by | 24 May 2022

အိပ်စက်ခြင်း ဆိုတာ အလုံးစုံကျန်းမာရေးအတွက် အခြေခံကျတဲ့ အချက်ပါ။ တစ်နေ့တာရဲ့ ၃ပုံ ၁ပုံလောက်ကို အချိန်ပေးရလောက်အောင်ကို အိပ်စက်ခြင်းက အရေးကြီးပါတယ်။ အိပ်ရေးဝတဲ့ နေ့နဲ့ မဝတဲ့နေ့က အတော်ကွာပါတယ်။ အိပ်ရေးဝတဲ့သူတွေေကို ကြည့်လိုက်ရင် အားအင်အပြည့်နဲ့ လန်းဆန်းနေမှာပါ။ အိပ်ရေးဝတဲ့ ရက်တွေဆို သင်ယူရတာ လည်း ခေါင်းထဲ ပိုဝင်သလို၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်ပါတယ်။ ဖန်တီးနိုင်စွမ်းတွေ တက်ပြီး စိတ်လည်း ကြည်နေမှာပါ။ ခုခံအားလည်း ကောင်းစေပါတယ်။ ဒါနဲ့ ပြောင်းပြန် အိပ်ရေး မဝရင်တော့ လူက နုံးနေပြီး စိတ်မကြည့်ဘဲ ဖြစ်နေမှာပါ။ အားလည်း မရှိ၊ စိတ်နဲ့ ကိုယ်နဲ့လည်း ကပ်မှာ မဟုတ်ပါဘူး။ ဒီလိုနဲ့ အိပ်ရေးမဝတာ ကြာလာရင် တဖြည်းဖြည်းနဲ့ ကျန်းမာရေးနဲ့ ထိခိုက်လာမှာပါ။ ကျန်းမာစေတဲ့ အိပ်စက်ခြင်းရဖို့ အိပ်ချိန်ကလည်း အရေးကြီးပါတယ်။ National Sleep Foundation က အရွယ်ရောက်ပြီးသား လူတစ်ယောက်က တစ်နေ့ကို ၇-၉ နာရီ၊ ၆၅ နှစ်အထက်ဆို တစ်ညကို ၇-၈ နာရီ အိပ်စက်သင့်တယ်လို့ ဆိုပါတယ်။ ကလေးတွေကတော့ ကြီးထွားနေတဲ့အရွယ်မို့လို့ လူကြီးတွေထက် ပိုလိုပါတယ်။ အရွယ်အလိုက် ကွာခြားချက်ရှိပြီး ကလေးသေးသေးလေးတွေဆို တစ်ညကို ၁၇နာရီ၊ မြီးကောက်ပေါက်လေးတွေဆို ၈-၁၀ နာရီ လိုပါတယ်။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်မှ အိပ်ရေးဝတဲ့ ခံစားချက်မျိုး ရတာပါ။ အိပ်ချိန်ပြည့်ပေမယ့် ကြားထဲမှာ ခဏခဏ ထနေရရင် ဒါကျန်းမာစေတဲ့ အိပ်ခြင်း မဖြစ်ပါဘူး။ ခဏခဏ နိုးနေတာက အိပ်စက်တဲ့ အဆင့်တွေကို အနှောင့်အယှက် ဖြစ်စေပါတယ်။ ဥပမာ အိပ်နေတုန်း အသက်ရှူရပ်တတ်တဲ့ ရောဂါရှိတဲ့သူဆိုရင် အသက်ရှူရပ်ရပ်သွားတာကြောင့် လန့်နိုးတတ်ပါတယ်။ သူတို့အနေနဲ့ အိပ်ချိန် ပြည့်ကောင်း ပြည့်နိုင်ပေမယ့် နေ့ဘက်တွေမှာ အိပ်ငိုက်နေပါလိမ့်မယ်။ အိပ်ချိန်ပြည့်ပေမယ့် အိပ်ချိန်မမှန်တဲ့အခါ ကျန်းမာစေတဲ့ အိပ်စက်ခြင်း မရပါဘူး။ တစ်နေ့ကို ၈နာရီ အိပ်ပေမယ့် ည ၁၀နာရီကနေ မနက် ၆နာရီထိ အိပ်တဲ့သူနဲ့ မနက် ၃နာရီကနေ နေ့လယ် ၁၁နာရီထိ အိပ်တဲ့သူ မတူပါဘူး။ နေ့လည် ၁၁ လောက်မှထတာက အိပ်ချိန်ပြည့်ပေမယ့် လူက နုန်းနေသလို အိပ်ရေးမဝသလိုမျိုး ခံစားနေရတတ်စေပါတယ်။ ကိုယ်အိပ်စက်တဲ့ ပုံစံက ကျန်းမာစေရဲ့လားဆိုတာ အောက်ပါ အချက်တွေနဲ့ စစ်ဆေးနိုင်ပါတယ်။ • မနက်မှာ ကြည်ကြည်လင်လင် နိုးရဲ့လား • အားပြည့် အင်ပြည့် အလုပ်လုပ်နိုင်ရဲ့လား • စိတ်ကြည်ရဲ့လား • အာရုံစူးစိုက်နိုင်ရဲ့လား ဆိုတာတွေနဲ့ပါ။ ဒါနဲ့ ပြောင်းပြန် အိပ်တဲ့ ပုံစံမမှန်ဘူးဆိုရင်တော့ အောက်ပါအချက်တွေ ရှိနေမှာပါ။ • မနက်ဆို မထနိုင်တာ • အာရုံစူးစိုက်လို့ မရတာ • စိတ်တိုစိတ်ဆတ်တာ၊ စိတ်ရှုပ်ထွေးပြီး စိတ်ဓာတ်ကျတာ • အိပ်ငိုက်နေတာ၊ နေ့ဘက်မှာ ပြန်မှေးဖို့ လိုနေတာ • ပိတ်ရက်တွေမှာ အချိန်ကြာကြာ ဒါမှမဟုတ် နောက်ကျမှ အိပ်နေမိတာ စတာတွေပဲ ဖြစ်ပါတယ်။ ဒီအချက်တွေ ရှိနေပြီဆိုရင်တော့ ကိုယ့်ရဲ့ အိပ်စက်ခြင်း ပုံစံကို ပြန်စစ်ဆေးပြီး ပြုပြင်ဖို့ လိုနေပါပြီ။ ကိုယ့်ရဲ့ အိပ်ရာ၊ တစ်နေ့တာ အလုပ်တွေ၊ အိပ်ခါနီး လုပ်တတ်တဲ့ အကျင့်တွေကို ပြောင်းလဲဖို့ လိုနေပါပြီ


by | 24 May 2022

👃သင့် အသိသူငယ်ချင်းတွေထဲမှာ နှာခေါင်းသွေးအမြဲလျှံနေသူတွေရှိလား? နှာခေါင်းသွေးလျှံတယ်ဆိုတာ လူတိုင်းနီးပါးဖြစ်ဖူးကြပါလိမ့်မယ်။ လူတွေက နှာခေါင်းသွေးလျှံပြီဆိုတာနဲ့ အလွန်ကြောက်ကြပါတယ်။ ကိုရီးယားကားတွေမှာ ပြသလို ကင်ဆာဖြစ်နေသလိုလို ရောဂါအကြီးကြီးဖြစ်နေပြီဆိုပြီး စိုးရိမ်တတ်ကြတယ်။ ရောဂါကြောင့် နှာခေါင်းသွေးလျှံတာရှိသလို အများစုက နှာခေါင်းသွေးလျှံတယ်ဆိုတိုင်း ရောဂါတစ်ခုခုဖြစ်ပြီလို့ဆိုလိုတာမဟုတ်ပါဘူး။ နှာခေါင်းသွေးလျှံတာက လူကြီးရော ကလေးမှာပါဖြစ်တတ်ပြီး အသက် ၃နှစ်မှ ၁၀နှစ်အတွင်းအဖြစ်များကြတယ်။ ဘာကြောင့် နှာခေါင်းသွေးလျှံရတာလဲ ? 👉နှာခေါင်းသွေးလျှံရတဲ့ထဲမှာ အဖြစ်များဆုံးကတော့ နှာခေါင်းအတွင်းသားမှာ ခြောက်သွေ့နေတာက စတာပါပဲ။ ခြောက်တဲ့အတွက် နှာခေါင်းအတွင်းသားဟာ ယားလာတယ်... ကုတ်မိ ဖဲ့မိရာကနေ သွေးထွက်တယ်။ 🧑‍⚕️တခြားဖြစ်စေတာတွေကတော့ ၁)ပြင်ပမှ ပစ္စည်း‌တခုခုဝင်တာ ၂)ဓာတုပစ္စည်းတွေနဲ့ ထိတွေ့မိတာ ၃)ဓာတ်မတည့်ပဲ ယားယံတာ ၄)နှာခေါင်းထဲရောဂါပိုးဝင်တာ၊ ထိပ်ကပ်နာရောဂါဖြစ်တာ ၅)နှာခေါင်းကို ထိခိုက်မိတာ ၆)အကြာကြီး နှာချေတာ ၇)နှာခေါင်းကို မကြာခဏနှိုက်ပြီး ထိုးဆွတာ ၈)လေထုက အရမ်းအေးနေတာ ၉)သွေးကျဲဆေး သောက်နေတာ ၁၀)အဆုတ်အပေါ်ဖက်မှာ ပိုးဝင်တာ ၁၁)သွေးပေါင်ချိန်တက်တာ ၁၂)လေဖိအားပြောင်းလဲတာ ၁၃)သွေးရောဂါရှိတာ၊ သွေးမတိတ်ရောဂါရှိတာ ၁၄)ကင်ဆာရောဂါ အများအားဖြင့် ခဏတာပဲနှာခေါင်းသွေးလျှံတာက ကိုယ်ဘာသာ ကုသလို့ရသလို ဆရာဝန်နဲ့ပြစရာလဲ မလိုပါဘူး။ ဒါပေမဲ့ မိနစ် 20 ကျော်လောက်လျှံနေပြီဆိုရင်တော့ နှာ‌‌ေခါင်းအ‌ေနာက်ဖက်ကလျှံတာဖြစ်နိုင်ပြီး သတိထားသင့်ပါပြီ။နှာခေါင်းရိုးကျိုးတာ၊ accident တစ်ခုခုဖြစ်ထားတာဖြစ်နိုင်ပါတယ်။ 👉ကိုယ့်ဘာသာ ဘယ်လိုသွေးတိတ်အောင်လုပ်မလဲ? ☑️အရင်ဆုံး စိတ်ကို တည်ငြိမ်အောင်ထားပါ။ တချို့က သွေးမြင်ရင်လန့်တတ်ပါတယ်။ အဲ့လိုဆို ခြေမကိုငိမိ လက်မကိုင်မိဖြစ်တတ်ပါတယ်။ ☑️နောက်ကို လှန်မချပါနဲ့။ အများစုက နှာခေါင်းသွေးလျှံရင် နောက်ကိုလှန်လိုက်တာ အမှားတစ်ခုပါ။ နောက်ကိုလှန်တော့ သွေးက လည်ပင်းကတဆင့် အသက်ရူလမ်းကြောင်းထဲရောက်တာက အန္တာရယ်ရှိနိုင်ပါတယ်။ -တည်တည့်ထိုင်ရပါမယ် -နှာခေါင်းပေါက်ရဲ့ အပေါ်နားကို 5-10 မိနစ်လောက် လက်မ၊လက်ညှိုးနဲ့ညှပ်ပြီးဖိထားပေးပါ။ -ခေါင်းကိုရှေ့‌နည်းနည်းထုတ်ထားပြီး နှာခေါင်း -ပေါက်တွေကိုပါပိတ်ထားပေးပါ။ -ပါးစပ်မှအသက်ရူပေးပါ။ 👉နှာခေါင်းသွေးမလျှံအောင် ဘယ်လိုကာကွယ်ကြမလဲ ? ✨လေထုက အရမ်းခြောက်သွေ့နေရင် အိမ်မှာ ✨ရေငွေ့ပေးစက် အသုံးပြုပေးလို့ရပါတယ်။ ✨နှာခေါင်းနှိုက်တာကို ပြင်းပြင်းထန်ထန် မပြုလုပ်ပါနဲ့။ ✨သွေးကျဲဆေးသောက်နေရင်း သွေးလျှံတယ် ဆိုရင် ဆေးပမာဏပြန်ညှိဖို့လိုလို့ ဆရာဝန်နဲ့သေချာပြန်ပြရပါမယ်။ ✨နှာခေါင်းခြောက်ပြီး ခဏခဏ နှာခေါင်းသွေးလျှံတယ်ဆိုရင် Saline ဆိုတဲ့ ဆားရည်နှာခေါင်းဖျန်းဆေးလေးသုံးပေးပါ။ 👃နှာခေါင်းပေါ်ရေခဲကပ်တာလဲ ပြုလုပ်ပေးလို့ရပါတယ်။ ဒီလိုလုပ်လို့မှ နှာခေါင်းသွေးမတိတ်ရင်၊ သွေးထွက်ပိုများလာရင်၊ နှာခေါင်းသွေးလျှံတာအပြင် သွားဖုံးသွေးယိုတာ ကိုယ်ခန္ဓာမှာ အညိုကွက်တွေပေါ်လာရင် သွေးမတိတ်ရောဂါတခုခုကြောင့်ဖြစ်နိုင်လို့ ‌နီးစပ်ရာ ဆေးခန်းသွားပြီး ဆရာဝန်နဲ့ ပြဖို့လိုပါတယ်။


