by | 15 May 2022

ကြည့်တာလဲ ကြည့်ပေါ့နော်..အကြာကြီးကြည့်ရင်တော့ မကောင်းဘူးသိလား? အဲ့လို မကောင်းတဲ့ အထဲမှာ အခု လက်ထဲက ဖုန်းလည်း ပါနေပြီနော်🙅‍♀️ ဒါနဲ့ ..သင်ရော စမတ်ဖုန်း စွဲနေပြီလား? ယနေ့ခေတ်ဟာ စမတ်ဖုန်းတစ်လုံးရှိထားရုံနဲ့ ကိစ္စတော်တော်များများ လုပ်လို့ရတဲ့ခေတ်၊ အလုပ်တော်တော်များများ ပြီးမြောက်လာတဲ့ခေတ် ဖြစ်နေတာမို့ လူတိုင်းနီးပါး စမတ်ဖုန်းတွေကို လက်ကမချတမ်း သုံးလာကြတာကို တွေ့ရပါတယ်။ ဖုန်းနဲ့ ဖေ့စ်ဘွတ်သုံးတယ်၊ ဂိမ်းဆော့တယ်၊ စာဖတ်တယ်၊ အချင်းချင်း ဆက်သွယ်ပြောဆိုကြတယ် အစရှိသဖြင့်ပေါ့။ စမတ်ဖုန်းတွေကြောင့် စိတ်အပန်းပြေစေတယ်ဆိုပေမယ့် တစ်ဖက်ကကြည့်ရင်လည်း ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ စမတ်ဖုန်းတွေသာမက TV၊ ကွန်ပျူတာ၊ laptop စတဲ့ ပစ္စည်း​တွေကို လိုအပ်တာထက်ပိုပြီး သုံးစွဲ(ကြည့်)မယ် ဆိုရင် သင့်ရဲ့ကျန်းမာ​ရေးကို အန္တရာယ်ဖြစ်စေပါတယ်။ ဘယ်လိုအကျိုးသက်​ရောက်မှု​တွေ ရှိနိုင်မလဲဆို​တော့.. ၁. အဝလွန်​ခြင်း..🐽 လှုပ်ရှားတဲ့ ဘဝ​နေထိုင်မှုပုံစံမဟုတ်ပဲ TV ကြည့်တာ၊ video game ​ဆော့တာ ​တို့နဲ့ပဲ အချိန်​တော်​တော်များများကို ကုန်လွန်​စေမယ်ဆို​ရင်​တော့ အဝလွန်တာမျိုး ကြုံ​တွေ့ရနိုင်ပါတယ်။ ​သွေးတွင်းအဆီဓါတ်များလာ​စေပြီး နှလုံးကျန်းမာ​ရေးကို ထိခိုက်​စေတဲ့အပြင် ဆီးချို​ရောဂါ၊ ​သွေးတိုး​ရောဂါတို့ ဖြစ်ပွားဖို့ ရာခိုင်နှုန်းလဲ ပိုများလာ​စေနိုင်ပါတယ်။ ၂. အိပ်​ရေးပျက်ခြင်း..🐼 လျှပ်စစ်ပစ္စည်း​တွေက ထွက်လာတဲ့ အလင်းတန်းက နှစ်နှစ်ခြိုက်ခြိုက်အိပ်စက်ဖို့ကို အ​နှောင့်အယှက်​ပေးနိုင်ပါတယ်။ ဒါ​ကြောင့် အိပ်ယာမဝင်ခင် အနည်းဆုံး ၁နာရီ​လောက်အလိုတည်းက အဲ့လိုပစ္စည်း​​တွေအသုံးပြုတာကို ​ရှောင်သင့်ပါတယ်။ ၃. နာတာရှည် လည်ပင်းနဲ့ ​ကျောရိုး ကိုက်ခဲခြင်း..🐫 အီလက်ထ​ရောနစ် ဖန်သားပြင်ကို အချိန်ကြာကြာကြည့်မိမယ်ဆိုရင် ကိုယ်အ​နေအထားမမှန်​တော့ပဲ လည်ပင်း၊ ​ကျေားရိုး နဲ့ ပခုံးတို့ နာတာရှည် ကိုက်ခဲတာ​တွေ ဖြစ်​စေနိုင်ပါတယ်။ ၄. စိတ်အတက်အကျဖြစ်ခြင်း..🐵 တချိန်လုံး အီလက်ထ​ရောနစ်ဖန်သားပြင်ကို ကြည့်ပြီး အချိန်ကုန်​နေမယ်ဆိုရင်​တော့ စိတ်ကျန်းမာ​ရေးကိုပါ ထိခိုက်​စေနိုင်ပါတယ်။ သု​တေသနပညာရှင်​တွေက​တော့ ​ဖန်သားပြင် ကြည့်တဲ့အချိန်များလာတာနှင့်အမျှ စိတ်ကျ​ရောဂါ ဖြစ်​စေနိုင်ပြီး သတ်​သေ​စေတဲ့အပြုအမူ​တွေကိုပါ လူ​တွေက စဥ်းစားလာတတ်ကြတယ်ဆိုပြီး ​သတိ​ပေး​ပြောကြားထားပါတယ်။ ဒါ့ကြောင့်မလို့ တစ်နေ့ကို Screen time ၃ နာရီ ၄ နာရီစသဖြင့် သတ်မှတ်ထားပြီး ဖုန်းအရမ်းမသုံးမိအောင် ကိုယ့်ကိုယ်ကို သတိထားသင့်ပါတယ်။ #DoctorMM


