လိုက်တာက ခံစားနေရတဲ့ မကျေနပ်ချက်တွေ၊ ပြောချင်တာတွေ မပြောလိုက်ရလို့ နောင်တရတဲ့စိတ်တွေကို လျော့သွားနိုင်ပါတယ်။ ၄ ။ ကိုယ့်ကိုယ်ကို ပိုပြီး ထိန်းချုပ်နိုင်လာတယ်။ တချို့ အတွေ့အကြုံတွေ စိတ်ခံစားချက်တွေက ကိုယ်နဲ့ အရင်းနှီးဆုံး ယုံကြည်ရတဲ့သူတွေကိုတောင် ထုတ်ပြောဖို့ အဆင်မပြေတာတွေ ရှိတတ်ပါတယ်။ ရင်ဖွင့်ပြောပြစရာ လူမရှိဘဲ တစ်ယောက်တည်း အတွေးတွေ လွန်ပြီး လိုအပ်တာထက် စိတ်ပူပန်တာတွေ၊ စိတ်ဖိအားများတာဖြစ်လာပြီး ပိတ်မိနေသလို ခံစားရတတ်ပါတယ်။ အဲ့အချိန်ဆို တစ်ယောက်တည်း စကားပြောတတ်သူတွေက “ ငါ ဘာတွေလုပ်နေတာပါလိမ့်။ ကဲခေါင်းအေးအေးထား၊ ဒီလိုလုပ်ကြည့်၊ အဆင်မပြေရင်လည်း နောက်တစ်မျိုးပြောင်းပေါ့။ ဒီတစ်ခါ အဆင်မပြေလည်း နောက်ထပ်အခွင့်အရေးတွေ ရှိဉီးမှာပဲ” အဲလိုပြောလိုက်တာက ကိုယ်ဘာတွေးနေတယ် ကိုယ်ဘာလုပ်ချင်တယ်ဆိုတဲ့ လမ်းစပြန်ပေါ်လာတာယ်။ ခေါင်းကိုရှင်းပေးဖို့ ကိုယ့်ဘာသာ သတိပေးလိုက်သလိုလည်း ဖြစ်သွားတယ်။ ထုတ်မပြောဘဲ ခေါင်းထဲမှာပဲ တစ်ချိန်လုံးတွေးနေတာ၊ စာရွက်ပေါ်မှာ ချရေးတာထက် အလုပ်ဖြစ်တာမလို့ ကိုယ့်ကို တစ်စုံတစ်ယောက်က လာပြောနေသလိုမျိုးလေး တစ်ယောက်တည်း စကားပြောနေခြင်းက သင့်ကို ပိုပြီး စိတ်သက်သာရာရစေမှာပါ။ ၅ ။ ပြောရမည့်စကားတွေ အဆင်ချောသွားတယ်။ မှတ်ညဏ်ကောင်းစေတယ်။ လူအများကြီးရှေ့မှာ ကိုယ်က ဉပမာ မိန့်ခွန်းပြောတာဖြစ်ဖြစ် အချက်အလက်တွေ ရှင်းပြရမယ့်သူဆိုရင် “ ပွဲမဝင်ခင် အပြင်ကကျင်းပ” ဆိုတဲ့အတိုင်း ကိုယ်ပြောနေရမည့်စကားတွေကို တစ်ယောက်တည်း မှန်ရှေ့မှာ ပြောကြည့်လိုက် လမ်းသွားရင်းပြောလိုက် ဖုန်းနဲ့ အသံသွင်းပြီး ပြောလိုက် စသဖြင့် ပြောပေးနေမယ်ဆိုရင် စင်ပေါ်ကျရင် အထစ်အငေါ့မရှိ ခေျာချောမွေ့မွေ့ ပြောနိုင်သွားမှာပါ။ အာရုံစူးစိုက်ရတာလည်း ပိုကောင်းသွားတယ်။ မှတ်လည်း မှတ်မိသွားတယ်။ ကိုယ့်အသံကို ပြန်ကြားနေရတော့ အာရုံမပြန့်တော့ဘူးပေါ့။ ၆။ ကိုယ့်အကြောင်းကို ပိုသိလာတယ်။ "နေပါဦး ငါက ဘာလို့ ဒါကို အရမ်း လုပ်ချင်နေတာလဲ? သူက ငါ့ကို ဘာလို့ စိတ်ဆိုးသွားတာလဲ" စသဖြင့် မေးခွန်းလေးတွေလည်း ကိုယ့်ကိုယ်ကို ပြန်မေးတတ်ကြမှာပါ။ ပုံမှန်ဆို ခေါင်းထဲမှာ ခဏလောက် တွေးမိတတ်ပေမဲ့ ဖာသိဖာသာ ဆက်မစဉ်းစားတော့တာ များပါတယ်။ ဒါပေမဲ့ ပါးစပ်က ထုတ်ပြောလိုက်ရင်တော့ ထူးဆန်းစွာဘဲ အဖြေကို ဆက်စဉ်းစားတတ်ကြပါတယ်။ အဲဒီအကျင့်က အလုပ်ခွင်ဝင်တဲ့အခါ အင်မတန် အသုံးတည့်ပါတယ်။ အလုပ်အင်တာဗျူးဖြေတဲ့အခါ ကိုယ်သာ အလုပ်ရှင်ဆိုရင် ဘယ်လိုမေးခွန်းတွေ မေးမလဲ? ငါက ဘာလို့ ဒီရာထူးနဲ့ သင့်တော်တာလဲ? ငါ့ရဲ့ အားသာချက်တွေက ဘာလဲ? အစရှိသဖြင့် ကိုယ့်အကြောင်းကို ပိုသိထားခြင်းက သင့်ကို အလုပ်ပြိုင်လျှောက်ကြတဲ့အခါ နှာတစ်ဖျားသာစေမှာ အသေအချာပါပဲ။ ခုပြောခဲ့တာတွေကတော့ တစ်ယောက်တည်း စကားပြောတတ်ခြင်းရဲ့ ကောင်းကျိုးတွေဖြစ်တယ်။ ကိုယ်ကလည်း တစ်ယောက်တည်း စကားပြောတတ်တဲ့ အထဲပါနေရင်တော့ ရူးနေတာမဟုတ်ဘဲ ဉာဏ်ကောင်းတဲ့သူတစ်ယောက်ဖြစ်လို့ ဝမ်းသာလိုက်တော့နော်။


by | 27 Oct 2021

ဗိုက်နာတယ်၊ ဗိုက်အောင့်တယ်ဆိုတာ လူတိုင်း ဖြစ်ဖူးနေကျ ရောဂါတစ်ခုပါ။ ဗိုက်အောင့်နေမယ်ဆိုရင် အလုပ်လုပ်နိုင်ဖို့ နေနေသာသာ ထိုင်နေလို့တောင် အဆင်မပြေပါဘူး။ ချွေးစေးတွေထွက်ပြီး အလူးအလိမ့်ခံရတဲ့ ဝေဒနာမျိုးပါ။ ဒါပေမဲ့ ဗိုက်အောင့်တယ်ဆိုတာနဲ့ လူတိုင်းက လေအောင့်တာကိုပဲ ပြေးမြင်ပြီး ငါတော့ အစာအိမ်ရောဂါရှိနေပြီလားလို့ တွေးတတ်ကြပါတယ်။ တကယ်တော့ ဗိုက်အောင့်ရတဲ့ အကြောင်းအရင်းက အများကြီးရှိပါတယ်။ ဗိုက်ထဲမှာ အစာအိမ်၊ အသည်း၊ပန်ကရိယ၊ အူသိမ်၊ အူမကြီးနဲ့ သည်းခြေအိတ် တို့လို ကိုယ်တွင်းအင်္ဂါတွေ အများကြီးရှိတာမို့ ဘာကြောင့်ဗိုက်အောင့်တယ် တန်းမသိနိုင်ပါဘူး။ ဗိုက်အောင့်တာကို အများဆုံးဖြစ်စေတဲ့ အကြောင်းအရင်းတွေကတော့ အစာအိမ်ရောင်တာ၊ အစာအဆိပ်သင့်တာ၊ လေပွတာ၊ စိတ်ဖိစီးမှုကြောင့် ဗိုက်အောင့်တာ၊ အစာမကြေတာ၊ ဝမ်းချုပ်တာ၊ အူအတက်ရောင်တာ၊ အမျိုးသမီးတွေမှာဆို ဓမ္မတာကြောင့် ကိုက်ခဲတာ၊ သည်းခြေကျောက်တည်တာတို့ကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုး ဖြစ်နိုင်ခြေတွေ အများကြီးရှိတဲ့ထဲမှာမှ အစာအိမ်ရောင်လို့ အောင့်တယ်ဆိုတာ ဘယ်လိုသိရမလဲ။ အစာအိမ်အောင့်တယ်ဆိုတာ အဖြစ်အများဆုံး ဗိုက်အောင့်စေတတ်တဲ့ အကြောင်းအရင်း တစ်ခုပါ။ ဗိုက်ဆာလာရင် ဗိုက်ထဲ ဟာတာတာဖြစ်ပြီး နာလာတာ၊ စားပြီးရင်လည်း အစာမကြေဘဲ ဗိုက်ထဲလေပွပြီးအောင့်နေတတ်တာမျိုးပါ။ သင်က အစာအိမ်ကြောင့် ဗိုက်အောင့်နေမယ်ဆိုရင် အောက်ပါလက္ခဏာတွေထဲက အနည်းဆုံး ၂ မျိုးကို ခံစားနေရမှာ ဖြစ်ပါတယ်။ ရိုးရိုးဗိုက်အောင့်တဲ့ ဝေဒနာ အပြင်ကို • လေပွနေတာ ၊ လေလည်တာ • အစာမျိုချရ ခက်နေတာ • အစာနည်းနည်းလေးစားပေမဲ့ ဗိုက်ပြည့်နေသလို ခံစားရတာ • လေထိုးလေအောင့် ဖြစ်နေတာ • ရင်ခေါင်းအောင့်တာ • မအီမသာနဲ့ ပျို့အန်ချင်တာ • ဗိုက်ကယ်ပြီး လေပွနေတာ • ဝမ်းဗိုက်ဘယ်ဘက်အထက်ပိုင်းမှာ တစ်ချက်တစ်ချက် စူးအောင့်သွားတာ • အစားမစားခင်နဲ့ အစာစားပြီးအောင့်တာ။ ဒီလက္ခဏာတွေကတော့ အစာအိမ်ကြောင့် အောင့်တာဆိုရင် ဖြစ်ပွားတတ်တဲ့ ထင်ရှားတဲ့ ရှေ့ပြေးလက္ခဏာတွေပဲ ဖြစ်ပါတယ်။ အစာအိမ် ဘာကြောင့် အောင့်ရတာလဲ? - အစာအိမ်နံရံကို ထိခိုက်စေသော အကိုက်အခဲပျောက်ဆေးများ မကြာခဏသောက်ခြင်း - အရိုးပါးရောဂါအတွက် သုံးသော Bisphosphonates နှင့် ပိုတက်ဆီယမ် ပါဝင်သောဆေးများ သောက်ခြင်း - ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်း - အစာစားချိန် မမှန်ခြင်း၊ နောက်ကျခြင်း ( အစာအိမ်က အစာခြေအက်စစ်ထုတ်ပေးတဲ့အချိန်မှာ ချေဖျက်စရာ အစာမရှိတဲ့အတွက်ကြောင့် အူနံရံတွေက တဖြည်းဖြည်းပါးလာတာကြောင့် ဗိုက်နာရခြင်း ဖြစ်ပါတယ်။) -အပူအစပ်၊ အလွန်ငံသော စားစရာများ ( ဉပမာ ရယ်ဒီမိတ် ခေါက်ဆွဲခြောက်များ)နှင့် အချဉ်များ အလွန်အမင်းစားသုံးခြင်း -အဝလွန်ခြင်း -အမျိုးထဲတွင် အစာအိမ်ဖြစ်ဖူးသူရှိခြင်းတို့ကြောင့် ဖြစ်ပါတယ်။ အစာအိမ်ကြောင့် ဗိုက်အောင့်တာကို ဘယ်လိုကာကွယ်မလဲ? အစာအိမ်ကြောင့် ဗိုက်အောင့်တာမှန်း သေချာသွားပြီဆိုရင် အခြေအနေမဆိုးသေးခင် ပြန်လည်နေကောင်းလာအောင် ကာကွယ်ဖို့ မှီနိုင်ပါသေးတယ်။အပူအစပ်တွေရှောင်၊ အစာအိမ်အက်စစ်ပိုထွက်စေမယ့် အစားအသောက်တွေကိုလျှော့စား၊ အစားကို အချိန်မှန်အောင်စားပါ။ နောက်ထပ် ဗိုက်မအောင့်ရအောင် ဒီအချက်တွေကို ဂရုစိုက်ပါ ။ (၁) အစာစားတိုင်းမှာ သင့်လျော်တဲ့ပမာဏကိုသာစားပါ။ (၂) အစာမကြေဖြစ်တတ်ရင် ညအိပ်ချိန်နီးမှ အစားမစားပါနဲ့။ (၃) ရင်ပူစေတဲ့ အစပ်စာ၊ အဆီများတဲ့ အစားတွေကို ရှောင်ပါ။ (၄) အစာကို ကြေညက်အောင် ဖြည်းဖြည်းချင်း ဝါးစားပါ။ (၅) ဆေးလိပ်ဖြတ်ပါ။ (၆) အဝလွန်နေမယ်ဆိုရင် ဝိတ်လျှော့ပါ။ (၇) ကော်ဖီ၊ အချိုရည်၊ အရက်သောက်တာကို လျှော့ပါ။ (၈) အစာအိမ်နံရံကို ထိခိုက်နိုင်တဲ့ အကိုက်အခဲပျောက်ဆေးတွေ ခဏခဏမသောက်ပါနဲ့။ စွဲမသောက်ပါနဲ့။ (၉) နေ့စဉ်ဘဝမှာ စိတ်ဖိစီးမှု နည်းနိုင်သမျှနည်းအောင်နေပါ။ ဘယ်လိုအချိန်ဆို ဆရာဝန်ဆီ သွားပြရမလဲ? သာမာန် လေထိုး ၊လေအောင့်တာလောက်ကတော့ ဆေးစားဆေးသောက်လိုက်ရင် ပျောက်ပေမယ့် ချက်ချင်း ဆေးကုသမှု ခံယူသင့်တာတွေလည်းရှိပါတယ်။ ကိုယ်ဗိုက်အောင့်တာလည်း ၁ရက်နဲ့ အထက် ဖြစ်နေမယ် ၊ နာလိုက်ပျောက်လိုက် မဟုတ်ဘဲ ဗိုက်ကတစ်ချိန်လုံး မခံမရပ်နိုင်အောင် အောင့်နေမယ်၊ ဗိုက်အောင့်တာ အပြင် ဖျားမယ်၊ နာမယ်၊ ပျို့အန်တာတွေရှိမယ်၊ ဝမ်းမည်းမည်းတွေသွားမယ်၊ ဝမ်းသွားရင်သွေးပါမယ်၊ ရုတ်တရက် ကိုယ်အလေးချိန်ကျသွားမယ်ဆိုရင်တော့ ပေါ့ဆမနေဘဲ ဆရာဝန်ဆီချက်ချင်းသွားသင့်ပါတယ်။


by | 26 Oct 2021

ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာ? ခေါင်းတစ်ခြမ်းကိုက်တယ်ဆိုတာက ပုံမှန်ဖြစ်နေကျခေါင်းကိုက်တာနဲ့ မတူပါဘူး။ ဖြစ်လာရင် ခေါင်းထဲကနေ တဒိန်းဒိန်းမြည်ပြီး တဆစ်ဆစ်နာနေသလိုမျိုးခံစားမှု၊ အလင်းဒဏ်ကိုမခံနိုင်တဲ့ ခံစားမှု၊ အသံတွေကို နားမခံနိုင်တဲ့ ခံစားမှု၊ မအီမသာဖြစ်မှုတွေနဲ့အတူ တွဲပြီးခံစားရလေ့ရှိတဲ့ ခေါင်းကိုက်တဲ့ဝေဒနာတစ်မျိုးပါ။ ရောဂါဝေဒနာ ပြင်းထန်ပြီး ခွန်အားကုန်ခမ်းသလို ဖြစ်စေတာကြောင့် အလုပ်အကိုင်ပျက်တဲ့အထိ ဒုက္ခပေးနိုင်ပါတယ်။ ဘာကြောင့် ဖြစ်ရတာလဲ? ဘာလို့ ခေါင်းတစ်ခြမ်းကိုက်ရတယ်ဆိုပြီး တိတိကျကျ ဖော်ပြထားတာမျိုးတော့ မရှိသေးပါဘူး။ သုတေသီတွေရဲ့ လေ့လာချက်အရ ခေါင်းထဲမှာရှိတဲ့ ဆီရိုတိုနင် (Serotonin) လို့ခေါ်တဲ့ ဓာတ်ပစ္စည်းတစ်မျိုး မညီမျှတာကြောင့် ဖြစ်တယ်ဆိုပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေမှာဆို ဟော်မုန်းမညီမျှတဲ့အချိန်တွေမှာ အဖြစ်များတာကြောင့် ရာသီလာနေချိန်၊ ကိုယ်ဝန်ဆောင်ချိန်နဲ့ သွေးဆုံးချိန်တွေမှာ ခေါင်းတစ်ခြမ်းကိုက်ဝေဒနာ ခံစားရတတ်ပါတယ်။ အစားစားချိန်ကျော်ခြင်း၊ အစာအငတ်ခံခြင်း၊ ကော်ဖီနဲ့အရက် အလွန်အကွျံသောက်သုံးခြင်း၊ စိတ်ဖိစီးမှုများခြင်းကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဘယ်လိုရောဂါလက္ခဏာတွေ ပြတတ်လဲ ခေါင်းတစ်ခြမ်းကိုက်ရောဂါက နာရီပေါင်းများစွာ ကြာမြင့်တတ်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာ မပြင်းထန်ခင် ၁ ရက် ၂ ရက်အလိုမှာ အောက်ပါတို့ကို ခံစားရတတ်ပါတယ်။ • စိတ်ခံစားမှု ပြောင်းလဲခြင်း၊ ဥပမာ- စိတ်ဓါတ်ကျခြင်း • ဝမ်းချုပ်ခြင်း • ဇက်ကြောတက်ခြင်း • မထိန်းနိုင်ဘဲ သမ်းခြင်း • ဒေါသထွက်လွယ်ခြင်း • နှေးကွေးလေးလံသလို ခံစားရခြင်း • အစာစားချင်စိတ် ပြောင်းလဲခြင်း၊ မအီမသာ ဖြစ်ခြင်း အထက်ပါအခြေအနေတွေကို ခံစားနေရပြီဆိုရင် ခေါင်းတစ်ခြမ်းကိုက်ဖို့ အစပျိုးနေပါပြီ။ ခေါင်းကိုက်ခြင်းနဲ့အတူ အဖျားတက်ခြင်း၊ ကိုယ်လက်ကိုက်ခဲခြင်း၊ တက်ခြင်း၊ နှစ်ထပ်မြင်ခြင်း၊ အားနည်းခြင်းတို့ပါ တစ်ပါတည်း ဖြစ်ပွားနေပြီဆိုရင်တော့ အိမ်တွင်းနည်းနဲ့တင် ကုသမနေဘဲ ဆေးရုံဆေးခန်း ပြသသင့်ပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေဖို့ နည်းလမ်းကောင်းလေးအချို့ ခေါင်းတစ်ခြမ်းကိုက်တဲ့ ဝေဒနာကို အရှင်းပျောက်အောင် ကုသဖို့ခက်ပေမဲ့ လူနေမှုပုံစံပြောင်းလဲပြီး အိမ်တွင်းကုထုံးနဲ့ သက်သာအောင် ပြုလုပ်လို့ရပါတယ်။ ရေများများသောက်ပါ တစ်ခါတလေမှာ ရေဓာတ်နည်းနေတာကြောင့်လည်း ခေါင်းတစ်ခြမ်းကိုက်တတ်ပါတယ်။ ဒါကြောင့် ခေါင်းတစ်ခြမ်းကိုက်လာတဲ့အခါ ရေများများသောက်ပေးပါ။ ရေချည်းပဲ မသောက်ချင်ဘူးဆိုရင် ရေထဲကို သံပရာသီးစိတ် ဒါမှမဟုတ် သစ်သီးလေးတေွ စိတ်ထည့်ပြီးလို Detox water လိုမျိုးသောက်ပေးပါ။ ယောဂဆော့ပါ ယောဂလေ့ကျင့်ခန်းတွေက ခေါင်းတစ်ခြမ်းကိုက်တာကို သိသိသာသာသက်သာစေနိုင်ပါတယ်။ ဒါကြောင့် ကြွက်သားတွေပြေလျော့စေပြီး သေွးစီးဆင်းမှုကောင်းလို့ ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေနိုင်ဖို့အတွက် ကိုယ်လက်လှုပ်ရှားမှုလေး လုပ်ပေးသင့်ပါတယ်။ လေ့ကျင့်ခန်းလုပ်တာက ခန္ဓာကိုယ်က ပေါ့ပါးလန်းဆန်းစေပြီး ပျော်ရွှင်စေတဲ့ ဟော်မုန်းတွေ ထွက်လာအောင် အကောင်းဆုံး လှုံ့ဆော်ပေးနိုင်ပါတယ်။ တိတ်ဆိတ်ပြီး၊ မှောင်တဲ့အခန်းမှာ နားနားနေနေ နေပါ ခေါင်းတစ်ခြမ်းကိုက်တဲ့အခါ အလင်းဒဏ် နဲ့ အသံဒဏ်ကို မခံနိုင်တာမျိုးရှိပါတယ်။ ဥပမာ တစ်နေကုန် လင်းထိန်နေအောင် မီးထွန်းထားတဲ့ ရုံးခန်းထဲမှာ အလင်းအရမ်းများတဲ့ ကွန်ပျူတာကို ကြည့်နေရတာကြောင့် ခေါင်းကိုက်တာဖြစ်နိုင်ပါတယ်။ ဒါကြောင့် အိပ်ခန်းကို အမှောင်ချပြီး တိတ်တိတ်ဆိတ်ဆိတ်ရှိအောင်ထားလို့ နားနားနေနေ နေပေးပါ။ အိပ်ပျော်အောင် အိပ်လိုက်ပါ။ အိပ်မပျော်ရင်တောင် မျက်လုံးလေးမှိတ်ပြီး သက်တောင့်သက်သာလေးနေပေးပါ။ ရေခဲဝတ်ကပ်ပေးပါ နဖူး ဒါမှမဟုတ် လည်ပင်းနောက်ဘက်မှာ ရေနွေးဝတ် ဒါမှမဟုတ် ရေခဲဝတ်လေးကပ်ပေးပါ။ ဒီလိုလုပ်ပေးတာကလည်း ခေါင်းတစ်ခြမ်းကိုက်တာကို သက်သာစေမယ့် အလွယ်ကူဆုံး နည်းလမ်းတွေထဲက တစ်ခုပါ။ ရေနွေးနဲ့ရေချိုးပေးလို့လည်းရပါတယ်။ ဂျင်း သို့မဟုတ် လာဗင်ဒါရေနွေးကြမ်း သောက်ပေးပါ။ ဂျင်းတက်လတ်လတ်ဆက်ဆက်လေးကို ရေနွေးပူပူလေးထဲ ထည့်သောက်ခြင်းဖြင့်လည်း သက်သာနိုင်ပါတယ်။ ဘာလို့ဆို ဂျင်းမှာပါတဲ့ ဓာတ်တစ်မျိုးက ခေါင်းကိုက်ရင် သောက်ရတဲ့ ဆေးတွေနဲ့ အာနိသင်တူတာမလို့ အိမ်မှာ လွယ်လွယ်ကူကူ သောက်သုံးနိုင်ပါတယ်။ ဒီလိုမှမဟုတ်ရင်လည်း လာဗင်ဒါရေနွေးကြမ်ကို သောက်ပေးလို့လည်းရပါတယ်။ နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးပါ နားထင်ကို ခပ်ဖွဖွလေးနှိပ်ပေးတာက နားထင်ကကြွက်သားတွေကို ပြေလျော့စေပြီး သွေးစီးဆင်းမှုကောင်းစေသလို ခေါင်းတစ်ခြမ်းကိုက်တာကို အထိရောက်ဆုံး သက်သာစေနိုင်ပါတယ်။ နားထင်ကိုနှိပ်တဲ့အခါ ခပ်ဖွဖွလေးနှိပ်ပေးတာက အဆင်ပြေဆုံးပါ။ မျက်ခုံးနှစ်ခုကြားနဲ့ လည်ပင်းနဲ့ ပုခုံးဆက်တဲ့နေရာကိုလည်း ညင်သာစွာ နှိပ်ပေးလို့ရပါတယ်။ ခေါင်းတစ်ခြမ်းကိုက်တာကြောင့် ခံစားရခက်နေတဲ့ ပြဿနာကို ဒီနည်းလမ်းလေးတွေသုံးပြီး အကောင်းဆုံးဖြေရှင်းလိုက်ပါနော်။


by | 25 Oct 2021

ဝမ်းချုပ်တယ်ဆိုတာ လူတိုင်းနဲ့ မစိမ်းတဲ့ ရင်းနှီးပြီးသား ဖြစ်ရပ်တစ်မျိုးပါ ။ ဝမ်းသွားရတာ ခက်ခဲပြီး ဝမ်းကလည်း မာနေမယ်ဆိုရင် ယေဘုယျအားဖြင့် သင် ဝမ်းချုပ်နေပြီလို့ ဆိုလို့ရပါတယ်။ တကယ်လို့ သင်က လောလောဆယ် ဝမ်းချုပ်နေတာဆိုရင် အားမငယ်ပါနဲ့။ သင်တစ်ယောက်တည်း မဟုတ်ပါဘူး။ မြန်မာနိုင်ငံမှာဆိုရင် ပျှမ်းမျှအားဖြင့် လူ ၂ သန်းလောက်က ဝမ်းချုပ်တဲ့ ပြသနာကြောင့် ဆေးရုံဆေးခန်းတွေကို ရောက်ရှိလာကြတာ ဖြစ်ပါတယ်။ ဝမ်းချုပ်တာက အသက်အရွယ်မရွေးဖြစ်တတ်ပြီးတော့ အသက်ကြီးတဲ့လူတွေနဲ့ အမျိုးသမီးတွေမှာ အဖြစ်များပါတယ်။ ❤ ဝမ်းချုပ်ခြင်းက ဘယ်လိုကြောင့်ဖြစ်တာလဲ? ကွျန်တော်တို့ စားသုံးလိုက်တဲ့ အစားအစာတွေက အစာခြေလမ်းကြောင်းကို ဖြတ်သွားပြီး အာဟာရဖြစ်စေတဲ့အရာအားလုံးကို ခန္ဓာကိုယ်ကနေ စုပ်ယူလိုက်ပြီးတော့ မလိုအပ်တဲ့ အညစ်အကြေးတွေက ဝမ်းအဖြစ် ပြောင်းလဲသွားပါတယ်။ တကယ်လို့ သင်က ဝမ်းချုပ်နေမယ်ဆိုရင် အဲဒီအညစ်အကြေးတွေက အစာခြေလမ်းကြောင်းမှာ ဖြည်းဖြည်းလေးပဲ ရွေ့နိုင်မှာပါ။ ဖြည်းဖြည်းလေး ရွေ့လေလေ အညစ်အကြေးတွေမှာပါတဲ့ ရေကို အူမကြီးက စုပ်ယူဖို့ အချိန်ပိုရလေလေမလို့ နောက်ဆုံးမှာတော့ ဝမ်းကမာသွားပြီး ထွက်ရခက်နေတတ်ပါတယ်။ ❤ ဝမ်းချုပ်တယ် မချုပ်ဘူးဆိုတာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲ။ တစ်ရက်တစ်ခါ အိမ်သာမသွားတာနဲ့ပဲ ဝမ်းချုပ်နေတယ်လို့ပြောလို့ရမရပါဘူး။ တစ်ရက်ခြားတစ်ခါ၊ နှစ်ရက်နေမှတစ်ခါ အိမ်သာသွားတဲ့သူတွေလည်း အများကြီးပါ။ သူတို့အတွက်တော့ ရက်ခြားသွားနေရတာ ပုံမှန်လိုတောင်ဖြစ်နေပါပြီ။ တစ်ရက်တစ်ခါ ဝမ်းမသွားလို့ သူတို့ကို ဝမ်းချုပ်နေပြီလို့ပြောလို့မရပါဘူး။ ဒါဆို ဘယ်နှစ်ရက်လောက်နေမှ ဝမ်းသွားတာကို ဝမ်းချုပ်တယ်လို့ခေါ်သလဲ။ ဝမ်းချုပ်တာကို ဘယ်လိုအချက်တွေနဲ့ ဆုံးဖြတ်လဲဆိုတာ ဆက်ကြည့်ရအောင်။ ◈ တစ်ပတ်လုံးနေမှ ဝမ်းသွားတာ ၃ကြိမ်တောင် မပြည့်ဘူး။ ◈ အိမ်သာသွားတဲ့ အချိန်မှာ ကိုယ်က အားနဲ့ညှစ်သွားပြီး လွယ်လွယ်ကူကူ ရှောရှောရှူရှူမထွက်တာမျိုး ◈ ဝမ်းက ခြောက်သွေ့ပြီး မာမာခဲခဲတွေဖြစ်နေတာမျိုး ◈ ဝမ်းမသွားနိုင်ဘဲ ဗိုက်က ဖောရောင်နေတာမျိုး ◈ ဝမ်းမကုန်ဘဲ ကျန်နေသေးသလို ခံစားချက် ဖြစ်နေပြီဆိုတော့ သင် ဝမ်းချုပ်နေပါပြီ။ ။ ❤ ဘယ်သူတွေမှာ ဘာကြောင့် ဝမ်းခဏခဏ ချုပ်တတ်လဲ။ ။ ဝမ်းချုပ်တာ တစ်ချိုန်မဟုတ်တစ်ချိန် လူတိုင်းမှာ ဖြစ်နိုင်တယ်ဆိုပေမယ့် ခုပြောပြမယ့် သူတွေက ပိုအဖြစ်များနိုင်ပါတယ်။ ဝမ်းချုပ်ရတဲ့ အကြောင်းအရင်းတွေကလည်း အများအပြားရှိနေပါတယ်။ ◈ အထိုင်များပြီး လှုပ်ရှားမှုနည်းတဲ့သူတွေ ( အများအားဖြင့် ကွန်ပျူတာရေှ့မှာ တစ်နေကုန် ထိုင်ပြီး အလုပ်လုပ်ရတဲ့သူတေွ) ◈ မအားသေးဘူးဆိုပြီး ဝမ်းသွားချင်ရင် ချုပ်ထားတတ်တဲ့သူတွေ ◈ ကိုယ်ဝန်ဆောင်မိခင်တွေ ◈ ဝမ်းနှုတ်ဆေး ခဏခဏသောက်နေတဲ့ သူတွေ(ဆေးယဉ်သွားပြီး အူက သူ့ဘာသာ အလုပ်မလုပ်တော့) ◈ ခရီး အသွားများပြီး တစ်နေရာပြီး တစ်နေရာ ခဏခဏပြောင်းနေရတဲ့သူတေွ ◈ ရေသောက်နည်းတဲ့သူတွေ ◈ အမျှင်ဓာတ်ပါဝင်တဲ့ အသီးအရွက်မစားဘဲ အသားတွေပိုစားတဲ့သူတွေ၊ ◈ ကိုယ်လက်လှုပ်ရှားမှုလေ့ကျင့်ခန်း လုံးဝမလုပ်တဲ့သူတွေ ◈ ဝမ်းချုပ်စေတဲ့ ဘေးထွက်ဆိုးကျိုးပါတဲ့ ဆေးတွေ သောက်နေရတဲ့သူတွေ ( အကိုက်အခဲပျောက်ဆေး၊ သံဓါတ်အားဖြည့်ဆေး၊ နှလုံးဆေး၊ သွေးတိုးကျဆေး ) ◈ ဆီးချိုသေွးချိုနဲ့ သွေးတိုးရောဂါ အခံရှိတဲ့သူတွေကအခြားသူတွေထက်စာရင် ဝမ်းပိုချုပ်တတ်ကြပါတယ်။ ❤ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆိုးကျိုးအနေနဲ့ ဘာတွေဆက်ဖြစ်နိုင်လဲ။ ။ အခန့်မသင့်ရင်လူတိုင်းဝမ်းချုပ်တတ်ကြတာချည်းပါပဲ။ ရံဖန်ရံခါ ဝမ်းချုပ်တာလောက်နဲ့တော့ နောက်ဆက်တွဲဆိုးကျိုးတွေ မဖြစ်နိုင်ပါဘူး။ ဝမ်းခဏခဏချုပ်နေပြီဆိုရင်တော့ ခုပြောမယ့်နောက်ဆက်တွဲဆိုးကျိုးတွေ ဆက်ဖြစ်ဖို့ အလားအလာများနေပါပြီ။ ဝမ်းချုပ်တာကြောင့် နောက်ဆက်တွဲဆက်ဖြစ်နိုင်တာတွေကတော့ ◈ လိပ်ခေါင်းထွက်လာတတ်ပါတယ်။ ( ဝမ်းချုပ်တော့ အရမ်းညှစ်လွန်းလို့ စအိုအရေပြားအောက်က သွေးကြောလေးတွေဖောင်းပြီး အပြင်ကို ပြူထွက်လာပါတယ်။ အတွင်းလိပ်ခေါင်းက စအိုအတွင်း အောက်ဖက်နားလောက်မှာရှိပြီး ဝမ်းသွားရင် သွေးပါတတ်ပါတယ်။ အပြင်လိပ်ခေါင်းက စအိုဝမှာ အသားပိုပုံစံမျိုးဖြစ်ပြီး နာကျင်တာ၊ ယားယံတာတွေရှိတတ်ပါတယ်။) ◈ စအိုဝ ကွဲသွားမယ်။ ( မာနေတဲ့ စမြင်းတုံးတွေက စအိုဝကို အားနဲ့ထွက်ရတာကြောင့် စအိုဝက အရေပြားတွေ ပြဲသွားတာဖြစ်ပါတယ်။ စအိုကွဲရင် များသောအားဖြင့် သွေးပါတတ်ပြီး အရောင်က အနီရောင်ရဲရဲတောက်တောက်ဖြစ်ပါတယ်။ တကယ်လို့ သင်က ရေများများသောက်မယ် အသီးအရွက်များများစားပြီး ဝမ်းမချုပ်အောင်နေမယ်ဆိုရင်တော့ တစ်ပတ်အတွင်း ပျောက်ကင်းနိုင်တာမလို့ အရမ်းဆိုးဝါးတဲ့ ရောဂါတော့ မဟုတ်ပါဘူး) ◈ စမြင်းတုံးခံနေတဲ့အတွက် စအိုဝမှာတစ်ဆို့ဆို့ကြီးဖြစ်နေပြီး နေထိုင်ရတာ မသက်သာတော့ပါဘူး။ ◈ အူမကြီးကင်ဆာတို့ လိပ်ခေါင်းကင်ဆာတို့ဟာ ဝမ်းချုပ်တာကနေဖြစ်လာတဲ့ နာမည်အကြီးဆုံးကင်ဆာ ၂ ခုပါ။ ◈ အူမကြီးက အညစ်အကြေးတွေကို အချိန်အကြာကြီး ထိန်းထားရတာကြောင့် ခန္ဓာကိုယ်က လိုအပ်တဲ့ အာဟာရဓာတ်တွေကို ကောင်းကောင်းမွန်မွန် မစုပ်ယူနိုင်တော့တာကြောင့် ကိုယ်ခံအားနည်းလာပြီး မောပန်းလာတတ်ပါသေးတယ်။ ❤ ဝမ်းချုပ်တာကို အမြန်ဆုံးဘယ်လိုသက်သာအောင် ဖြေရှင်းလို့ရမလဲ။ ။ ဝမ်းချုပ်တာအတွက် အကောင်းဆုံးလတ်တလော ဖြေရှင်းနည်းက ဝမ်းနှုတ်ဆေးသောက်တာပဲဖြစ်ပါတယ်။ ဝမ်းနှုတ်ဆေးအရည်၊ ဝမ်းနှုတ်ဆေးပြား၊ ဝမ်းချူဘောလုံးဆိုပြီး ဝမ်းချုပ်တာကို ဖြေရှုင်းနိုင်တဲ့ နည်းမျိုးစုံရှိပါတယ်။ ဆေးလုံးသောက်ရင် နင်တတ်တဲ့သူတွေ ဝမ်းချူဘောလုံးရသုံးတာ လည်း အဆင်မပြေတဲ့သူတွေကတော့ ဝမ်းနှုတ်ဆေး အရည်တွေကို ပိုကြိုက်ကြပါတယ်။ ❤ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်လို့ရမလဲ။ ။ ဝမ်းချုပ်တယ် ကြိုတင်ကာကွယ်လို့ရတဲ့ အရာတစ်ခုပါ။ ဝမ်းချုပ်တယ်ဆိုပြီး ဝမ်းနှုတ်ဆေးချည်းပဲ သောက်နေလို့ မရပါဘူး။ ဝမ်းချုပ်တာကို ကာကွယ်ဖို့အတွက် အဓိကတော့ ဝမ်းချုပ်စေမယ့် အပြုအမူတွေကိုရှောင်ကြဉ်ပြီး ကိုယ့်နေထိုင်မှုပုံစံကို ပြောင်းလိုက်တာပဲ ဖြစ်ပါတယ်။ ဒီတော့ နောက်ဆက်တွဲဆိုးကျိုးတွေ အများကြီးကို ဆက်ဖြစ်စေတဲ့ ဝမ်းချုပ်တာကို ဘယ်လိုကြိုတင်ကာကွယ်ကြမလဲ ကြည့်ရအောင်။ ။ ◈ ကိုယ်စားတဲ့ ထမင်းပန်းကန်ရဲ့ ၅ ပုံ၃ပုံလောက်ကို