by | 23 May 2022

🤒နွေရာသီမှာ ခံစားရတဲ့ အရေပြားပြဿနာတခုကတော့ မိတ်ပေါက်တာပါပဲ 🔰ချွေးထွက်များတာကနေ ချွေးဂလင်းလေးတွေ ပိတ်သွားရင်း ရက်အနည်းငယ်ကြာတဲ့ အခါ မိတ်ဆိုတာ ဖြစ်လာရပါတယ် 👶မိတ်ပေါက်တာဟာ မွေးကင်းစကလေးက အစ လူကြီးအထိ အသက်အရွယ်မရွေး ဖြစ်ပွါးနိုင်ပါတယ် အများစုပေါက်တဲ့နေရာတွေကတော့ ရင်ဘတ် ၊ ကျော ၊ မျက်နှာ နဲ့ လည်ပင်းတို့ပဲဖြစ်ပါတယ် အရိုးရှင်းဆုံးလက္ခဏာအနေနဲ့ အနီဖုအသေးလေးတွေ ပေါက်တာ ၊ ယားယံတာ စသဖြင့် ခံစားရနိုင်ပါတယ် မိတ်ပေါက်တယ်ဆိုရင် ✍ ✅အေးမြပြီးခြောက်သွေ့တဲ့နေရာမှာနေပါ ✅ ချည်သားကဲ့သို့ ပေါ့ပါးချောင်ချည်တဲ့ အဝတ်အစားတွေကို ဝတ်ဆင်ပါ ✅ခန္ဓာကိုယ်ချွေးစိုလျှင် ချက်ချင်းချွေးတိတ်အောင်သုတ်ပြီး အဝတ်အစားလဲဝတ်ပါ ✅ ပြင်းထန်သော လေ့ကျင့်ခန်းများ လုပ်ခြင်း ရှောင်ကြဉ်ပါ ✅ရေအေးနဲ့ ပုံမှန်ရေချိုးပါ ✅ရေများများသောက်ပါ ✅မိတ်ထွက်တဲ့နေရာကို ခြောက်သွေ့အောင် ထားပါ ✅မိတ်ထွက်တဲ့ ယားတဲ့နေရာတွေ သက်သာဖို့ ရေစိုဝတ် သို့ ရေခဲထုပ်နဲ့ မိနစ် ၂၀ ထိ ကပ်ထားပေးလို့ ရပါတယ် ✅ယားတဲ့နေရာကို calamine အရည် လိမ်းပေးလို့ရပါတယ် ✅ မိတ်ပေါက်တဲ့နေရာကို ကုတ်ခြစ်ခြင်း ကို ရှောင်ကြဉ်ပါ ပိုးဝင်တတ်ပါတယ် ✅ စိုထိုင်းမှုဖြစ်စေတဲ့ အဆီပါဝင်တဲ့ အလှပြင်ပစ္စည်းတွေ ၊ အမွှေးနံ့ ပါတဲ့ ဆပ်ပြာ စတာတွေ မသုံးသင့်ပါဘူး 👩‍⚕️ဘယ်အချိန် ဆရာဝန်နဲ့ ပြရမလဲ❓❓ မိတ်ထွက်တာ ရက်ကြာလာခဲ့ရင် ပိုးဝင်တဲ့ လက္ခဏာရှိလာခဲ့ရင် ဆရာဝန်ကို ပြသဖို့လိုအပ်ပါတယ်


by | 23 May 2022

ကျွန်မတို့ဟာ လုပ်ငန်းဆောင်တာတွေ လုပ်ကိုင်ရာမှာ အနားမယူဘဲ ဆက်တိုက်လုပ်ကိုင်နိုင်ခြင်းကို ဂုဏ်ယူမိတတ်ကြပါတယ်။ တစ်ခါတရံ အိပ်ချိန်ထဲကတောင် ဖဲ့ယူတတ်ကြပါတယ်။ ဒါဟာ တကယ်တော့ မှားယွင်းနေပါတယ်။ အိပ်ချိန်နည်းပါးစွာနဲ့ လုပ်ကိုင်ဆောင်ရွက်ရင် ဘယ်လိုဆိုးကျိုးတွေ ရနိုင်သလဲဆိုတာ ဆက်လက်ဖော်ပြလိုပါတယ်။ 💢ကိုယ်အလေးချိန်တိုးခြင်း အိပ်ရေးပျက်ခြင်းဟာ စားသောက်မှုပုံစံကို ထိခိုက်စေပြီး အဝလွန်ခြင်းကိုပါ ဖြစ်ပေါ်စေပါတယ်။ စစ်တမ်းတခုမှာဖော်ပြချက်အရ တစ်နေ့ကို ၆နာရီအောက် အိပ်စက်သူများဟာ ၇-၉နာရီအိပ်စက်သူများထက် အဝလွန်နိုင်ခြေ ၃၀ရာခိုင်နှုန်း ပိုများတယ်လို့ ဆိုပါတယ်။ 💢ကျန်းမာရေးကို ထိခိုက်နိုင်ခြင်း မအိပ်မနေ အသက်ရှည်ဆိုတဲ့ ဆိုရိုးစကားရှိပါတယ်။ ရေရှည်အတွက်တော့ မမှန်နိုင်ပါဘူး။ အိပ်ရေးပျက်ခြင်းကြောင့် နှလုံးရောဂါ၊ နှလုံးထိခိုက်ခြင်း ၊ နှလုံးအလုပ်မလုပ်ခြင်း၊ နှလုံးခုန်စည်းချက်မမှန်ခြင်း၊ သွေးတိုးခြင်း၊ လေဖြတ်ခြင်း၊ ဆီးချို စတဲ့ပြသနာတွေ ပိုမိုဖြစ်နိုင်ခြေ များပါတယ်။ လေ့လာမှုတွေအရ နှစ်ခြိုက်စွာ အိပ်စက်ခြင်းမရှိသူများရဲ့ ၉၀ရာခိုင်နှုန်းဟာ တခြားကျန်းမာရေးပြဿနာတစ်ခုခု ရှိနေနိုင်ပါတယ်လို့ ဆိုပါတယ်။ 💢လိင်စိတ်ဆန္ဒနည်းပါးခြင်း မကြာခဏ အိပ်ရေးပျက်သူများဟာ လိင်စိတ်ဆန္ဒနည်းပါးပြီး လိင်မှုကိစ္စမှာ စိတ်ပါဝင်စားမှု လျော့လာတယ်လို့ ဆိုပါတယ်။ စွမ်းအင်ကုန်ခမ်းခြင်း၊ အိပ်ငိုက်ခြင်း၊ စိတ်ဖိစီးမှုမြင့်မားခြင်း စတာတွေကြောင့် ဖြစ်နိုင်ပါတယ်။ 💢စိတ်ကျခြင်း အိပ်ရေးမဝခြင်းနဲ့ စိတ်ကျခြင်းဟာ အပြန်အလှန်ဆက်နွယ်နေတတ်ပါတယ်။ အိပ်ရေးမဝရင် စိတ်ကျခြင်းလက္ခဏာတွေ ပေါ်လာတတ်သလို စိတ်ကျခြင်းကြောင့်လည်း ပိုမိုအိပ်ပျော်ဖို့ ခဲယဉ်းပါတယ်။ အကော်ငးဖက်က ကြည့်ရင်တော့ အိပ်မပျော်ခြင်းကို ကုစားရင်း စိတ်ကျခြင်းအခြေအနေကိုပါ လျော့ပါးသွားစေနိုင်ပါတယ်။ 💢အသားအရေကို ထိခိုက်စေခြင်း အိပ်ရေးဆက်တိုက်ပျက်လာရင် အသားအရေခြောက်သွေ့ပြီး မျက်နှာပေါ်မှာ အရေးအကြောင်းတွေ၊ အမည်းရောင်အစက်အပြောက်တွ ပေါ်လာနိုင်ပါတယ်။ အိပ်ရေးမဝရင် ခန္ဓါကိုယ်ကနေ ကော်တီဆောလို့ခေါ်တဲ့ ဟော်မုန်းကို ပိုမိုထုတ်လုပ်ပါတယ်။ ကော်တီဆောဟော်မုန်းများလာရင် အရေပြားက ကော်လဂျင်ဓါတ်တွေကို ပျက်စီးစေတာကြောင့် အသားအရေခြောက်သွေ့ခြင်း၊ တင်းရင်းမှုလျော့ပါးခြင်းကို ဖြစ်စေပါတယ်။ 💢ကိုယ်ရည်ကိုယ်သွေးကျဆင်းခြင်း အိပ်ရေးပျက်များလာရင် တွေးခေါ်မှတ်သားမှု အားနည်းလာပါမယ်။ အာရုံစိုက်ခြင်း၊ နိုးကြားခြင်း လျော့ပါးလာနိုင်ပါတယ်။ ဒီအခါမှာ သင့်ရဲ့ စာသင်ခန်း (သို့) လုပ်ငန်းခွင်မှာ သင့်ရဲ့အရည်အသွေး ကျဆင်းလာမှာ ဖြစ်ပါတယ်။ 💢လူ့သက်တမ်းတိုလာခြင်း ယှဉ်ပြိုင်လုပ်ကိုင်စရာတွေများလာတဲ့ ယနေ့ခေတ်မှာ လူအများဟာ အိပ်စက်ချိန်ကို လျှော့ပြီး အလုပ်တွေပိုလုပ်လာကြပါတယ်။ ဒါကြောင့် ကျန်းမာရေးအားနည်းပြီး လူ့သက်တမ်းလည်း အရင်ထက် တိုတောင်းလာနိုင်ပါတယ်။ အခုဖော်ပြခဲ့တဲ့အချက်တွေဟာ အချိန်လုံလောက်စွာ အိပ်စက်ခြင်းမပြုရင် တွေ့ကြုံရနိုင်တဲ့ဆိုးကျိုးတွေ ဖြစ်ပါတယ်။ မိမိဘဝတလျှောက်မှာ ကိုယ်ပိုင်စွမ်းအင်တွေကို ထိရောက်စွာ အသုံးပြုဖို့၊ ပြန်လည်ဖြည့်တင်းနိုင်ဖို့အတွက် ကောင်းစွာအိပ်စက်အနားယူနိုင်ဖို့ လိုအပ်ကြောင်း တင်ပြလိုက်ပါတယ်။