by | 13 May 2022

သွားတိုက်တံ တစ်ချောင်းရဲ့ သက်တမ်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~ မြန်မာနိုင်ငံမှာ သွားတိုက်တံတစ်ချောင်းကို ဘယ်လောက်ကြာကြာသုံးရမလဲ မေးကြည့်ရင်.. ပရိသတ်ကြီး အယောက်တစ်ရာရဲ့ အဖြေ…က မဖွာမချင်း ဖြစ်ကြပါလိမ့်မယ်.. တကယ်ပဲ အများစုက သွားတိုက်တံတစ်ချောင်းဆို မဖွာမချင်းသုံးနေကြတာပါ.. ဒါဟာ မှားပါတယ် သွားတိုက်တံတစ်ချောင်းကို သုံးလထက် ပိုမသုံးသင့်ပါဘူး ဘာကြောင့်ပါလဲ.. သွားတိုက်တံတစ်ချောင်းဟာ သုံးလထက်ပိုရင် သွားတိုက်တံထဲမှာ ဘက်တီးရီးယားပိုးတွေအများအပြား ပေါက်ဖွားနေလေ့ရှိကြပြီး သူတိုဟာ ခံတွင်းကို ဒုက္ခပေးတတ်ကြပါတယ်..သွားဖုံးရောင်တာတွေဟာလဲ သူတိုလက်ချက်နဲ့မကင်းပါဘူး… သွားပွတ်တံတွေကို ၃ လထက်ကျော်သုံးရင် ဒီလိုပြဿနာတွေလည်း ရင်ဆိုင်ရနိုင်ပါတယ်နော်။ • သွားချေးတွေကြောင့် သွားဖုံးကျန်းမာရေးထိခိုက်ပြီး သွားဖုံးတွေရောင်ရမ်းနိုင်ပါတယ်။ • သွားတွေကြားထဲမှာ စားကြွင်းစာကျန်တွေကပ်ငြိကျန်နေပြီး သွားပိုးစားနိုင်တယ်။ • သွားဖုံးမှာပြည်တည်ပြီး သွားအကြောတွေထိခိုက်တာမျိုးဖြစ်နိုင်တယ်။ • အက်ဆစ်တွေဖြစ်ပေါ်ပြီး သွားကြွေလွှာတွေပျက်စီးတာကြောင့် သွားကျဉ်တာမျိုးဖြစ်နိုင်တယ်။ • လျှာမှာ အနာတွေဖြစ်နိုင်တယ်။ • ခံတွင်းအနံ့ဆိုးဖြစ်စေနိုင်တယ်။ • ခံတွင်းသန့်ရှင်းမှုအားနည်းတာကြောင့် နှလုံးရောဂါ နဲ့လေဖြတ်တာလိုမျိုး နာတာရှည်ရောဂါတွေဖြစ်နိုင်တယ်။ • အရွယ်မတိုင်ခင် သွားဆုံးရှုံးမှုတွေဖြစ်စေနိုင်တယ်။ ဆိုတော့ လူတိုင်း လူတိုင်းဟာ သွားနှင့်ခံတွင်းကျန်းမာရေးကို အမှန်တကယ် ဂရုစိုက်စောင့်ရှောက်မယ်ဆိုရင် နေ့စဉ်အသုံးပြုနေကျ သွားတိုက်တံကို သုံးလတစ်ကြိမ် လဲလှယ် အသုံးပြုသင့်ကြောင်းပါရှင်။ #DoctorMM