အသီးအရွက်တွေနဲ့ ပြည့်နေပါစေ။ အရွက်မှာပါတဲ့ အမျှင်ဓာတ်က ဝမ်းပျော့စေဖို့ အင်မတန် အရေးကြီးပါတယ်။ ◈ တစ်နေ့ကို ရေ ၂ လီတာသောက်ပါ။ ရေများများသောက်လိုက်မှ ရေတွေကို အူမကြီးက စုပ်ယူလိုက်ပြီး ဝမ်းသွားချင်အောင် လှုံ့ဆော်ပေးမှာ ဖြစ်ပါတယ်။ အကောင်းဆုံးကတော့ မနက်အိပ်ရာနိုးနိုးချင်းရေကို တစ်ဝသောက်ချလိုက်ပါ။ အူကိုသန့်ပြီးသားဖြစ်သွားပါလိမ့်မယ်။ ◈ ကိုယ်လက်လှုပ်ရှားမှု တစ်ခုခုလုပ်ပါ။ ညနေဘက် အားတဲ့ချိန် ၁ နာရီလောက် လမ်းလျှောက်တာ အဆင်ပြေဆုံးပါ။ အထိုင်မများဘဲ လှုပ်ရှားနေရင် အူလှုပ်ရှားမှုပိုကောင်းပြီး ညှစ်အားလည်းကောင်းလာလို့ ဝမ်းသွားတဲ့အခါ အခက်အခဲ မရှိနိုင်တော့ပါဘူး။ ◈ ဝမ်းသွားချင်ပြီဆိုတာနဲ့ အိမ်သာကိုချက်ချင်းသွားပါ။ မအားသေးလို့ ချုပ်ထားတာမျိုးကနေ ဝမ်းချုပ်တာ ဖြစ်သွားနိုင်ပါတယ်။ ဒါတွေကတော့ လူတိုင်းနဲ့ မကင်းနိုင်တဲ့ ဝမ်းချုပ်တာကို ကာကွယ်လို့ရမယ့်နည်းလေးတွေ၊ ကုသလို့ရတဲ့ နည်းလေးတွေဖြစ်ပါတယ်။ ဝမ်းတစ်လုံးကောင်းမှ ခေါင်းမခဲတော့မှာဖြစ်လို့ ဝမ်းချုပ်တာကြောင့် ဖြစ်ရတဲ့ စိတ် အနှောင့်အယှက်တွေ ကင်းဝေးပြီး သာယာတဲ့နေ့ရက်တိုင်းကို ပိုင်ဆိုင်နိုင်ကြပါစေ။


by | 22 Oct 2021

ခံတွင်းကနေ အနံ့ဆိုးထွက်တဲ့ ပြဿနာဟာ ကိုယ့်အတွက်ကိုရော ဘေးပတ်ဝန်းကျင်က လူတွေကိုပါ စိတ်ကသိကအောက် ဖြစ်စေနိုင်လောက်တဲ့ ကိစ္စပါ။ အချိန်ကြာလာတာနဲ့အမျှ ခံတွင်းကျန်းမာရေးကိုလည်း ထိခိုက်စေတဲ့အပြင် ကိုယ့်ကိုယ်ကို ယုံကြည်မှုလည်း နည်းလာနိုင်ပါတယ်။ ဘာကြောင့် ခံတွင်းအနံ့ဆိုး ထွက်လာတာလဲ။ ဘယ်လိုဖြေရှင်းမလဲ။ တချို့သော အစားအစာတွေ ကျန်းမာရေးပြဿနာနဲ့ နေထိုင်ပုံအမူအကျင့်တွေနဲ့ ခံတွင်းသန့်ရှင်းရေး သေချာမလုပ်တဲ့သူတွေမှာ ခံတွင်းအနံ့ဆိုး ထွက်လာနိုင်ပါတယ်။ စတိုးဆိုင်တွေမှာ ခံတွင်းအနံ့ဆိုးခြင်းအတွက် အထူးထုတ်လုပ်ထားတဲ့ ပူရှိန်းပီကေတွေ၊အာဖြန်းဆေးတွေ ခံတွင်းသန့်ဆေးရည်တွေ ရှိပေမဲ့ ခံတွင်းအနံ့ဆိုးခြင်းကို ယာယီသာ ထိန်းပေးထားနိုင်တာကြောင့် ရေရှည်ခံတွင်း ကျန်းမာရေးအတွက်ဆို အဆင်မပြေနိုင်ပါဘူး။ ဒီဆောင်းပါးလေးထဲမှာ ခံတွင်းအနံ့ဆိုး ထွက်လာရတဲ့ အကြောင်းရင်းနဲ့ ဒီပြဿနာကို ဘယ်လိုဖြေရှင်းလို့ ရမလဲဆိုတာကိုပြောပြပေးမယ်နော်။ ၁။ အစားအစာ အစားအစာတွေ စားပြီးတဲ့အခါမှာ သွားကြားထဲ အကြွင်းအကျန်တွေ ကပ်ငြိနေနိုင်ပါတယ်။ ခံတွင်းသန့်ရှင်းမှု မရှိတဲ့ သူတွေဆိုရင် အချိန်ကြာလာရင် သွားကြားထဲ ဘက်တီးရီးယားပိုးတွေ ပေါက်ဖွားလာပြီး ခံတွင်းရောဂါတွေ ဖြစ်လာနိုင်ပါတယ်။ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ ဂျင်း၊ ဟင်းခတ်မှုန့် တချို့၊ ချောကလက်၊ကော်ဖီအစရှိတဲ့ အစားအစာတွေဟာ ခံတွင်းအနံ့ဆိုး ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲမှာ ပါပါတယ်။ လူတော်တော်များများက မနက်တိုင်း ကော်ဖီသောက်ရတာ သဘောကျလေ့ရှိပါတယ်။ သင် ကော်ဖီသောက်ပြီးတဲ့အချိန်မှာ ခံတွင်းနံ့ဆိုးနေတာကို သတိထားမိကောင်း ထားမိပါလိမ့်မယ်။ ကော်ဖီမှာပါဝင်တဲ့ ကဖင်းဓာတ်က တံတွေးထုတ်လုပ်မှုကို လျော့ကျစေပါတယ်။ တံတွေးထုတ်လုပ်တာနည်းလေလေ ခံတွင်းနံ့နံစေတဲ့ ဘက်တီးရီးယားပေါက်ပွားမှု များလေလေဖြစ်တာမလို့ ကိုယ်က ခံတွင်းနံ့ အရမ်းဆိုးနေရင် ကော်ဖီဖြတ်ဖို့ကြိုးစားကြည့်ပါ။ ပြီးတော့ အစာစားပြီးတိုင်း သေချာ ပလုတ်ကျင်းပြီး ခံတွင်းသန့်စင်သင့်ပါတယ်။ သွားပွတ်ကြိုးကို အသုံးပြုကြီး သွားကြားလေးတွေထဲအထိ အသေးစိတ် အချိန်ပေးပြီး သန့်စင်နိုင်ရင် ပိုပြီးတော့ ကောင်းပါတယ်။ ဒါပေမဲ့ ကြက်သွန်ဖြူတို့လို အနံ့အရမ်းပြင်းတဲ့ အစားအစာမျိုးကို စားမိရင် ဝမ်းမသွားမချင်း သွားတိုက်ပြီးရင်တောင် အနံ့က ပျောက်ဉီးမှာ မဟုတ်ပါဘူး။ ဒါ့ကြောင့် အရေးကြီး တွေ့ဆုံစကားပြောစရာရှိရင် ကြက်သွန်ဖြူကို ရှောင်ဖို့လိုမယ်နော်။ ၂။ ဆေးလိပ် ဆေးလိပ်သောက်ခြင်းဟာ သွားတွေကို ဝါစေပြီး နှုတ်ခမ်းလည်း မဲစေပါတယ်။ ဒါ့အပြင် ခံတွင်းအနံ့ဆိုးကို ဖြစ်စေနိုင်တဲ့ အကြောင်းရင်းတွေထဲက တစ်ခုပါပဲ။ ဆေးရွက်ကြီး၊ ဆေးပြင်းလိပ်၊ ဆေးပေါ့လိပ်တွေဟာ ခံတွင်းအနံ့ဆိုးသာမက တခြားသော ခံတွင်းကင်ဆာ၊ အဆုတ်ကင်ဆာ စတဲ့ အသက်သေစေနိုင်တဲ့ ရောဂါကြီးကြီးမားမားတွေရဲ့ လမ်းစဖြစ်တာကြောင့် ကိုယ်ခန္ဓါနဲ့ ခံတွင်းကျန်းမာရေးအတွက် ဆေးလိပ်ကို ဖြတ်လိုက်တာ အကောင်းဆုံးပါပဲ။ ၃။ ခံတွင်းခြောက်ခြင်း တစ်ခါတလေ အလုပ်များတဲ့အချိန် ရေသောက်နည်းသွားတဲ့အခါမျိုးမှာ၊ စကားအများကြီးပြောမိလို့ ပါးစပ်က ခြောက်နေတဲ့အခါ ခံတွင်းအနံ့ထွက်လာနိုင်ပါတယ်။ အိပ်စက်ပြီး နိုးလာချိန်မှာလည်း ခံတွင်းခြောက်တတ်တဲ့အတွက် မနက်ခင်းနိုးလာတဲ့အခါ ပါးစပ်က အနံ့ထွက်လာတာ ဖြစ်ပါတယ်။ ရေသောက်နည်းရင် ဝမ်းချုပ်တာပါ တစ်ပါတည်း ဖြစ်တတ်တာကြောင့် ဗိုက်ထဲမှာ အပူအပုပ်များနေရင်လည်း ခံတွင်းနံ့က အင်မတန် ဆိုးဝါးနေမှာပါ။ ဒါကြောင့် ဝမ်းမချုပ်အောင် ရေများများသောက်၊ အမျှင်ဓာတ်ပါတဲ့ အသီးအရွက်များများစားပါ။ ညအိပ်ခါနီးမှာ သွားသေချာတိုက်ပြီးမှ အိပ်ပါ။ ၄။ ခံတွင်းသန့်ရှင်းမှု မရှိခြင်း တစ်ကိုယ်ရည် သန့်ရှင်းမှုလိုပါပဲ။ ခံတွင်းသန့်ရှင်းရေးဟာလည်း နေ့စဉ် ပုံမှန်လုပ်ပေးဖို့ အရေးကြီးပါတယ်။ ခံတွင်း သန့်ရှင်းမှု မရှိတဲ့အခါ အနံ့ဆိုးထွက်လာနိုင်တယ်။ ဘက်တီးရီးယားပိုးမွှားတွေ ပေါက်ဖွားလာပြီး ကျန်းမာရေးပြဿနာတွေ ကြုံလာနိုင်ပါတယ်။ သွားပိုးပေါက်တွေ ရှိနေခဲ့ရင်လည်း ကိုယ်စားလိုက်တဲ့ အစားအစာတွေကို သွားပိုးပေါက်ထဲကနေ မထွက်ဘဲ အချိန်ကြာလာတဲ့အခါမှာ ပုပ်သိုးပြီး အနံ့ဆိုးတွေ ထွက်တတ်တာကြောင့် အချိန်မီ ဖာသင့်တာဖာ၊ နှုတ်သင့်တာနှုတ်သင့်ပါတယ်နော်။ အကောင်းဆုံး နည်းလမ်းကတော့ တစ်နေ့ကို ၂ကြိမ် သွားပွတ်တံကို အသုံးပြုပြီး မှန်ကန်တဲ့ နည်းလမ်းနဲ့ သွားမှန်မှန်တိုက်ပေးပါ။ အစာစားပြီးတိုင်း ပလုတ်ကျင်းပေးပါ။ သွားကြားထဲမှာ အစားအစာ အကြွင်းအကျန်တွေ မရှိအောင် သွားပွတ်ကြိုးနဲ့ သေချာသန့်စင်ပေးပါ။ ဒီနည်းလမ်းတွေဟာ ခံတွင်းအနံ့ဆိုး ထွက်တဲ့ ပြဿနာကို ဖြေရှင်းပေးနိုင်တဲ့အပြင် ပါးစပ်ထဲ ဘက်တီးရီးယားပိုးမွှားတွေ မပေါက်ဖွားလာအောင် ထိထိရောက်ရောက် ကာကွယ်ပေးနိုင်ပါတယ်။ ၅။ သောက်နေတဲ့ ဆေးတွေ တချို့သော ဆေးတွေဟာ ခံတွင်းကို ခြောက်စေပြီး အနံ့ဆိုးထွက်စေတဲ့ ဘေးထွက်ဆိုးကျိုးတွေ ဖြစ်စေပါတယ်။ ဒီအခါမှာ သွားဆရာဝန်ကို သေချာပြသပြီး ဆေးပြောင်းသင့်၊ မပြောင်းသင့်ကို အကြံဉာဏ်တောင်းသင့်ပါတယ်။ ကိုယ့်သဘောနဲ့ ကိုယ်ဆေးရပ်လိုက်တာမျိုးတော့ မလုပ်ရပါဘူး။ ဒီလိုအခြေအနေမျိုးမှာ ရေများများသောက်ခြင်းနဲ့ အချိုမပါတဲ့ ပီကေဝါးပေးခြင်းက အကောင်းဆုံးပါပဲ။ ၆။ ခံတွင်းအနာဖြစ်ခြင်း တခါတလေ ပါးစပ်မှာ အနာပေါက်တာ ရှိနိုင်သလို၊ သွားနှုတ်ပြီးချိန် ခံတွင်းကို ထိခိုက်မိပြီး ဖြစ်တဲ့အနာတွေ၊ သွားနှုတ်ထားတဲ့ သွားဖုံးနေရာကနေ အနံ့ဆိုးထွက်နိုင်ပါတယ်။ ခံတွင်းအနံ့ဆိုးကို အမြစ်ပြတ်ပျောက်စေဖို့ ကိုယ့်ရဲ့ ခံတွင်းကို နေ့စဉ် သေချာသန့်ရှင်းရေး လုပ်ပေးဖို့ အရေးကြီးပါတယ်။ သွားနဲ့ ခံတွင်းကို ထိခိုက်စေမယ့် အအေးတွေ၊ အစားအစာတွေကို လျှော့စားပေးပါ။ သွားဆရာဝန်ဆီ အနည်းဆုံး ၆လ တစ်ကြိမ် သွားရောက်ပြသပြီး စစ်ဆေးသင့်ပါတယ်။ ၇။ သင့်ရဲ့လျှာ 
သွားတိုက်တဲ့အခါမှာ လျှာကို သွားတိုက်တံ (သို့) လျှာပွတ်တံနဲ့ နေ့စဉ် မသန့်စင်ဘဲထားရင်လည်း ဘက်တီးရီးယားပိုးတွေကျန်နေတာကြောင့် အနံ့အသက်ကောင်းမှာ မဟုတ်ပါဘူး။ လျှာပွတ်တံအသုံးပြုခြင်းက ဘက်တီးရီးယားမှို၊ အစာအကြွင်းအကျန်နဲ့ ဆဲလ်အသေတွေကို ဖယ်ရှားနိုင်တာကြောင့် သုံးသင့်တဲ့အထဲမှာ ပါပါတယ်။ သင်ကိုယ်တိုင်လည်း ခံတွင်းနံ့နံနေတဲ့ လူတစ်ယောက်နဲ့ စကားပြောရတာ အဆင်မပြေမှန်း ကြုံဖူးမယ်လို့ ယူဆပါတယ်။ လူတောမတိုးတဲ့အပြင် ကျန်းမာရေးအတွက်ပါ အရေးကြီးတာမလို့ သွားနဲ့ခံတွင်းကျန်းမာရေးကို မပေါ့ဆဘဲ အချိန်ပေးသင့်ပါတယ်နော်။


by | 21 Oct 2021

ညဘက် ရာသီဉတုအေးအေးလေးနဲ့ အိပ်လို့ကောင်းနေပြီ ဆိုရင် ထပြီး ဆီးသွားနေရတာ အတော် စိတ်အနှောက်အယှက်ဖြစ်စေတဲ့ ပြဿနာ ပါ။ အိပ်ရတဲ့အချိန်မှ တစ်နေ့ ၇ နာရီလောက်လေးကို တစ်ညလုံး ခဏခဏဆီးထသွားနေရရင် အိပ်ရေးပျက်ပြီး နောက်နေ့မနက်မှာလည်း လန်းလန်းဆန်းဆန်းနိုးထနိုင်မှာ မဟုတ်တော့ပါဘူး။ သာမာန်လူတစ်ယောက်က ၂၄ နာရီအတွင်း ၇ ကြိမ်မှ ၈ကြိမ်အထိ ဆီးသွားလေ့ရှိပါတယ်။ အကယ်၍ ကိုယ်က ဆီးသွားတာ တအားများနေတယ်၊ ခဏခဏ ဆီးသွားတယ် ဆိုရင်ကို ဆီးချိုများ ဖြစ်နေပြီလား စိတ္တဇဖြစ်ရပါသေးတယ်။ အမှန်က ဖြစ်နိုင်ခြေ အကြောင်းရင်း တွေက အများကြီး ရှိပါတယ်။ ကိုယ်က ရေခဏခဏသောက်နေတတ်တာလား ၊ ရောဂါ အခံ တစ်ခုခု ကြောင့်လား စသည်ဖြင့်ပေါ့။ အဲဒီမေးခွန်းလေးတွေ ကို ဆက်ပြီး အဖြေထုတ်ကြည့် ရအောင်။ ကိုယ် သောက်ထားတဲ့ တစ်ခုခု ကြောင့်လား? ရေသောက်များတာ ၊ အထူးသဖြင့် အိပ်ခါနီးအချိန် ရေများများ သောက်မိတာ က ဖြစ်နိုင်ခြေ ပိုများပါတယ်။ ရေတစ်နေ့ကို ၂ လီတာလောက် သောက်တာက ကျန်းမာရေးအတွက် ကောင်းပါတယ်။ ဒါပေမဲ့ နေ့ဘက်မှာပဲ များများသောက်ပြီး ညဘက် အိပ်ခါနီး ၃ နာရီအလိုလောက်ဆို ရေလျေှာ့သောက်ပေးပါ။ ညဘက်ကို ကဖင်းဓာတ်များများပါတဲ့ ကော်ဖီတို့ လက်ဖက်ရည်တို့ သို့မဟုတ် အယ်လ်ဟိုဟောပါဝင်တဲ့အဖျော်ယမကာတွေကိုလည်း တတ်နိုင်သလောက် မသောက်ဘဲနေပေးပါ။ ဆီးလမ်းကြောင်းပိုးဝင်တာကြောင့်လား? ဆီးလမ်းကြောင်းပိုးဝင်တာကလည်း ခဏခဏ ဆီးသွားနေရခြင်းရဲ့ တရားခံထဲက တစ်ယောက်ဖြစ်ပါတယ်။ နေ့ရော၊ ညဘက်ပါ ဆီး ခဏခဏ သွားရနေတတ်ပါတယ်။ ဘက်တီးရီးယားက သင့်ရဲ့ ကျောက်ကပ်၊ ဆီးအိတ်နဲ့ ဆီးလမ်းကြောင်းတစ်လျှောက်ကို တိုက်ခိုက်နေတာကြောင့် သင့်ဆီးအိတ်က ဆီးကို ကြာကြာမထိန်းထားနိုင်တော့ပါဘူး။ ဒီအကြောင်းရင်း ကြောင့်သာ ဆိုရင် ဆီးသွားတဲ့ အခါ နာကျင်တာ ရှိနိုင်တယ် ။ ကိုယ်ပူဖျားတာ၊ နှာစီးတာ၊ ဝမ်းဗိုက်အောက်ပိုင်းနာကျင်မှုတွေ လည်း ရှိနိုင်ပါတယ်။ ဆီးချိုကြောင့်လား? အမျိုးအစား(၁) နဲ့ (၂) ဆီးချိုက သင့်ရဲ့ သွေးတွင်းသကြားဓာတ်ကို မြင့်တက်စေတာကြောင့် ကျောက်ကပ်က ပုံမှန်ထက်ပိုအလုပ်လုပ်ပြီး သကြားဓာတ်ကို စစ်ထုတ်ဖို့ ကြိုးစားနေရပါတယ်။ ဒါပေမဲ့ မစစ်ထုတ်နိုင်တော့တဲ့အခါမှာတော့ သကြားဓာတ်ကို ဆီးနဲ့အတူ စွန့်ထုတ်လိုက်ပစ်လိုက်တာကြောင့် သင် ဆီးများများမကြာခဏသွားနေရတာပါ။ ဆီးမကြာခဏသွားနေရခြင်းက ဆီးချိုကနဉီးလက္ခဏာတွေမှာ အသိသာဆုံးနဲ့ အမြန်ဆုံးပဲဖြစ်တာကြောင့် သင်က ပုံမှန်ထက်ပိုပြီး ဉပမာ တစ်နေ့ကို ၁၀ ကြိမ်လောက်ဆီးသွားနေရတယ်ဆိုရင်တော့ သက်ဆိုင်ရာဆရာဝန်ဆီသွားပြီး ဆွေးနွေးကုသဖို့ အကြံပေးချင်ပါတယ်။ သောက်နေရတဲ့ ဆေးတွေ ကြောင့်လား ကိုယ့်ကျန်းမာရေး ကြောင့် ဆရာဝန် ညွှန်ကြားချက် အရ သောက်သုံးနေရတဲ့ ဆေးဝါးတွေကြောင့်လည်း ဒီလိုအခြေအနေြဖစ်နိုင်ပါတယ်။ ဉပမာ သင်က သွေးတိုး၊ ကေျာက်ကပ်ရောဂါရှိနေမယ်ဆိုရင် အဲဒီရောဂါအတွက် သောက်ရတဲ့ဆေးတွေကြောင့် ကျောက်ကပ်က သင့်ဆီးထဲကို ဆားဓာတ်တွေ၊ ဆိုဒီယမ်နဲ့ ပိုတက်စီယမ်ဓာတ်တွေကို စွန့်ထုတ်လိုက်မှာမလို့ သင့်ကို မကြာခဏ ဆီးသွားချင်စိတ် ဖြစ်စေမှာပါ။ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆားဓာတ်တွေ ဆုံးရှုံးသွားတာမလို့ ဆေးတွေသောက်ပြီးရင် နှုန်းပြီး ထိုင်းမှိုင်းနေတတ်ပါသေးတယ်။ အသက်အရွယ် ကြောင့်လား? အသက်ကြီးလာလေ ညဘက် ဆီးသွားတဲ့ အကြိမ်ရေ များလာလေ ပါပဲ ။ အသက်ကြီးလာတဲ့အခါ မနက်ထိ ဆီးကို ထိန်းထားနိုင်အောင် ထိန်းကူပေးတဲ့ ဟော်မုန်းတစ်မျိုးကို ခန္ဓာကိုယ်က ထုတ်ပေးတာ လျော့လာပါတယ်။ နောက်ပြီး ဝမ်းဗိုက်အောက်ပိုင်းကြွက်သားတွေကလည်း အသက်ကြီးလာတာနဲ့အမျှ အားနည်းလာပါပြီ။ ဒါ့ကြောင့် အသက်ကြီးတဲ့ သူတွေဟာ ညဘက် အိမ်သာ ထသွားရတာ အကြိမ်ရေ ပိုများလေ့ ရှိပါတယ်။ ယောကျာ်းလေး ၊ မိန်းကလေး ကွာခြားချက် ကလည်း အရေးပါပါသေးတယ် – ယောကျာ်းလေး တွေက အသက်ကြီးလာရင် ဆီးကြိတ်ဂလင်းတွေကောင်းကောင်းအလုပ်မလုပ်တော့တာကြောင့် ဆီးရောဂါအဖြစ်များကြပါတယ်။ - မိန်းကလေးတွေ ကျတော့ သွေးဆုံးပြီးတဲ့အခါ အက်စထိုဂျင်လို့ခေါ်တဲ့ မဟော်မုန်း ထုတ်လုပ်မှု နည်းလာပါတယ်။ ဒီအချက်က ဆီးလမ်းကြောင်း နဲ့ ပတ်သက်တဲ့ ပြောင်းလဲမှုတွေ ဖြစ်စေပြီး မကြာခဏ ဆီးသွားစေပါတယ်။ ကလေး‌ မွေးဖွားဖူးတဲ့သူ ဖြစ်ရင် အဲဒီအပိုင်းက ကြွက်သားတွေ ပိုပြီး အားနည်းနေနိုင်ပါတယ်။ - အကယ်၍ သားအိမ်မှာ အကြိတ်ရှိနေခဲ့ရင်လည်း သူ့ကို နေရာပေးနေရတဲ့အတွက် ဆီးများများမထိန်းနိုင်ဘဲ ခဏခဏဆီးသွားရတတ်ပါတယ်။ သားအိမ်မှာ အလုံးအဖုစမ်းမိတာမျိုးရှိရင် အချိန်မဆွဲဘဲ ဓာတ်မှန်ရိုက်ကြည့်သင့်ပါတယ်။ အိပ်မပျော်လို့လား တစ်ခါတလေ ဆီးသွားချင်လို့ အိပ်ရာက နိုးလာတာ ရှိသလို အိပ်မပျော်လို့ အိမ်သာပဲ သွားနေရတာ လည်း ရှိတယ်။ နှစ်နှစ်ခြိုက်ခြိုက်အိပ်ပေျာ်နေတဲ့အချိန်ဆိုရင် ခန္ဓာကိုယ်က ADH လို့ခေါ်တဲ့ ဆီးသွားချင်စိတ်ကိုထိန်းပေးထားပြီး မနက်အိပ်ရာနိုးမှ သွားချင်အောင် ပြုလုပ်ပေးနိုင်တဲ့ ဟော်မုန်းတစ်မျိုးကို ထုတ်ပေးပါတယ်။ ဒါပေမယ့် တစ်နေ့တာ ရဲ့ စိတ်ပူပန်မှု ၊ စိတ်ဖိစီးမှုတွေ ကြောင့်လည်း ညဘက် အိပ်မပျော် ၊ အိပ်မပျော်တော့ ဆီး ထသွား၊ ဆီး ထသွား ရတော့ ပြန်အိပ်မရ ၊ ဒါနဲ့ပဲ သံသရာလည် နေတော့တာမျိုး။ နှစ်နှစ်ခြိုက်ခြိုက် အိပ်မပျော်ဘဲ အိပ်မက်တွေ လျှောက်မက်ရင်း တရေးနိုးတော့ အိမ်သာ ထသွားရမယ်၊ အဲဒီကနေ မျက်စိကြောင် သွားနိုင်ပါတယ်။ နှလုံးမကောင်းလို့လား? နှလုံးလုပ်ဆောင်ချက် မကောင်းတဲ့ ရောဂါရှိသူ တွေဟာ နေ့ဘက်တော့ ကမ္ဘာ့ဆွဲအားကြောင့် ခြေထောက်မှာ အရည်တွေ စုပြီး နှလုံးက ပုံမှန်အလုပ်မလုပ်နိုင်ပါဘူး။ ညအိပ်တော့ လှဲလိုက်တဲ့အခါမှ ကမ္ဘာ့ဆွဲအား မရှိတော့တဲ့အတွက် အဲဒီအရည်တွေက သွေးလည်ပတ်မှုထဲ ပြန်ရောက်လာပြီး ဆီးလည်း ပိုသွားရစေပါတယ်။ တခြား အကြောင်းရင်းတွေ အပေါ်က ဖြစ်နိုင်ခြေတွေအပြင် ညဘက် ဆီး ခဏခဏ သွားရတဲ့ တခြားအကြောင်းရင်း တွေလည်း ရှိပါသေးတယ်။ - အဝလွန်ခြင်း - သွေးဆုံးခြင်း - ဆီး ကျောက်တည်ခြင်း - ဝမ်းချုပ်ခြင်း - ကျောက်ကပ် ပျက်စီးခြင်းတို့ ပါဝင်ပါတယ်။ နေ့စဉ် ရက်ဆက် ညတိုင်းကို ဒီပြဿနာကြောင့် ဒုက္ခရောက်နေရတယ်၊ နောက်ဆက်တွဲ တခြားလက္ခဏာတွေပါ ဖြစ်လာတယ် ဆိုရင်တော့ ဆရာဝန်နဲ့ တိုင်ပင်ပြီး အဖြေရှာသင့်ပါတယ်နော်။


by | 20 Oct 2021