by | 19 May 2022

သင်ဟာ အကိုက်အခဲပျောက်ဆေး သုံးစွဲသူတစ်ဦးလား❓ 💊အကိုက်အခဲပျောက်ဆေးနှင့်ကျောက်ကပ်ထိခိုက်ခြင်း အကိုက်အခဲပျောက်ဆေးဆိုတာမှာ paracetamol ,aspirin, ibuprofen, dolphinal စတာတွေ ပါဝင်ပါတယ် 🧪အကိုက်အခဲပျောက်ဆေးရဲ့ဆိုးကျိုးလို့ ပြောလိုက်ရင် လူအများစုသိပြီးသားက အစာအိမ် ထိခိုက်တယ်ဆိုတာပါ နောက်ထပ် ဂရုပြုရမယ့်ဘေးထွက်ဆိုးကျိုးကတော့ ကျောက်ကပ်ထိခိုက်ခြင်းပါပဲ လေ့လာချက်တခုအရ နဂိုကျောက်ကပ်ရောဂါမရှိတဲ့ အကိုက်အခဲပျောက်ဆေးသုံးစွဲသူနှင့် မသုံးစွဲသူအုပ်စု နှစ်ခု ယှဉ်ကြည့်တဲ့အခါ သုံးစွဲသူတွေမှာ ကျောက်ကပ်ထိခိုက်နိုင်ခြေဟာ သုံးဆမြင့်တက်လာတာကို တွေ့ရပါတယ် ဘယ်သူတွေမှာ ဖြစ်တတ်လဲ 🔍 -အကိုက်အခဲပျောက်ဆေးတွေကို ကာလရှည်ကြာစွာ သုံးစွဲသူတွေမှာ ဖြစ်တတ်ပါတယ် အခြားဖြစ်နိုင်ခြေရှိသူများ -အသက်အရွယ်ကြီးသူ -သွေးတိုးရောဂါရှိသူ -ဆီးချိုရောဂါရှိသူ -နှလုံးသွေးကြောကျဉ်းရောဂါရှိသူ -နဂိုကျောက်ကပ်အားနည်းသူ -ဆေးလိပ် ၊အရက်မှီဝဲသူ ရောဂါ လက္ခဏာများ စဦးပိုင်းမှာ လက္ခဏာ မပေါ်တာမျိုးရှိတတ်ပါတယ် အချိန်ကြာလာတာနဲ့အမျှ – မောပန်းနွမ်းနယ်ခြင်း ဆီးခဏခဏသွားခြင်း ဆီးမထိန်းနိုင်ခြင်း ဆီးတွင် သွေးပါခြင်း ခါးနာခြင်း ဆီးပမာဏနည်းလာခြင်း ပျို့အန်ခြင်း ကယောင်ကတမ်းဖြစ်ခြင်း သွေးထွက်လွယ်ခြင်း ၊ အညိုအမည်းစွဲခြင်း စတဲ့ ကျောက်ကပ်ပျက်စီးခြင်း လက္ခဏာတွေ ခံစားရနိုင်ပါတယ် ဘယ်လို စစ်ဆေးကြည့်မလဲ ပထမဆုံး ဆီးစစ်ကြည့်ရပါမယ် ဆီးထဲမှာ ရှိတဲ့ အသားဓာတ်နဲ့ ကျောက်ကပ်ဆိပ်ဓာတ် အချိုးကို စစ်ကြည့်ရပါမယ် သွေးစစ်ခြင်း၊ ဝမ်းဗိုက်ကို USG ,CT ရိုက်ခြင်း စတဲ့ တခြားစစ်ဆေးမှုတွေလည်း လိုအပ်နိုင်ပါတယ် ဖြစ်လာခဲ့တယ်ဆိုရင် နောက်ဆက်တွဲတွေက - ကျောက်ကပ် လုံးဝပျက်စီးသွားခြင်း ဆီးအိမ်ကင်ဆာ ဖြစ်ခြင်း အမျိုးသမီးတွေမှာ ဆီးလမ်းကြောင်းပိုးဝင်ခြင်း ပိုဖြစ်တတ်ပါတယ် ⏱ဒါတွေ ရှောင်ရှားနိုင်ဖို့အတွက် အကိုက်အခဲပျောက်ဆေးတွေ အလွယ်တကူမသောက်ဖို့ အလွန်အကြွံ မသောက်မိဖို့ ၊ သောက်ဖို့ လိုအပ်ခဲ့ရင် သက်ဆိုင်ရာ ဆရာဝန်နဲ့ တိုင်ပင်ပြီးမှ သောက်ဖို့ကို တိုက်တွန်းလိုက်ရပါတယ် #DoctorMM