by | 13 May 2022

ဆံပင်ကျွတ်ရသည့် အကြောင်းရင်းများ ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ ကမ္ဘာပေါ်မှာရှိတဲ့ သန်း(၈၀)သော အမျိုးသား၊အမျိုးသမီးတွေဟာ ဆံပင်ကျွတ်ခြင်းပြဿနာကိုနေ့စဉ်နှင့်အမျှ ခံစားနေကြရပါတယ်တဲ့၊ဒါကြောင့်သင်တစ်ယောက်ထဲတော့မဟုတ်ပါ၊စိတ်မညစ်ပါနဲ့။ ဦးခေါင်းမှာပျမ်းမျှအနေနဲ့ဆံပင်တစ်သိန်းလောက်ရှိတဲ့အထဲက နေ့စဉ်နှင့်အမျှဆံပင် (၅၀ မှ ၁၀၀ ကြား) ပုံမှန်ကျွတ်နေပါတယ်။ ကျွတ်သွားတဲ့ဆံပင်တွေဟာ အသစ်ပြန်ဖြစ်ပေါ်လာပါတယ်၊ဒါပေမယ့် ဒါဟာလဲအမြဲတမ်းတော့မဟုတ်ပါဘူး၊အကြောင်းအရာတွေအများကြီးအပေါ်မှီတည်နေပါသေးတယ်။ 👉ဆံပင်ဘယ်လိုကျွတ်လဲ ? ဆံပင်ကျွတ်တာက ကျွန်မတို့မှန်းဆလို့မရသလို လူတစ်ဦးနဲ့တစ်ဦးလဲမတူပါဘူး။ လူကြီးတွေမှာပိုအကျွတ်များပြီး ကလေးတွေမှာလဲတစ်ခါတစ်ရံကျွတ်လေ့ရှိတာပါပဲ။ ရုတ်တရက်ကျွတ်တတ်သလို တဖြေးဖြေးပုံမှန်ကျွတ်နေတာမျိုးလဲဖြစ်နိုင်ပါတယ်။ နည်းနည်းစီကျွတ်တတ်သလို အကွက်လိုက်လဲပဲကျွတ်နိုင်ပါတယ်။ ယာယီကျွတ်ပြီးပြန်ကောင်းနိုင်သလို အမြဲတမ်းကျွတ်ပြီး ပြန်မကောင်းနိုင်တာလဲ ဖြစ်နိုင်ပါတယ်။ 📌ဆံပင်ကျွတ်ရတဲ့အကြောင်းရင်းတွေက ဘာတွေများလဲ??? ၁)အဖြစ်များဆုံးကတော့ မျိုးရိုးလိုက်လို့ကျွတ်တာပါပဲ။ ယောကျာ်းမှာပိုဖြစ်ပေမယ့် ယောကျာ်း၊မိန်းမ မရွေးဖြစ်နိုင်ပါတယ်။ ၂)နာမကျန်းဖြစ်ခြင်း၊စိတ်ဖိစီးမှုများခြင်း၊ထိခိုက်ဒဏ်ရာရခြင်းနှင့်ခွဲစိတ်ခံရခြင်းတို့မှာလဲ ဆံပင်ကျွတ်လေ့ရှိပါတယ်။ ၃)ဟော်မုန်းအပြောင်းအလဲဖြစ်ခြင်း။ ကိုယ်ဝန်ဆောင်ခြင်း၊ကလေးမွေးဖွားခြင်း၊သန္ဓေတားဆေးများဖြတ်တောက်ခြင်းနဲ့ သွေးဆုံးကိုင်ခြင်းတို့မှာဟော်မုန်းအပြောင်းအလဲကြောင့် ဆံပင်ကျွတ်တတ်ပါတယ်။ ၄)ရောဂါများ။ ဦးရေပြားပွေးရောဂါ၊မှိုရောဂါ၊လည်ပင်းကြီးရောဂါနဲ့ ကိုယ်ခံစွမ်းအားစနစ်ရောဂါတစ်ချို့မှာလဲဆံပင်ကျွတ်တတ်ပါတယ်။ ၅)ဆေးဝါးများ။ ကင်ဆာဆေးများ၊အဆစ်အမြစ်ရောင်/လေးဘက်နာဆေးများ၊နှလုံးဆေးအချို့နှင့် စိတ်ကျရောဂါကုဆေးအချို့ဟာ ဆံပင်ကျွတ်ခြင်းကိုဖြစ်ပေါ်စေနိုင်ပါတယ်။ ၆)ရုပ်ပိုင်းဆိုင်ရာနဲ့စိတ်ပိုင်းဆိုင်ရာဖိစီးမှုများ။ အပြင်းဖျားခြင်း၊ကိုယ်အလေးချိန်အလွန်အမင်းကျဆင်းခြင်းနှင့် မိသားစုဝင်/ချစ်ခင်သူတစ်ဦးဦးသေဆုံးခြင်းစတဲ့ဖိစီးမှုတွေမှာလဲ ဆံပင်ကျွတ်တတ်ပါသေးတယ်။ ၇)ဆံပင်၊မျက်ခုံးမွှေးစတာတွေကိုလက်ကစားပြီး အမြဲဆွဲနှုတ်နေလေ့ရှိတဲ့သူတွေရယ် ဆံပင်ကိုနောက်ကိုတင်းနေအောင်လှန်ပြီးစည်းထားလေ့ရှိတဲ့သူတွေရယ်မှာဆံပင်အရင်းမှာရှိတဲ့ မွေးညင်းပေါက်လေးတွေကိုဒဏ်ဖြစ်စေပြီးဆံပင်ကျွတ်နိုင်ပါတယ်။ ၈)သံဓါတ်၊အသားဓါတ်နဲ့ အခြားဗီတာမင်၊အာဟာရဓါတ်ချို့တဲ့သူတွေမှာလဲဆံပင်ပါးကျွတ်တာဖြစ်တတ်ပါသေးတယ်။ ဆံပင်ကျွတ်ခြင်းကင်းပြီး နက်မှောင်ကျော့ရှင်းတဲ့ ကေသာအလှကိုပိုင်ဆိုင်နိုင်ကြပါစေ။ #DoctorMM