အခုဆို အောက်တိုဘာလလည်း ကုန်ဆုံးကာနီးလာပြီမလို့ ဆောင်းရာသီထဲကို တဖြည်းဖြည်းချဉ်းနင်းဝင်ရောက်လာပါပြီ။ ရာသီဉတုကလည်း အပူချိန်သိသိသာသာ လျော့နည်းလာပြီး မနက်အစောပိုင်းတွေမှာ မြူတွေဆိုင်းပြီး ညဘက်တွေမှာလည်း အအေးပိုလာတာကို သတိထားမိကြမှာပါ။ ဆောင်းရဲ့အငွေ့အသက်က လူကို ကြည်လင်ပေါ့ပါးလန်းဆန်းစေပြီး ခရစ်စမတ်၊ ဟောလိုးဝင်း၊ နှစ်သစ်ကူး စတဲ့ ပျော်ပွဲရွှင်ပွဲတွေလည်း အလွန်များတာမလို့ ဆောင်းရာသီကို အလှတရားတွေနဲ့ပြည့်စုံတဲ့ ရာသီလို့တောင် တင်စားခေါ်ဝေါ်တတ်ကြပါတယ်။ ဒီလိုမျိုး ပျော်ရွှင်ကြည်နူးဖို့ကောင်းတဲ့ ဆောင်းရာသီမှာ ကိုယ်ကဖျားနာနေတာကြောင့် ဘယ်မှမသွားမလာနိုင်၊ မလုပ်ကိုင်နိုင်ဖြစ်နေမယ်ဆိုရင်တော့ အတော်လေးကို နှမြောဖို့ကောင်းပါလိမ့်မယ်။ အဲဒါကြောင့်မလို့ လွတ်လပ်ပေါ့ပါးပြီး ကျန်းမာတဲ့လူနေမှုပုံစံနဲ့ ဆောင်းရာသီကို ဖြတ်ကျော်နိုင်ဖို့ ဒီဆောင်းပါးလေးထဲမှာ ပါဝင်မယ့် အချက်လေးတွေကို သေချာလိုက်နာပေးစေချင်ပါတယ်နော်။ (၁) ကျန်းမာရေးနဲ့ ညီညွတ်အောင်စားပါ။ ဆောင်းရာသီကို မဖျားမနာဘဲ ပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းနိုင်ဖို့ဆိုရင် ကိုယ်ခံအားကောင်းဖို့က အဓိကအရေးကြီးပါတယ်။ ရာသီဉတုအေးအေးလေးနဲ့ အိပ်ပျော်နေလို့ မနက်စာမမီလိုက်တာမျိုး မဖြစ်စေဘဲ တစ်နေ့ ၃ နပ်ကို အချိန်မှန်မှန် အာဟာရပြည့်ဝအောင် စားသုံးပေးရပါမယ်။ ဆောင်းရာသီမှာရေသိပ်မဆာတတ်တာကြောင့်လူတော်တော်များများရေမသောက်ဘဲနေတတ်ကြပါတယ်။ အကျိုးဆက်အနေနဲ့ ရေဓာတ်ခမ်းခြောက်ပြီး နှုတ်ခမ်းကွဲတာ၊ အသားအရေခြောက်တာ၊ ခံတွင်းခြောက်တာ၊ အလွယ်တကူ မောပန်းတာ၊ ဝမ်းချုပ်တာ စတဲ့ ကျန်းမာရေးဘေးထွက်ဆိုးကျိုးတွေကို ခံစားရနိုင်ပါတယ်။ ဒါကြောင့် ရေဘူးကို ဘေးနားယူထားပြီးတော့ သတိရတိုင်း သောက်ပေးခြင်းဖြင့် ရေဓာတ်ပြည့်ဝစွာ နေထိုင်လိုက်ပါ။ နောက်ပြီး ဗီတာမင်ကြွယ်ဝတဲ့ အသီးအရွက်တွေ၊ ဗီတာမင်စီကြွယ်ဝတဲ့အသီးတွေ ( ဉပမာ - လိမေ္မာ်သီး )များများစားတာကလည်း ကိုယ်ခံအားမြှင့်တင်ဖို့အတွက် သေချာပေါက် အထောက်အကူပြုပါတယ်။ (၂) လေ့ကျင့်ခန်းလုပ်ပါ။ လေ့ကျင့်ခန်းဆိုပေမဲ့ ပြင်းပြင်းထန်ထန် မာရသွန်ပြေးတာမျိုး တစ်နေ့ ၅ မိုင်လမ်းလျှောက်တာမျိုး လုပ်စရာမလိုပါဘူး။ ရာသီဉတုအေးတာကြောင့် သွေးလေလှုပ်ရှားမှုမရှိဘဲ ထိုင်းမှိုင်းနေတာမျိုးမဖြစ်အောင် မနက်စောစော သွေးပူကိုယ်လက်လှုပ်ရှားလေ့ကျင့်ခန်းလုပ်တာဖြစ်ဖြစ်၊ အေးရိုးဗစ်၊ ဇွန်ဘာအကလေ့ကျင့်ခန်းလုပ်ပေးခြင်းဖြင့် တစ်နေ့တာကို လန်းလန်းဆန်းဆန်းစတင်ပြီး တစ်နေကုန် ခွန်အားအပြည့်နဲ့ ရှေ့ဆက်လိုက်ပါ။ ဒါ့အပြင် မနက်စောစောမှာရတဲ့ နေရောင်ခြည်က ဗီတာမင်ဒီ ကြွယ်ဝတာကြောင့် အရိုးအဆစ်အတွက် အထူးကောင်းမွန်ပြီး အသက်ကြီးလာတဲ့အခါ အရိုးအဆစ်မသန်မာဖြစ်ခြင်းကို အနည်းနဲ့အများ ကာကွယ်ပေးနိုင်ပါတယ်။ (၃) အိပ်ချိန်လုံလုံလောက်လောက်ရှိပါစေ။ သုတေသီတွေရဲ့ လေ့လာချက်အရ တစ်နေ့ကို အနည်းဆုံး ၈ နာရီအိပ်တဲ့သူတွေက ၇ နာရီအောက်အိပ်တဲ့သူတွေထက် ရောဂါပိုးတွေကို ကာကွယ်နိုင်စွမ်းရှိတယ်လို့ဆိုပါတယ်။ တစ်နေ့ကို ၈ နာရီပြည့်ပြီးရောဆိုပြီး တစ်ညလုံးမအိပ်ဘဲ မနက်မိုးလင်းမှ အိပ်တာ ဒါမှမဟုတ် နေ့လည်ဘက်မှာ နည်းနည်းစီခွဲအိပ်တာတွေက ကျန်းမာရေးအတွက် မကောင်းပါဘူးနော်။ ရောဂါတွေကို ကာကွယ်ပေးတဲ့ ဟော်မုန်းက အိပ်ပျော်သွားပြီး တစ်နာရီအကြာ ည ၁၁ နာရီနဲ့ မနက် ၃ နာရီအတွင်းပဲ ခန္ဓာကိုယ် ထုတ်လေ့ရှိတာမလို့ ညဘက်စောစောအိပ်မှသာ ကိုယ်ခံအားကောင်းမှာ ဖြစ်ပါတယ်။ ညဘက်တွေမှာ ဖုန်းသုံးတာတွေ၊ ဇာတ်ကားကြည့်တာတွေ လျှော့ပြီး ည ၁၁ လောက်ဆို အချိန်မှန် အိပ်ရေးဝဝ အိပ်စက်သင့်ပါတယ်။ (၄) တစ်ကိုယ်ရေး သန့်ရှင်းရေးကို ဂရုစိုက်ပါ။ ဆောင်းရာသီမှာ အပျင်းကြီးပြီး တစ်ပတ်မှ တစ်ခါလောက်ပဲ ရေချိုးမယ်ဆိုရင်တော့ မမြင်နိုင်တဲ့ ဘက်တီးရီးယားတွေက ကိုယ်မှာ ကပ်ငြိပြီး ရောဂါကူးစက်ခံရနိုင်ပါတယ်။ ဒါကြောင့် ၂ ရက်တစ်ခါလောက်တော့ အနည်းဆုံး ချိုးသင့်ပါတယ်။ ဘက်တီးရီးယားအများစုက လက်ကနေတစ်ဆင့်ကူးစက်တတ်တာမလို့ မလိုအပ်ဘဲ ပိုးမွှားတွေ ခန္ဓာကိုယ်ထဲကို ဝင်သွားနိုင်တာကြောင့် လက်ကိုခဏခဏဆေးဖို့ မမေ့ပါနဲ့နော်။ အပြင်သွားမယ်ဆိုရင်လည်း ရေမလိုလက်သန့်ဆေးရည်ကိုဆောင်သွားပြီး သတိရတိုင်း လက်ကိုဆေးပေးသင့်ပါတယ်။ နှာချေခေျာင်းဆိုးတဲ့အခါမှာလည်း ပါးစပ်ကိုကာပြီး သို့မဟုတ် လက်ကိုင်ပုဝါအသုံးပြုပြီး မိမိကိုယ်ရော သူတစ်ပါးအတွက်ပါ ရောဂါမကူးစက်အောင် ကာကွယ်နိုင်ပါတယ်။ (၅) နေအိမ်ကို သန့်ရှင်းအောင်ထားပါ။ တုပ်ကွေးပိုးတွေက အရာဝတ္ထုမျက်နှာပြင်တွေပေါ်မှာ ၂၄ နာရီကြာအောင် အသက်ရှင်နိုင်ပါတယ်။ ဒါကြောင့် နေအိမ်အိပ်ခန်းအတွင်းဖုန်တွေကို ရှင်းလင်းတာ၊ မိမိအသုံးပြုနေတဲ့ စားပွဲ၊ လက်ပ်တော့၊ ထိုင်ခုံစသည်တို့ကို သန့်ရှင်းတာ၊ အိပ်ရာခင်း၊ စောင်၊ ခေါင်းအုံးတို့ကို မကြာခဏလျှော်ဖွပ်ပြီး နေပူလှန်းပေးပါ။ တုပ်ကွေးပိုးက အိမ်မှာ တစ်ယောက်ဖြစ်ရင် အိမ်ရှိလူတိုင်းကို ကူးစက်လွယ်တာကြောင့် မဖြစ်ခင်က ကြိုတင်ကာကွယ်ထားသင့်ပါတယ်။ ကဲ ဒီနည်းလမ်းလေးတွေကို စနစ်တကျလိုက်နာပြီးတော့ အေးမြတဲ့ဆောင်းရာသီကို မိသားစုနဲ့တူတူ ပျော်ရွှင်ကျန်းမာစွာ ဖြတ်သန်းလိုက်ကြပါစို့နော်။