by | 18 May 2022

☀️ခွေးလေးနဲ့ ဆော့ရင်း သူ့သွားလေးနဲ့ မတော်တဆ နည်းနည်းလေးကိုက်မိသွားတယ်။ "ဒဏ်ရာကသေးသေးလေးပဲ ဘာမှမဖြစ်ပါဘူး...ဆေးလိမ်းလိုက်ရင်ပျောက်သွားမှာ" ဆိုပြီး ဆေးခန်းမသွားလည်း ရတယ်လို့ ကွျန်မတို့ တော်တော်များများ တွေးခဲ့ဖူးကြမှာပါ။ ဒါပေမဲ့ တကယ်တမ်း ခွေးရူးပြန်ရောဂါဟာ ရောဂါလက္ခဏာအပြည့်အစုံပေါ်ပေါက်လာရင် သေဆုံးမှု ၁၀၀% ရှိတဲ့ရောဂါဖြစ်လို ပေါ့ဆလိုမရဘဲ သတိထားရမယ့်ရောဂါတွေထဲကတစ်ခုဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါဆိုတာဘာလဲ?🤔 မြန်မာအခေါ်ခွေးရူးပြန်ရောဂါ (rabies) ဆိုတာ တကယ်တော့ virus ပိုးတစ်မျိုးဖြစ်ပြီး တိရိစ္ဆာန်များမှတဆင့် ကူးစက်တတ်တဲ့ရောဂါပိုးဖြစ်ပါတယ်။ ခွေးရူးပြန်ရောဂါကူးစက်ခံရတဲ့ ၉၉% ဟာ ပိုးရှိတဲ့တိရိစ္ဆာန်ကိုက်ခံရ၊ အကုတ်ခံရတဲ့အနာမှတဆင့် ရောဂါပိုးရှိတဲ့သွားရည်ထိတွေ့ရာမှ ကူးစက်ခံရတာပါ။ အကိုက်ခံ၊အကုတ်ခံရတာမဟုတ်ပေမယ့်လဲ ပေါက်ပြဲနေတဲ့အရေပြားကို ပိုးရှိတဲ့သွားရည်နဲ့ထိတွေ့မိရင်လဲ ကူးစက်နိုင်ပါတယ်။ ဘယ်နေရာတွေ၊ ဘယ်သူတွေမှာပိုဖြစ်တတ်လဲ⁉️ ခွေးရူးပြန်ရောဂါဟာ မြိုကြီးပြကြီးတွေမှာဖြစ်တာရှားတတ်ပြီး ခန့်မှန်းချေ ၈၀% လောက်ဟာ ကျေးလက်ဒေသများမှာဖြစ်တတ်ကြပါတယ်။ အသက်အရွယ်အားဖြင့်တော့ ၅နှစ်မှ ၁၄နှစ်အတွင်းကလေးများမှာပိုဖြစ်လေ့ရှိတာကိုတွေ့ရပါတယ်။ ခွေးရူးပြန်ရောဂါကိုဘယ်လိုကာကွယ်ကြမလဲ? ခွေးရူးပြန်ရောဂါဟာ ကာကွယ်ဆေးနဲ့ကာကွယ်နိုင်တဲ့ရောဂါတစ်မျိုးဖြစ်တာကြောင့် အထိရောက်ဆုံးကာကွယ်နည်းက ကာကွယ်ဆေးထိုးတဲ့နည်းပဲဖြစ်ပါတယ်။ ခွေးများကို ခွေးရူးကာကွယ်ဆေးထိုးခြင်းက အထိရောက်ဆုံးနည်းလမ်းဖြစ်ပြီး ခွေးရူးရောဂါကြောင့် လူသေဆုံးမှုနှုန်းကိုလျှော့ချပေးတဲ့အပြင် ခွေးကိုက်ခံရတဲ့လူနာများမှာ ကာကွယ်ဆေးထိုးဖိုလိုအပ်တာမျိုးကိုလဲ လျှော့ချပေးနိုင်ပါတယ်။ လူတွေမှာကာကွယ်ဆေးထိုးတာကတော့ ပိုးရှိတဲ့တိရိစ္ဆာန်နဲ့ အကိုက်၊အကုတ်ခံရပြီး သွားရည်နဲ့ထိတွေ့မှုရှိပြီးမှသာထိုးလေ့ရှိပြီး ထိတွေ့မှုမရှိမှီမှာကြိုထိုးထားတာမျိုးကတော့ နည်းပါတယ်။ ပိုးရှိတဲ့တိရိစ္ဆာန်နဲ့ထိတွေ့မှုမရှိဘဲ ကာကွယ်ဆေးကြိုထိုးထားသင့်တဲ့လူတွေကတော့ ဓါတ်ခွဲခန်းမှာ ခွေးရူးရောဂါပိုးနဲ့ထိတွေ့အလုပ်လုပ်ရသူများ၊ တိရိစ္ဆာန်နှင့်ပတ်သတ်သည့်ရောဂါထိန်းချုပ်ရေးဌာနများတွင် အလုပ်လုပ်သူများမှာထိုးနှံထားသင့်ပါတယ်။ ခွေးရူးပြန်ရောဂါကူးစက်ခံရရင် ဘယ်လိုရောဂါလက္ခဏာတွေခံစားရမလဲ? ခွေးရူးပြန်ရောဂါဟာ များသောအားဖြင့် ၂-၃လနေမှ ရောဂါလက္ခဏာများပြတတ်ပေမယ့် ကူးစက်ခံရတဲ့နေရာ၊ ပိုးပမာဏပေါ်မူတည်ပြီး ၁ပတ်မှ ၁နှစ်အတွင်းကြာမြင့်မှလဲ ပြသတတ်ပါတယ်။ စစချင်းမှာတော့ အဖျားတက်ပြီး အကိုက်ခံရတဲ့နေရာကနာတာ၊ ကျဉ်တာ၊ ပူတာမျိုးကိုခံစားရတတ်ပြီး ရောဂါပိုးဟာ ဦးနှောက်နဲ့အာရုံကြောစနစ်ထဲကိုဝင်ရောက်သွားတဲ့အခါမှာ ရောဂါအခြေအနေက ၂မျိုးဖြစ်သွားနိုင်ပါတယ်။ - Furious rabies ဆိုတာကတော့ အဖြစ်များတဲ့အမျိုးအစားပါ။ လူနာအနေနဲ့ လှုပ်ရှားမှုတွေပိုများလာပြီး အရမ်းစိတ်လှုပ်ရှားကာ ရေကြောက်ခြင်း၊ တခါတရံလေကောင်းလေသန့်ကိုပါကြောက်တာမျိုးဖြစ်တတ်ပါတယ်။ ထိုလူနာများဟာ ရက်အနည်းငယ်ကြာတဲ့အခါမှာ နှလုံးနှင့်အဆုတ်ရပ်ဆိုင်းပြီး အသက်ဆုံးရှုးရပါတယ်။ - Paralytic rabies ဆိုတာကတော့ ၂၀%လောက်မှာသာဖြစ်တတ်ကြပါတယ်။ ထိုလူနာများကတော့ အကိုက်ခံရတဲ့နေရာဝန်းကျင်မှစလို ကြွက်သားများတဖြည်းဖြည်းလှုပ်လိုမရတော့တာမျိုးဖြစ်တတ်ပါတယ်။ နောက်ဆုံးမှာတစ်ကိုယ်လုံးမှ ကြွက်သားများမလှုပ်ရှားနိုင်တော့ဘဲ coma ဝင်ကာသတိမေ့မြောသွားပြီး အသက်ဆုံးရှုးရပါတယ်။ ခွေးရူးအကိုက်ခံရပြီလိုသံသယရှိရင် ဘာတွေလုပ်ဆောင်ရမလဲ? ပထမဦးစွာ အကိုက်ခံရတဲ့နေရာကို သန့်စင်သောရေ၊ ဆပ်ပြာ၊ အိုင်အိုဒင်း နှင့် ပိုးသတ်နိုင်သောပစ္စည်းများနှင့် ၁၅မိနစ်ခန့်စင်ကြယ်အောင်ဆေးကြောပေးရပါမယ်။ ဆေးကြောအပြီးမှာတော့ နီးစပ်ရာဆေးရုံ၊ ဆေးခန်းများမှာ ကာကွယ်ဆေးသွားထိုးဖိုလိုအပ်ပါမယ်။ #DoctorMM


by | 17 May 2022

PTSD ဆိုတာက Post Traumatic Stress Disorder ဖြစ်ပြီး မကောင်းတဲ့ အခြေအနေတစ်ခုကြောင့် စိတ်ဒဏ်ရာရတာကို ဆိုလိုပါတယ်။ ခေတ်အဆက်ဆက်မှာ အမျိုးသမီးတွေက တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ပြီး အနိုင်ကျင့်ကြတာ၊ ခွဲခြားဆက်ဆံခံရတာတွေကြောင့် အမျိုးသမီး အများစုက ဘဝတကွေ့ကွေ့မှာ ကြောက်စရာကောင်းတဲ့ အတွေ့အကြုံတွေကို ခံစားကြရပါတယ်။ တွေ့ရတတ်တာတွေကတော့ • စစ်ပွဲတွေ • လိင်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရမှုတွေ • အိမ်တွင်းအကြမ်းဖက်မှုတွေ • ကလေးဘဝတည်းက လိင်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ အနိုင်ကျင့်ခံရတာတွေ • ချစ်ခင်ရသူတွေ သေဆုံးတာ၊ ထိခိုက်ဒဏ်ရာရတာတွေကို ကိုယ်တွေ့မျက်မြင်ကြုံရတာတွေ • ကိုယ်ကိုယ်တိုင် အက်ဆီးဒင့်ဖြစ်ပြီး အသက်သေမလို ဖြစ်တာတွေ • သဘာဝဘေးအန္တရာယ်နဲ့ ကြုံရတာတွေ (ဥပမာ ငလျင်လှုပ်တာ၊ ရေကြီးတာ၊ မီးလောင်တာ ဒါတွေအကုန်လုံးက အမျိုးသမီးတွေကို စိတ်ဒဏ်ရာရစေတာပဲ ဖြစ်ပါတယ်။ PTSDက အမျိုးသားရော၊ အမျိုးသမီးမှာပါ တွေ့ရပေမယ့် တွေ့ရပေမယ့် တုံ့ပြန်ပုံခြင်းက မတူပါဘူး။ အမျိုးသားတွေက အပြင်ဘက်ကို ပွင့်ထွက်တဲ့ ပုံစံ (ဥပမာ အရက်သောက်တာ၊ မူးယစ်ဆေးတွေ သုံးတာ) စတာတွေနဲ့ တုံ့ပြန်တတ်ပါတယ်။ အမျိုးသမီးတွေကကျတော့ အတွင်းစိတ်ထဲမှာ ကျိတ်ပြီး ခံစားတတ်ကြပါတယ်။ ဥပမာ စိုးရိမ်စိတ်တွေ များတာ၊ စိတ်ဓာတ်ကျတာ စသဖြင့်။ ခုပြောမယ့် လက္ခဏာတွေကတော့ အမျိုးသားရော အမျိုးသမီးမှာပါ ခံစားရတတ်ပေမယ့် တချို့လက္ခဏာလေးတွေက အမျိုးသမီးတွေမှာ ပိုပြင်းထန်တာကို တွေ့ရပါတယ်။ • ရှောင်ဖယ်တာ အမျိုးသမီးတွေက PTSD ခံစားရရင် ရှောင်ဖယ်ဖယ် လုပ်လာကြပါတယ်တဲ့။ ဘာတွေကို ရှောင်တာလဲဆိုတော့ သူတို့ရဲ့ စိတ်ဒဏ်ရာကို ပြန်ပြီး အမှတ်ရစေမယ့် နေရာ၊ လူ၊ ပတ်ဝန်းကျင် စတာတွေကို ရှောင်လိုက်တာပဲ ဖြစ်ပါတယ်။ • ပြန်ပြန်သတိရတာ ဒီလက္ခဏာကလည်း အမျိုးသမီးတွေမှာ ပိုတွေ့ရပါတယ်။ ပြန်ပြန်သတိရနေတဲ့အတွက် စိတ်စွဲပြီး အိပ်မက်ဆိုးတွေမက်တာ၊ ဒါမျိုး နောက်တစ်ခေါက်ဖြစ်မှာကို စိုးရိမ်တတ်ကြပါတယ်။ • စိတ်ဓာတ်ကျတာ အမျိုးသမီးတွေက PTSD ကို အတွင်းစိတ်ကနေ တုံ့ပြန်တာဖြစ်တဲ့အတွက် စိတ်ဒဏ်ရာကြောင့် စိတ်ကျရောဂါနဲ့ စိုးရိမ်စိတ်များတဲ့ ပြဿနာကိုပါ တွဲပြီး ခံစားရတာ ဖြစ်ပါတယ်။ • သတိကြီးကြီး ထားတတ်တာ ဒီလိုစိတ်ဒဏ်ရာရပြီးနောက်မှာ အမျိုးသမီးတွေက သတိကြီးကြီးထားတတ်လာကြပါတယ်။ ဥပမာ နာဂစ်မှာ ပြင်းထန်တဲ့ စိတ်ဒဏ်ရာရဖူးတဲ့ အမျိုးသမီးတွေက မိုးရွာတိုင်း ပြေးဖို့ အထုပ်ပြင်ထားတတ်နေပါပြီ။ ဒါက သတိလွန်နေတာဖြစ်တဲ့အတွက် တစ်ခုခုဆို လိုတာထက် ပိုစိုးရိမ်တာ၊ အာရုံစူးစိုက်မရတာ၊ ညအိပ်မပျော်တာတွေ ဖြစ်တတ်ပါတယ်။ • ထုံသွားတာ ဒါကတော့ အပေါ်ကနဲ့ ပြောင်းပြန် ခံစားချက်တွေ ထုံသွားတာပဲ ဖြစ်ပါတယ်။ ဒါကြောင့် သူတို့ကို ကြည့်လိုက်ရင် စိတ်နဲ့ ကိုယ်နဲ့ မကပ်တာ၊ ခံစားချက်မရှိသလို ဖြစ်နေတာ၊ မပျော်တတ်တော့တာ၊ သီးခြားနေလိုတာ၊ အကောင်းမမြင်နိုင်တော့တာတွေ တွေ့ရပါတယ်။ • လန့်လွယ်တာ PTSD ခံစားရတာခြင်း တူရင်တောင် အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုပြီး လန့်လွယ်ပါတယ်။ သူတို့ကို တစ်ခုခု ထိမယ်။ ကိုင်မယ်ဆို လိုအပ်တာထက် ပိုပြီး လန့်နေတတ်ကြပါတယ်။ အပေါ်ယံကြည့်ရင် ဘာမှမဟုတ်ဘူးလို့ ထင်ရပေမယ့် ကာယကံရှင်မှာတော့ တစ်သက်လုံးစာ စိတ်ထိခိုက်နေရနိုင်ပါတယ်။ ဒါကြောင့်မလို့ အထူးသဖြင့် အမျိုးသမီးတွေကို ထိတ်လန့်စရာ ဖြစ်ရပ်ဆိုးတွေနဲ့ ကြုံရပြီးတဲ့နောက်မှာ ပြန်လည်ဖေးမပေးဖို့ လိုပါတယ်။ အမျိုးသမီးများကိုယ်တိုင်ကလည်း မိမိရဲ့ စိတ်ဒဏ်ရာတွေကို ပြန်လည်ကုစားသင့်ပါတယ်။ တတ်ကျွမ်းတဲ့ ပညာရှင်ထံမှာ ဆေးကုသမှုခံယူဖို့ လိုပါတယ်။ #DoctorMM