by | 12 May 2022

အသောက်ဆရာကြီးတို့ ရုပ်ရင့်လာရတဲ့ အကြောင်းအရင်း ~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~~ အရက်တွေ ဘီယာတွေ ခဏခဏ အသောက်များတဲ့ ဆရာကြီးတို့ ကိုယ့်ရုပ်ကို မှန်ထဲ သေချာကြည့်ပါ။ အရင်ကဓာတ်ပုံတွေနဲ့ ယှဉ်ကြည့်လိုက်ပါ။ နဂိုအသက်ထက် ပိုရင့်တယ်ထင်ရတာမျိုး၊ ရွယ်တူချင်းယှဉ်ရင်တောင် အသက်ပိုကြီးနေသလိုလိုနဲ့။ ဒီလိုဖြစ်ရတာ ဘာကြောင့်လို့ထင်ပါသလဲ။ အပြင်ပန်းရုပ်ရည်တင်မက ခန္ဓာကိုယ်ကြီးတစ်ခုလုံးကို ရင့်ရော်အိုစာသွားစေတဲ့ အရက်သောက်ခြင်းဆိုးကျိုးတွေကို ကျန်းမာရေးရှုထောင့်ကနေလေ့လာကြည့်ရအောင်။ (၁) ရေဓာတ်ခမ်းခြောက်စေတယ် အသက်ကြီးလာတာနဲ့အမျှ ခန္ဓာကိုယ်ထဲ ရေဓာတ်ပိုနည်းလာတတ်တယ်။ ဒီအရည်တွေသောက်လို့ ရေငတ်ပြေမယ်မထင်ပါနဲ့။ အယ်လ်ကိုဟောက ခန္ဓာကိုယ်ထဲကရေတွေကို ဆီးအဖြစ်နဲ့ ပိုထွက်ရှိစေပြီး ရေဓာတ်ခန်းခြောက်နိုင်တဲ့အန္တရာယ်ကို ပိုတိုးစေနိုင်ပါတယ်။ (၂) အသားခြောက်စေနိုင်တယ် လူတွေက အသက်ကြီးလာရင် အရေပြားတွေပါးလာပြီး ပိုခြောက်သွေ့လာပါတယ်။ ဒါကတော့ သဘာဝအလျောက်ဖြစ်တဲ့ ရင့်ရော်မှုဖြစ်စဉ်ဆိုတော့ ကိုယ်ထိန်းချုပ်လို့ မရနိုင်ဘူးပေါ့။ ဒါပေမယ့် ကိုယ်နေထိုင်တဲ့ပတ်ဝန်းကျင်နဲ့ ကိုယ့်ရဲ့နေထိုင်ပြုမှုပုံတွေကြောင့် ဒီဖြစ်စဉ်ကို ပိုမြန်စေနိုင်ပါတယ်။ အယ်လ်ကိုဟောက သင့်ကို ရေဓာတ်ခမ်းခြောက်စေပြီး အသားခြောက်စေနိုင်တော့ ငယ်ငယ်နဲ့ရုပ်ရင့်စေပါလိမ့်မယ်။ (၃) အရေးကြီးတဲ့ ကိုယ်တွင်းအင်္ဂါတွေကို အားနည်းစေတယ် အယ်လ်ကိုဟောက အရေးကြီးတဲ့ကိုယ်တွင်းအင်္ဂါတချို့ကို ထိခိုက်စေပြီး မြန်မြန်ရင့်ရော်အားနည်းစေပါတယ်။ အရက်များများသောက်သူတွေဟာ အသည်းခြောက်ခြင်း ဖြစ်နိုင်ခြေပိုများစေနိုင်တယ်ဆိုပေမယ့် တော်တန်ရုံသောက်တဲ့သူတွေမှာတောင် အသည်းအဆီဖုံးခြင်းဖြစ်လာနိုင်ပါတယ်။ နောက်ပြီးကျောက်ကပ်လုပ်ဆောင်ချက်တွေမှာလည်း အနှောင့်အယှက်ဖြစ်စေနိုင်ပါတယ်။ (၄) ဦးနှောက်စွမ်းဆောင်ရည်ကို နှေးစေတယ် အရက်တစ်ငုံသောက်လိုက်တိုင်း ကိုယ့်ခေါင်းကို အရင်တန်းထိမှာပဲ။ ခေါင်းထဲမှာ မူးနေချင်တာကိုး။ သက်တမ်းကြာကြာ အရက်များများသောက်ခဲ့သူတွေမှာ ဦးနှောက်ဆဲလ်တွေကျုံ့လာနိုင်ပြီး မှတ်ဉာဏ်ချို့ယွင်းမှုရောဂါတွေဖြစ်လာစေနိုင်တယ်။ ဆုံးဖြတ်သုံးသပ်နိုင်စွမ်းမရှိတာ၊ စိတ်ပိုင်းဆိုင်ရာထိန်းချုပ်မှုအားနည်းလာတာ၊ အာရုံစူးစိုက်ရခက်တာ၊ စိတ်တိုဒေါသဖြစ်လွယ်တာ စတာတွေအပါအဝင် လက္ခဏာမျိုးစုံရှိလာတတ်ပါတယ်။ (၅) ကိုယ်ခံအားစနစ်ကို အားနည်းစေတယ် အယ်လ်ကိုဟောက တီဘီရောဂါ၊ နမိုးနီးယားရောဂါတို့လို အသက်အန္တရာယ်ပေးနိုင်တဲ့ရောဂါတွေကို ခန္ဓာကိုယ်ရဲ့ ခုခံကာကွယ်နိုင်စွမ်းအပေါ် ထိခိုက်စေနိုင်ပါတယ်။ အရက်ကြောင့်ဖြစ်တဲ့ အသည်းရောဂါဟာ ကိုယ်ခံအားစနစ်က ခန္ဓာကိုယ်တစ်ရှူးတွေကို တိုက်ခိုက်မှုကြောင့်ဖြစ်လာတာလို့လည်း သုတေသနတွေကလေ့လာခဲ့ကြပါတယ်။ (၆) အိပ်ရေးပျက်စေနိုင်တယ် အိပ်ပျော်အောင်လို့ အရက်သောက်ပြီး အိပ်ပစ်လိုက်တယ်ဆိုတာ မှန်ကန်တဲ့အနားယူနည်းမဟုတ်ပါဘူး။ အရက်သောက်ပြီး မှောက်သွားခဲ့ပေမယ့် နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်မယ့်အစား တရေးနိုးမှာ အရက်ကြောင့် မျက်စိကြောင်နိုင်သလို အိပ်နေရင်းလည်းဂနာမငြိမ်ဖြစ်နေစေနိုင်တယ်။ မဖြတ်နိုင်လို့အရက်သောက်မယ်ဆို သိထားသင့်တာက – အရက်ကြောင့် ကောင်းကျိုးဆိုတာမရှိနိုင်တဲ့အတွက် ဘာပဲဖြစ်ဖြစ်လျှော့သောက်ပါ။ အရွယ်ပိုရင့်တာ၊ ရောဂါထူတာ၊ အသေစောတာမဖြစ်စေချင်ရင် ၊ ကိုယ့်ကိုယ်ကိုယ်ချစ်ရင် အယ်လ်ကိုဟောကို တတ်နိုင်သလောက် ရှောင်တာအကောင်းဆုံးပါခင်ဗျာ။ #DoctorMM


by | 12 May 2022

ပေါ့ဆမ​နေသင့်တဲ့ သားအိမ်​ခေါင်းကင်ဆာရဲ့ ​ရောဂါလက္ခဏာများ 🙁သားအိမ်​ခေါင်းကင်ဆာ ဖြစ်ရတဲ့ အ​ကြောင်းရင်းအများစုက​တော့ ဗိုင်းရပ်စ်ပိုးတမျိုးဖြစ်တဲ့ Human Papilloma Virus (HPV) ​ကြောင့်ဖြစ်ပြီး လိင်ဆက်ဆံရာက​နေ ကူးစက်နိုင်ပါတယ်။ 👩‍⚕️သားအိမ်​ခေါင်းကင်ဆာဖြစ်ပြီဆိုရင် ဘယ်လို လက္ခဏာ​တွေ ခံစားရနိုင်လဲ? အ​စောပိုင်းအဆင့် သားအိမ်​ခေါင်းကင်ဆာက ​ရောဂါလက္ခဏာမပြတတ်ဘဲ ​ရောဂါဆိုးရွား​နေတဲ့အချိန်​ရောက်မှ လက္ခဏာပြတတ်တာလဲ ဖြစ်တတ်ပါတယ်။ ၁. ပုံမှန်မဟုတ်ပဲ ​သွေးဆင်းခြင်း.. လိင်ဆက်ဆံပြီး ​သွေးဆင်းခြင်း၊ ရာသီစက်ဝန်း တစ်ခုနဲ့ တစ်ခုကြား ​သွေးဆင်းခြင်း၊ ​သွေးဆုံးပြီးမှ ​သွေးပြန်ဆင်းခြင်း။ ၂. မိန်းမကိုယ်က​နေအရည်ကြည် သို့ ​သွေးအ​ရောင်ကဲ့သို့ အရည်မျိုး​တွေဆင်းခြင်း။ ၃. ဆီးစပ်ကိုက်ခြင်း (သို့) လိင်ဆက်ဆံ​နေချိန် ကိုက်ခဲတာမျိုးရှိခြင်း။ 👩‍🦰ဒါ​ကြောင့် သားအိမ်ကင်ဆာ မဖြစ်​အောင် ဘယ်လို​တွေ ကာကွယ်​နေထိုင်လို့ရမလဲ? ၁. သားအိမ်​ခေါင်းကင်ဆာ ကာကွယ်​ဆေး ထိုးနှံပါ။ ၂. အသက် ၂၁ နှစ်အရွယ်ကစပြီး သားအိမ်​ခေါင်းချွဲ​မြှေး စစ်​ဆေးပါ။ ၃. လိင်ဆက်ဆံမယ်ဆိုလျှင် အကာအကွယ်သုံးပါ။ ၄. ​ဆေးလိပ်မ​သောက်ပါနဲ့။ တကယ်လို့ အ​ပေါ်မှာ ​ပြောပြထားတဲ့ ​ရောဂါလက္ခဏာတခုခု ခံစား​နေရပြီဆိုရင် တတ်သိနားလည်တဲ့ ဆရာဝန်​တွေနဲ့ အမြန်ဆုံး ​ဆွေး​နွေးတိုင်ပင်ပြီး ကုသမှု ခံယူသင့်ပါတယ်။ #DoctorMM