by | 17 May 2022

မနေ့ညက အိပ်တဲ့အထိ ဘာအကွက်မှ ရှိမနေပါဘူး။ မနက်နိုးတော့မှ တဆစ်ဆစ် နာတယ်ဆိုပြီး ကြည့်လိုက်တော့ ပေါင်မှာ အကွက်လိုက်ကြီး ဖြစ်နေတယ်။ ခပ်ညိုညိုကြီး ဘာဖြစ်တာလဲ မသိဘူး။ သိလောက်မယ်ထင်တဲ့ သူတွေကို မေးကြည့်တော့လည်း စုန်းကိုက်တာ တဲ့။ စုန်းက ချစ်လို့ ကိုက်တာ မုန်းရင် လုပ်တယ်။ ဘာမှ သွားမလုပ်နဲ့နော်။ ဒီအတိုင်းသာ ထားလိုက် သူ့ဘာသာ သူပျောက်သွားလိမ့်မယ်။ဘယ်သူလဲ သိချင်ရင်တော့ နနွင်းမှုန့်လေး လိမ်း ဒါမှမဟုတ်ရင် စကောကို သွေးလိမ်းထားလိုက် လုပ်ထားတဲ့ စုန်းက စကော လာငှားလိမ့်မယ်။ နနွင်း လာချေးလိမ့်မယ်ဆိုတာတွေကို ငယ်ကတည်းက ကြားဖူးခဲ့မယ် ထင်ပါတယ်။ ဒါက တကယ်ပဲ စုန်းကိုက်ခံရတာလား? အဖြေကတော့ စုန်းကိုက်တာ မဟုတ်ပါဘူး။ အညိုကွက်လေးတွေ ပေါ်လာတယ်ဆိုတာ ခန္ဓာကိုယ်မှာ ကျန်းမာရေး ပြဿနာ တစ်ခုခု ရှိနေတယ်ဆိုတာကို ဖော်ပြနေတဲ့ လက္ခဏာပါ။ အရေပြားမှာ အညိုအမည်း ဖြစ်ရတဲ့ အကြောင်းအရင်းက အရေပြားအောက်ဘက်မှာ သွေးတွေ စုသွားတာကြောင့်ပါ။ သေးငယ်တဲ့ ဆံချည်မျှင် သွေးကြောလေးတွေ ပျက်စီးတာကြောင့် အရေပြားမှာ အညိုအမည်း စွဲရတာပါ။ ဒီလို ဖြစ်တာကလည်း ပြုတ်ကျတာ၊ တစ်ခုခုကို အားနဲ့ ဝင်တိုက်မိတာ၊ အရေပြားပေါ်ကို ဝိတ်ပါတဲ့အရာ တစ်ခုခုက အရှိန်နဲ့ ကျလာတဲ့အခါမျိုးမှာ အရေပြားမှာ အညိုအမည်း စွဲနိုင်ပါတယ်။ အညိုအမည်းစွဲတာက လူတိုင်းမှာ ဖြစ်တတ်သလို ဖြစ်ရတဲ့ ကျန်းမာရေးဆိုင်ရာ ပြဿနာတွေကလည်း အမျိုးမျိုးရှိပါတယ်။ - မျိုးရိုးလိုက်တာ - သွေးကျဲစေတဲ့ ဆေးတွေေသောက်နေရတာ - အသက်အရွယ် ရလာတာ - အရက်သောက်တာ - အသည်းရောဂါရှိတာ - ဗီတာမင်စီ ချို့တဲ့တာ - သွေးကြောတွေ ရောင်ရမ်းနေတာနဲ့ - ရှားရှားပါးပါးအနေနဲ့ တချို့လူတွေမှာတော့ ကင်ဆာရောဂါ ( ဉပမာ သွေးကင်ဆာ ) ကြောင့် အညိုအမဲစွဲတာလည်း ဖြစ်နိုင်ပါတယ်။ ဒါ့အပြင် အမျိုးသမီးတွေရဲ့ အသားအရည်က အမျိုးသားတွေထက်ပိုပြီး အညိုအမဲစွဲလွယ်ပါတယ်။ များသောအားဖြင့် ၂ ရက် ၃ ရက်ကြာရင် သူ့အလိုလိုပေျာက်သွားတတ်ပါတယ်။ အကယ်၍ ဒီထက်ကြာနေမယ်ဆိုရင် မိမိအနေနဲ့ အညိုအမဲစွဲတဲ့နေရာတစ်ဝိုက်ကို ညင်ညင်သာသာ နှိပ်နယ်ပေးခြင်း၊ ရေခဲကပ်ခြင်းနဲ့ ဗီတာမင်စီပါတဲ့ အသီးတွေ စားပေးခြင်းတို့ လုပ်ဆောင်နိုင်ပါတယ်။ ကဲ...ဒါဆို အရေပြားမှာ ဖြစ်တဲ့ အညိုအမည်းစွဲတာက စုန်းကိုက်တာ မဟုတ်ဘဲ အခုလို ကျန်းမာရေးပြဿနာတွေကြောင့်ဆိုတာ သိသွားလောက်ပြီထင်ပါတယ်ရှင်။ #DoctorMM