by | 10 May 2022

ညဘက်အိပ်ပျော်နေတဲ့အချိန် သွားကြိတ်ခြင်းဖြစ်တတ်တဲ့သူအများစုဟာ ကိုယ့်ဘာသာ ဖြစ်လို့ ဖြစ်နေမှန်း မသိတတ်ကြပါဘူး။ ကိုယ်နဲ့အတူအိပ်တဲ့ မိသားစုဝင်တွေ ပြောမှသာ သိရှိကြတတ်တာမျိုးပါ။ တစ်ခါတစ်ရံတော့ အိပ်ရာနိုးတဲ့အချိန် သွားတွေ ကျိန်းနေတာတွေ၊ မေးရိုးအဆစ်တွေနာနေတာ ညောင်းနေတာတွေ ခံစားရတတ်ပေမယ့် သွားကြိတ်တာကြောင့် အဲ့လိုခံစားနေရတာဆိုတာကို သတိပြုမိတဲ့သူလည်း ရှားပါတယ်။ သွားဆေးခန်းကို တစ်ခြားရောဂါနဲ့သွားပြရင်း သွားတွေ အချင်းချင်းကြိတ်ထားပြီး ပြုန်းတီးနေတာတွေကို သွားဆရာဝန်က သတိပြုမိပြီး ပြောပြမှသာ သိရှိတဲ့သူတွေ တစ်ပုံကြီးပါ။ ညဘက်အိပ်နေတုန်း သွားကြိတ်တဲ့ အဓိကအကြောင်းရင်းကတော့ စိတ်ဖိစီးမှုပါ။ အလုပ်ခွင်မှာ စိတ်ပင်ပန်းတာတွေ၊ လူမှုရေး စီးပွားရေး အခြားနယ်ပယ်အသီးသီးမှာ စိတ်ဖိစီးမှုတွေများလာရင် ညဘက်အိပ်ပျော်နေတဲ့အခါမှာ မသိစိတ်ရဲ့စေခိုင်းချက်အရ သွားတွေက အချင်းချင်းဖိကြိတ်တတ်ကြပါတယ်။ ကာယကံရှင်က မသိပေမယ့် ဘေးကကြားနေရတဲ့သူအဖို့တော့ ကျလွိ ကျလွိ နဲ့ ကြက်သီးထစရာကောင်းပါတယ်။ ညဘက်သွားကြိတ်တာကို သက်သာစေချင်ရင်တော့ ပင်ပန်းတယ် စိတ်ဖိစီးမှုများတယ် လို့ ခံစားရတဲ့နေ့တွေမှာ Vitamin C ပါတဲ့ အားဆေးတွေ သောက်ပေးလို့ရပါတယ်။ မိမိပြသနေကျ သွားဘက်ဆိုင်ရာ ဆရာဝန်ထံမှာ night guard လို့ ခေါ်တဲ့ အံကပ်အကြည်လေးတွေ ပြုလုပ်ပြီး ညအိပ်ချိန်မှာ တပ်အိပ်ပေးလို့ရပါတယ်။ အသေးစိတ်ကိုတော့ သွားဘက်ဆိုင်ရာ ဆရာဝန်က ညွှန်ကြားပေးပါလိမ့်မယ်။ ညဘက်သွားကြိတ်ခြင်းဟာ အရမ်းပြင်းထန်ဆိုးဝါးတဲ့ ရောဂါကြီးတစ်ခုမဟုတ်ပေမယ့် ဂရုမစိုက်ဘဲ ပစ်ထားရင် အချိန်ကြာလာတဲ့အခါ သွားသွားချင်း ပွတ်တိုက်တဲ့နေရာတွေက ပြုန်းတီးပြီး သွားကျင်လာတာတွေ မေးရိုးနာလာတာတွေ ခံစားရတတ်တာမို့ သတိပြုစေချင်ပါတယ်။


by | 05 May 2022

သွေးအားနည်းခြင်း လက္ခဏာ (၅)ချက် သိထားသင့်တဲ့ သွေးအားနည်းခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ လက္ခဏာ (၅)ချက်ကတော့ (1.) အသက်ရှုရခက်ခြင်း၊ တစ်ရိပ်ရိပ်နဲ့ ခေါင်းမူးခြင်း ကျန်းမာနေတဲ့အခါမှာ Oxygen တွေကို နှလုံး ၊ ကြွက်သားနဲ့ organs တွေဆီကို လုံလောက်အောင်သယ်ယူပို့ဆောင်ပေးပါတယ်။Anemia လိုခေါ်တဲ့သွေးအားနည်းရောဂါခံစားရခဲ့မယ်ဆိုရင် မိမိတိုရဲ့အဆုတ်ဟာ oxygen ကို ရဖို့ ပိုမို အားစိုက်ထုတ်ရတာကြောင့်အသက်ရှုပိုင်းဆိုင်ရာမှာ အခက်အခဲလေးတွေဖြစ်ပေါ်လာတတ်ပါတယ်။သွေးတွင်းအောက်စီဂျင်ကိုသယ်ဆောင်ပေးတဲ့ hemoglobin level ကျလာတဲ့အခါမှာ ဦးနှောက်ထဲကို ကောင်းစွာမရရှိစေဘဲ အဟန့်အတားဖြစ်စေတာကြောင့် blood vessel တွေ ရောင်လာပြီးသွေးပေါင်တွေကျစေပါတယ်။Result အနေနဲ့ ခေါင်းမူး ခေါင်းကိုက်ခြင်း၊ ဦးနှောက်နဲ့ အာရုံကြောပိုင်းဆိုင်ရာမှာပြဿနာများဖြစ်ပေါ်လာ‌စေပါတယ်။ (2.) ရင်ဘတ်အောင့်ခြင်းနဲ့ ရင်တုန်ခြင်း သွေးတွင်းအောက်စီဂျင်လျော့ကျခြင်းကြောင့် anxiety feelings နဲ့အတူ အချိန်ကြာမြင့်စွာ နှလုံးတုန်ခြင်း နဲ့ နှလုံးခုန်မြန်ခြင်းကို ဖြစ်ပေါ်ခံစားရစေပါတယ်။Anemia ကို မကုသဘဲထားရင် အလွန်အမင်းဖြစ်စဉ်အ‌နေနဲ့ နှလုံးကြီးခြင်း၊Mur Mur သံများကြားရခြင်း အပြင် heart failure ရတဲ့ထိပါ ဖြစ်နိုင်ပါတယ်။ 👉(3.‌)ခြေဖျား လက်ဖျား များ အေးစက်ခြင်း သွေးအားနည်းနေ‌တဲ့အချိန်မှာ ခြေဖျားလက်ဖျားတွေဆီကို သွေးအရောက်နည်းတာကြောင့် warm weather ဖြစ်နေခဲ့ရင်တောင်မှ ခြေဖျား‌လက်ဖျားတွေ အေးစက်နေတာကို ခံစားရမှာပဲဖြစ်ပါတယ်။ 👉(4.)မောပန်းလွယ်ခြင်း ညဘက်မှာ ကောင်းမွန်စွာ အိပ်စက်ခဲ့ရရင်တောင်မှ မနက်အိပ်ယာ နိုးချိန်မှာ အားမရှိသလို နုံးနေသလိုခံစားနေရတတ်ပါတယ်။RBC နည်းခြင်းကြောင့် Function တွေကောင်းစွာမလုပ်နိုင်တော့ဘဲ abnormal exhaustion နဲ့ သောက်ချင်စိတ် လျော့နည်းခြင်းအပြင် အလွယ်တစ်ကူ မောပန်းလာပါတယ်။ (5.) သံဓါတ်ဆုံးရှုံးခြင်းနဲ့ Vitamin B 12 ချို့တဲ့လာခြင်း သံဓါတ်နဲ့ B 12 ဓါတ်ကို လုံလောက်စွာ စားသုံးနိုင်ခြင်း‌မရှိတာကြောင့် သွေးနီဥထုတ်လုပ်ရာမှာ အဓိကကျတဲ့ hemoglobin ကို မထုတ်လုပ်ပေးနိုင်တော့ပါ။ Hemoglobin ဟာ iron ဓါတ်ကြွယ်ဝစွာပါဝင်ပါတယ်။ခန္ဓာကိုယ်အနှံ့ သွေးလည်ပတ်စေပြီး Oxygen နဲ့ပေါင်းစည်းပေးပါတယ်။Iron or Vitamin B12 လုံလောက်စွာမရရှိတော့တဲ့အခါမှာ ခန္ဓာကိုယ်ရဲ့ တစ်ချို့အစိတ်အပိုင်းတွေမှာ လိုအပ်တဲ့ Oxygen ကို လက်ခံမရရှိနိုင်တော့တာပဲ ဖြစ်ပါတယ်။


by | 03 May 2022

" ညစာ မစားရင် ဘာတွေဖြစ်လာနိုင်လဲ " ​ယနေ့ခေတ်မှာ လူတော်တော်များများက ပိန်အောင်၊ဗိုက်ချပ်အောင်စသည်ဖြင့် ညစာတွေဖြတ်ကျတယ်၊ အစားတွေရှောင်ကြတယ်ပေါ့နော်။ ခဏတဖြုတ်လေး ညစာရှောင်တယ်ဆိုရင်တော့ ကိုယ်အလေးချိန်ကျနိုင်ပေမယ့် ရေရှည်ဆိုရင်တော့ကောင်းကျိုးတွေလည်းရှိနိုင်သလိုနောက်ကွယ််မှာ ကျန်းမာရေးအတွက်သင်မသိသေးတဲ့ ဆိုးကျိုးတွေ အများကြီးရှိပါသေးတယ်။ ဒါဆိုညစာဖြတ်ရင် ဘာတွေဖြစ်လာနိုင်လဲ? 🍛သွေးတွင်း သကြားဓါတ်တွေ ကမောက်ကမဖြစ်တာ... အစားအသောက်ဖြတ်လိုက်တာဖြစ်တဲ့အတွက် သွေးတွင်းသကြားဓါတ်အလွန်အမင်းကျဆင်းပြီး အချို့ဆီးချိုဝေဒနာရှင်တွေမှာ နောက်ဆက်တွဲ ပြဿနာတွေဖြစ်စေတတ်ပါတယ်။ 🍛ဇီဝရုပ်ဖြစ်ပျက်ခြင်း Metabolism ကိုနှေးသွားစေတာ.. ညစာဖြတ်တာ အစောပိုင်းမှာ ဝိတ်ကျတယ်ဆိုပေမယ့် ရေရှည်သွားရင်တော့ ဝိတ်ကဆက်မကျတဲ့အပြင်နည်းနည်းလေးစားရုံနဲ့ ဝတယ်ဆိုတာဖြစ်လာပါတယ်။ အစာဖြတ်တာ ကြာရင် ခန္ဓာကိုယ်က ရှိတာလေးနဲ့လောက်အောင်သုံးရမယ်ဆိုတဲ့ အသိဝင်သွားတဲ့အချိန်မှာ ဟော်မုန်းတွေ၊ အင်ဇိုင်းတွေရဲ့ လုပ်ငန်းဆောင်တာတွေကိုပြောင်းလဲလိုက်ပါတယ်။ ဒီတော့ကြာလာတဲ့ အချိန်မှာ လူကနည်းနည်းလေးစားရုံနဲ့ ဝိတ်တွေပြန်တတ်လာတာမျိုးဖြစ်တတ်ပါတယ်။ 🍛မူးဝေတာ၊ စိတ်ဆတ်တာ၊ နုံးနေတာ.. ခန္ဓာကိုယ်မှာဦးနှောက်က Glucose ဆိုတဲ့ ကစီဓါတ်ကို အဓိကသုံးစွဲပါတယ်။ အစားမစားလို့ အချိုဓါတ်တွေကျလာတဲ့အချိန်မှာ စိတ်တို၊စိတ်ဆတ်၊ အာရုံစိုက်လို့မရတာတွေဖြစ်တတ်ပါတယ်။ 🍛အဆင်သင့်စာတွေ အလွန်အကျွံစားမိတာ အစားအသောက်ဖြတ်လိုက်တဲ့အတွက် နောက်နေ့မှာအဆင်သင့်စာတွေ၊ အချိုတွေအလွန်အကျွံစားမိတာမျိုးဖြစ်တတ်ပါတယ်။ ဒါဆိုရင်တော့ ဝိတ်မကျတဲ့အပြင်ပိုဝစေတတ်ပါတယ်။ ဒါကြောင့် ဝိတ်ချဖို့အတွက်ရည်ရွယ်ချက်နဲ့ဆိုရင် ညစာဖြတ်မယ့်အစား ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအစာတွေကိုပုံမှန်လေးပဲ စားပြီး အားကစားတွေ ပုံမှန်လေးလုပ်ပေးဖို့အကြံပေးချင်ပါတယ်။