by | 15 May 2022

ရာသီဉတုကပူ မီးကပျက်နဲ့ အိပ်ရာထဲမှာ တလူးလူးတလွန့်လွန့်နဲ့ ညဖက် အိပ်မပျော်နိုင်တဲ့သူတွေထဲမှာ သင် အပါအဝင်ဖြစ်နေပြီလား။ ဒါဆိုရင်တော့ ဘယ်လိုနည်းလမ်းတွေသုံးပြီးကျော်လွှားမလဲ ဆိုတာ ဒီစာလေးကိုဖတ်ကြည့်လိုက်ပါနော် ✅ စိတ်ကိုရှင်းရှင်းထားလိုက်ပါ ခန္ဓာကိုယ် အနားယူမယ့်အချိန်မှာ စိတ်လည်း ကြည်လင်နေဖိုလိုအပ်ပါတယ်။ ‘ဒီအချိန်မှ အိပ်ရင် ကောင်းကောင်းအိပ်ပျော်မှာမဟုတ်ဘူး ‘ ‘ မနက်ဖြန်ကျရင် အလုပ်တွေ အများကြီးလုပ်ရဦးမှာပဲ စိတ်ရှုပ်လိုက်တာ ‘ စသဖြင့် အတွေးတွေနဲ့ ရှုပ်ထွေးပြီး ကိုယ့်စိတ်ကို အနားမပေးသရွေ့ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်မှာ မဟုတ်ပါဘူး ။ ✅ အာရုံစိုက်နိုင်မယ့် အရာ၁ခုကို ရွေးချယ်ပါ ☝️ တစ်နှစ်သုံးလေးပဲ ရေမလား။ ဘုရားစာပဲ ရွတ်နေမလား။ သီချင်းအေးအေးလေးပဲ ညည်းနေမလား......အဓိက စိတ်ကိုတည်ငြိမ်စေမယ့် တခုတည်းကိုပဲ အာရုံစိုက်နိုင်ရင် ရပါပြီ ။ အသက်ရှုတဲ့ ပုံစံကိုပဲ တရားမှတ်သလို လိုက်မှတ်ကြည့်ရင်လည်းရပါတယ် ။ စိတ်တွေပါပြီး နောက်ထပ်သီချင်းတွေပါ ထပ်ဆိုနေတာမျိုးတော့ မဖြစ်ဖိုတော့ လိုပါတယ်နော် ။ ✅ အသက်ရှုလေ့ကျင့်ခန်းလုပ်ကြည့်ပါ ~ 4-7-8 နည်းလမ်း လိုခေါ်ပါတယ် ~ • ၄ စက္ကန့်စာ အသက်ရှုသွင်းပါ • ၇ စက္ကန့်စာ အသက်အောင့်ပါ • ၈ စက္ကန့်စာ အသက်ပြန်ရှုထုတ်ပါ ၄ကြိမ် ကနေ ၈ ကြိမ်ထိလုပ်ပေးလိုရပါတယ် ဒီနည်းလမ်းလေးက အိပ်ပျော်ဖိုအတွက်ကို အထောက်အကူပြုပါလိမ့်မယ် ။ ✅ အကြောတဆင့်ချင်းဖြေလျော့ပါ • မျက်လုံးမှိတ်ပြီး ဖြည်းဖြည်းချင်း အသက်ကို ရှုသွင်းရှုထုတ်လုပ်ပါ ။ • အရင်ဆုံး မျက်နှာက ကြွက်သားတွေကို ၁၀ စက္ကန့်လောက် တင်းပါမယ် ပြီးမှ ဖြည်းဖြည်းချင်း ပြန်လျော့ပြီး အသက်ရှုသွင်းရှုထုတ်ကို စက္ကန့်ပိုင်းလောက် ပြင်းပြင်းလုပ်ပါမယ် ။ • ပခုံး ၊ လက်မောင်း ၊ လက်ဖျံ စသဖြင့် ခြေချောင်းတွေအထိ တစ်ကိုယ်လုံးကကြွက်သားတွေကို မျက်နှာကြွက်သားကိုပြုလုပ်သလို တဆင့်ချင်းဖြေလျော့သွားနိုင်ပါတယ် • နာတဲ့နေရာတွေကို မလုပ်မိဖို သတိထားပါ • နှလုံးအားနည်းသူများအဖို မလုပ်သင့်ပါဘူး ✅ လမ်းထလျှောက်ပါ အပေါ်က နည်းလမ်းတွေနဲ့ လုပ်ကြည့်လို အဆင်မပြေဘူးဆိုရင်တော့ အိပ်ရာထဲမှာ ကျိတ်မှိတ်မနေပါနဲ့ ခဏထပြီး နာရီဝက်စာ လမ်းလျှောက်ကြည့်ပါ ။ တဖြည်းဖြည်း ခန္ဓာကိုယ်က ပင်ပန်းလာတယ်လို ခံစားရတာနဲ့ အမျှ အိပ်ချင်စိတ်ဖက်ကို တွန်းပိုပေးပါလိမ့်မယ် ။ ❎ အိပ်မပျော်လိုဆိုပြီး မလုပ်သင့်တဲ့ အရာ❌ • အလင်းရောင်တောက်တဲ့ screen မျက်နှာ ပြင် ရှိတဲ့ ဖုန်း ၊ တီဗီ ကြည့်တာ • ဂိမ်းဆော့တာ အလင်းရောင်တောက်တောက်တွေက ဦးနှောက်ကို အိပ်ရာကထဖိုအချိန်ဆိုပြီး လှည့်စားသလို ဖြစ်သွားတတ်ပါတယ် ။ ဒီကမှတဆင့် ခန္ဓာကိုယ်ပါ နိုးကြားတဲ့အဆင့် ဖြစ်သွားစေပါတယ် ။ ဒါဆိုရင်တော့ အိပ်ပျော်ဖိုဆိုတာ ခဲယဉ်းသွားပါမယ်။ ✨ ညဖက် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နိုင်ဖိုဆိုတာ ကြိုပြင်ဆင်ထားလိုရပါတယ် အိပ်ချိန်ထချိန်လေးကို သတ်သတ်မှတ်မှတ်လုပ်ပေးပါ အိပ်မယ့်နေရာ ပတ်ဝန်းကျင်က ကိုယ့်အတွက် သက်တောင့်သက်သာရှိဆုံး ဖြစ်ပါစေ နေ့လည်ဖက် တရေးတမောအိပ်ခြင်း၊ ညဉ့်နက်ချိန်ထိ နေခြင်းတိုကို ရှောင်ကြဉ်ပါ အိပ်ခါနီးမှာ အရက်၊ကော်ဖီသောက်တာ အပူအစပ်တွေ စားတာမလုပ်ပါနဲ့ အိပ်မရတဲ့ ရက်တွေ အရမ်းများလာခဲ့ပြီဆိုရင်တော့ ဆေးအကူအညီ ယူပြီး ဆရာဝန်နဲ့ ပြသဖို လိုအပ်နိုင်ပါတယ် အားလုံးလည်း ညဖက်မှာ ပြည့်ပြည့်ဝဝ အိပ်ပျော်နိုင်ကြပါစေ