by | 02 May 2022

ရေခဲတွေ ​သနပ်ခါးတွေ အရမ်းစားချင်နေပြီလား? ခေါင်းစဥ်လေးကြည့်ပြီးတော့ အစားအသောက်အရမ်းကြိုက်တဲ့လူတွေအကြောင်းရေးမယ်လို့စာဖတ်သူတွေထင်ရင်တော့မှားသွားပါလိမ့်မယ်။ တစ်ခါတစ်ရံပတ်ဝန်းကျင်မှာဖြစ်ဖြစ် ကိုယ်တိုင်မှာဖြစ်ဖြစ် ရေခဲတွေအရမ်းစားချင်တာတို့၊ မြေကြီးတွေကောက်ဝါးချင်တာတို့၊ အိမ်သုတ်ဆေးတွေ မြိုချလိုက်ချင်တာတို့ ကြုံဖူးပါလိမ့်မယ်။ ဒါကလည်း တကယ်တော့ ရောဂါလေးတစ်မျိုးလို့ပြောလို့ရပါတယ်။ PICA syndrome လို့ခေါ်ပါတယ်။ Eating Disorder စိတ်နဲ့ဆိုင်တဲ့ရောဂါ တစ်မျိုးလို့လည်း ပြောလို့ရပါတယ်။ ______________________________________ 🧊ရေခဲတွေလို အန္တရာယ် မဖြစ်စေတဲ့ပစ္စည်းတွေက စလို့ အန္တရာယ်ဖြစ်စေတဲ့ သုတ်ဆေးတွေ၊သတ္တုတွေ၊ မြေကြီးတွေ၊ဆံပင်တွေ၊ကော်တွေ၊ ဆပ်ပြာတွေ၊ကလေးလေးတွေဆိုရင်အရုပ်တွေစတဲ့အရာတွေကို အရမ်းစားချင်တယ်ဆိုတဲ့ စိတ်တွေဖြစ်တယ်၊ တကယ်လည်း စားလိုက်မှလည်းကျေနပ်ကြပါတယ်။ ဘာကြောင့်ဖြစ်တာလဲဆိုရင် ---- သံဓါတ်တွေ၊သွပ်ဓါတ်တွေချို့တဲ့တာမျိုးတွေမှာ သွေးအားနည်းတဲ့လူတွေမှာဖြစ်တတ်ပါတယ်။ အချို့စိတ်ရောဂါတွေ Schizophrenia လို့ခေါ်တဲ့ စိတ်ကစင့်ကလျားရောဂါတွေ၊ obsessive compulsive disorder လို့ခေါ်တဲ့ စိတ်ရောဂါမျိုးတွေမှာလည်း ဖြစ်တတ်ပါတယ်။ ကလေးတွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များပါတယ်။ 😨နောက်ဆက်တွဲအနေနဲ့ ခဲဆိပ်သင့်တာတွေ၊ ဝမ်းကိုက်ပိုးဝင်တာတွေ၊ အူလမ်းကြောင်းပိတ်တာတွေ အများဆုံးဖြစ်တတ်ပါတယ်။ ​ကလေးဆိုရင်လည်း အချို့တွေမှာ ရေခဲတွေ အလွန်အမင်းစားတာမျိုးလည်း တွေ့ရတတ်ပါတယ်။ ပုံမှန်လို့တောင်ထင်ရပေမယ့် အာဟာရဓါတ်ချို့တဲ့တာနဲ့ဆက်စပ်မှုရှိတတ်ပါတယ်။ အာဟာရဓါတ် ချို့တဲ့တာဆိုရင် သက်ဆိုင်ရာ Supplement အားဆေးတွေသောက်ရင်သက်သာပါတယ်။ အခြား စိတ်ရောဂါလိုမျိုးကြောင့်ဖြစ်ရင်တော့ ဆရာဝန်နဲ့တိုင်ပင်ပြီး သေချာကုသမှုလေးခံယူသင့်ပါတယ်။